ယူကရိန်းစစ်ပွဲတွင်းက လေမှုတ်အရုပ် တင့်ကားနဲ့ သစ်သားအမြောက်တွေ

ဓာတ်ပုံ ရင်းမြစ်, Na Chasi
- ရေးသားသူ, ဗစ်တာလီ ရှက်ဗ်ချင်ကို
- ရာထူးတာဝန်, ရုရှား အယ်ဒီတာ၊ BBC Monitoring
၂၀၂၃ ခုနှစ် ဇွန်လက လူအများကြား ပျံ့နှံ့နေတဲ့ ဗီဒီယိုတခုထဲမှာ ဒရုန်းတစင်းက ယူကရိန်း တင့်ကားတစီးကို ထိမှန်ပြီး အကြီးအကျယ် ပေါက်ကွဲ ထွက်သွားတာကို တွေ့ရပါတယ်။ ရုရှားက စစ်ပြုတာကို ထောက်ခံတဲ့လူမှုမီဒီယာ ချန်နယ်တွေက ဒီဗီဒီယိုကို ဖြန့်ကြတဲ့အတွက် အွန်လိုင်းမှာ အတော်ပျံ့ပါတယ်။
ဒါပေမဲ့ ဒါကို ကြည့်ပြီး ရုရှား - ယူကရိန်းစစ်ပွဲက အစစ်အမှန် မြင်ကွင်းတခုလို့ ကျိန်းသေ မပြောနိုင်ပါဘူး။
အဲဒီဗီဒီယိုထွက်လာပြီး နောက်ပိုင်းမှာ ထွက်ပေါ်လာတဲ့ ယူကရိန်းတို့ရဲ့ ဗီဒီယိုထဲမှာတော့ မီးလောင်နေတဲ့ အပျက်အစီးပုံကို လက်ညိုးထိုးပြပြီး ရယ်မောနေတဲ့စစ်သားတယောက်ပုံကို တွေ့ရမှာ ဖြစ်သလို "သူတို့ ပစ်လိုက်တာ ငါတို့ သစ်သားတင့်ကားကြီး" လို့ အဲဒီယူကရိန်း စစ်သားက ပြောနေတာကိုလည်း ကြားရမှာပါ။
ဒရုန်းထိသွားတဲ့ တင့်ကားက ရုရှားတွေကို လှည့်ဖြားဖို့အတွက် ယူကရိန်းတို့က သုံးထပ်သားပြားတွေနဲ့ တကယ့် တင့်ကားအရွယ် တကယ့် တင့်ကားပုံစံ အတိုင်းလုပ်ထားတဲ့ သစ်သား တင့်ကားဖြစ်ပုံရပါတယ်။
ရန်သူကို လှည့်စားဖို့၊ သူတို့ရဲ့ ကျည်တွေ၊ အချိန်တွေ ကုန်စေဖို့၊ အလုပ်များပြီး ပင်ပန်းသွားစေဖို့ စတာတွေကို ရည်ရွယ်ပြီး ယူကရိန်းရော ရုရှားကပါ ဒီလို အတုလုပ်ထားတဲ့ စစ်ရေးဆိုင်ရာ ယာဥ်တွေ၊ ပစ္စည်းတွေကို ထောင်နဲ့ချီပြီး ထုတ်လုပ်ကြပါတယ်။ အခု တင့်ကားက ဥပမာ တခုရယ်သာပါ။
ရှေ့တန်းမှာ ပုံမှန်တွေ့နေရတဲ့ ရေဒါအငယ်စားတွေ၊ လောင်ချာတွေက အစ စစ်ဂျစ်ကားတွေ၊ စစ်ထရပ်ကားတွေ၊ တင့်ကားတွေ၊ ကုန်ကုန်ပြောရရင် စစ်သားတွေက အစ အတုတွေ ဖြစ်နိုင်ပါတယ်။
ဘူးတွေထဲ ထည့်လာတဲ့ သစ်သား အပိုင်းအစတွေကို ကောက်ဆင်လိုက်တာ၊ လေမှုတ်အရုပ်ကြီးတွေကို လေသွင်းလိုက်တာနဲ့ ဒီအရာတွေကို ရေဒါနဲ့ဖမ်းရင် တကယ့် အစစ်တွေလို့ ထင်သွားအောင် လုပ်ကြပါတယ်။ အတုလုပ်ထားတဲ့ တင့်ကားကနေ အထူးစီစဉ်ထားတဲ့ ရေဒီယိုလှိုင်းတွေ ထုတ်လွှင့်ပြီးတော့လည်း ရေဒါကို လှည့်စားကြပါတယ်။
ယူကရိန်းမှာ နေရာချထားတဲ့ လက်နက်အမျိုးအစား တချို့ဆိုရင် အနည်းဆုံး တဝက်လောက်က စစ်မြှူဖို့ လုပ်ထားတဲ့ လက်နက်အတုအယောင် တည်ကြက်တွေပါ။
ဘူးထဲထည့်လာတဲ့ သစ်သားပြားတွေနဲ့ ဆင်လိုက်တဲ့ အမြောက်
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ယူကရိန်းစစ်တပ်က တည်ကြက်အဖြစ်သုံးထားတဲ့လက်နက်အတုတွေထဲ အများဆုံးကတော့ ဗြိတိန်ထုတ် အမ် - ၇၇၇ ဟောင်ဝစ်ဇာ အမြောက်ကို တုပထားတဲ့ အမြောက်အတုတွေပဲ ဖြစ်ပါတယ်။
ယူကရိန်း စစ်သားတွေက "ပုဆိန် ၃ လက်" လို့ နာမည်ပြောင်ပေးထားတဲ့ ဒီဗြိတိန် ဟောင်ဝစ်ဇာ အမြောက်တွေက အဝေးကို ပစ်နိုင်သလို၊ ပစ်မှတ်ကိုလည်း အတိအကျမှန်နိုင်တဲ့ အမြောက်တွေဖြစ်ပြီး ဒီလိုအမြောက်မျိုး အလက် ၁၅၀ ကျော်ကို အနောက်နိုင်ငံ မဟာမိတ်တွေက ယူကရိန်းကို ထောက်ပံ့ထားတယ်လို့လည်း သိထားကြပါတယ်။
ယူကရိန်း စစ်တပ်က စစ်လက်နက် ကိရိယာပစ္စည်းတွေ အမျိုးမျိုးကို အသုံးပြုသလို စေတနာ့ ဝန်ထမ်းတွေကလည်း တည်ကြက်လုပ်နိုင်တဲ့လက်နက်အတု အမျိုးမျိုးကို ပြုလုပ်ပေးပြီး အရေးပါတဲ့အခန်းကဏ္ဍကနေ အကူအညီပေးပါတယ်။
ရက်လန် ကလီမန်ကိုက ဘီဘီစီကို ပြောရာမှာ သူ့ စေတနာ့ဝန်ထမ်းအဖွဲ့ နာချာစီ တဖွဲ့တည်းကတင် အမ် - ၇၇၇ အမြောက်အတုပေါင်း ၁၆၀ ကို ယူကရိန်း စစ်တပ်အတွက်ထောက်ပံ့ပေးခဲ့တယ်လို့ ဆိုပါတယ်။
သူတို့ လုပ်တဲ့ အမြောက်ကို ရှေ့တန်းနေရာမှာ ဆင်ဖို့အတွက် လူ ၂ ယောက် လုပ်အားနဲ့ ဘာကိရိယာမှ မလိုပဲ ၃ မိနစ်လောက်နဲ့ လုပ်နိုင်တယ်ဆိုတဲ့ အချက်က သူတို့ အဖွဲ့ကို အထူး ရေပန်းစားစေတယ်လို့ မစ္စတာ ကလီမန်ကိုက ပြောပါတယ်။
"ဘယ်လောက်များများ ပို့လိုက်သည်ဖြစ်စေ၊ အားလုံးကို အသုံးချနိုင်ပါတယ်" လို့ လည်း သူက ဘီဘီစီကိုပြောပါတယ်။
ရိခ်တက်ဗ်နာ ပေါ့ရှ်တာ လို့ အမည်ရတဲ့ နောက်စေတနာ့ဝန်ထမ်းအဖွဲ့က ပက်ဗ်လို နာရော့ဇနီက ဘယ်လို အချိန်ဖြစ်ဖြစ် အမ် - ၇၇၇ အတု ၁၀ ခုကနေ ၁၅ ခုကြားကို ထုတ်လုပ်နိုင်တယ်လို့ ဆိုပါတယ်။
ရိခ်တက်နာ ပေါ့ရှ်တာက ထုတ်တဲ့ ဒီအမြောက်အတုက သုံးထပ်သားပြားတွေနဲ့ လုပ်တာဖြစ်ပြီး၊ ဒီသစ်သားပြားတွေကို ဘူးအပြားတွေထဲ ထည့်သွားလို့ ရအောင်လည်း လုပ်ထားပါတယ်၊ ကုန်ကျစားရိတ်က အမြောက်တလက်မှ ဒေါ်လာ ၅၀၀ - ၆၀၀ လောက်ပဲ ကုန်ကျပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Apate
ရုရှားတွေက အဲဒီအမြောက်တုတွေကို ပစ်မှတ်ထားပြိး လန်းဆက် ကာမီကာဇေ ဒရုန်းတွေနဲ့ တိုက်ခိုက်လေ့ရှိပါတယ်၊ အဲဒီ ဒရုန်း တလုံးက ဒေါ်လာ ၃၅,၀၀၀ ကုန်ပါတယ်။ "တွက်ကြည့်ပေါ့" လို့ မစ္စတာ နာရော့ဇနီက ပြောပါတယ်။
တိုယာလို့ အမည်ပေးထားတဲ့ သူတို့ရဲ့ အမ် - ၇၇၇ အမြောက်အတု တလက်ဆိုရင် ရှေ့တန်းမှာ တနှစ်ကျော်ကြာ ထားနိုင်ခဲ့ပြီး လန်းဆက် ဒရုန်း ၁၄ လုံးရဲ့ ဒဏ်ကနေ ရှင်သန်နိုင်ခဲ့တယ်လို့ သူက ပြောပါတယ်။
တပ်ဖွဲ့ဝင်တွေက "အဲဒီအမြောက်ကို ပြန်ကောက်ဆက်လိုက်၊ တိတ်တွေနဲ့ ကပ်၊ ဝက်အူတွေနဲ့ ပြန်စုပ်ပြီး ရှေ့တန်းမှာ အကြိမ်ကြိမ် ပြန်သုံးနိုင်ခဲ့တယ်" လို့ မစ္စတာ နာရော့ဇနီက ပြောပါတယ်။
ဘီးရာတွေနဲ့ အိမ်သာတွေ
တည်ကြက် လက်နက်တွေကို ဘယ်လို နေရာချသလဲဆိုတာကလည်း အရေးကြီးပါတယ်။ အမြောက်ကို ရွှေ့တွန်းရင် ပေါ်လာတတ်တဲ့ ဘီးရာတွေ၊ အမြောက်ကျည်တွေထားတဲ့ ကျင်းအရှည်တွေ၊ တပ်ဖွဲ့ဝင်တွေရဲ့ အိမ်သာတွေ စတာတွေနဲ့ တကယ့်အမြောက်ဆင်ထားတဲ့ နေရာဖြစ်အောင် ဖန်တီးမှုကနေ ရန်သူက အဲဒီနေရာကို တိုက်ခိုက်လာအောင် အောင်အောင်မြင်မြင် ဆွဲဆောင်နိုင်ပါတယ်။
အဲဒီလို ပီပီပြင်ပြင်သာ လုပ်ထားမယ်ဆိုရင် ရန်သူ့ကို လှည့်စားနိုင်တဲ့အပြင် ကိုယ့်တပ်ကို အလည်လာတဲ့အရာရှိတွေကိုလည်း အယုံသွင်းပြီး ပျော်စရာရှာနိုင်ပါတယ်။
"တပ်မတခုမှာ အလည်လာတဲ့ တပ်မှူးတယောက်ကို ကျွန်တော်တို့ တည်ကြက်လက်နက်နဲ့ စနောက်ဖူးတယ်။ သူက "ဟေး ဘယ်သူက မင်းတို့ကို အမြောက်ဆင်ဖို့ အမိန့်ပေးခဲ့လို့လဲ"၊ "ဒီ အမ် - ၇၇၇ တွေက ဘယ်က ရလာတာလဲ" လို့ သူက မေးတဲ့ အကြောင်း ခရစ်မာလို့ အမည်ဝှက်ပေးထားတဲ့ အမှတ် ၃၃ စက်ယန္တရား တပ်မက အရာရှိတယောက်က ပြောပါတယ်။
တကယ့်အမြောက်တွေ၊ မော်တာတွေကို ပစ်ပြီးရင် အဲဒီနေရာကနေ တကယ့်လက်နက်တွေကို နေရာရွှေ့ထား၊ အဲဒီနေရာမှာ အတုတွေနဲ့ ပြန်နေရာချထားတာမျိုးကိုလည်း သူတို့လုပ်ကြတယ်လို့ သူက ပြောပါတယ်။
"ရန်သူကို လှည့်စားဖို့နဲ့ စျေးကြီးတဲ့ သူတို့ရဲ့ လက်နက်အရင်းအမြစ်တွေ ပြုန်းတီးသွားအောင် လုပ်ရာမှာ ဒါတွေက တကယ့်ကို ကောင်းတယ်။ သိပ်အလုပ်ဖြစ်တယ်။ ကျွန်တော်တို့ ဒါမျိုးတွေ ထပ်ပြီး လိုတယ်" လို့လည်း သူက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Back and Alive
ရုရှားတို့လုပ်တဲ့ တည်ကြက်တွေကလည်း အမျိုးမျိုးနဲ့ အများအပြားပါ။
ရုရှားတို့ လောလောလတ်လတ်က လုပ်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေမှာ ပါဝင်တဲ့ ဒရုန်းတွေဟာ စျေးခပ်ပေါပေါနဲ့ လုပ်ထားတဲ့ ဒရုန်းအတုတွေဖြစ်ကြောင်း ယူကရိန်း စစ်တပ်ကပြောပါတယ်။
"ဒီခေတ်မှာက ၅၀-၅၀ ပဲ။ ၅၀% က ရှာဟက် ဒရုန်း အစစ်တွေ၊ ကျန်တဲ့ တဝက်က ဒရုန်းအတုတွေပါ။ ကျွန်တော်တို့ လေကြောင်းကာကွယ်ရေး စနစ်ကို မနိုင်မနင်းဖြစ်သွားအောင် သူတို့က လုပ်တာဖြစ်ပြီး မြေပဲစေ့လောက်ပဲ တန်ဖိုးရှိတဲ့ ဒရုန်း တစင်းကို ကျွန်တော်တို့က မစ်ဇိုင်းသုံးပြီး ပစ်အောင် လုပ်တာပါ" လို့ ယူကရိန်း လေတပ် ပြောခွင့်ရ ယူရီ အက်နက်က ပြောပါတယ်။ "တစ်ခါတလေမှာ ကျောင်းသားလေးတွေ သုံးထပ်သားပြားနဲ့ လုပ်ထားတဲ့ ဒရုန်းတွေနဲ့တောင် တူတယ်။"
ဒါပေမဲ့ လေထဲမှာ ဆိုရင် အဲဒီ ဒရုန်းတွေက တကယ့် ရှာဟက် ဒရုန်းတွေလိုပဲ ရေဒါမှာ ပေါ်လာတာလို့ ဗိုလ်မှူးကြီး အက်နက်က ပြောပါတယ်။
ရုရှားရဲ့ ရပ်စ်ဘယ် ကုမ္ပဏီက ထုတ်တဲ့ တူးဒီ တည်ကြက်ဆိုရင် လေထဲနဲ့ လေဟာပြင်က ထောက်လှမ်းရေးအချက်အလက် စုဆောင်းတာကို လှည့်ဖြားနိုင်ပါတယ်။ သူက အင်ဂျင်ကနေထွက်လာတဲ့ အပူငွေ့လို တမျိုး၊ စစ်သားတွေ စကားပြောစက်နဲ့ ပြောတဲ့ဆီက ရေဒီယိုလှိုင်းထွက်လာသလိုမျိုးနဲ့ ရန်သူ့ရဲ့ ရေဒါတွေကို လှည့်စားနိုင်ပါတယ်။
တကယ့်စစ်သားအသွင်မျိုးဖန်တီးပြီးလည်း လှည့်စားနိုင်ကြပါတယ်။ ကရင်မလင်က ရန်ပုံငွေထောက်ပံ့ပေးထားပြီး နိုဗော့ဆီဘတ်စ်မှာ စေတနာ့ဝန်ထမ်းတွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်သူ့ ရှေ့တန်း လှုပ်ရှားမှုကနေ စစ်ယူနီဖောင်းတွေ ဝတ်ထားတဲ့ လူပုံတူ အရုပ်တွေကို ထုတ်လုပ်ပါတယ်။
လူသားလို အဲဒီအရုပ်က အပူထုတ်ပေးတဲ့အတွက် အပူချိန်လိုက်ဖမ်းတဲ့ ယူကရိန်းတို့ရဲ့ ကင်မရာတွေကို လှည့်စားနိုင်ပါတယ်။ လူအရုပ်ရဲ့ ကိုယ်ပိုင်းမှာ အပူပေး ဝါယာကြိုးတွေကို ပတ်ပေးထားပြီး အပေါ်က စစ်ဂျက်ကက် အင်္ကျီနဲ့ ဖုံးကာ ထားတာပါ။

ဓာတ်ပုံ ရင်းမြစ်, People's Front Novosibirsk
တကယ်ကတော့ စစ်ပွဲတွေမှာ တည်ကြက်သုံးကြတာက အခုမှသုံးကြတဲ့နည်းလမ်း မဟုတ်ပါဘူး။
ဒုတိယ ကမ္ဘာစစ်အတွင်း မဟာမိတ်တပ်တွေ ပြင်သစ် နော်မန်ဒီ ကမ်းခြေမှာ ဒီ - ဒေး ကမ်းတက်တိုက်ပွဲကြီး မဆင်နွှဲခင် ဂျာမနီတပ်တွေကို အာရုံလွှဲတဲ့အနေနဲ့ ဗြိတိန် ကမ်းခြေမြို့တခု မှာ တင့်ကား အရုပ်တွေ၊ လေယာဉ် အရုပ်တွေ သုံးပြီး စစ်တပ်ကြီး တခု စုဖွဲ့နေကြပုံကို အတုလုပ်ပြီး လှည့်စားခဲ့ကြပါတယ်။
မြေပြင်မှာ တကယ်လုပ်မှာကို ဖုံးကွယ်ပြီး အဲဒီလိုအတုတွေနဲ့ လှည့်စားကာ မဟာမိတ်တပ်တွေက ရန်သူ မထင်မှတ်တဲ့နေရာနေ ရုတ်တရက် စစ်ထိုးခဲ့ကြတာပါ။
ဒုတိယကမ္ဘာစစ်နောက်ပိုင်း စစ်ရေး နည်းပညာတွေက တဟုန်တိုး တိုးတက်လာခဲ့ပါတယ်။ ဥပမာပြောရရင် စစ်မြေပြင်မှာ ဒရုန်းတွေနဲ့ လူလိုက်ပါစရာမလိုတဲ့ တိုက်ခိုက်ရေးလက်နက် စနစ်တွေ ဘက်မှာ သိပ်ကို တိုးတက်လာခဲ့ပါတယ်။
ဒါပေမဲ့ ဘယ်လို လက်နက် အသစ်အဆန်းတွေ၊ ဘယ်လို ဖျက်ဆီးနိုင်စွမ်းတွေ စစ်မြေပြင်ကိုရောက်လာသည် ဖြစ်စေ၊ လှည့်စားမှုတွေ ပရိယာယ်ဆင်ပုံတွေကို ပစ်ပယ်လို့ မရသေးပါဘူး၊ သူတို့ဟာ စစ်ရေး စစ်ရာမှာ အစိတ်အပိုင်း တခုအနေနဲ့ အသေအချာ ရှိနေဦးမှာပါ။













