ယူကရိန်းစစ်ပွဲ - အမေရိကန်နဲ့ ယူကေတို့ရဲ့ တာဝေးပစ်ဒုံးတွေကို သုံးပြီး ရုရှားထဲမှာပါ တိုက်ခိုက်ခွင့် ရှိလာတော့မလား

မုန်တိုင်းအရိပ် တာဝေးပစ်ဒုံးတွေကို ယူကရိန်းကို ပေးထားကြောင်း ယူကေ အတည်ပြု

ဓာတ်ပုံ ရင်းမြစ်, Gary Dawson/Shutterstock

ဓာတ်ပုံ ပုံစာ, မုန်တိုင်းအရိပ် တာဝေးပစ်ဒုံးတွေကို ယူကရိန်းကို ပေးထားကြောင်း ယူကေ အတည်ပြု

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီဘလင်ကင်ရော၊ ဗြိတိသျှ နိုင်ငံခြားရေး ဝန်ကြီး ဒေးဗစ်လဲမ်မီပါ ယူကရိန်းနိုင်ငံမြို့တော် ကိယက်ဗ်မှာ ရောက်ရှိနေကြပြီး၊ ယူကရိန်း အပေါ် ထောက်ခံ အားပေးကြောင်း အတူတကွ ပြသ နေကြပါတယ်။

အမေရိကန်နဲ့ ဗြိတိန်တို့က ထောက်ပံ့ပေးထားတဲ့ တာဝေးပစ် မစ်ဆိုင်း ဒုံးလက်နက်တွေကို ရုရှားနိုင်ငံထဲက ပစ်မှတ်တွေကိုပါ တိုက်ခိုက်ခွင့်ပြုဖို့ ယူကရိန်းဘက်က ဆက်လက် တောင်းဆိုနေချိန်မှာ အခုလို နိုင်ငံခြားရေး ဝန်ကြီး နှစ်ယောက် အတူပူးတွဲ ပြုလုပ်တဲ့ ကိယက်ဗ် ခရီးစဥ် ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

ဝန်ကြီး နှစ်ယောက်ဟာ လန်ဒန်မြို့တော်မှာ အရင် တွေ့ဆုံ စကားပြောဆို ဆွေးနွေးခဲ့ကြပြီး ကိယက်ဗ်ကို သွားခဲ့ကြတာပါ။ ယူကရိန်း သမ္မတ ဇလန်စကီးနဲ့ တွေ့ဆုံသွားမှာ ဖြစ်ပြီး၊ ဆွေးနွေးမယ့် အဓိက အကြောင်းအရာဟာ လက်နက်အသုံးပြုခွင့် ကန့်သတ်ထားချက်တွေကို ဖြေလျှော့ပေးမှာလား ဆိုတဲ့ အချက် ဖြစ်လိမ့်မယ်လို့ ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်နေကြပါတယ်။

လောလောဆယ် အထိတော့ သူတို့ရဲ့ စစ်လက်နက်ပစ္စည်းတွေကို ရုရှားထဲက ပစ်မှတ်တွေကို တိုက်ခိုက်ရာမှာ မသုံးဖို့ ကန့်သတ်ထားပေမယ့်၊ ပြီးခဲ့တဲ့ အင်္ဂါနေ့ စက်တင်ဘာ ၁၀ ရက်နေ့ကပဲ အမေရိကန် သမ္မတ ဘိုင်ဒင်က အဲဒီ မူဝါဒ အပြောင်းအလဲ ရှိလာနိုင်ကြောင်း အရိပ်အမြွတ် ပြောကြားထားပါတယ်။

ကန့်သတ်ချက်တွေ ဖယ်ရှားပေးမလား ဆိုတာနဲ့ ပတ်သက်ပြီး အမေရိကန် အစိုးရ အနေနဲ့ လုပ်စရာ ရှိတာတွေ လုပ်နေတယ်လို့ သမ္မတဘိုင်ဒင်က ဆိုပါတယ်။ ဗြိတိန် ဝန်ကြီးချုပ် ကီယာ စတာမာလည်း ဝါရှင်တန်ဒီစီမြို့ အိမ်ဖြူတော်ကို လာမယ့် သောကြာနေ့ ၁၃ ရက် စက်တင်ဘာမှာ လာရောက်ဖို့ စီစဉ်ထားပါတယ်။

အဲဒီ အခါကျရင် လက်နက်အသုံးချမှု ကန့်သတ်ထားတဲ့ မူဝအါဒ အပေါ် အမေရိကန်နဲ့ ဗြိတိန် နှစ်နိုင်ငံ ခေါင်းဆောင်တွေ ထပ်ပြီး ဆန်းစစ် သုံးသပ်သွားလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

ယူအက်စ် ယူကေ နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေ ကိယက်ဗ်ကို အတူသွား

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ယူအက်စ် ယူကေ နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေ ကိယက်ဗ်ကို အတူသွား

ဝန်ကြီးဘလင်ကင်ကလည်း ယူကရိန်း ခေါင်းဆောင်ပိုင်းက သူတို့ ဘာတွေ ရည်မှန်းထားသလဲ ဆိုတာကို တိုက်ရိုက် ကြားသိလိုပြီး၊ ဘယ်လို ကူညီ ဖြည့်ဆည်းနိုင်မလဲ ဆိုတာတွေ ဆုံးဖြတ်နိုင်ဖို့ အတွက် ကိယက်ဗ်ကို သွားရတာ ဖြစ်တယ်လို့ ပြောထားပါတယ်။

တကယ်လို့သာ အမေရိကန်နဲ့ ယူကေက ထောက်ပံ့တဲ့ တာဝေးပစ် မစ်ဆိုင်းဒုံးကျည်တွေကို ရုရှားနိုင်ငံထဲက ပစ်မှတ်တွေကို တိုက်ခိုက်ဖို့ ခွင့်ပြု လိုက်မယ် ဆိုရင် စစ်ရေး ပဋိပက္ခဟာ ပို ပြင်းထန် ဆိုးရွားပြီး ဆထက်တိုး ကျယ်ပြန့်လာမှာကို နေးတိုးအဖွဲ့ဝင် အနောက်အုပ်စု မဟာမိတ်တွေဘက်က စိုးရိမ်နေတာ ဖြစ်ပါတယ်။

နယူကလီ စစ်ပွဲအထိ အဆုံးစွန်ဆုံး အခြေအနေကို ရောက်မသွားအောင် ချိန်ဆ နေကြတာ ဖြစ်ပါတယ်။

ရန်သူ့နယ်မြေတွေထဲထိ ရောက်တဲ့ တာဝေးပစ် လက်နက်တွေ အသုံးပြုခွင့် ရလာဖို့ရာ အဆွေတော် ကူညီကြနိုင်မယ်လို့ မျှော်လင့်တယ် ဆိုပြီး ယူကရိန်း ဝန်ကြီးချုပ် ဒဲနစ် ရှမီးဟားလ်ကတော့ ဗြိတိသျှ နိုင်ငံခြားရေး ဝန်ကြီး လမ်မီကို ပြောပါတယ်။

ယူကရိန်းကို ဗြိတိန်က မုန်တိုင်းအရိပ် Storm Shadow လို့ နာမည်ပေးထားတဲ့ တာဝေးပစ် မစ်ဆိုင်းဒုံးကျည်တွေ ပေးထားပါတယ်။ အဲဒီ မစ်ဆိုင်းတွေဟာ ကီလိုမီတာ ၂၅၀၊ မိုင်အားဖြင့် ၁၅၅ မိုင် ထိအောင် ရောက်နိုင်ပါတယ်။ လက်ရှိ အချိန်ထိတော့ အဲဒီ မစ်ဆိုင်းတွေကို ယူကရိန်းထဲ ရုရှားက ဝင်ရောက် သိမ်းပိုက်ထားတဲ့ နယ်မြေထဲက ရုရှားပစ်မှတ်တွေကို တိုက်ခိုက်တဲ့နေရာမှာပဲ အသုံးပြုနေရတာ ဖြစ်ပါတယ်။

ယူကရိန်း ခေါင်းဆောင်တွေဘက်က အဓိက ထောက်ပြ နေတာကတော့ ယူကရိန်းကို အဓိက တိုက်ခိုက်နေတဲ့ လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်ရာ ရုရှားထဲက လေတပ်စခန်းတွေကို တိုက်ခိုက်နိုင်ဖို့ အတွက် တာဝေးပစ် မစ်ဆိုင်းတွေ အသုံးပြုဖို့ မဖြစ်မနေ လိုအပ်တယ် ဆိုတဲ့ အချက် ဖြစ်ပါတယ်။

မိုင် ၁၅၀ ကျော်ထိ ဝေးအောင် ပစ်နိုင်တဲ့ Storm Shadow မစ်ဆိုင်းဒုံး

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မိုင် ၁၅၀ ကျော်ထိ ဝေးအောင် ပစ်နိုင်တဲ့ Storm Shadow မစ်ဆိုင်းဒုံး
လေးကြိမ်မြောက် ခရိုင်းမီးယား ပလက်ဖောင်း ထိပ်သီးဆွေးနွေးပွဲ တက်ဖို့ ယူအက်စ် ယူကေ ဝန်ကြီး နှစ်ယောက် ကိယက်ဗ်ကို အတူရောက်လာ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, လေးကြိမ်မြောက် ခရိုင်းမီးယား ပလက်ဖောင်း ထိပ်သီးဆွေးနွေးပွဲ တက်ဖို့ ယူအက်စ် ယူကေ ဝန်ကြီး နှစ်ယောက် ကိယက်ဗ်ကို အတူရောက်လာ
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အမေရိကန်ဘက်ကလည်း လိုက်လျောဖြေလျှော့ လာတော့မလား ဆိုတဲ့ အရိပ်အယောင်တွေ ရှိနေချိန်မှာပဲ ရုရှား အစိုးရကတော့ တကယ်လို့သာ အမေရိကန်ရဲ့ မစ်ဆိုင်းတွေကို ရုရှားနိုင်ငံထဲ တိုက်ခိုက်ရာမှာ အသုံးပြုခွင့် ပေးလိုက်မယ် ဆိုရင် ရုရှားဘက်ကလည်း ညီမျှစွာ လက်တုန့်ပြန်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အမေရိကန်ဘက်ကတော့ တင်းကျပ်မှုတွေကို တစထက်တစ ဖြေလျှော့လာခဲ့ပြီး ဖြစ်ပါတယ်။ လက်ရှိ အချိန်မှာတော့ ယူကရိန်းကို တိုက်ခိုက်နေတဲ့ ရုရှားနယ်စပ်တလျှောက်က ပစ်မှတ်တွေကို အမေရိကန်လက်နက်တွေ သုံးပြီး စစ်ရေး လုပ်ဆောင်ခွင့် ပြုထားပြီ ဖြစ်ပါတယ်။

ကိယက် ခရီးစဉ် အကြို လန်ဒန်မှာ ရှိစဉ် ဝန်ကြီးဘလင်ကင် ပြောတဲ့ အထဲ ရုရှားကို အီရန်က တာတိုပစ် အလိုအလျောက် ပဲ့ထိန်း ဒုံးတွေ ပေးနေတယ် ဆိုတဲ့ အချက် ပါဝင်ပြီး၊ ရုရှားဘက်က အဲဒီ အီရန်ဆီက ရတဲ့ ဒုံးတွေကို သီတင်းတစ်ပတ်အတွင်းမှာပဲ နေရာချလာနိုင်တယ်လို့ ဆိုပါတယ်။

ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီး လမ်မီကလည်း မစ္စတာဘလင်ကင်ရဲ့ ပြောဆိုချက်ကို သဘောတူပြီး အီရန်လုပ်ဆောင်လာတာ ပေါ့သေးသေး သဘောထားလို့ မရပဲ၊ အလွန် အန္တရာယ်ကြီးတဲ့ လုပ်ရပ်ဆိုပြီး ပြောဆိုပါတယ်။ အီရန်ဘက်ကတော့ ရုရှားကို ပဲ့ထိန်းဒုံးတွေ ပံ့ပိုးပေးနေတယ် ဆိုတဲ့ ပြောဆိုချက်တွေအပေါ် ထပ်ပြန်တလဲလဲ ငြင်းပယ်ထားပါတယ်။