စစ်တပ်ပေးတဲ့လွတ်ငြိမ်း - ဘယ်သူတွေလွတ်ပြီး ဘယ်သူတွေကျန်လဲ

ဖတ်ရန်အချိန်: မိနစ် ၁၂

နိုင်ငံရေးပုဒ်မလို့ နိုင်ငံရေးအသိုင်းအဝန်းက သတ်မှတ်ထားတဲ့ အကြမ်းဖက်တိုက်ဖျက်‌ရေးဥပဒေပုဒ်မ ၅၀ (ည)နဲ့ ပုဒ်မ ၅၂ (က) အကျဉ်းသား နှစ်သောင်းနီးပါးအပါအဝင် အကျဉ်းသား ၂ သောင်း ၂ ထောင်ကျော်ကို လွှတ်ပေးတယ်လို့ စစ်ကော်မရှင်က မတ် ၂ ရက်မှာ ကြေညာပါတယ်။

ဒါဟာ စစ်တပ်က အာဏာသိမ်းပြီးနောက် ၅ နှစ်အတွင်း နိုင်ငံ‌ရေးအကျဉ်းသား အများဆုံးလွှတ်ပေးတဲ့အရေအတွက်ဖြစ်ပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်တဲ့စစ်တပ်က အပိုင်းလိုက်ရွေးကောက်ပွဲပြုလုပ်ခဲ့ပြီးတဲ့နောက် မတ်လလယ်မှာ လွှတ်တော်ခေါ်ဖို့ ပြင်နေချိန်မှာ အခုလို လွတ်ငြိမ်းကို ထုတ်ပြန်တာဖြစ်ပါတယ်။

အခုတစ်ခေါက် လွတ်ငြိမ်းမှာ ၂၀၂၁ စစ်အာဏာသိမ်းပြီးတဲ့နောက် ဖမ်းဆီးခံရပြီး ထောင်ဒဏ်ချမှတ်ခံခဲ့ကြရတဲ့ အရပ်သားအစိုးရလက်ထက်မှာ ထိပ်ပိုင်းရာထူးယူခဲ့ကြသူတွေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) ပါတီဝင်တွေ၊ ကျောင်းသားသမဂ္ဂခေါင်းဆောင် လူငယ်တွေ ပါဝင်လာပါတယ်။

ဒါပေမဲ့ လွတ်ငြိမ်းခွင့်ပေးတယ်လို့ စာထုတ်တဲ့ လူ ၂ သောင်းကျော်မှာ နိုင်ငံတကာက စစ်တပ်ကို ပြန်လွှတ်ပေးဖို့ တောင်းဆိုနေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်လို လူပုဂ္ဂိုလ်တွေ မပါဝင်ခဲ့ပါဘူး။ ဒါကြောင့် အရပ်သားအုပ်စိုးမှုလမ်းကြောင်း ပြန်ဖော်ဖို့ကြိုးစားနေတယ်လို့ဆိုတဲ့စစ်တပ်ဟာ မြန်မာ့နိုင်ငံရေးမှာ အခရာကျတဲ့ ဖမ်းဆီးခံအရပ်သားတွေကို နိုင်ငံရေးအကျိုးအမြတ်အရ ရည်ရွယ်ချက်ရှိရှိ အကျဉ်းချထားဆဲဆိုတဲ့အမြင်တွေလည်း ရှိနေပါတယ်။

လွှတ်တဲ့ရက် လွတ်တဲ့သူတွေ

စစ်တပ်က ပေးတဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးတဲ့ မတ် ၂ ရက် တောင်သူလယ်သမားနေ့ဟာ အရင်နှစ်အဆက်ဆက်က လွတ်ငြိမ်းခွင့်ပေးလေ့ရှိတဲ့ရက်မျိုး မဟုတ်တာကို တွေ့ရပါတယ်။

ပုံမှန်ဆိုရင် မြန်မာနှစ်ဆန်းတစ်ရက်နေ့နဲ့ လွတ်လပ်ရေးနေ့တွေမှာ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်တွေ အများဆုံးပေးတာ ဖြစ်ပါတယ်။

အခု ၂၀၂၆ ခုနှစ် မတ်မှာတော့ ပြစ်ဒဏ်လွတ်ငြိမ်း ပုံမှန်ပေးလေ့မရှိတဲ့ တောင်သူလယ်သမားနေ့မှာ နိုင်ငံရေးအကျဉ်းသား ၂ သောင်းဝန်းကျင်နဲ့ အထွေထွေအကျဉ်းသား ၂၈၀၀ ကျော်၊ နိုင်ငံခြားသား ၁၀ ယောက်တို့ကို လွှတ်ပေးတာ ဖြစ်ပါတယ်။

ဒါအပြင် လူသတ်မှု၊ မုဒိန်းမှု၊ ပေါက်ကွဲစေတတ်တဲ့ ဝတ္ထုပစ္စည်းများအက်ဥပဒေ၊ မတရားအသင်း အက်ဥပဒေ၊ လက်နက်ဥပဒေ၊ ရှမ်းပြည်နယ်လက်နက်အမိန့်အရပြစ်မှုတွေ၊ မူးယစ်ဆေးဝါးအမှုတွေ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဆိုင်ရာဥပဒေ၊ အကြမ်းဖက်မှု ဥပဒေ၊ အဂတိဥပဒေတို့နဲ့ ပြစ်ဒဏ်ကျနေသူတွေကလွဲပြီး ကျန်တဲ့အမှုတွေမှာ ကျခံနေရသူတွေရဲ့ ကျန်ရှိတဲ့ ပြစ်ဒဏ်ခြောက်ပုံ တစ်ပုံကို လွတ်ငြိမ်းခွင့်ပြုခဲ့ပါတယ်။

စစ်တပ်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ အနိုင်ရသူတွေနဲ့ မတ်လလယ်မှာ အစိုးရဖွဲ့စည်းကာနီးကာလဖြစ်တာ၊ နိုင်ငံ‌ရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌနိုင်ငံဖြစ်တဲ့ ဖိလစ်ပိုင်က မကြာခဏ ထုတ်ပြောလာတာတွေကြောင့်လည်း လွှတ်ပေးတာ ဖြစ်နိုင်တယ်လို့ နိုင်ငံရေး အကျဉ်းသားအဖွဲ့အစည်းတွေက မှတ်ချက်ပေးပါတယ်။

"အာဆီယံမှာ ဝင်ဆံ့အောင်၊ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးရင် နိုင်ငံတကာမှာလည်း အပြုသဘောဆောင်တာတွေ ဖြစ်လာဖို့၊ စစ်တပ်က ဖွဲ့လိုက်တဲ့ အစိုးရကို နိုင်ငံတကာက လက်ခံပြောဆိုအောင် ရည်ရွယ်ချက်တွေ ပါလိမ့်မယ်" လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက ပြောပါတယ်။

လွတ်‌မြောက်လာတဲ့အထဲမှာတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) အစိုးရအဖွဲ့ဝင်တွေနဲ့ နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံထားရတဲ့ သမဂ္ဂကျောင်းသားတချို့ ပါဝင်ပါတယ်။

NLD ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် (CEC) လည်းဖြစ်ပြီး နေပြည်တော်မြို့တော်ဝန်ဟောင်းဖြစ်တဲ့ ဒေါက်တာမျိုးအောင်၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီး အငြိမ်းစားစစ်ဗိုလ်ချုပ် ဦးမင်းသူတို့ မန္တလေးတိုင်း၊ ရမည်းသင်းအကျဉ်းထောင်ကနေ ပြန်လွတ်ပါတယ်။

သူတို့တွေကတော့ အကျဉ်းထောင်ကို သီးခြားရောက်လာတဲ့ လွှတ်မိန့်ကြောင့်ဖြစ်ပါတယ်။

"သီးခြားလွှတ်မိန့်ဆိုတာက တခါတခါမှာ လွှတ်မယ့်အမှုထဲမှာ ပါဝင်နေရင်တောင် ဒီလူတွေက မဖြစ်မနေပါရမယ်ဆိုတဲ့ သီးခြားအမိန့်ချပေးတဲ့ပုံစံပါ" လို့ ကိုသိုက်ထွန်းဦးက ရှင်းပြပါတယ်။

ဒါ့အပြင် ရန်ကုန်တိုင်း အစိုးရအဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနဲ့ လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်၊ စိုက်ပျိုးရေးနဲ့ မွေးမြူရေး၊ သစ်တောနဲ့စွမ်းအင်ဝန်ကြီး ဦးဟန်ထွန်း၊ မကွေးတိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးတာတို့လည်း လွတ်လာပါတယ်။

စစ်အာဏာရှင် ဆန့်ကျင်ရေးမှာ ပါဝင်ခဲ့ကြတဲ့ သပိတ်ခေါင်းဆောင် တက္ကသိုလ်ကျောင်းသားများ သမဂ္ဂခေါင်းဆောင်တချို့လည်း လွတ်မြောက်လာပါတယ်။

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ မဆုရည်လင်း (ခ) လင်းလင်း၊ သူ့ရဲ့ အစ်မဖြစ်သူ မစုမြတ်ထက်နဲ့ အဒေါ်ဖြစ်သူ ဒေါ်နီမိုလှိုင်တို့လည်း ပါဝင်တယ်လို့ တကသကျောင်းသားဟောင်းများ အင်အားစု တာဝန်ရှိသူတစ်ယောက်က အတည်ပြုပါတယ်။

ဒါအပြင် ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ (ရွာသာကြီးနယ်မြေ) ရဲ့ ဒုတိယဥက္ကဋ္ဌ ကိုထက်ပိုင်စိုးနဲ့အတူ အမှုတွဲဖြစ်တဲ့ ရန်ကုန်စီးပွားရေးတက္ကသိုလ်က မနွေးရတီတိုးတို့ကလည်း သာယာဝတီထောင်ကနေ လွတ်မြောက်လာကြပါတယ်။

အာကာသပညာတက္ကသိုလ်ကျောင်းသားသမဂ္ဂရဲ့ အတွင်းရေးမှူးဟောင်း ကိုဟိန်းထက်ဝေယံ၊ ထားဝယ်နည်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ကိုမျိုးမင်းဦးနဲ့ ကိုအောင်ဝေယံထွန်း တို့လည်း ပြန်လွတ်လာကြပါတယ်။

လွတ်မြောက်လာသူတွေထဲမှာ ထောက်ပို့တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ Kpay နဲ့ Wave pay လို ပြည်တွင်း မိုဘိုင်းငွေကြေးစနစ် သုံးစွဲမှုကနေတဆင့် ဖမ်းဆီးခံရပြီး အကြမ်းဖက်ပုဒ်မ အတပ်ခံရပြီးတဲ့နောက် ဖမ်းဆီး ထောင်ဒဏ်ချမှတ်ခံရသူတွေလည်း ပါဝင်နေတယ်လို့လည်း PPNM က ကိုသိုက်ထွန်းဦးက ပြောပါတယ်။

အကျဉ်းကျနေဆဲ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်

အာဆီယံနဲ့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းကပါ လွှတ်ပေးဖို့ မကြာခဏ တောင်းဆိုနေတဲ့ ဒေါ်အောင်ဆန်းစုကြည်က ၂၀၂၆ ခုနှစ် မတ် ၂ ရက် လွတ်ငြိမ်းထဲမှာ မပါဝင်ပါဘူး။

စစ်တပ်က အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်စပြီး လက်ရှိ ၂၀၂၆ ခုနှစ် မတ် အထိဆို ၅ နှစ်ကျော်ထဲ ရောက်နေပါပြီ။

ပြစ်ဒဏ်လွတ်ငြိမ်းပေးတဲ့အကြိမ်တိုင်း ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ထိပ်ပိုင်းခေါင်းဆောင်တွေ လွတ်မြောက်လာဖို့ လူထုက မျှော်လင့်နေဆဲဖြစ်ပါတယ်။

၂၀၂၁ မေလတုန်းက စစ်တပ်ဘက်က ထုတ်ပြန်ခဲ့တဲ့‌ဓာတ်ပုံအရ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်တို့နဲ့အတူ အမှုတွဲပါဝင်ပြီး အဲဒီနေ့က အတူတူရုံးထုတ်ခဲ့တဲ့အထဲ ပါဝင်တဲ့ ဒေါက်တာမျိုးအောင်ပဲ ပြန်လွတ်လာတာ တွေ့ရပါတယ်။

"သူတို့လွှတ်တဲ့အထဲမှာ ရွေးချယ်မှုက နိုင်ငံရေးအကျိုးအမြတ်ကို ရည်ရွယ်ပြီး လုပ်နေတယ်လို့ ထင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုကျတော့ လူထုရဲ့ယုံကြည်လေးစားမှုအပေါ် သူတို့ စိုးရိမ်နေတယ်လို့ မြင်ပါတယ်"လို့ NLD ပြောခွင့်ရ ဒေါက်တာမျိုးညွန့်က ဘီဘီစီကို ပြောပါတယ်။

စစ်ကော်မရှင်က သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပါအပါအဝင် ဥပဒေပေါင်း ၁၃ ခုက ပုဒ်မတွေနဲ့ ပြစ်ဒဏ်ကျခံနေရသူတွေကို ၆ ပုံ ၁ ပုံ လွတ်ငြိမ်းသက်သာခွင့်ထဲ မထည့်ထားပါဘူး။

ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေကလွဲလို့ ဒီလိုပြစ်ဒဏ်မလျှော့ပေါ့ပေးတဲ့ ပုဒ်မတွေထဲက အချို့နဲ့စွပ်စွဲခံရပြီး ထောင်ဒဏ်ချမှတ်ခံထားရတာကြောင့် အခုတစ်ကြိမ် စစ်တပ်က ပေးတဲ့ ပြစ်ဒဏ်လျှော့ပေါ့မှုမှာ အကျုံးမဝင်တာဖြစ်ပါတယ်။

စစ်တပ်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို အမှုပေါင်း ၁၉ မှုနဲ့ တရားစွဲဆိုခဲ့ပြီး ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခဲ့ပါတယ်။

၂၀၂၃ ခုနှစ် သြဂုတ်မှာပေးတဲ့လွတ်ငြိမ်းခွင့်မှာ အမှု ၅ မှုအတွက် ၆ နှစ် လွတ်ငြိမ်းခွင့်ရခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲထားတဲ့အထဲမှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ စွပ်စွဲခံရပြီး ချမှတ်ခံရတဲ့ ထောင်ဒဏ်က အများဆုံးဖြစ်နေပြီး စစ်တပ်က မလွှတ်သရွှေ့ ထောင်ဒဏ်နှစ် ၂၀ ကျော် ဆက်ကျခံရနိုင်ခြေ ရှိနေပါတယ်။

နိုင်ငံရေးအကျဉ်းသား ထောင်ချီရှိတယ်လို့ပြောကြတဲ့ မန္တလေး အိုးဘိုအကျဉ်းထောင်မှာ ထောင်ဒဏ် ချမှတ်ခံထားရတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့အချုပ်ပါတီ ခေါင်းဆောင်တွေနဲ့ တိုင်းအစိုးရအဖွဲ့တွေမှာ ထိပ်ပိုင်းတာဝန်ယူခဲ့ကြသူတွေ အခုတစ်ခေါက်လွတ်ငြိမ်းမှာ မပါဝင်ပါဘူး။

အိုးဘိုထောင်မှာ NLD ဗဟို နာယက ဦးဝင်းထိန်၊ ပါတီ ဗဟိုအလုပ်အမှုဆောင်လည်းဖြစ် စစ်ကိုင်းတိုင်းဝန်ကြီးချုပ်လည်းဖြစ်တဲ့ ဒေါက်တာမြင့်နိုင်၊ NLD ဗဟိုကော်မတီဝင် ဦးမင်းသူ၊ မန္တလေးတိုင်း NLD အစိုးရအဖွဲ့ဝန်ကြီး ဦးဇာနည်အောင်တို့ ထောင်ဒဏ်တွေ ကျခံနေရတာပါ။

ဦးဝင်းထိန်ဆိုရင်လည်း လမ်းကို ကောင်းကောင်းမလျှောက်နိုင်ဘဲ လက်တွန်း လှည်းနဲ့သာ သွားလာနိုင်တယ်လို့ ဦးဝင်းထိန်နဲ့ အိုးဘိုထောင်မှာ ၂၀၂၂ ခုနှစ်က ဆုံခဲ့ဖူးတဲ့ ကိုသိုက်ထွန်းဦးက ပြောပါတယ်။

"အပေါ့ အလေးတောင် သူကိုယ်တိုင် မသွားနိုင်ဘူး၊ တပါးသူ အကူအညီယူ နေရတယ်။ မနှစ်ကဆို ကျန်းမာရေးမကောင်းလို့ အပြင်ဆေးရုံကိုတောင် မကြာမကြာ တင်ရတယ်လို့ သတင်းတွေရတယ်" လို့ ကိုသိုက်ထွန်းဦးက ပြောပါတယ်။

ပြန်လွတ်တဲ့ သူတွေထဲမှာ အသက်အရွယ်ကြီးသူတွေနဲ့ ပြည်တွင်းမှာပဲ နေရတာကြောင့် စစ်တပ်ကို ထိပ်တိုက်မတွေ့တဲ့သူတွေ အများစုကိုသာ လွှတ်ပေးတာဖြစ်တယ်လို့လည်း သူက မှတ်ချက်ပေးပါတယ်။

"သူတို့ အစိုးရိမ်ဆုံးလူတွေကို နောက်ဆုံးမှ လွှတ်မှာပဲ။ မိသားစုဘက်က သိပ်တော့မျှော်လင့်မထားဘူး" လို့ အိုးဘိုထောင်မှာ နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရတဲ့ ဝန်ကြီးတစ်ဦးရဲ့ မိသားစုနဲ့ နီးစပ်သူတစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

၈၈ ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုဇော်ဝမ်းမောင် ပြန်လွတ်လာပေမဲ့ သူ့ဇနီးနဲ့ သားသမီးတွေတော့ မလွတ်မြောက်သေးပါဘူး။

ဒါ့အပြင် စစ်ကောင်စီက ပြစ်ဒဏ်လွတ်ငြိမ်းမပေးတဲ့ ပုဒ်မတွေနဲ့ အကျဉ်းကျနေတဲ့ မြို့ပြပြောက်ကြား လူငယ်တွေလည်း လွတ်မြောက်ဖို့ ကျန်နေကြပါသေးတယ်။

တရက်တည်း အကုန်မလွတ်တဲ့လွတ်ငြိမ်း

တနိုင်ငံလုံး အကျဉ်းထောင်တွေကနေ နိုင်ငံရေးအကျဉ်းသားအပါအဝင် အကျဉ်းသားပေါင်း ၂ သောင်း ၂ ထောင်ကျော်ကို တစ်ရက်တည်း တပြိုင်တည်းလွှတ်ဖို့တော့ အကျဉ်းဦးစီးဌာနအနေနဲ့လည်း အခက်အခဲရှိနိုင်တယ်လို့ နိုင်ငံရေးအကျဉ်းသားအဖွဲ့တွေက မှတ်ချက်ပေးပါတယ်။

ဒါ့ကြောင့်လည်း လွတ်ငြိမ်းကြေညာတဲ့ မတ် ၂ ရက် မနက်ပိုင်းကနေ ည ၉ နာရီလောက်အထိ မလွတ်လာသေးတဲ့ နိုင်ငံရေးအကျဉ်းသားကိုတွေ မိသားစုဝင်တွေက အကျဉ်းထောင်တွေရှေ့မှာ စောင့်ဆိုင်းနေကြပါတယ်။

မတ် ၃ ရက် နေ့ မနက်ပိုင်းမှာလည်း အင်းစိန်၊ အိုးဘို၊ ထားဝယ်၊ မကွေး၊ မင်းဘူး စတဲ့အကျဉ်းထောင်တွေရှေ့မှာ ထပ်ရောက်လာကြပြီး စောင့်ဆိုင်းနေကြသလို ထပ်လွတ်လာသူတွေလည်း ရှိနေပါတယ်။

''လွတ်ငြိမ်းပေးတဲ့ပုဒ်မတွေနဲ့ အမှုပိတ်သိမ်းပေးမလားဆိုပြီး မကွေးမြို့နယ်တရားရုံးနဲ့ မင်းဘူးမြို့နယ် တရားရုံးရှေ့တွေမှာ လာစောင့်နေကြသူတွေ အများကြီးတွေ့ခဲ့ရတယ်။ အမှုတွေကို သူတို့ (တရားရုံးတွေ)ဘက်က စိစစ်နေတယ်ပြောတယ်။ နာမည်စာရင်းထဲ ပါလာပြီး အမှုပိတ်သိမ်းပေးမလားဆိုပြီး စောင့်နေကြတယ်'' လို့ မကွေးမြို့က တရားလွှတ်တော်ရှေ့နေတစ်ယောက်က ပြောပါတယ်။

သူက မတ်လ ၃ ရက် တစ်နေ့တည်းမှာတင် အမှုကိစ္စတွေအတွက် မကွေးနဲ့ မင်းဘူး တရားရုံးကို သွားခဲ့တာကြောင့် မြင်တွေ့ခဲ့ရတဲ့မြင်ကွင်းကို ပြန်ပြောပြတာပါ။

မတ် ၂ ရက် ည ၇ နာရီကနေ မတ် ၃ ရက်အထိ လွတ်မြောက်သူတွေ စာရင်းကို ဆက်တိုက်ဖြေကြားပေးနေရတဲ့ ကိုသိုက်ထွန်းဦးက "မြို့နဲ့နီးလို့ သွားစောင့်နိုင်တဲ့ မိသားစုတွေကတော့ စောင့်ကြတာပေါ့၊ စစ်ဘေးရှောင်နေကြရသူတွေ၊ အဝေးရောက်နေတဲ့ မိသားစုဝင်တွေကတော့ ကျွန်တော်တို့ကို ဆက်သွယ်ပြီး သူတို့မိသားစုဝင်တွေ လွတ်လားဆိုတာမျိုး ဆက်တိုက်လာမေးနေကြတာ"လို့ ပြောပါတယ်။

စစ်ကော်မရှင်က ကြေညာချက်ထဲမှာ စစ်ကောင်စီရဲ့ အကြမ်းဖက်တိုက်ဖျက်‌ရေးဥပဒေပုဒ်မ ၅၀ (ည)နဲ့ ပုဒ်မ ၅၂ (က)ပြစ်မှုတွေကြောင့် တိမ်းရှောင်နေရလို့ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၅၁၂ နဲ့ တရားစွဲခံရသူ ၁၂၄၈၇ ယောက်ရဲ့ တရားရုံးမှာ ကြားနာစစ်ဆေးဆဲ အမှုပေါင်း ၉၅၃၂ မှုကိုလည်း ပိတ်သိမ်းတယ်လို့ ပါရှိပါတယ်။

အဲဒီလို အမှုရုပ်သိမ်းလိုက်တယ်ဆိုပေမဲ့ ထောင်အချုပ်ကျပြီး အမှုရင်ဆိုင်နေရသူတွေဟာ သက်ဆိုင်ရာ တရားရုံး ရုံးချိန်ရက်အထိ စောင့်ပြီးမှ တရားရုံးဆုံးဖြတ်ချက်နဲ့ ပြန်လွတ်မယ့်သဘောလို့ နားလည်ရပါတယ်။

"တရားရုံးက အမိန့်ချမှ ပြန်လွတ်မယ့်သူတွေလည်း ရှိသေးတယ်၊ ဘယ်သူတွေပါပြီး၊ ဘယ်သူတွေ လွတ်မလဲတော့ မသိသေးဘူး၊ အကုန်လုံးကတော့ လွတ်ဖို့သင့်တဲ့သူတွေချည်းပဲ"လို့ လွတ်မြောက်ကျောင်းသားတွေကို စာရင်းပြုစုနေတဲ့ တကသကျောင်းသားဟောင်းများ အင်အားစု တာဝန်ရှိသူက ဘီဘီစီကို ပြောပါတယ်။

ဒါ့အပြင် လွတ်ငြိမ်းစာရင်း နာမည်မှာ အယောက် ၂၅၀ ရှိပေမဲ့ မလွတ်လာသေးတဲ့ ဒိုက်ဦးအကျဉ်းထောင်က အကျဉ်းသား ၂၀၀ ကျော်ရှိတယ်လို့ PPNM က ထုတ်ပြန်ထားပါတယ်။

PPNMရဲ့ မတ် ၃ ရက် နေ့လယ်အထိ စာရင်းတွေအရ အကျဉ်းထောင် ၃၁ ခုက နိုင်ငံရေးအကျဉ်းသား ၃၆၁၃ ယောက်သာ လွတ်မြောက်တယ်လို့ တွေ့ရပါတယ်။

အကျဉ်းထောင်ထဲမှာ ကျန်နေသေးတဲ့ အကျဉ်းသားတွေရဲ့ မိသားစုဝင်တွေကတော့ မတ် ၃ ရက် ညနေပိုင်းအထိ အကျဉ်းထောင်အချို့နဲ့ တရားရုံးတွေအရှေ့မှာ စောင့်မျှော်နေကြတုန်းဖြစ်ပါတယ်။