ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
လွတ်ငြိမ်းခွင့်ရနေပြည်တော်အမတ်ပြောတဲ့ အိုးဘိုထောင်ထဲက NLD ခေါင်းဆောင်တွေအကြောင်း
၂၀၂၄ ခုနှစ်၊ ဧပြီ ၁၇ ရက် မြန်မာနှစ်သစ်ကူး နှစ်ဆန်းတစ်ရက်နေ့မှာ စစ်ကောင်စီရဲ့ လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ လွတ်မြောက်လာသူ ၃,၀၀၀ ကျော်ထဲမှာ နိုင်ငံရေးအကျဥ်းသား အယောက် ၁၀၀ တောင်မပြည့်ပါဘူး။ ဒါပေမဲ့ ပြန်လွတ်လာတဲ့နိုင်ငံရေးအကျဥ်းသားတွေထဲမှာတော့ ၂၀၂၀ ရွေးကောက်ပွဲမှာ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်ထွန်းတစ်ယောက်လည်း ပါပါတယ်။
သူဟာ ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)အမှု နှစ်မှုနဲ့ တရားစွဲခံရပြီး ထောင်ခြောက်နှစ် ချမှတ်ခံခဲ့ရသူဖြစ်ပါတယ်။
“၅၀၅(က) နှစ်မှုမှာ တစ်မှုက နိုင်ငံခြားကငွေကို ယူပြီး CDM ကို ထောက်ပံ့မှု၊ နောက်တစ်မှုက ထောင်ထဲရောက်မှ တရားစွဲတာက ဝန်ထမ်းတွေကို CDM ဝင်ဖို့ လှုံ့ဆော်တာကြောင့်ရယ်နဲ့ စုစုပေါင်း ၆ နှစ်ပေါ့။ အခုက သူတို့ လျှော့ရက်တွေ၊ ဘာတွေနဲ့ဆိုတော့ ကျွန်တော်ထင်တယ်။ ၆ လ၊ ၇ လလောက်ကျန်တယ်ထင်တယ်” လို့ ဦးသန့်ဇင်ထွန်းက ပြောပါတယ်။
သူဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ မတ် ၁ ရက်မှာ အဖမ်းခံခဲ့ရတာကြောင့် သုံးနှစ်ဝန်းကျင် ထောင်တွင်းဖြတ်သန်းခဲ့ရတာပါ။
ကိုယ့်ကိုယ်ကို သတ်သေချင်တဲ့အထိဖြစ်ခဲ့တဲ့ စစ်ကြောရေး
ဦးသန့်ဇင်ထွန်းကို ဖမ်းဆီးသွားပြီးတဲ့နောက် တိုင်းရုံးကို ခေါ်သွားခဲ့ပါတယ်။ အဲဒီကနေ နောက်ထပ်တနေရာကိုသွားဖို့ ပြင်ဆင်ချိန်မှာပဲ သူဟာ လက်ထိပ်ခတ်ခံရရုံတင်မက ခြေကျင်းပါ ခတ်ခံရပါတယ်။
“ဦးသန့်ဇင်ထွန်းက သူထွက်မပြေးဘူး၊ လက်ထိပ်ခတ်ထားတာပဲ ခြေကျင်းမခတ်ပါနဲ့လားလို့ ပြောလိုက်လို့ သူ့မျက်နှာကိုချည်း လိမ့်ထိုးခံလိုက်ရသေးတယ်” လို့ ဦးသန့်ဇင်ထွန်းနဲ့ စစ်ကြောရေးမှာဆုံခဲ့ရပြီး လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဥ်းသားတစ်ဦးက ဘီဘီစီကို ပြန်ပြောပြပါတယ်။
ဦးသန့်ဇင်ထွန်းဟာ လမ်းတစ်လျှောက်မှာလည်း မျက်နှာကို အစွပ်စွပ်ပြီး ခေါင်းကို ဒူးခေါင်းနားအထိရောက်အောင် ခါးကုန်းထားရတဲ့အနေအထားနဲ့ ခေါင်းဖော်လို့မရဘဲ သွားခဲ့ရတယ်လို့ အဲဒီနိုင်ငံရေးအကျဥ်းသားက ပြန်ပြောပြပါတယ်။
အဲဒီနောက် စစ်ကြောရေးကို ထမင်းစား မနားခင်အချိန်လေးမှာ ရောက်ရှိသွားပြီး တစ်ကြိမ် ရိုက်နှက်ခံရပါတယ်။ သူ့ကို ထမင်းမကျွေးဘဲ နေ့လယ်စားထမင်းစားနားပြီးချိန်မှာ သူတို့ဖမ်းချင်တဲ့သူတွေရှိတဲ့နေရာမေးတာကို မသိဘူးဖြေတာကြောင့် ထပ်ပြီး ရိုက်နှက်ခံရပါတယ်။
''ဒီအတိုင်း ခြေနဲ့ကန်၊ လက်သီးနဲ့ထိုး ရိုက်နှက်ကြရုံတင်မက စီးထားတဲ့ ကွင်းထိုးဖိနပ်ချွတ်ပြီး မျက်နှာနဲ့ပါးတွေကို ဘယ်ပြန် ညာပြန် အရိုက်တာမျိုးရှိခဲ့တယ်။ မာကြောတဲ့အရာတစ်ခုနဲ့ အရိုက်ခံရတာကြောင့် ခေါင်းပေါက်သွားပြီး သုံးချက် ချုပ်လိုက်ရတယ်'' လို့ အဲဒီအမျိုးသားက ဆက်ပြောပြပါတယ်။
“သူတို့စီးထားတဲ့ဖိနပ်နဲ့ ပါးရိုက်ခံရတော့ ဦးသန့်ဇင်ထွန်းက တော်တော်စိတ်ထိခိုက်သွားတယ်။ သူ့ကိုယ်သူ သိမ်ငယ်သွားတယ်၊ သူ့ ဂုဏ်သိက္ခာတွေ မရှိတော့ဘူးဆိုပြီး သူ့ကိုယ်သူ သတ်သေဖို့အထိ စဉ်းစားခဲ့တာ၊ ဒါပေမဲ့ ဒီအချိန်မှာ သူသေသွားရင် မိသားစုက ဖမ်းသွားတာပဲသိတာ၊ ဘယ်မှာသေလို့ သေမှန်းတောင် သိလိုက်ရမှာမဟုတ်ဘူး၊ ပြီးတော့ ဘာမှအကျိုးမရှိဘူးဆိုပြီး သူ့ကိုယ်သူ ပြန်အားပေးပြီး နေလိုက်တာ” လို့ သူက ပြောပါတယ်။
နှစ်ဆန်းတစ်ရက်နေ့မှာ လွတ်မြောက်လာတဲ့ ဦးသန့်ဇင်ထွန်းကို စစ်ကြောရေးမှာကြုံတွေ့ခဲ့ရတာတွေနဲ့ ပတ်သက်လို့ ဘီဘီစီက မေးမြန်းကြည့်တဲ့အခါ “စစ်ကြောရေးနေရာတွေ၊ စစ်ကြောရေးမှာ စစ်ဆေးတာတွေကို ထုတ်မပြောရဘူးဆိုပြီး ခံဝန်ထိုးထားခဲ့ရတယ်”လို့သာ တုံ့ပြန်ပြောဆိုပါတယ်။
သုံးထောင်ပြောင်းရတဲ့နိုင်ငံရေးသမား
ဦးသန့်ဇင်ထွန်းဟာ ၂၀၂၁ ခုနှစ်၊ မတ်လမှာ အဖမ်းခံရပြီးနောက် နေပြည်တော် အကျဉ်းထောင်မှာ ၁၁ လ၊ ရမည်းသင်းအကျဉ်းထောင်မှာ ၉ လနဲ့ မန္တလေးမြို့ အိုးဘိုအကျဉ်းထောင်မှာ ၁ နှစ် ၃ လဝန်းကျင်နီးပါးနေခဲ့ရပါတယ်။
“အကျဉ်းထောင် သုံးခုလုံးမှာတော့ ၈၈ တုန်းကလိုမျိုး ဆိုးရွားတာတော့ မရှိတော့ဘူး။ ထူးထူးခြားခြား ဖိနှိပ်တာမျိုးတော့မရှိပါဘူး”လို့ ဦးသန့်ဇင်ထွန်းက ဘီဘီစီကိုပြောပါတယ်။
နေပြည်တော် အကျဉ်းထောင်ရောက်ကာစတုန်းက နိုင်ငံရေးအကျဉ်းသားတွေနဲ့အတူ နေရပေမဲ့ နောက်ပိုင်းမှာ အဖမ်းခံရသူတွေများလာတဲ့အတွက် ဦးသန့်ဇင်ထွန်းကို တခြားရာဇဝတ်မှုတွေနဲ့ အကျဉ်းကျနေသူတွေရှိတဲ့အဆောင်ကို ပြောင်းရွှေ့ခံရပါတယ်။
“ကျွန်တော်တို့ နိုင်ငံရေးသမားတွေနဲ့ တခြားရာဇဝတ်အကျဉ်းသားတွေနဲ့ တန်းတူအပြောဆိုခံရတာပေါ့။ အဆောင်တွေ အရွှေ့ခံရတာနဲ့ပတ်သက်ပြီး ဒုအဆောင်မှူးဆိုတဲ့လူက ကျွန်တော့်ကို အထင်လွဲပြီး သူပြောချင်တာနဲ့ မဆိုင်တဲ့ ကျွန်တော်နိုင်ငံရေးလုပ်တာတွေကို မာမာကျောကျောပြောဆိုတာတွေ ခံရတယ်”လို့ ဦးသန့်ဇင်ထွန်းက ပြောပါတယ်။
ဒ့ါအပြင် နေပြည်တော်အကျဉ်းထောင်ကနေ ရမည်းသင်းအကျဉ်းထောင်ကို ပြောင်းပြီးချိန်မှာ နောက်ထပ်အစွဲခံရတဲ့ ပုဒ်မ ၅၀၅(က)အတွက် နေပြည်တော်မှာပြန်ပြီး ရုံးချိန်းစစ်ဆေးခံရပြန်ပါတယ်။
“အဲဒီလို ထောင်ပြောင်းပြီး ရုံးချိန်းစစ်ဆေးခံရတဲ့ တခြားသူတွေကျတော့ နေပြည်တော်ထောင်က လက်ခံထားတယ်၊ ကျွန်တော်ကိုတော့ ဘာအကြောင်းပြချက်မှမရှိမရှိပဲ ရမည်းသင်းပြန်ပို့တယ်။ ကျွန်တော်ကတော့ ခွဲခြားဆက်ဆံခံရတယ်လို့ ခံစားရတာပဲ”လို့ သူက ပြောပါတယ်။
ဒါ့ကြောင့် ရုံးချိန်းရက်ရောက်တိုင်း ရမည်းသင်းကနေ နေပြည်တော်ကို တခြားအကျဥ်းသားတွေလို လက်ထိပ်၊ ခြေကျင်းတွေအခတ်ခံရပြီး အချုပ်ကားနဲ့လာရောက် တရားရင်ဆိုင်ခဲ့ရပါတယ်။
အဖမ်းခံရပြီးနောက်ပိုင်း မိသားစုနဲ့ အဆက်သွယ်မရတဲ့ဦးသန့်ဇင်ထွန်းဟာ ရမည်းသင်းထောင်မှာရှိနေတုန်း မြန်မာလူ့အခွင့်အရေးကော်မရှင်က လာတွေ့ချိန်မှာ မိသားစုနဲ့တွေ့ခွင့်ရဖို့ တောင်းဆိုခဲ့ပါတယ်။
“ကိုဗစ်အကြောင်းပြပြီး မိသားစုနဲ့တွေ့ခွင့်တွေ ပိတ်ထားတယ်၊ ဒါကို Video Call နဲ့ဖြစ်ဖြစ်၊ သူတို့စီစဉ်ပေးတာ တစ်ခုခုနဲ့ဖြစ်ဖြစ် ဧည့်တွေ့ခွင့်ပေးဖို့ တောင်းဆိုတယ်။ လူ့အခွင့်အရေးကော်မရှင်ကလည်း ဒါပေါ့၊ ဟုတ်တာပေါ့၊ ဖြစ်ရမှာပေါ့ဆိုပြီး ကျွန်တော်မန္တလေးရောက်တာတောင် ဘာမှမပြောင်းလဲဘူး”
မန္တလေး အိုးဘို အကျဉ်းထောင်ကို ရောက်တဲ့အခါမှာလည်း တခြားအကျဉ်းသားတွေ မိသားစုနဲ့ထောင်ဝင်စာတွေ့ခွင့်ရပေမဲ့ ဦးသန့်ဇင်ထွန်းတို့က အဲ့ဒီအခွင့်အရေး မရခဲ့ပါဘူး။
“ထောင်ဝင်တွေ့ခွင့်မရတာက နိုင်ကျဉ်းတွေအားလုံးမဟုတ်ဘူး။ ၁၆ ယောက်ပဲ တွေ့ခွင့်မရတာ။ ကျွန်တော်ရယ်၊ ဒေါက်တာဇော်မြင့်မောင်၊ အဘဦးဝင်းထိန်ပါမယ်။ အဓိကက တိုင်းအစိုးရအဖွဲ့တွေပေါ့၊ ကျန်တဲ့ ၁၀ ယောက်ကတော့ ဘယ်သူတွေလဲ ကျွန်တော်လည်းမသိဘူး။ ကျွန်တော်က ထောင်ပိုင်ကို တွေ့တိုင်းမေးတယ်၊ မိသားစုနဲ့တွေ့ခွင့်ရဖို့ မေးတိုင်းလည်း အထက်ကိုတင်ပြထားပါတယ်လို့ပဲ ပြောပြီး အခုလွတ်လာတဲ့အထိ မိသားစုနဲ့ထောင်ဝင်စာတွေ့ခွင့်မရကြဘူး”လို့ ဦးသန့်ဇင်ထွန်းက ပြောပါတယ်။
မလွတ်မြောက်သေးတဲ့ ဒေါက်တာဇော်မြင့်မောင်နဲ့ ဦးဝင်းထိန်
ဦးသန့်ဇင်ထွန်းဟာ မန္တလေး အိုးဘိုထောင်မှာ ဒေါက်တာဇော်မြင့်မောင်၊ မြို့တော်ဝန်၊ မန္တလေး တိုင်းအစိုးရအဖွဲ့ဝန်ကြီးတွေနဲ့ တစ်ဆောင်တည်း အတူနေခဲ့ရပါတယ်။
ဒေါက်တာဇော်မြင့်မောင်က ပြီးခဲ့တဲ့ သင်္ကြန်မတိုင်ခင်ကတည်းက အကျဉ်းထောင်ဆေးရုံကို ပြောင်းရွှေ့သွားပြီး သူလိုအပ်တဲ့ပစ္စည်းတွေကို ထောင်ဝန်ထမ်းတွေ လာယူတာဖြစ်တဲ့အတွက် အဲဒီကတည်းက ဒေါက်တာဇော်မြင့်မောင်နဲ့ အနီးကပ်မတွေ့ရတော့ပါဘူး။
မန္တလေးမြို့တော်ဝန်နဲ့ စည်ပင်သာယာရေး ကော်မတီဝင်တစ်ယောက်ကတော့ ပြီးခဲ့တဲ့ လွတ်လပ်ရေးနေ့မှာ လွတ်သွားပါတယ်။
ဦးသန့်ဇင်ထွန်း လွတ်လာတာကြောင့် သူတို့နေခဲ့တဲ့အဆောင်မှာ မန္တလေးတိုင်း လျှပ်စစ်ဝန်ကြီး ဦးဇာနည်အောင်၊ တိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးနဲ့ သားဖြစ်သူတို့ ကျန်ခဲ့တယ်လို့လည်း ဦးသန့်ဇင်ထွန်းက ပြောပါတယ်။
“ကျွန်တော်တို့က ကိုယ့်တိုက်ဝန်းမှာ ထားတဲ့သူတွေနဲ့ပဲ စကားပြောလို့ရတယ်။ တခြားသူတွေနဲ့ ထိတွေ့ဆက်ဆံလို့မရဘူး။ ဒေါက်တာဇော်မြင့်မောင်ဆိုလည်း ဆေးခန်းသွားတုန်းက တစ်ခါတွေ့လိုက်သေးတယ်။ ကျွန်တော်က မမြင်ဘူး။ သူက လှမ်းမြင်ပြီး ခေါ်တာ၊ လက်လှမ်းပြတယ်၊ အဲဒီလောက်ပဲ၊ ရှေ့နေ ဒေါ်ရွက်နုအောင်ဆိုလည်း လှမ်းပဲမြင်ရတာ၊ စကားပြောလို့မရဘူး၊ သွားလို့မရဘူး။ ကျွန်တော်နဲ့သိတဲ့ နိုင်ကျဉ်းတစ်ယောက်ကိုလည်း တွေ့လို့ စကားပြောမလိုသွားတာကို လှမ်းဆွဲထားတယ်”လို့ ထောင်တွင်းမှာ တစ်ယောက်နဲ့တစ်ယောက် အဆက်သွယ်ဖြတ်တောက်ထားတဲ့အခြေအနေကို ပြောပြပါတယ်။
သူတို့ဘေးက တိုက်မှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) နာယက ဖြစ်သူ အသက် ၈၃ နှစ်အရွယ် ဦးဝင်းထိန်ရှိပြီး ပြီးခဲ့တဲ့ သင်္ကြန်ရက်အတွင်းမှာ အပူကြီးတာကြောင့် ဆေးရုံတက်ခဲ့ရပါတယ်။
သင်္ကြန်အကျရက်မှာ အိုးဘိုထောင်ကို ပြန်ရောက်လာပြီး အကျဉ်းထောင်ဆေးရုံကို ပြောင်းရွှေ့ထားတယ်လို့ သိရပါတယ်။
“အဘ ဦးဝင်းထိန် ဆေးရုံမတင်ရခင်တုန်းက မနက်ပိုင်း လမ်းလျှောက်ထွက်ချိန်မှာ သူ့ကို အဝေးကနေ လှမ်းမြင်ရတယ်၊ သူက လမ်းမလျှောက်နိုင်တော့ဘူး၊ တွန်းလှည်းနဲ့သွားနေရတယ်၊ သူက သွေးကျသလားမသိဘူး သူ့ခြေထောက်ကို အမြင့်မှာ အမြဲတင်ထားရတယ်။ သူ့ကိုကြည့်ရတာ စိတ်ပျော့ အားငယ်စိတ် လုံးဝမရှိဘူးဗျ၊ အပြင်မှာနေသလို ခပ်ပျော်ပျော်ပဲ။ ရယ်ရယ်မောမောနဲ့ စကားတွေပြောနေတာ”လို့ ဦးဝင်းထိန်ရဲ့ ကျန်းမာရေးနဲ့ပတ်သက်လို့ မြင်ခဲ့ရသမျှကို ဦးသန့်ဇင်ထွန်းက ပြောပြပါတယ်။
ထောင်တွင်းမှာတော့ အစိုးရအဖွဲ့ဝင်ကြီးတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေလို နိုင်ငံရေးအကျဉ်းသားတွေကို တစ်ပတ်တစ်ခါ ဆရာဝန်နဲ့ ဆေးကုသခွင့်ရပေမဲ့ တခြားအကျဉ်းသားတွေကတော့ ဆေးကုသခွင့်ရဖို့ အဆင့်ပေါင်းများစွာကို ကျော်ဖြတ်နေရတုန်းပဲလို့ ပြောပါတယ်။