ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
၂၀၂၀ မြန်မာ စစ်အာဏာသိမ်း- ဦးဝင်းထိန်ကို ပုဒ်မ ၁၂၄ (က) နဲ့ တရားစွဲဆိုထားမှု အွန်လိုင်းက ရုံးထုတ်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD သဘာပတိအဖွဲ့ဝင် ဦးဝင်းထိန်ကို နေပြည်တော် ဒက္ခိဏခရိုင် တရားရုံးမှာ အွန်လိုင်းက ရုံးထုတ်ခဲ့ပါတယ်။
ဒုတိယအကြိမ် ရုံးချိန်းအဖြစ် ဖေဖော်ဝါရီလ ၁၉ ရက်မှာ Zoom အပ်ပလီကေးရှင်းကနေ ဗီဒီယိုကွန်ဖရန့်ဇင်းနဲ့ ရုံးထုတ်ခဲ့တာပါ။
ဘာတွေ စစ်ဆေးပြောကြားခဲ့လဲ
ဒီရုံးထုတ်မှာ သူက တစ်ခါတည်း အမိန့်ချဖို့ တောင်းဆိုခဲ့ပေမဲ့ တရားသူကြီးက ဥပဒေနဲ့အညီ သက်သေခံချက်တွေ စစ်ဆေးပြီးမှ အမိန့်ချပေးနိုင်မယ်လို့ ရှင်းလင်းခဲ့တဲ့အကြောင်း တရားရုံး သတင်းပြန်ကြားရေး အရာရှိဒေါ်ဖြူဝင်းလတ်က မီဒီယာတွေကို ရှင်းလင်းပြောကြားပါတယ်။
ဒါကြောင့် လာမယ့် ရုံးချိန်းမှာ ရှေ့နေ ကိုယ်စားလှယ်လွှဲစာတင်မယ်လို့ ဦးဝင်းထိန်က ပြန်ပြောခဲ့ပါတယ်။
ဘယ်လိုတရားစွဲဆိုခဲ့လဲ
ဦးဝင်းထိန်ကို ဖမ်ဆီးတရားစွဲဆိုဖို့ ဖေဖော်ဝါရီ ၄ ရက်မှာ တရားရုံးမှာ ဦးတိုက်လျှောက်ထားပြီးနောက် ရန်ကုန်မြို့ကနေ ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး ဖေဖော်ဝါရီ ၅ ရက်မှာ ရမန်ယူခဲ့ပါတယ်။
ဒီအမှုအတွက် တရားလိုအဖြစ် ဥတ္တရသီရိခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနဲ့ သက်သေသုံးဦး တင်ပြထားတယ်လို့ သိရပါတယ်။
ဦးဝင်းထိန်ကို စတင်ဖမ်းဆီးပြီး နေပြည်တော်ကို ခေါ်ဆောင်သွားစဥ် လမ်းမှာ ဘီဘီစီက တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ချိန်က ဦးဝင်းထိန်က ပုဒ်မ ၁၂၄ နဲ့ ဖမ်းဆီးခံရတာလို့ ပြောခဲ့ပေမဲ့ အခု တရားရုံး ရှင်းလင်းချက်အရ စွဲဆိုထားတဲ့ ပုဒ်မက နိုင်ငံတော် အကြည်ညိုပျက်စေမှု ရာဇသတ်ကြီး ပုဒ်မ ၁၂၄ (က) ဖြစ်တယ်လို့ သိရပါတယ်။ ဒီအမှုကို အမြင့်ဆုံး ငွေဒဏ်နဲ့တကွ ထောင်ဒဏ် နှစ် ၂၀ အထိ ပြစ်ဒဏ်ချမှတ်နိုင်နိုင်ပါတယ်။
ဦးဝင်းထိန်ရဲ့ ဘယ်လို ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး အခုလို တရားစွဲဆိုခဲ့တာလဲ ဆိုတာကိုတော့ တရားရုံးက ရှင်းလင်းပြောကြားခြင်း မရှိပါဘူး။
နောက်တစ်ကြိမ်ရုံးချိန်းကို မတ်လ ၅ ရက်နေ့မှာ ပြန်ချိန်းထားပြီး အဲဒီနေ့မှာ ရှေ့နေပါဝါတင်တာကို ပြုလုပ်မှာဖြစ်ပါတယ်။
လက်ရှိမှာ ဦးဝင်းထိန်ကို နေပြည်တော် အချုပ်ထောင်မှာ ထားရှိထားတယ်လို့ သိရပါတယ်။
ဦးဝင်းထိန်ကိုရုံးထုတ်စစ်ဆေးတဲ့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာတော့ နေပြည်တော်မှာ ဆန္ဒပြမှုတွေမရှိသလောက် ဖြစ်ပါတယ်။ ဆန္ဒပြသူတွေအများစု စုဝေးတဲ့သပြေကုန်းအဝိုင်းအနီးတဝိုက်မှာ ရဲတပ်ဖွဲ့ဝင်တွေကို မနေ့ကထက် ပိုချထားတာကိုတွေ့ရပါတယ်။ဒီကနေ့ နေပြည်တော်မှာ ဆန္ဒပြမှုတွေ မရှိပေမဲ့ ပျဉ်းမနား၊ တပ်ကုန်းနဲ့ လယ်ဝေးမြို့နယ်တွေမှာ စစ်အာဏာရှင် ဆန့်ကျင့်ရေး ဆန္ဒပြပွဲတွေ ရှိတယ်လို့တော့ ဒေသခံတွေ ဘီဘီစီကို ပြောပါတယ်။