ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
PDF တွေပါတဲ့ ဘောလုံးပွဲ ဗုံးကြဲခံရမှု သေဆုံးသူမြင့်တက်လာ
မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်ထဲက ဘောလုံးပွဲကျင်းပနေတဲ့နေရာ လေကြောင်းကနေ ဗုံးကြဲခံရမှုမှာ သေဆုံးသူ ၉ ဦးအထိရှိလာပြီလို့ မြေပြင်သတင်းရင်းမြစ်တချို့က ပြောပါတယ်။
ကွင်းပြင်ထဲမှာ ဘောလုံးကန်နေတဲ့ အဖွဲ့တချို့အပြင် ဘောလုံးပွဲကို လာရောက်အားပေးနေကြတဲ့ ဒေသခံတွေနဲ့ လူစည်ကားနေချိန် လေကြောင်းတိုက်ခိုက်ခံလိုက်ရတာလို့ ဆူးဖြူကုန်းရွာ ဒေသခံတစ်ဦးက ပြောပါတယ်။
ဒီဇင်ဘာလတုန်းကလည်း ဆီးဂိမ်းဘောလုံးပွဲကြည့်နေတဲ့ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ထဲက လက်ဖက်ရည်ဆိုင်တစ်ဆိုင်ပေါ်ကို လေကြောင်းဗုံးကျလို့ လူအစုလိုက်အပြုံလိုက် သေဆုံးခဲ့တဲ့ဖြစ်စဉ်ရှိခဲ့ပါတယ်။
နွားထိုးကြီးမြို့နယ်ထဲက ဘောလုံးပွဲ ဗုံးကြဲခံရပြီးနောက်ပိုင်းမှာလည်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လုပ်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တချို့က ပြောပါတယ်။
"တပ်ဖွဲ့ဝင်တွေ အပျော်သဘော ဘောလုံးကန်နေတဲ့အချိန် ကြဲခံလိုက်ရတာ"
စစ်တပ်ကြဲလိုက်တဲ့ဗုံးဟာ နွားထိုးကြီးမြို့နယ်၊ ဆူးဖြူကုန်းရွာထဲမှာရှိတဲ့ စာသင်ကျောင်းဘေးက ကွင်းပြင်ထဲကို ကျရောက်ပေါက်ကွဲခဲ့တာလို့ မြေပြင်မှာရှိတဲ့ သတင်းရင်းမြစ်တစ်ဦးက အတည်ပြုပါတယ်။
ဆိပ်ဖြူကုန်းရွာနဲ့ အနီးနားက ဒေသတွေမှာ အခြေစိုက်တဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေစုပြီး ဘောလုံးကန်နေတဲ့နေရာကို စစ်တပ်က ဇန်နဝါရီ ၁၅ ရက်နေ့ နေ့လယ် ၃ နာရီဝန်းကျင်မှာ တိုက်လေယာဉ်နဲ့ လေကြောင်းတိုက်ခဲ့တာလို့ မျက်မြင်တွေ့ခဲ့ရတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
"တပ်ဖွဲ့ဝင်တွေ အပျော်သဘော ဘောလုံးကန်နေတဲ့အချိန် လေကြောင်းကြဲခံလိုက်ရတာ"လို့ သူကဆိုပါတယ်။
တံတားဦးလေတပ်ကနေ တက်လာတဲ့ တိုက်လေယာဉ် ၂ စီးနဲ့ ၂ ကြိမ် ဗုံးကြဲခဲ့တာလို့ သူက ပြောပါတယ်။
၂ ကြိမ်ကြဲရာမှာ တစ်ကြိမ်ကတော့ ဘောလုံးပွဲလုပ်နေတဲ့ နေရာပေါ်ကို တည့်တည့်ကျခဲ့တာလို့ သူက အတည်ပြုပါတယ်။
လေကြောင်းကြဲခံရတဲ့အချိန် ဘောလုံးကန်နေကြတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့အပြင် ပွဲလာကြည့်တဲ့ ဒေသခံတွေနဲ့ စည်ကားနေတာဖြစ်ပြီး လူပေါင်း ၁၀၀ ဝန်းကျင်လောက်ရှိတယ်လို့ သူကဆိုပါတယ်။
နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)နဲ့ နီးစပ်သူတစ်ဦးကတော့ ဘောလုံးပွဲကို မနက်ပိုင်းကတည်းက ကျင်းပနေတာဖြစ်ပြီး ညနေပိုင်းထက် မနက်ပိုင်းမှာ ပွဲကြည့်သူတွေ ပိုများတယ်လို့ သူက ရှင်းပြပါတယ်။
"မနက်ပိုင်းကတည်းကကြဲမယ်ဆိုရင် အထိအခိုက်ပိုများနိုင်တယ်" လို့ ပြောပါတယ်။
လေကြောင်းတိုက်ခံရတဲ့အပေါ် ပွဲလာကြည့်တဲ့သူတွေထဲမှာ စစ်တပ်ကို သတင်းပေးတဲ့သူရှိတာကြောင့် ပြင်ဆင်ချိန်ရပြီးမှ စစ်တပ်က တိုက်ခိုက်မှုလုပ်တာ ဖြစ်နိုင်တယ်လို့ နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
"ပွဲလုပ်တဲ့မနက်ပိုင်းမှာ လူတွေက များတော့ စိစစ်ဖို့မလွယ်ဘူးလေ။ ညနေပိုင်းကတော့ မနက်ပိုင်းထက်လူကြဲသွားပေမယ့် နေရာအတိအကျသိပြီးလို့ ကန်နေတဲ့အချိန်မှာကို လာကြဲတာပေါ့" လို့ သူက ဆိုပါတယ်။
ဘောလုံးကန်နေကြတဲ့အဖွဲ့တွေထဲမှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနအောက်က မြင်းခြံခရိုင်အခြေစိုက် တပ်ရင်းအမှတ် ၄ နဲ့ ၁၀ တို့က တပ်ဖွဲ့ဝင်တချို့နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး(MDY PDF)ရဲ့ တပ်ဖွဲ့ဝင်တချို့လည်း ပါဝင်တယ်လို့ အဲဒီတပ်ရင်းတွေနဲ့ နီးစပ်တဲ့ ဘီဘီစီသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
ဒါပေမဲ့ ကြိုတင်စီစဉ်ထားတဲ့ ဘောလုံးပွဲမဟုတ်ဘူးလို့ သူက ဖြည့်ပြောပါတယ်။
လေကြောင်းကြဲမခံရခင်တစ်ညအလိုမှာ "တပ်ဖွဲ့အချင်းချင်း ကန်ကြမလားဆိုပြီးမေးကြရင်းနဲ့ ပွဲဖြစ်သွားတဲ့ သဘောပါပဲ" လို့ သူကရှင်းပြပါတယ်။
သေဆုံးသူ ထပ်တိုးနိုင်
လေကြောင်းကြဲခံရချိန် နေရာမှာတင် ၃ ဦးသေဆုံးခဲ့ပြီး ၂ ရက်အကြာ ဇန်နဝါရီ ၁၇ ရက်မှာတော့ သေဆုံးသူ ၉ ဦးအထိ ထပ်တိုးလာတယ်လို့ မြေပြင်သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
သေဆုံးသူ ၉ ဦးထဲ တော်လှန်ရေးတပ်ဖွဲ့ဝင် ၄ ဦးပါပြီး ကျန်တဲ့ ၅ ဦးကတော့ ပြည်သူတွေဖြစ်တယ်လို့ သေဆုံးခဲ့တဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
"မိန်းကလေး တစ်ဦးပါတယ်။ ပွဲလာကြည့်ရင်းနဲ့ ကျည်(စ)ထိပြီး ဆုံးသွားတာ။ ဘယ်သူဘယ်ဝါမှန်းမသိရသေးဘူး" လို့ သူက ထပ်ပြောပါတယ်။
ဗုံးကျည်ထိမှန်တာကြောင့် ခြေလက်အင်္ဂါဆုံးရှုံးခဲ့သူတချို့လည်းရှိပြီး ထိခိုက်ဒဏ်ရာရတဲ့သူ ၃၀ ဦးထက်မနည်းရှိတယ်လို့ သူကဆိုပါတယ်။
ဒဏ်ရာပြင်းပြင်းထန်ထန်ရတဲ့သူတွေလည်း ရှိတာကြောင့် သေဆုံးသူအရေအတွက် ထပ်တိုးလာနိုင်တယ်လို့ သူက ပြောပါတယ်။
ဒဏ်ရာရတဲ့သူတွေကိုလည်း လက်ရှိအချိန်ထိ နွားထိုးကြီးမြို့နယ်ထဲက တစ်နေရာမှာ ဆေးကုသမှုပေးနေရတုန်းပဲလို့ သူကဆိုပါတယ်။
ဒါပေမဲ့ နွားထိုးကြီးမြို့နယ်ထဲက ဘောလုံးပွဲလုပ်တဲ့နေရာ လေကြောင်းတိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေက ဇန်နဝါရီ ၁၇ ရက်အထိ သတင်းမထုတ်ပြန်ပါဘူး။
ဒီလေကြောင်းတိုက်ခံရတဲ့ ဖြစ်စဉ်မတိုင်ခင် ဒီဇင်ဘာတုန်းကလည်း စစ်ကိုင်းတိုင်းထဲမှာပဲ စစ်တပ်လေကြောင်းတိုက်လို့ လူပေါင်း ၂၀ နီးပါးသေဆုံးခဲ့ပါတယ်။
ဒီပဲယင်းမြို့နယ်အရှေ့ခြမ်း၊ မရကန်ကျေးရွာထဲက လက်ဖက်ရည်ဆိုင်ဗုံးကြဲခံခဲ့ရတာပါ။
ထိုင်းနိုင်ငံမှာ ကျင်းပတဲ့ ဆီးဂိမ်းပြိုင်ပွဲက မြန်မာလက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းကန်နေတဲ့ ပွဲစဉ်ကို လက်ဖက်ရည်ဆိုင်ထဲမှာ ကြည့်ရှုနေကြတဲ့ လူစည်ကားချိန်အတွင်း လေကြောင်းတိုက်ခံခဲ့ရတာဖြစ်ပါတယ်။
NUG လူ့အခွင့်အရေးဝန်ကြီးဌာနကတော့ အဲဒီလက်ဖက်ရည်ဆိုင်ဗုံးကြဲခံရမှုမှာ သေဆုံးသူ ၁၈ ဦး အထိရှိခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
ဝန်ကြီးဌာနရဲ့ ဇန်နဝါရီလ ထုတ်ပြန်ချက်အရ ဒီဇင်ဘာလအတွင်း မန္တလေးတိုင်းမှာ စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ၂၇ ကြိမ်လုပ်ခဲ့တာကြောင့် ၁၈ ဦးသေဆုံးပြီး ဒဏ်ရာရသူ ၃၄ ဦးရှိတယ်လို့ သိရပါတယ်။
ဉာဏ်လင်းသစ်သုတေသနအဖွဲ့ကတော့ ဇန်နဝါရီ ၉ ရက်ကနေ ၁၅ ရက်အထိ တစ်ပတ်အတွင်း နိုင်ငံတဝန်း အရပ်သားတွေ ပစ်မှတ်ထား တိုက်ခိုက်တဲ့ဖြစ်စဉ်တွေ ၂၂၃ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ဇန်နဝါရီ တတိယအပတ်မှာ ထုတ်ပြန်ပါတယ်။
အပြန်အလှန် ဗုံးကြဲတိုက်ခိုက်မှုတွေ
ဇန်နဝါရီ ၁၅ ရက်မှာပဲ မကွေးတိုင်းထဲမှာလည်း စစ်တပ်လက်အောက်ခံ ပြည်သူ့စစ် ဒေသအခေါ် ပျူစောထီးတပ်ဖွဲ့ဝင်တွေ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရတဲ့ လူသေဆုံးခဲ့တဲ့ဖြစ်စဉ် ရှိခဲ့ပါတယ်။
ရေစကြိုမြို့နယ်၊ ဆင်ချောင်းရွာမှာ လှုပ်ရှားနေကြတဲ့ ပျူစောထီးတပ်ဖွဲ့ဝင်တွေ ခြင်းခတ်နေချိန် ရေစကြိုပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ စစ်တပ်ထောက်ခံတဲ့ တယ်လီဂရန်ချန်နယ်တွေမှာ ဖော်ပြထားပါတယ်။
ဗုံးကြဲမှုကြောင့် ဆင်ချောင်းရွာရဲ့ ပြည်သူ့စစ်ခေါင်းဆောင် ၁ ဦးအပါ ၈ ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။
ဉာဏ်လင်းသစ်သုတေသနအဖွဲ့ကတော့ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်ခံရတဲ့ဒေသတွေထဲ မကွေးတိုင်းက အများဆုံးဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၉ ရက်ကနေ ၁၅ ရက်အထိ တစ်ပတ်အတွင်း လေကြောင်းတိုက်ခိုက်တဲ့အကြိမ်ရေ ၆ ကြိမ်ရှိခဲ့တဲ့ အဲဒီတိုက်ခိုက်မှုကြောင့် ၅ ဦးသေဆုံးပြီး ၂၀ ဦးဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တစ်ဖက်မှာလည်း စစ်တပ်ရဲ့ လေကြောင်းပျံသန်းမှုတွေကို စောင့်ကြည့်နေတဲ့ မြေပြင်ကင်းထောက်အဖွဲ့တွေက စစ်တပ်လေယာဉ်အမျိုးအစားတွေနဲ့ ဖြတ်သန်းပျံသွားတဲ့နေရာတွေကို အချိန်နဲ့တပြေးညီ တယ်လီဂရန်လူမှုကွန်ရက်ကတဆင့် ထုတ်ပြန်သတိပေးနေပါတယ်။
ဇန်နဝါရီ ၁၅ ရက်ကဖြစ်ခဲ့တဲ့ ဘောလုံးပွဲလုပ်နေတဲ့နေရာ ဗုံးကြဲမှုမတိုင်ခင်မှာလည်း နွားထိုးကြီးနယ်ထဲမှာ တိုက်လေယာဉ်ပျံသန်းနေတဲ့အကြောင်း မန္တလေးအခြေစိုက် လေကြောင်းကင်းထောက်အဖွဲ့တချို့က သတိပေးချက်တွေ ထုတ်ပြန်ခဲ့တာကို ဘီဘီစီက တွေ့ရှိရပါတယ်။
ဇန်နဝါရီ ၁၇ ရက်မှာလည်း စစ်တပ်ရဲ့ မိတ္ထီလာလေတပ်ကနေ တက်လာတဲ့ စက်တပ်လေထီးနဲ့ နွားထိုးကြီးမြို့နယ်ထဲကို ၂ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းရင်းမြစ်တစ်ဦးက အတည်ပြုသလို မန္တလေးတိုင်းအခြေစိုက် မြေပြင်ကင်းထောက်အဖွဲ့တစ်ခုကလည်း ထုတ်ပြန်ထားပါတယ်။
မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီ(MIGC)ရဲ့ အတွင်းရေးမှူး ကိုဋ္ဌေးကတော့ စစ်တပ်က စစ်ရေးပစ်မှတ်၊ အရပ်သားပစ်မှတ် ခွဲခြားတာမျိုးမရှိတာကြောင့် လူစုလူဝေးလုပ်တာကို ရှောင်ကြဖို့လိုပြီလို့ တိုက်တွန်းပါတယ်။
"အရပ်သားဖြစ်ဖြစ် တပ်ဖွဲ့ဝင်ဖြစ်ဖြစ် လေကြောင်းအန္တရာယ်အတွက် အသက်အန္တရာယ်ကို စိုးရိမ်မှုထားပြီး သတိထားပြင်ဆင်ဖို့လိုတယ်" လို့ သူကပြောပါတယ်။