တစ်လအတွင်း အကျဉ်းသားရာချီ ထောင်ပြောင်းရွှေ့ခံရတာဘာကြောင့်လဲ

၂၀၂၄ ခုနှစ် ဇွန် တစ်လအတွင်းမှာပဲ နိုင်ငံရေးအကျဉ်းသား ၁၀၀ ကျော် အပါအဝင် အကျဉ်းသား ၂၃၀ ကျော်ထောင်ပြောင်းရွှေ့ခံရတယ်လို့ နိုင်ငံရေးအကျဥ်းသားအရေးလှုပ်ရှားသူတွေနဲ့ ထောင်တွင်းအခြေအနေကို သိရှိသူတချို့က ပြောပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)ရဲ့ မြေပြင်သတင်းအချက်အလက်စုဆောင်းမှုတွေအရ ထောင် ၃ ခုထက်မနည်းက အကျဥ်းသား ၅၀၀ နီးပါး ပြောင်းရွှေ့ခံရတယ်လို့ ဆိုပါတယ်။

မွန်ပြည်နယ်၊ ကျိုက်မရော အကျဉ်းထောင်ကနေ ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်ကို အကျဉ်းသားအယောက် ၁၆၀ ရွှေ့ပြောင်းခဲ့ပါတယ်။ အဲဒီထဲက အမျိုးသမီးအကျဥ်းသူ ၆၀ နိုင်ငံရေးအကျဥ်းသူက ၄၀ခန့်ရှိတယ်လို့ ထောင်တွင်းအခြေအနေသိရှိသူတွေကပြောပြပါတယ်။

မန္တလေးတိုင်း၊ အိုးဘိုထောင်ကနေလည်း နိုင်ငံရေးအကျဉ်းသား ၇၀ ကျော်ကို မကွေးနဲ့ မြင်းခြံထောင်တွေကို ပြောင်းခဲ့ပါတယ်။

ဒါအပြင် ရန်ကုန်တိုင်း၊ အင်းစိန်ထောင်က နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော်ကို ဇွန်လ ၂၃ ရက် က ဒိုက်ဦး နဲ့ သာယာဝတီထောင်တွေဆီ ကို ပြောင်းရွှေ့လိုက်တယ်လို့ PPNM က ထပ်ပြောထားပါတယ်။

ဘာကြောင့်အကျဥ်းထောင်တွေထဲက နိုင်ငံရေးအကျဥ်းသားတွေကို ထောင်ရွှေ့ပြောင်းနေတာလဲဆိုတဲ့ မေးခွန်းကိုအကျဥ်းသားမိသားစုတွေက မေးခွန်းထုတ်နေကြပါတယ်။

ထောင်ပြောင်းရွှေ့ခံရတဲ့ နောက်ခံအကြောင်းအရင်းတွေ

နိုင်ငံရေးအကျဉ်းသားအရေးလုပ်ဆောင်သူအချို့ကတော့ အကျဉ်းထောင်တာဝန်ရှိသူတွေနဲ့အကျဥ်းသားတွေကြားမှာပြဿနာရှိတာ၊ ထောင်ဆူပူတာနဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေလုပ်တဲ့အခြေအနေတွေမှာ အကျဥ်းသားတွေကို ထောင်ပြောင်းလေ့ရှိတယ်လို့ ပြောကြပါတယ်။

“ဒီနှစ် မေဒေး( အလုပ်သမားနေ့ ) က စပြီး ထောင်တွင်းသပိတ်လုပ်တာတွေရှိတယ်။ ဇွန် ၁၉ ရက် နိုင်ငံရေးအကျဉ်းသူတစ်ယောက်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ကို အပြင်ကလူတွေ ဂုဏ်ပြုကြသလို အကျဉ်းထောင်ပေါင်း ၃၀ ကျော်မှာလည်း ပန်းသပိတ်တွေ လုပ်ကြတယ်”လို့ PPNM က တာဝန်ရှိသူကိုသိုက်ထွန်းဦးက ပြောပါတယ်။

ဒီလိုထောင်တွင်းနိုင်ငံရေးလှုပ်ရှားမှုတွေနဲ့ အခွင့်အရေးတောင်းဆိုမှုတွေကို မလိုလားတဲ့ ထောင်အာဏာပိုင်တွေက ထောင်ပြောင်းရွှေ့တာတွေကို ဆက်တိုက်လုပ်လာတာလို့ သုံးသပ်နေကြပါတယ်။

အိုးဘိုအကျဉ်းထောင် နဲ့ကျိုက်မရော အကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသားတွေကတော့ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့မတိုင်ခင်မှာ ပြောင်းရွှေ့ခံရတာပါ။

အိုးဘိုအကျဉ်းထောင်ကတော့ အကျဥ်းသားဦးရေနဲ့ အကျဥ်းထောင်အကျယ်အဝန်းကိုက်ညီမှုမရှိတဲ့နောက်မှာ နေစရာအကျပ်အတည်းကြောင့် အကျဥ်းသူချင်းစကားများခဲ့တာကစခဲ့တယ်လို့ဆိုပါတယ်။

အကျဥ်းသူချင်းစကားများတာကိုအကြောင်းပြုပြီး ထောင်ပြောင်းရွှေ့တဲ့ အခြေအနေဖြစ်လာတယ်လို့ အိုးဘိုအခြေအနေကို သိထားတဲ့ နိုင်ငံရေးအကျဥ်းသားအရေးလှုပ်ရှားသူတချို့က ပြောပါတယ်။

'' လူအယောက် ၅၀ ပဲ ဆံ့တဲ့ အဆောင်မှာ အယောက် ၁၅၀ လောက်အထိ စုပြုံထားတော့ ကျောတခင်းစာနေရာအတွက် ကျပ်ကျပ်တည်းတည်း အိပ်ကြရတယ်။ နိုင်ငံရေးအကျဉ်းသူနဲ့ တခြားအကျဉ်းသူတို့ စကားများကြတာကို နိုင်ငံရေးအကျဉ်းသူကို ထောင်အာဏာပိုင်တွေက တိုက်ပိတ်ခဲ့တယ်'' လို့ အိုးဘိုအခြေအနေကိုသိတဲ့ နိုင်ငံရေးအကျဥ်းသားအရေးလှုပ်ရှားသူတစ်ဦးက ပြောပါတယ်။

အိုးဘိုထောင်တွင်းဖြစ်စဥ်ကြောင့် အကျဉ်းထောင်ဝန်ထမ်းတချို့လည်းအရေးယူခံရသလို နိုင်ငံရေးအကျဉ်းသား ၇၀ ကျော်နဲ့ တခြားအမှုနဲ့ အကျဥ်းသားသုံးယောက်ကို ဇွန် ၁၅ ရက်မှာ မကွေးနဲ့မြင်းခြံအကျဉ်းထောင်တွေကို ရွှေ့ပြောင်းလိုက်တာလို့ PPNM က ထုတ်ပြန်ထားပါတယ်။

မွန်ပြည်နယ်၊ ကျိုက်မရောအကျဥ်းထောင်မှာတော့ ဇွန် ၁၂ ရက် က အမြင့်ပေ ၂၀ ကျော်ရှိတဲ့ အုတ်ရိုးပေါ်မှာ အကာအကွယ်မရှိဘဲ သွပ်ပြားကာခိုင်းတာကြောင့် အကျဥ်းသားတစ်ဦး ဓာတ်လိုက်ပြီးပြုတ်ကျခဲ့ပါတယ်။

အဲဒီလို အကျဥ်းသားတစ်ဦး ပြုတ်ကျတဲ့အပေါ်မှာ အချိန်နဲ့ တပြေးညီ ဆေးဝါးစောင့်ရှောက်မှုပေးဖို့ အကျဥ်းသူတွေက ဝိုင်းဝန်းတောင်းဆိုပေးခဲ့တာကနေ ထောင်အာဏာပိုင်က ထောင်ရွှေ့ခိုင်းခဲ့တာလို့ ယူဆနေကြပါတယ်။

အမြင့်ပေါ်တက်ရမယ့် အကျဉ်းသားကို အန္တရာယ်ကင်းအောင် အသုံးအဆောင်တွေ မပေးခဲ့ဘဲ သွပ်ကာခိုင်းပြီး ပြုတ်ကျတဲ့အခါ အချိန်မီ ဆေးရုံပို့တာတွေ မရှိတာကြောင့် တောင်းဆိုကြတာလို့ဆိုပါတယ်။

“ဒီအကျဉ်းသား သေဆုံးသွားရင် ထောင်အာဏာပိုင်က တာဝန်ယူရမယ်လို့ အကျဉ်းသူတွေက ဝိုင်းပြောဆိုတော့မှ တစ်နာရီခွဲအကြာမှာ ဆေးရုံပို့ပေးခဲ့တယ်”လို့ PPNMကိုသိုက်ထွန်းဦးသူသိထားတဲ့ အချက်အလက်ကိုပြောပြပါတယ်။

အဲဒီဖြစ်စဥ် ဖြစ်ပြီးတဲ့နောက် ဇွန် ၁၅ ရက် မှာတော့ တောင်းဆိုမှုတွေလုပ်ခဲ့တဲ့ နိုင်ငံရေးအကျဉ်းသား ၊ အကျဉ်းသူ ၁၀၀ အပါအဝင် အယောက် ၁၆၀ ကို သာယာဝတီထောင်နဲ့ ဒိုက်ဦးထောင်ကို ရွှေ့ခဲ့တာလို့ PPNM က သူတို့သိထားတဲ့အချက်အလက်ကို ပြောပါတယ်။

၈၈မျိုးဆက်ကျောင်းသူ မနီလာသိန်း ရဲ့လူမှုကွန်ရက်မှာဖော်ပြချက်အရ ပြောင်းရွှေ့ခံရသူတွေထဲမှာ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက မနုနုအောင်နဲ့ မခက်ခက်လွင်တို့ ပါဝင်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ ပြန်ကြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်မှာတော့ ကျိုက်မရောထောင် အမျိုးသမီးဆောင်နဲ့ ဆေးရုံဆောင်ကြားက ခြားရိုးကို အမိုးသွပ်နဲ့ ကာရံခိုင်းတာတွေ မရှိခဲ့ဘဲ ခြားရိုးကာရံတဲ့လုပ်ငန်းတွေ သိမ်းဆည်းတဲ့အချိန်ငြမ်းဖြုတ်ဖို့ သံကိုင်းကို အပေါ်မြှောက်ချိန်မှာ လျှပ်စစ်ကြိုးနဲ့ ထိမိပြီး အမြင့်ကနေ ပြုတ်ကျတာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဒါအပြင် အမြင့်ကနေ ပြုတ်ကျလာတဲ့ အကျဉ်းသားကို ချက်ချင်းဆေးကုသပေးပြီး ဆေးရုံကိုပို့ခဲ့တယ်လို့ ဆိုပါတယ်။

ဇွန် ၂၃ ရက်ကတော့ ရန်ကုန်၊ အင်းစိန်ထောင်ကနေ ဒိုက်ဦးထောင်နဲ့ သာယာဝတီထောင်တွေဆီကို နိုင်ငံရေးအကျဉ်းသားနှစ်ရာကျော်ကို ပြောင်းရွှေ့ခဲ့တယ်လို့ဆိုပါတယ်။

ဇွန်လ ၁၉ ရက်က အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အထိမ်းအမှတ်ထောင်တွင်း သပိတ် လှုပ်ရှားမှုမှာပါဝင်ခဲ့သူ တချို့ ထောင်ပြောင်းရွှေ့ခံရတာလို့ PPNM က မြေပြင်အချက်အလက်ကို ကိုးကားပြောဆိုပါတယ်။

နိုင်ငံရေးအကျဥ်းသားတွေကို ဘာကြောင့်ထောင်ပြောင်းရွှေ့တယ်ဆိုတာမျိုး စစ်ကောင်စီနဲ့ အကျဥ်း ဦးစီးဌာနဘက်ကနေ ရှင်းရှင်းလင်းလင်းမသိရပေမဲ့ အကျဥ်းထောင် လက်စွဲအရဆိုရင် အကျဥ်းထောင်တွေထဲ ထိန်းသိမ်းထားသူများလာတဲ့အခါ၊ အကျဥ်းသားကို အခြေခံပြီး ဆူပူမှုဖြစ်လာနိုင်တဲ့အခါ ထောင်ပြောင်းလေ့ရှိတယ်လို့ ဥပဒေအကြံပေးတစ်ဦးက ပြောပါတယ်။

ထောင်ပြောင်းရွှေ့ခံထားရသူတွေရဲ့ လက်ရှိအခြေအနေ

ထောင်ပြောင်းရတဲ့ အများစုသောနိုင်ငံရေး အကျဥ်းသားတွေဟာ မိသားစုနဲ့ အဆက်အသွယ်ပြတ်ကြရတကိုကြုံရသလို တချို့ပြစ်ချက်ရှိတာမျိုးဆိုရင်လည်း ပြောင်းရွှေ့ရတဲ့ထောင်မှာပါတိုက်ပိတ်နေရတာ၊ ခြေကျင်းနဲ့နေရတာတွေဆက်ရှိတယ်လို့ဆိုပါတယ်။

“ထောင်သစ်ကိုရောက်တဲ့နေ့မှာ အပိုးကျိုးအောင်လို့ဆိုပြီး အပြစ်မရှိအပြစ်ရှာ ရိုက်နှက်ပြီး တိုက်ပိတ် ထားလေ့ရှိပါတယ်။ တိုက်ထဲမှာ၂ လ/၃လခန့်နေရပြီး မိသားစုနဲ့တွေ့ခွင့်ကိုမပေးဘဲ အကျဉ်းသား ပူဆွေးသောကရောက်အောင် ထားတတ်ပါတယ်”လို့ ရန်ကုန်မြို့က နိုင်ငံရေးအကျဉ်းသားက ပြောပါတယ်။

ဒါအပြင် အကျဥ်းသားတွေရဲ့ မိသားစုဝင်တွေကလည်း ထောင်ပြောင်းရွှေ့တယ်ဆိုတာကို ထောင်ဝင်စာပို့တဲ့ ရက်တွေမှသာ သိကြရပြီး ဘယ်ထောင်ကို ပြောင်းတယ်ဆိုတာကို မသိကြတဲ့ ဖြစ်ကြတယ်လို့ နိုင်ငံရေးအကျဥ်းသားအရေးလှုပ်ရှားသူ တစ်ဦးက ပြောပါတယ်။

“မိသားစုကစုံစမ်းပြီး ပြောင်းတဲ့ထောင် အထိလိုက်လာပေမဲ့ ထောင်အာဏာပိုင်တွေက မရှိဘူးလို့ပြောတတ်တာလည်းကြုံကြရတယ်။ ဒါပေမဲ့ ပါဆယ်ကို လက်ခံထားတယ်ဆိုရင်လူချင်းမတွေ့ရပေမယ့် ဒီထောင်မှာရှိတယ်၊ သေချာတယ်လို့ မှတ်ယူကြရတာပဲ ” လို့ ရန်ကုန်မြို့က နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ယောက်က သူ့အတွေ့အကြုံကို ဘီဘီစီကို ပြောပါတယ်။

ဇွန်လအတွင်း ထောင်ပြောင်ရွှေ့ရတဲ့နိုင်ငံရေးအကျဥ်းသားတွေ အပါအဝင် တခြား အကျဥ်းသားတွေရဲ့ အခြေအနေနဲ့ ထောင်ဝင်စာတွေ့ခွင့်ရရေး ကတော့ ခက်ခဲနေဦးမယ်လို့ PPNM က သုံးသပ်ထားပါတယ်။

“ထောင်ပြောင်းတဲ့ ရက်တွေက သောကြာ၊ စနေ ၊ တနင်္ဂနွေလို ထောင်ဝင်စာမရှိတဲ့ရက်တွေကိုရွေးပြီး ပြောင်းကြတယ်။ ဒါမှ ထောင်ပြောင်းခံရတယ်ဆိုတာကို မိသားစုဝင်တွေ တော်တော်နဲ့ မသိကြမှာ။ ပြောင်းတဲ့အချိန်တွေကလည်း ညပိုင်းတွေချည်းပဲ”လို့ PPNM က ကိုသိုက်ထွန်းဦးက ပြောပါတယ်။

ထောင်ပြောင်းခံထားရတဲ့ ဒိုက်ဦးအကျဉ်းထောင်က နိုင်ငံရေး အကျဉ်းသူတွေကို တိုက်တစ်ခုမှာထားပြီး ပါလာသမျှပစ္စည်းတွေကို ထောင်ဝန်ထမ်းတွေက ရှာဖွေပြီး အသုံးအဆောင်နဲ့ စားစရာပစ္စည်းတွေကို သိမ်းယူတာမျိုးလည်ကြုံကြရတယ်လို့ ပြောကြတာလည်းရှိပါတယ်။

'' ပစ္စည်းတွေကို ပြန်ပေးဖို့ တောင်းဆိုတော့ အမျိုးသားအရာရှိ ဝန်ထမ်းက ဆဲဆိုပြီး သေနတ်ပစ်ဖောက်တာ၊ လေးခွတွေနဲ့ ပစ်ခတ်တာ၊ ရာဘာတုတ်တွေ- သစ်သားတုတ်တွေ-ကျစ်ကြိုးတွေနဲ့ ရိုက်နှက်တာကြောင့် ပြောင်းတဲ့ အကျဉ်းသူ ၃၀ ကျော်နဲ့ အရင်ကတည်းက ဒိုက်ဦးအကျဉ်းထောင်မှာရှိနေတဲ့ နိုင်ငံရေးအကျဉ်းသူ ၅၀ ကျော်ထိခိုက်ဒဏ်ရာရခဲ့တယ်'' လို့ PPNM က ထုတ်ပြန်ထားပါတယ်။

နိုင်ငံရေး အကျဉ်းသူ ၅ ယောက်ကတော့ ဦးခေါင်းပေါက်ပြဲဒဏ်ရာတွေ ရခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒိုက်ဦးအကျဉ်းထောင်ဟာ နိုင်ငံ‌ရေး အကျဉ်းသားတွေ အပေါ် နှိပ်ကွပ်တာရှိပြီး ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်မှာလည်း နိုင်ငံရေး အကျဉ်းသား ၃၇ ယောက် သေဆုံးခဲ့တဲ့အထိ ဖြစ်ခဲ့တယ်လို့လည်း PPNM က ဆိုပါတယ်။

ဒိုက်ဦးအကျဉ်းထောင် က ပဲခူးရိုးမနားကပ်နေပြီး လူနေရပ်ကွက်တွေနဲ့ ဝေးတာကြောင့် အကျဉ်းထောင်ထဲမှာ ဖြစ်ပျက်နေတာတွေကို လူသိနည်းတယ်လို့ဆိုပါတယ်။

“ အခုပြောင်းတဲ့သူတွေကို ထောင်ဝင်စာလည်း ပို့ခွင့်မရကြသေးဘူး။ နဂိုကတည်းက ဒိုက်ဦးထောင်က ပုံမှန်ထောင်ဝင်စာသတ်မှတ်ချက်တောင် ပိုပြီးတင်းကျပ်တာ။ အခုလို နိုင်ငံရေးအကျဥ်းသူတွေများတယ်ဆိုရင် ပိုပြီးတောင်တင်းကျပ်နိုင်တယ် ”လို့ ဒိုက်ဦးထောင်အခြေအနေသိနိုင်ငံရေးအကျဥ်းသားလှုပ်ရှားသူတစ်ဦးကပြောပါတယ်။

ဇွန်လအပြင် လာမယ့် ဇူလိုင်နဲ့သြဂုတ်လတွေဟာ နိုင်ငံရေးလှုပ်ရှားမှုများတဲ့လတွေဖြစ်လို့ ထောင်တွင်းလှုပ်ရှားမှု ဦးဆောင်သူတွေကို ခွဲထုတ်တဲ့အနေနဲ့ စစ်ဆင်ရေးသဘောဆောင်ပြီး လုပ်ကိုင်နေတာလို့လည်း နိုင်ငံရေးအကျဉ်းသားကူညီရေးအဖွဲ့တွေက သုံးသပ်နေပါတယ်။

“မိသားစုတွေနဲ့ ပိုဝေးသွားတော့ ထောင်ဝင်စာကို အရင်က တစ်လတစ်ခါတွေ့တာကနေ သုံးလတစ်ခါမှ တွေ့နိုင်တော့တယ်။ တစ်လက ထောင်ဝင်စာဖို့စုဆောင်း၊ နောက်နှစ်လက သွားရမယ့် လမ်းစရိတ်အတွက် ငွေရှာပေါ့။ အရင်ထောင်မှာကျန်နေတဲ့ နိုင်ကျဉ်းတွေကလည်း ထောင်ပြောင်းခံရမှာကြောက်လို့ လှုပ်ရှားမှုတွေကို မလုပ်အောင် လုပ်ပြတဲ့သဘောပဲ”လို့ ကိုသိုက်ထွန်းဦးက ပြောပါတယ်။

ဒါ့အပြင် အကျဉ်းထောင်ထဲမှာ ဆေးဝါးလုံလုံလောက်လောက် မရှိတာ၊ ဆေးဝါးကုသခွင့် မရတာတွေကြောင့် ၂၀၂၃ ခုနှစ် ဇန်ဝါရီ ၁ ရက်ကနေ ၂၀၂၄ ခုနှစ် မေ ၁ ရက်အထိ နိုင်ငံရေးအကျဉ်းသား သေဆုံးသူ ၂၄ ယောက် ရှိတယ်လို့လည်း PPNM က ထုတ်ပြန်ပါတယ်။

နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ကတော့ ကုလမသဂ္ဂအပါအဝင် နိုင်ငံတကာအစိုးရတွေ၊ နိုင်ငံတကာကြက်ခြေနီအဖွဲ့နဲ့ အိမ်နီးချင်း အာဆီယံအဖွဲ့ဝင် နိုင်ငံတွေ အနေနဲ့ မြန်မာအကျဥ်းထောင်တွေထဲက လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊သတင်းအမှောင်ချထားခံရတာ၊ နောက် တရားလက်လွတ် လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အမြန်ဆုံးနဲ့ အထိရောက်ဆုံး ကာကွယ် အရေးယူပေးဖို့ တိုက်တွန်းထားပါတယ်။