သေဒဏ်နှစ်ထပ်ကွမ်း အမိန့်ချခံရတဲ့ ဖျာပုံမြို့က လူငယ် ၇ ဦး

ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်မှာ စစ်ကောင်စီသတင်းပေးဆိုသူ အမျိုးသမီး ၂ ဦး ကို သေနတ်နဲ့ ပစ်သတ်ခဲ့တာကြောင့် ဆိုပြီး Black Dragon Force Pyapon-BDFP အဖွဲ့ဝင် လူငယ် ၇ ဦးကို လူသတ်မှု နှစ်မှုအတွက် သေဒဏ် အသီးသီး ချမှတ်လိုက်ပါတယ်။

လူသတ်မှု ပုဒ်မ ၃၀၂(၁) (ခ) ရဲ့ အမြင့်ဆုံးပြစ်ဒဏ်ဖြစ်တဲ့ သေဒဏ် ချမှတ်လိုက်တာဖြစ်ပြီး ဖျာပုံထောင် အထူးတရားရုံးက ခရိုင်တရားသူကြီးကနေ အောက်တိုဘာလ ၂၀ ရက်မှာ အခုလိုအမိန့်ချလိုက်ပြီးနောက် ပုသိမ်ထောင်ကို ပြောင်းရွှေ့လိုက်ပြီလို့ နီးစပ်သူတွေက ပြောကြပါတယ်။

ဖျာပုံမြို့နယ်က ဧရာဗေဒအဖွဲ့ခေါင်းဆောင်လို့လည်း သိကြတဲ့ ကိုစံလင်းစံ အပါအဝင် ကိုအောင်မိုးမြင့်၊ ကိုကျော်ဆန်းဦး၊ ကိုထွန်းထွန်းဦး၊ ကိုသူရဖြိုး၊ ကိုကိုအောင် နဲ့ ကိုဝဏ္ဏထွန်း တို့ကို ဖမ်းဆီးပြီး တနှစ်အကြာ သေဒဏ် အမိန့်ချမှတ်လိုက်တာလည်း ဖြစ်ပါတယ်။

သူတို့ကို သေဒဏ် နှစ်ထပ်ကွမ်းအပြင် အကြမ်းဖက်ပုဒ်မတွေနဲ့လည်း ထောင်ဒဏ် အနှစ် ၄၀ အမိန့်ချမှတ် ထားပါသေးတယ်။

ဖျာပုံ PDF အဖွဲ့ ပစ်သတ်လိုက်တဲ့ အမျိုးသမီးတွေက ဘယ်သူတွေလဲ

ဖျာပုံမြို့နယ်၊ အမှတ် ၁၅ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးက ဝန်ထမ်း မနှင်းဝေခိုင် နဲ့ သူငယ်ချင်းဖြစ်သူ မနိုးနိုးဝေ တို့ နှစ်ဦးဟာ မနှစ် သြဂုတ်လ ၂၃ ရက် မွန်းလွဲပိုင်းမှာ ချောင်းတွင်းကျေးရွာအနီး KM စားသောက်ဆိုင်မှာ ထိုင်နေစဉ် သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့ပါတယ်။

အထွေထွေအုပ်ချုပ်ရေးမှူးရုံး ဝန်ထမ်းဖြစ်တဲ့ မနှင်းဝေခိုင်ဟာ စစ်ကောင်စီသတင်းပေးအဖြစ် ဆောင်ရွက်နေ တာကြောင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဘက်ကနေ သတိပေးချက်တွေ ထုတ်ပြန်ခဲ့ဖူးတယ်လို့ နီးစပ် သူတွေက ပြောပါတယ်။

“အဲဒီ အမျိုးသမီး လုပ်ကြံခံရပြီးတဲ့နောက်မှာလည်း သူတို့က မြို့ထဲမှာပဲ ဆက်နေကြတာ။ မြို့က ကျဥ်းတော့ လူတိုင်းရဲ့လှုပ်ရှားမှု မှန်သမျှကို လူတိုင်းက သိသလိုဖြစ်နေတာ” လို့ ဖျာပုံဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

ပြည်သူ့ ကာကွယ်ရေးအဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေကိုလည်း တဖက် စစ်ကောင်စီအသိုင်းအဝိုင်းက သိရှိထားကြ တယ်လို့ သူက ဆက်ပြောပြပါတယ်။

“အခု အဖမ်းခံရတဲ့ ကလေးတွေကို မြို့ထဲမှာ တခုခုဖြစ်ရင် မင်းတို့ကို ဖမ်းမယ်ဆိုတာမျိုး သူတို့ဘက်က သတိပေးတာတွေ ခံခဲ့ရဖူးသူတွေပဲ” လို့ ဖျာပုံဒေသခံက မြို့အခြေအနေကိုရှင်းပြပါတယ်။

ဖြစ်စဉ်အပြီး ခြောက်ရက်အကြာမှာပဲ Black Dragon Force Pyapon-BDFP အဖွဲ့ဝင် ကိုကောင်းစည်သူ၊ ကိုအောင်မိုးမြင့်၊ မသိမ့်တြာလှိုင်တို့ကို ဖျာပုံမြို့ပေါ်က နေအိမ်တွေမှာပဲ ဖမ်းဆီးခဲ့ပါတယ်။

သြဂုတ်လကုန်ပိုင်းနဲ့ စက်တင်ဘာလဆန်းမှာတင် BDFP အဖွဲ့ဝင်တွေဖြစ်တဲ့ ကိုကိုအောင် ၊ ကိုစံလင်းစံ ၊ ကိုကျော်သူရ၊ ကိုဟိန်းသူလွင် ၊ ကိုဇော်မင်းသူ၊ ကိုကျော်ဇောဦး၊ ကိုဝင်းမြတ်သိန်းဇော်၊ ကိုကျော်ဆန်းဦး ၊ ကိုသူရဖြိုး ၊ ကိုရဲဇော်ထက်၊ ကိုထွန်းထွန်းဦး တို့ကို ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းတို့က မြို့နယ်တွေမှာ စစ်ကောင်စီက ဆက်တိုက်ဖမ်းဆီးခဲ့တာပါ။

ဒါအပြင် မအူပင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တွေဖြစ်တဲ့ ကိုစိုးနောင်၊ ကိုမျိုးမင်းဦး ၊ ကိုဝေဖြိုးအောင်၊ ကိုသူရဦး နဲ့ ကိုငြိမ်းချမ်း စတဲ့ အမျိုးသား ငါးဦးလည်း ဖမ်းခံရပါသေးတယ်။

ရှစ်ရက်အတွင်းမှာတင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ နှစ်ဖွဲ့က အဖွဲ့ဝင် ၁၉ ဦး ကို စစ်ကောင်စီက ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။။

စက်တင်ဘာ ၄ ရက်ထုတ်သတင်းစာတွေမှာ ဓာတ်ပုံနဲ့ တကွ အကျယ်တဝင့်ထုတ်ပြန်ခဲ့ပြီး ဖျာပုံ၊ မအူပင် နဲ့ ဘိုကလေးမြို့နယ်က ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင် ၈ ဦးကို သတ်ဖြတ်ခဲ့တဲ့အပြင် ဖောက်ခွဲမှုတွေ လုပ်ခဲ့တယ်လို့ ဖော်ပြပါတယ်။

အဲဒီနေ့ သတင်းစာမှာဖော်ပြချက်အရ ဖမ်းဆီးကျန်ရှိတဲ့ ကိုဝဏ္ဏထွန်းလည်း ထပ်မံအဖမ်းခံခဲ့ရတာကြောင့် မနှင်းဝေခိုင်ဖြစ်စဉ်အပြီး PDF အယောက် ၂၀ အဖမ်းခံခဲ့ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။။

ဖမ်းဆီးခံရသူအများစုဟာ လူငယ်တွေဖြစ်ကြပြီး အများစုက အမျိုးသားတွေဖြစ်ကာ အမျိုးသမီး တစ်ဦး ပါဝင်ပါတယ်။ အဲဒီထဲ ဧရာဗေဒါအဖွဲ့ခေါင်းဆောင်လို့ သိရှိကြတဲ့ ကိုစံလင်းစံဟာ စစ်အာဏာမသိမ်းခင်က လူမှုကွန်ရက်စာမျက်နှာမှာ ကျော်ကြားခဲ့တဲ့ “မုန်းမေ့မရ” ဆိုတဲ့ သီချင်းကို ရေးသားသီဆိုတဲ့ အဆိုတော် တစ်ဦးလည်းဖြစ်ပါတယ်။

ဒါအပြင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် PDF တွေကို ထောက်ပံ့တယ်လို့ဆိုပြီး အရပ်သား အယောက် ၂၀ နီးပါးလည်း ဆက်တိုက်အဖမ်းခံခဲ့ရတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

ဧရာဝတီတိုင်းဟာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ PDF တွေ ဘက်ပြောင်းခိုလှုံလာကြောင့် စစ်ကောင်စီက မကြာခဏ ထုတ်ပြန်ကြေညာလေ့ရှိတဲ့ ဒေသတစ်ခုဖြစ်သလို စစ်အာဏာသိမ်းမှုဆန့်ကျင် ရေးလှုပ်ရှားသူ တွေကို ဆက်တိုက်ဖမ်းဆီးထိန်းသိမ်းခံရတဲ့ ဒေသလည်းဖြစ်တယ်လို့ မြို့ခံတွေက ထောက်ပြကြပါတယ်။

အမြင့်ဆုံး ပြစ်ဒဏ်ချမှတ်ခံရသူ ၇ ဦး

ဖမ်းဆီးခံရသူ နှစ်ဒါဇင် နီးပါးထဲက Black Dragon Force Pyapon-BDFP က အဖွဲ့ဝင် ၇ ဦး ဖြစ်တဲ့ ကိုစံလင်းစံ ၊ ကိုအောင်မိုးမြင့်၊ ကိုကျော်ဆန်းဦး၊ ကိုထွန်းထွန်းဦး၊ ကိုသူရဖြိုး၊ ကိုကိုအောင် နဲ့ ကိုဝဏ္ဏထွန်း တို့ကို လူသတ်မှု ပုဒ်မ ၃၀၂(၁) (ခ) အပြင် အကြမ်းဖက်ဥပဒေ ပုဒ်မ ၅၀ (က) (စျ) (ည) နဲ့ ၅၂ (က) စတဲ့ အကြမ်းဖက်မှု ကိုယ်တိုင်ကျူးလွန်မှုတွေနဲ့ တရားစွဲဆိုခဲ့ပါတယ်။

ဖျာပုံအကျဉ်းထောင်ရဲ့ အထူးတရားရုံးမှာ တစ်နှစ်နီးပါး တရားရင်ဆိုင်ခဲ့ကြပြီးနောက် အောက်တိုဘာလ ၂၀ ရက်နေ့မှာ လူသတ်မှု နှစ်မှု အတွက် သေဒဏ် နှစ်ကြိမ် ၊ ပုဒ်မ ၅၀ (က) (စျ) (ည) အတွက် ထောင်ဒဏ် ၃၅ နှစ် နဲ့ ပုဒ်မ ၅၂ (က) အတွက် ထောင်ဒဏ် ၂၅ နှစ် အမိန့်ချခံရပါတယ်။

အောက်တိုဘာ ၂၀ ရက် တရက်တည်းမှာတင် Black Dragon Force Pyapon-BDFP အဖွဲ့ဝင် နောက်ထပ် ၄ ဦးကို အကြမ်းဖက်ပုဒ်မတွေနဲ့ ထောင်ဒဏ်အနှစ် ၄၀ ချမှတ်ခဲ့ပါတယ်။

ဒါပေမဲ့ ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်ဟာ စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မြို့နယ် မဟုတ်တာကြောင့် ရှေ့နေငှားရမ်းခွင့်ရှိပြီး အမှုတွေအတွက် အယူခံတွေတက်လို့ရနိုင်တယ်လို့ ရှေ့နေအသိုင်းအဝိုင်းက ထောက်ပြပါတယ်။

ဖျာပုံ ပြည်သူ့ကာကွယ်ရေးအသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေကတော့ အခုဖမ်းဆီးခံရသူတွေဟာ မိသားစုနဲ့ တွေ့ခွင့်မရသေးဘူးလို့ ပြောထားပြီး အကျဉ်းသားအခွင့်အရေးအပြည့်အဝရ ၊ မရ မသိရှိထားဘူးလို့ ဘီဘီစီကို ပြောပါတယ်။

“အခုလို လူတစ်ဦးကို သေဒဏ် နှစ်ခါ၊ သုံးခါ၊ လေးခါတွေပေးတာက စစ်အာဏာသိမ်းပြီးနောက် ဆက်တိုက်ကို တွေ့လာရတယ်။ ထောင်ဒဏ်ဆိုလည်း နှစ်ရှည်တွေချည်းပဲ ချမှတ်နေတာ” လို့ နိုင်ငံရေး အကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

AAPP ရဲ့ စာရင်းတွေအရလည်း စက်တင်ဘာလထဲ မှာတင် ဘိုကလေးနဲ့ မအူပင်မြို့နယ်တွေက အမျိုးသား ၇ ဦးကို သေဒဏ်အမိန့်ချမှတ်ထားပါတယ်။

“အခုနှစ်ထဲ သေဒဏ်အပေးခံရတာက ဆက်တိုက်ကိုများလာတာပါ။ စပြီးအဖမ်းခံရတာနဲ့ အကြမ်းဖက် ပုဒ်မတွေကို မရရအောင် တွဲကပ်ပြီး ကြီးလေးတဲ့ထောင်ဒဏ်တွေအမိန့်ချနေတာပါ” လို့ AAPP တာဝန်ရှိသူ က ရရှိထားတဲ့အချက်အလက်တွေကို ကိုးကားပြီး ပြောပါတယ်။

စစ်ကောင်စီ အင်အားကောင်းတဲ့ တိုင်းဒေသကြီးအဖြစ် သတ်မှတ်ကြတဲ့ ဧရာဝတီတိုင်းမှာ စက်တင်ဘာ နဲ့ အောက်တိုဘာ နှစ်လအတွင်းမှာတင် ဧရာဝတီတိုင်းမှာတင် သေဒဏ်အမိန့်ချမှတ် ခံရသူ ၁၄ ဦးအထိ ရှိနေပြီလည်း ဖြစ်ပါတယ်။