ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မြင်းခြံထောင်မှာ နိုင်ငံရေးအကျဥ်းသား တစ်ဦး သေဆုံး၊ ၅ ဦး ထက်မနည်း ထောင်ပြောင်းရွှေ့ခံရ
မြင်းခြံထောင်ထဲမှာ အကြမ်းဖက်ပုဒ်မနဲ့ ထောင်ဒဏ်ကျခံနေရတဲ့ နိုင်ငံရေးအကျဥ်းသား ကိုစိန်ဝင်း အစာအိမ်သွေးကြောပေါက်ပြီး သေဆုံးကြောင်းတဲ့အကြောင်း ဇူလိုင်လ ၂ ရက်မှာ ထောင်က မိသားစုကို အကြောင်းကြားခဲ့တယ်လို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
'' ရုပ်အလောင်း ကို သေသေချာချာမကြည့်ရဘူးပြောတယ်။ အလောင်းကို ထောင်ဘက်က အစီအစဥ်နဲ့ပဲ သင်္ဂြိုဟ်လိုက်တယ်။ မြေချတဲ့အချိန် မိသားစု ရှိခွင့်ရတယ် ။ ဆေးစစ်ချက်မှာ လည်း အစာအိမ်သွေးကြောပေါက်တယ်ပဲရေးထားတာ၊ ဒါပေမဲ့ အဲဒါကတော့မယုံရဘူး'' လို့ နိုင်ငံရေးအကျဥ်းသားမိသားစုတွေကို အကူညီပေးရေးလုပ်နေသူတစ်ဦး ကပြောပါတယ်။
မြင်းခြံမြို့နယ် မကျီးစုရွာသား ကိုစိန်ဝင်းဟာ ပြီးခဲ့တဲ့ ၁ နှစ်ခွဲကျော်က ရာဇသတ်ကြီးပုဒ်မ ၅၀၅ - က၊ အကြမ်းဖက်ပုဒ်မတို့နဲ့တရားစွဲခံရပြီး စုစုပေါင်း ထောင်ဒဏ် ၉ နှစ် ချမှတ်ခံထားရတာပါ။
လက်ရှိမှာ ထောင်ဒဏ် ၁ နှစ်ခွဲ ကျခံပြီးတဲ့ အချိန်မှာ ထောင်ဘက်က သေဆုံးတယ်လို့ အကြောင်းကြားတာလို့ မိသားစု နဲ့ နီးစပ်သူ ဆိုပါတယ်။
'' ကျွန်တော်တို့နဲ့ ထောင်ထဲမှာဆုံခဲ့တဲ့ အချိန်မှာ ကိုစိန်ဝင်းက သန်သန်မာမာပါ။ လွန်ခဲ့တဲ့ ၂ လခွဲ ကနောက်ဆုံးတွေ့ခဲ့ရတာပါ။ အခုလို ရုတ်တရက်သေတယ်လို့ အကြောင်းကြားတော့ မယုံနိုင်ဘူး။ မိသားစုကလည်း တော်တော်ကြောက်နေတော့ ဘာမှမလုပ်နိုင်ဘူး။ တကယ်လို့အစာအိမ်သွေးကြောပေါက်တယ်ဆိုတာဖြစ်ခဲ့ရင်လည်း ထောင်က စစ်ကြောရေးမှာ ထိတာပဲ၊ အစာမှလုံးဝမရတာ'' လို့ ထောင်တွင်း အခြေအနေကိုသိရှိသူက ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုး ရဲ့ ပြည်ထဲရေးဝန်ကြီးဌာနက ဇူလိုင် ၄ ရက်မှာထုတ်ပြန်တဲ့ အုပ်ချုပ်ရေးသတင်းစဉ်မှာတော့ ကိုစိန်ဝင်းမှာ ညင်းပန်းနှိပ်စက်ခံရတဲ့ ဒဏ်ရာတွေနဲ့သေဆုံးကြောင်း မိသားစုနဲ့ နီးစပ်သူဆီကသတင်းရထားတဲ့အကြောင်း ဖော်ပြ ထုတ်ပြန်ထားပါတယ်။
ကိုစိန်ဝင်းသေဆုံးမှုနဲ့ ပတ်သက်ပြီး သိရဖို့ နေပြည်တော် အကျဥ်းဦးစီးဌာန ၊ ညွှန်ကြားရေးမှူး ကိုဆက်သွယ်ပေမဲ့ ဖုန်းမကိုင်လို့ မေးမြန်းလို့မရခဲ့ပါဘူး။
ပြီးခဲ့တဲ့ မေလတုန်းက ဆူပူမှုတွေဖြစ်ခဲ့တဲ့ မြင်းခြံထောင်မှာ ဇွန်လ နောက်ဆုံးသီတင်းပတ်နဲ့ ဇူလိုင် လ ပထမသီတင်းပတ်အတွင်း နိုင်ငံရေးအကျဥ်းသားတွေကို မကွေးထောင် နဲ့ သရက်ထောင်ကို ထောင်ပြောင်းရွှေ့တာတွေလုပ်ခဲ့တယ်လို့ ထောင်တွင်း အခြေအနေသိရှိသူကပြောပါတယ်။
ထောင်ပြောင်းရွှေ့ခံရသူတွေဟာ အကြမ်းဖက်ပုဒ်မ၊ ဖောက်ခွဲမှု နဲ့ ဒလန်ရှင်းလင်းရေးဆိုတဲ့ လူသတ်မှုတွေနဲ့ စွပ်စွဲခံရပြီး ထောင်ဒဏ် နှစ် ၃၀ ကျော်ကနေ ၁၀ နှစ် အတွင်း နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားသူတွေဖြစ်တယ်လို့ မြင်းခြံထောင်တွင်း အခြေအနေသိသူကရှင်းပြပါတယ်။
ထောင်ပြောင်းရွှေ့ခံရသူတွေထဲ ပြီးခဲ့တဲ့ မေလ နောက်ဆုံးပတ်က မြင်းခြံထောင်ထဲကနေ ပြင်ပကိုခေါ်ထုတ်ပြီး စစ်ဆေးမေးမြန်းခံရတဲ့အထဲ ဓားနဲ့မွှန်းပြီး စစ်ဆေးခံရတဲ့အထိကြုံခဲ့ရတဲ့ နိုင်ငံရေးအကျဥ်းသားကိုစိုးရာဇာထွန်းလွင် လည်းပါဝင်တယ်လို့ ထောင်တွင်း အခြေအနေကိုသိရှိသူက အတည်ပြုပါတယ်။
'' ကိုရဲမြင့်အောင်၊ ကိုသက်မောင်မောင်၊ ကိုဇော်လှိုင်း နဲ့ ကိုကျော်မင်း ပါတယ်။ သူတို့က မြင်းခြံ ထောင်ထဲမှာ ၂ နှစ်ကျော် နဲ့ ၁ နှစ်ခွဲလောက်ရှိနေပြီ။ အခု သူတို့ ၅ ယောက်အပါအဝင် တခြားသူတွေလည်းပါတယ်ကြားပေမဲ့ သူတို့ ၅ ယောက်ကို အတည်ပြုနိုင်တယ်။ မကွေး နဲ့ သရက်ထောင် ဘယ်သူ့ကို ဘယ်ကိုပို့တယ်ဆိုတာပဲ သဲသဲကွဲကွဲ မသိရသေးတာ'' လို့ နိုင်ငံရေးအကျဥ်းသားတွေကို ကူညီသူတစ်ဦးက ရှင်းပြပါတယ်။
လက်ရှိ မြင်းခြံအကျဉ်းထောင်မှာ NLD လက်ထက် စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် အပါအဝင် နိုင်ငံရေး အကျဉ်းသား ကိုးရာကျော် ရှိနေတယ်လို့ သိရပါတယ်။