အီရန်ခေါင်းဆောင်ရှိတဲ့နေရာကို သိပြီး လုပ်ကြံဖို့ လနဲ့ချီပြင်ဆင်ခဲ့တဲ့အမေရိကန်-အစ္စရေး စစ်ဆင်ရေး

    • ရေးသားသူ, ဂေါ်ဒန် ကော်ရေးနာ
    • ရာထူးတာဝန်, လုံခြုံရေးဆိုင်ရာအကဲခတ်
  • ဖတ်ရန်အချိန်: မိနစ် ၇

အီရန်နိုင်ငံ့ဦးသျှောင် သေဆုံးခဲ့တဲ့တိုက်ခိုက်မှုဟာ အများထင်ခဲ့သလို ညအချိန်မှာ မဟုတ်ဘဲ နေ့အချိန် မနက်ခင်းပိုင်းမှာ ဖြစ်ပွားခဲ့တာပါ။

ဒီလိုတိုက်ရတဲ့အကြောင်းရင်းကတော့ အမေရိကန်နဲ့ အစ္စရေးတို့ဟာ နာရီပိုင်းအလိုမှာ ရခဲ့တဲ့ အရေးကြီးထောက်လှမ်းရေးအချက်အလက်တွေကို ကောင်းကောင်းအသုံးချဖို့ ဆုံးဖြတ်ခဲ့ကြတာကြောင့်ပါ။

အီရန်က အရေးကြီး ထိပ်တန်းပုဂ္ဂိုလ်တွေ တွေ့ဆုံနိုင်မယ့် အခွင့်အလမ်းအချိန်အခါကို လပေါင်းများစွာ သူတို့ စောင့်ကြည့်နေခဲ့ကြပြီး အီရန့်ဦးသျှောင်ခေါင်းဆောင် အလီ ခါမေနီ တစ်ယောက် စနေနေ့ နံနက်ခင်းမှာ တီဟီရန်မြို့လယ်က ခြံဝင်းထဲ ရှိနေလိမ့်မယ်ဆိုတာကို သူတို့ သိခဲ့ကြပါတယ်။

တချိန်တည်းမှာ တခြားစစ်ဘက်နဲ့ ထောက်လှမ်းရေးအကြီးပိုင်းပုဂ္ဂိုလ်တွေ တွေ့ဆုံနေတဲ့နေရာကိုလည်း သူတို့က အတိအကျဖော်ထုတ်နိုင်ခဲ့ပါတယ်။

အမေရိကန်နဲ့ အစ္စရေးတို့ဟာ အီရန်ခေါင်းဆောင်ရဲ့အသွားအလာကို စောင့်ကြည့်နေခဲ့ကြတာ လနဲ့ချီကြာပါပြီ။ ဘယ်လိုနည်းလမ်းတွေကို သုံးပြီး သူတို့ ထောက်လှမ်းခဲ့လဲဆိုတာ အမေရိကန် ဘက်က လျှို့ဝှက်ထားဆဲဖြစ်ပါတယ်။ ဒါပေမဲ့ သမ္မတ ဒေါ်နယ် ထရမ့်က လူမှုကွန်ရက်မှာ ရေးခဲ့တဲ့ပို့စ်ကတော့ အမေရိကန်ဘက်က ထောက်လှမ်းခဲ့တဲ့နည်းလမ်းတွေကို အရိပ်အမြွက် ပြသပါတယ်။

"သူဟာ ကျွန်တော်တို့ရဲ့ထောက်လှမ်းရေးနဲ့ အင်မတန် နည်းပညာမြင့်တဲ့ ခြေရာခံစနစ်တွေကို ရှောင်လွှဲဖို့ရာ မဖြစ်နိုင်ခဲ့ဘူး" လို့ ထရမ့်က ရေးပါတယ်။

ဒါဟာ လူပုဂ္ဂိုလ် သတင်းပေးတွေကနေ သတင်းပို့တာဖြစ်နိုင်ပေမဲ့ အီရန်က လူပုဂ္ဂိုလ်တွေကို နည်းပညာအရ ခြေရာခံတာတွေ ဖြစ်နိုင်ခြေ ပိုများတယ်လို့ ဆိုကြပါတယ်။

ပြီးခဲ့တဲ့ ဇွန်လတုန်းက ဖြစ်ပွားခဲ့တဲ့ ၁၂ ရက်ကြာ စစ်ပွဲအတွင်း အစ္စရေးဟာ အီရန်ရဲ့ နျူကလီးယားအစီအစဉ်နဲ့ဆက်စပ်နေတဲ့ သိပ္ပံပညာရှင်တွေနဲ့ အရာရှိတွေကို ပစ်မှတ်ထားခဲ့ပြီး လူပုဂ္ဂိုလ်တွေရဲ့သွားလာမှုကို သိရှိနားလည်ဖို့ ဆက်သွယ်ရေးနဲ့ မိုဘိုင်းလ်ဖုန်းစနစ်တွေကို ထိုးဖောက်ဝင်ရောက်အသုံးပြုခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

အဲဒီထဲမှာ တစ်ခါတလေမှာ အီရန်အကြီးပိုင်းအရာရှိတွေအတွက် လုံခြုံရေးယူပေးတဲ့ ကိုယ်ရံတော်တွေရဲ့သွားလာလှုပ်ရှားမှုကို ခြေရာခံတာလည်း ပါဝင်ပါတယ်။

ဒီလိုလှုပ်ရှားမှုတွေဟာ ရေရှည်မှာ ဘာလုပ်ဖို့ရှိတယ်ဆိုတာကို ကြိုတင်ခန့်မှန်း သိနားလည်နိုင်ပြီး လုံခြုံရေးအဟကို မြင်နိုင်ဖို့ ပုံစံတစ်ခုထွက်လာအောင် အထောက်အကူဖြစ်စေပါတယ်။

ထိပ်တန်းခေါင်းဆောင်ကြီးဟာ ရန်သူတွေရဲ့ပစ်မှတ်ထဲရောက်နေမှန်း သိထားတဲ့ အီရန်အတွက် ဒီကာလတွေအတွင်း ဒီအားနည်းချက်တွေကို ဖော်ထုတ်ဖြေရှင်းဖို့ ပျက်ကွက်ခဲ့တာဟာ အီရန်လုံခြုံရေးနဲ့ တန်ပြန်ထောက်လှမ်းရေးအတွက် ကြီးမားတဲ့ ချို့ယွင်းချက်ကို ပြသပါတယ်။

တစ်ဖက်မှာလည်း ဒါဟာ ခြေရာခံနည်းလမ်းသစ်တွေ ရှာဖွေဖို့ အစ္စရေးနဲ့ အမေရိကန်တို့ရဲ့နည်းလမ်းတွေကို ဆက်လက်ပြောင်းလဲ လိုက်လျောညီထွေဖြစ်အောင် လုပ်နိုင်စွမ်းကို ညွှန်ပြနေပါတယ်။

နေ့ခင်းဘက် တိုက်ခိုက်ခံရနိုင်ခြေ နည်းပါးလိမ့်မယ်လို့လည်း အီရန်ဘက်က တွက်ဆထားခဲ့တာလည်း ဖြစ်နိုင်ပါတယ်။

ဒီကိစ္စမှာ ထောက်လှမ်းရေးသတင်းအချက်အလက်ဟာ စီအိုင်အေ(CIA) ကလာတာဖြစ်ပေမဲ့ တကယ့် စစ်ဆင်ရေး ဆောင်ရွက်ဖို့အတွက်တော့ အစ္စရေးကို လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ နယူးယောက်တိုင်းမ် သတင်းစာမှာ ဖော်ပြထားပါတယ်။

အစ္စရေးက ခေါင်းဆောင်ပိုင်း ပစ်မှတ်တွေကို တိုက်ခိုက်ဖို့ အာရုံစိုက်ပြီး အမေရိကန်ကတော့ စစ်ဘက်ဆိုင်ရာ ပစ်မှတ်တွေကို ပိုမိုအာရုံစိုက်တဲ့တာဝန်ခွဲဝေမှုမျိုး ရှိနေတယ်ဆိုတဲ့ အရိပ်အယောင်တွေ တွေ့ရပါတယ်။

အဓိကအချက်ကတော့ ဒီထောက်လှမ်းရေးသတင်းကြောင့် တာဝေးပစ်ဒုံးကျည်တွေ ပစ်လွှတ်နိုင်တဲ့တိုက်လေယာဉ်တွေကို သုံးပြီး တိုက်ခိုက်ဖို့ စီစဉ်နိုင်လောက်အောင် ထိပ်တန်း ခေါင်းဆောင်နဲ့ တခြားအရာရှိတွေရဲ့သွားလာမှုအကြောင်း ကြိုတင်ပြီး သိရှိနိုင်ခဲ့တာလည်း ဖြစ်နိုင်ပါတယ်။

အခုတိုက်ခိုက်မှုအတွက် ကြိုတင်စီစဉ်ခဲ့တာကိုကြည့်ရင် ခေါင်းဆောင်ပိုင်းကို ရည်ရွယ်ပြီး တစ်ကြိမ်တည်းတိုက်တာထက် အခွင့်အရေးရတဲ့အချိန်အပိုင်းအခြားအတွင်းမှာ လက်ဦးမှုယူနိုင်ဖို့ ရှေ့ဆက်လုပ်ခဲ့တာလို့ မြင်နိုင်ပါတယ်။

အစ္စရေး ဂျက်တိုက်လေယာဉ်တွေဟာ တီဟီရန်ကို ရောက်ဖို့ နှစ်နာရီလောက် ကြာနိုင်ပါတယ်။ ဒါပေမဲ့ အစ္စရေးဟာ သူတို့ရဲ့လက်နက်ခဲယမ်းတွေကို ဘယ်လောက်အကွာအဝေးကနေ ပစ်ခတ်ခဲ့တယ်ဆိုတာမျိုးတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။

ဆုံးဖြတ်ချက် ချမှတ်လိုက်ချိန်မှာ အစ္စရေး ဂျက်တိုက်လေယာဉ်တွေဟာ ဗုံး အလုံး ၃၀ ကို အသုံးပြုပြီး တီဟီရန်မြို့က ခါမေနီနေတဲ့ခြံဝင်းကို ဒေသစံတော်ချိန် မနက် ၉း၄၀ ဝန်းကျင်မှာ တိုက်ခိုက်ခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

ဒီလိုဖြစ်ရတဲ့အကြောင်းရင်းကတော့ အီရန်ထိပ်တန်းခေါင်းဆောင်ဟာ သူ့အတွက် အကာအကွယ်ယူဖို့ ခြံ၀င်းထဲက မြေအောက် ဘန်ကာတစ်ကို အသုံးပြုနေခဲ့ပုံ ပေါ်ပါတယ်(သတင်းတွေမှာတော့ အဲဒီဘန်ကာဟာ အီရန်အုပ်စိုးသူတွေအတွက်သုံးတဲ့ ဘန်ကောလောက် မြေအောက်အနက်ပိုင်းမှာ မရှိဘူးလို့လည်းဆိုပါတယ်)။

ပစ်မှတ်ကို သေချာပေါက် ထိအောင် နက်နက် ရှိုင်းရှိုင်း ထိုးဖောက်ဝင်ရောက်နိုင်ဖို့ဆိုရင် ဖောက်ခွဲအားပြင်းတဲ့ခဲယမ်းတွေ အမြောက်အမြားလိုအပ်ပါတယ်။

အီရန်မြို့တော်က အခြားနေရာတွေလည်း ပစ်မှတ်ထားခံခဲ့ရပြီး သမ္မတ မာဆွတ် ပီဇက်ရှ်ကီယန်ရဲ့ ရုံးခန်းလည်း တိုက်ခိုက်ခံရတဲ့အထဲ ပါဝင်ပါတယ်။ သူက နောက်ပိုင်းမှာ ကြေညာချက်တစ်စောင် ထုတ်ပြန်ပြီး သူ ဘေးကင်းကြောင်း ပြောကြားခဲ့ပါတယ်။

အစ္စရေးက သေဆုံးသူတွေထဲမှာ အီရန် ကာကွယ်ရေးကောင်စီ အတွင်းရေးမှူး အလီ ရှမ်ခါနီ၊ ကာကွယ်ရေးဝန်ကြီး ဗိုလ်မှူးချုပ် အဇစ် နာဆီဇာဒေးနဲ့ IRGC တပ်မှူး ဗိုလ်ချုပ် မိုဟာမက် ပက်ပိုပူ အပါအဝင် အီရန် ကာကွယ်ရေးအကြီးတန်း အရာရှိခုနှစ်ဦးရဲ့ အမည်တွေကို ဖော်ပြခဲ့ပါတယ်။

ဂျက်တိုက်လေယာဉ်တွေ ဗုံးကြဲတိုက်ခိုက်ချိန်မှာ အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ် မှာတော့ ညပိုင်းပဲ ရှိနေပါတယ်။ သမ္မတထရမ့်ဟာ မာရာလာဂို စံအိမ်မှာ သူ့ရဲ့ ထိပ်တန်း အရာရှိကြီးတွေနဲ့အတူ စုဝေးကာ ညသန်းခေါင်အချိန်မှာ အခြေအနေကို စောင့်ကြည့်နေခဲ့တာဖြစ်ပါတယ်။

အီရန်ဟာ ထိပ်တန်းခေါင်းဆောင်ကြီး သေဆုံးကြောင်း အတည်ပြုတဲ့သတင်း ထုတ်ဖို့ နာရီပေါင်းများစွာ အချိန်ယူခဲ့ရပါတယ်။

ဒါပေမဲ့ ဒီဖြစ်နိုင်ခြေအတွက် အီရန်က ကြိုတင်ပြင်ဆင်ထားခဲ့ပုံရပါတယ်။ ဘာကြောင့်လဲဆိုရင် ထိပ်တန်းခေါင်းဆောင်ကြီးနေရာတင်မက အကြီးတန်း အရာရှိအများအပြားရဲ့နေရာတွေမှာပါ ဆက်ခံရေးအစီအစဉ်တွေ ချမှတ်ထားတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

ဒါကြောင့် ဒီလုပ်ကြံသတ်ဖြတ်မှုက ဒီပဋိပက္ခရဲ့လမ်းကြောင်းအတွက် ဘာအဓိပ္ပာယ် သက်ရောက်မလဲဆိုတာကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။