အီရန်မှာ ထိပ်တန်း စစ်တပ်မှူးတွေ သေဆုံးခဲ့အပြီး လောလောဆယ် အရေးပါတဲ့ စစ်ဘက်ခေါင်းဆောင်က ဘယ်သူလဲ

ဖတ်ရန်အချိန်: မိနစ် ၅

အမေရိကန်နဲ့ အစ္စရေးရဲ့ ပူးတွဲ လေကြောင်းတိုက်ခိုက်မှုတွေအတွင်း အီရန် ထိပ်တန်း စစ်တပ်မှူး အတော်များများ သေဆုံးခဲ့ရပြီး အခုချိန်မှာ အီရန်နိုင်ငံရဲ့ အရေးပါတဲ့ စစ်ခေါင်းဆောင်က ဘယ်သူလဲ ဆိုတဲ့ မေးခွန်းတွေ ပေါ်ထွက်လာပါတယ်။

အီရန်သတင်းမီဒီယာတွေမှာ ဖော်ပြချက်တွေအရ ဗိုလ်ချုပ် အလီ အဗ္ဗဒိုလာဟီ ဖြစ်ပုံ ရပါတယ်။ သူဟာ လောလောဆယ် အီရန်စစ်တပ်နဲ့ အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ် IRGC အကြား နိုင်ငံတော်ကာကွယ်ရေး ကိစ္စတွေ ညှိနှိုင်းဆောင်ရွက်ပေးနေတဲ့ ခါတမ် အယ်လ်-အန်ဘီယာ ဗဟိုဌာနချုပ်ရဲ့ တပ်မှူးအဖြစ် တာဝန်ယူနေတာ ဖြစ်ပါတယ်။

အီရန် သတင်းမီဒီယာ ဖော်ပြချက်တွေအရ ခါမေနီ သေဆုံးခဲ့မှု ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် ဒီကနေ့ တီဟီရန်မြို့မှာ ကျင်းပခဲ့တဲ့ ပွဲကို တက်ရောက်လာသူတွေထဲမှာ အဗ္ဗဒိုလာဟီ ပါဝင်တယ်လို့ သိရပါတယ်။

စစ်မြေပြင်ပေါ်က ရန်သူ့ရဲ့ ခြိမ်းခြောက်မှု အန္တရာယ်ကို အီရန်က တုံ့ပြန် တိုက်ခိုက်သွားမယ်လို့ သူက ပြောခဲ့ပြီး အီရန်စစ်တပ်ဟာ အရင်က ရှိခဲ့ဖူးတဲ့ အသင့်ပြင်ဆင်မှုမျိုးထက် အဆပေါင်းများစွာ ပြင်ဆင်ထားတယ်လို့လည်း ဆိုပါတယ်။

အီရတ်မှာရှိတဲ့ အမေရိကန် စစ်စခန်းတွေကို အီရန်က မစ်ဆိုင်းဒုံးတွေနဲ့ တိုက်ခိုက်ခဲ့တာကို တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်အစိုးရက ၂၀၂၀ ခုနှစ် ဇန်နဝါရီလမှာ တခြား အီရန်စစ်ဘက်ဆိုင်ရာ တပ်မှူးတွေနဲ့အတူ အဗ္ဗဒိုလာဟီ ကို ဒဏ်ခတ်အရေးယူမှုတွေ ချမှတ်ခဲ့ပါတယ်။

အီရန် အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ်ဖွဲ့ IRGC ရဲ့ တပ်မှူးသစ် ခန့်အပ်လိုက်တယ်လို့ သတင်းတွေက ဆို

အီရန် အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ်ဖွဲ့ (IRGC) ရဲ့ စစ်ဦးစီးချုပ်သစ်အဖြစ် အာမက် ဗဟီဒီ ကို ခန့်အပ်လိုက်ကြောင်း ရိုက်တာ သတင်းဌာနက ဖော်ပြပါတယ်။ ဒီသတင်းနဲ့ ပတ်သက်လို့ ဘီဘီစီအနေနဲ့ တရားဝင် အတည်ပြုချက် မရသေးပါဘူး။

သူ့အရင် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မိုဟာမက် ပက်ခ်ပူရ် က စနေနေ့တုန်းက အမေရိကန်နဲ့ အစ္စရေး ပူးပေါင်းလုပ်ခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ပါတယ်။

IRGC တပ်ဖွဲ့ဟာ အီရန်နိုင်ငံမှာ အရေးပါတဲ့ စစ်ရေး၊ နိုင်ငံရေးနဲ့ စီးပွားရေးဆိုင်ရာ တပ်ဖွဲ့ တစ်ခု ဖြစ်ပြီး အီရန်စစ်တပ်နဲ့ သီးခြား တည်ရှိတာ ဖြစ်ပါတယ်။

အီရန်ခေါင်းဆောင်ပိုင်းအတွက် အမြဲတည်ရှိနေမယ့် တိုက်ပွဲတစ်ခု

အီရန်အပေါ် အမေရိကန်နဲ့ အစ္စရေး ပေါင်းပြီး တိုက်ခိုက်ခဲ့မှုအတွင်း အီရန်ဘာသာရေးခေါင်းဆောင် အယာတိုလာ ခါမေနီ တီဟီရန်မြို့က သူ့ရဲ့ နေအိမ်မှာ သေဆုံးခဲ့ရပြီး ဒါဟာ အီရန် အစ္စလာမ်မစ် သမ္မတနိုင်ငံရဲ့ ၄၇ နှစ်တာ သမိုင်းမှာ အရေးပါတဲ့ အခိုက်အတန့်ကြီးတစ်ခု ဖြစ်ပါတယ်။

အမေရိကန်နဲ့ အစ္စရေးတို့အနေနဲ့ အီရန်အစိုးရရဲ့ ယန္တရားအကြောင်း သတင်းအချက်အလက်တွေ ကျယ်ကျယ်ပြန့်ပြန့် ရထားပြီး အီရန်စစ်တပ်ဟာ သူတို့ရဲ့ အရေးပါဆုံးပုဂ္ဂိုလ်တွေကို ကာကွယ်ပေးနိုင်စွမ်း မရှိဘူး ဆိုတာကို ဒီစစ်ဆင်တိုက်ခိုက်မှုက ဖော်ပြခဲ့ပါတယ်။ ဒါပေမဲ့ ရှေ့ဆက် ဘာတွေ ဖြစ်လာမလဲ။

အီရန်ခေါင်းဆောင်ပိုင်းအတွက်ကတော့ ဒါက အမြဲတည်ရှိနေတဲ့ တိုက်ပွဲတစ်ခု ဖြစ်ပြီး အထူးသဖြင့် ပြီးခဲ့တဲ့နှစ်က အစ္စရေးနဲ့ ၁၂ ရက်ကြာ စစ်ပွဲအပြီးမှာ ဒီလိုအခိုက်အတန့်အတွက် ကြိုတင် ပြင်ဆင်ထားပြီးသား ဖြစ်ပါတယ်။

အစိုးရ ဖြုတ်ချဖို့ ဒါက အီရန်မျိုးဆက်တွေအတွက် တစ်ခုတည်းသော အခွင့်အလမ်း ဖြစ်နိုင်တယ်ဆိုပြီး အမေရိကန်သမ္မတ ထရမ့် ဖော်ညွှန်းပြောထားသလိုပဲ ဒီအခွင့်အလမ်းကို အမိအရ ဆုပ်ကိုင်ကြဖို့ အီရန်ပြည်သူတွေကို သမ္မတ ထရမ့်ကရော အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ညာဟုကပါ ပြောင်ပြောင်တင်းတင်း တိုက်တွန်းနေပါတယ်။ သူတို့မြင်ထားတဲ့ မျှော်လင့်ချက်က အစိုးရအပြောင်းအလဲ ဖြစ်ဖို့ပါ။

ဒီဗုံးကြဲ တိုက်ခိုက်မှုတွေကနေ အစိုးရ ဆန့်ကျင်တဲ့ ကန့်ကွက်ဆန္ဒပြမှုတွေ ထပ်ဖြစ်လာနိုင်မလား ဆိုတာကိုတော့ ပြောဖို့ စောနေပါသေးတယ်။ အခုနှစ်အစောပိုင်းတုန်းက ဆန္ဒပြမှုတွေကို အီရန်အစိုးရက ရက်ရက်စက်စက် ဖြိုခွဲခဲ့မှုအတွင်း ဆန္ဒပြသူ ထောင်ပေါင်းများစွာ သတ်ဖြတ်ခံခဲ့ရပါတယ်။

ဘာသာရေးခေါင်းဆောင်တွေရဲ့ အုပ်ချုပ်မှုက တရားဝင်သလားဆိုတာအပေါ် မေးခွန်းထုတ်မှုတွေ တိုးလာနေပြီး စီးပွားရေး အကျပ်အတည်းကြီးတစ်ခုနဲ့ ရင်ဆိုင်နေရချိန်မှာ လူထုရဲ့ မကြေနပ်မှုကြီးကို အဲဒီဆန္ဒပြမှုတွေမှာ တွေ့ခဲ့ရပါတယ်။ ဒါပေမဲ့ အဓိကအရေးကြီးတာက သြဇာအရှိန်အဝါ ကြီးတဲ့ အစ္စလာမ်မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) က ဘာသာရေးခေါင်းဆောင်ပိုင်းရဲ့ ဘက်မှာ ဆက်ရှိနေတဲ့အချက် ဖြစ်ပါတယ်။

အီရန် စစ်တပ်က အင်အားသုံး တုံ့ပြန်တိုက်ခိုက်သွားမယ်လို့ ကြုံးဝါးထားပါတယ်။ ဒါပေမဲ့ ဘယ်လောက်အထိ လုပ်နိုင်မလဲ ဆိုတာ ခုချိန်ထိ ရေရေရာရာ မသိရသေးပါဘူး။ မနှစ်တုန်းက အစ္စရေးနဲ့ စစ်ပွဲအတွင်း အီရန်ရဲ့ စစ်ဘက်ဆိုင်ရာ စွမ်းဆောင်နိုင်အားအပေါ် သိသိသာသာ ထိခိုက်ခဲ့ရပါတယ်။ တခါ ဒေသတွင်းမှာ တဖြည်းဖြည်းနည်းလာနေပြီ ဖြစ်တဲ့ သူ့ကို ကိုယ်စားပြုတဲ့ နိုင်ငံတွေကလည်း ပစ်မှတ်ထား တိုက်ခိုက်ခံရမှာကို ရှောင်ရှားဖို့အတွက် လောလောဆယ် ငြိမ်နေကြပါတယ်။

တကယ်လို့ အကြီးအကျယ် လက်တုံ့ပြန်မယ်ဆိုရင် တစ်ခါမှမကြုံဖူးခဲ့တဲ့ အားမျိုးသုံးပြီး တိုက်ခိုက်တာကို ရင်ဆိုင်ရနိုင်တယ်လို့ ထရမ့်က အီရန်ကို သတိပေးထားပါတယ်။ ဗုံးကြဲတိုက်ခိုက်မှုတွေကို ဆက်လုပ်သွားမယ့်ပုံ ရှိတယ်လို့ သူက ပြောထားပါတယ်။ ဒါပေမဲ့ ထရမ့်အနေနဲ့ သူ့ ရည်ရွယ်ချက် အထမြောက်သွားပြီ ဆိုတာကို ဘယ်လောက်အတိုင်းအတာအထိ ဒါမှမဟုတ် ဘယ်လောက်ကြာကြာ အထိ ဆက်တိုက်နေမလဲ ဆိုတာကိုတော့ ဘယ်သူမှ မသိကြသေးဘူးလို့ အရှေ့အလယ်ပိုင်းဆိုင်ရာ ဘီဘီစီသတင်းထောက် ဟူဂို ဘရှေးဂါးက သုံးသပ်ထားပါတယ်။