အီရန်အပေါ် အမေရိကန်နဲ့ အစ္စရေးရဲ့ တိုက်ခိုက်မှု-ဘီဘီစီသတင်းထောက် ဂျယ်ရမီ ဘိုဝမ်ရဲ့ သုံးသပ်ချက်

    • ရေးသားသူ, ဂျယ်ရမီ ဘိုဝမ်
    • ရာထူးတာဝန်, ဘီဘီစီ နိုင်ငံတကာသတင်းထောက်
  • ဖတ်ရန်အချိန်: မိနစ် ၉

အီရန်နဲ့ စစ်ပွဲသစ် ဆင်နွှဲဖို့ အမေရိကန်နဲ့ အစ္စရေးရဲ့ ဆုံးဖြတ်ချက်ကြောင့် မခန့်မှန်းနိုင်တဲ့ အကျိုးဆက်တွေနဲ့အတူ အရမ်းကို အန္တရာယ်များတဲ့ အခိုက်အတန့်ကာလတစ်ခု ပေါ်ပေါက်လာနိုင်ပါတယ်။ အစ္စရေးက "ကြိုတင်ကာကွယ်တဲ့ တိုက်ခိုက်မှု" ဆိုတဲ့ စကားလုံးကို သုံးပြီးသူတို့ရဲ့ တိုက်ခိုက်မှုကို ကျိုးကြောင်းဆီလျော်အောင် အကြောင်းပြခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုက ကြိုတင်ကာကွယ်ဖို့ ဆိုတဲ့ စကားလုံးနဲ့ ဆက်နွှယ်နေတဲ့ မကြာခင်ဖြစ်လာနိုင်တဲ့ အန္တရာယ် တစ်ခုကို တုံ့ပြန်မှုတစ်ခု မဟုတ်ဘူးဆိုတာ အထောက်အထားတွေက ဖော်ပြနေပါတယ်။ ဒါက စစ်တိုက်ဖို့ ရွေးချယ်မှုတစ်ခုသာ ဖြစ်ပါတယ်။

အီရန်မှာ ဆိုးဝါးတဲ့ စီးပွားရေးအကြပ်အတည်းတစ်ခုကို ရင်ဆိုင်ဖြေရှင်းနေရမှု၊ နှစ်ဦးပိုင်းတုန်းက ဆန္ဒပြသူတွေကို ရက်ရက်စက်စက် ဖြိုခွင်းခဲ့တဲ့အတွက် လူထု မကြေနပ်မှုတွေ ပေါ်ပေါက်နေမှု၊ ပြီးခဲ့တဲ့နှစ် စစ်ပွဲကြောင့် ကာကွယ်ရေးစနစ် ခုချိန်ထိ အထိနာနေမှု စတာတွေကြောင့် အီရန် အစ္စလာမစ်အစိုးရဟာ ယိုင်နဲ့နဲ့ အခြေအနေရောက်နေပြီလို့ အစ္စရေးနဲ့ အမေရိကန်တို့က ခန့်မှန်းတွက်ချက်ခဲ့ကြပါတယ်။ သူတို့ရဲ့ ကောက်ချက်ချမှုအရဆိုရင် ဒါက လက်လွှတ်မခံသင့်တဲ့ အခွင့်အလမ်းတစ်ခုလို့ ယူဆရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ဒါက ယိမ်းယိုင်လာနေတဲ့ နိုင်ငံတကာဥပဒေ စနစ်အတွက် အထိနာမှုကြီးလည်း ဖြစ်ပါတယ်။

အမေရိကန်သမ္မတ ထရမ့်ကရော၊ အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ညာဟုကပါ အီရန်ဟာ သူတို့နိုင်ငံတွေအတွက် အန္တရာယ် တစ်ခုဖြစ်တယ်ဆိုပြီး သူတို့ရဲ့ကြေညာချက်တွေမှာ ဖော်ပြခဲ့ကြပါတယ်။ အီရန်ဟာ ကမ္ဘာကြီးအတွက် အန္တရာယ် တစ်ခု ဖြစ်တယ်လို့ ထရမ့်က ဆိုပါတယ်။ အီရန် အစ္စလာမစ်အစိုးရဟာ သူတို့ ခါးခါးသီးသီး မနှစ်မြို့တဲ့ ရန်သူအစိုးရ ဆိုတာကတော့ မုချအမှန်ပါပဲ။ ဒါပေမဲ့ အမေရိကန်နဲ့ အစ္စရေးက တစ်ဘက်၊ အီရန်က တစ်ဘက်၊ နှစ်ဘက်အကြား အာဏာ ကွာဟချက်က ကြီးမားလွန်းတာကြောင့် အခုပြောနေတဲ့ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ ဆိုတဲ့ ဥပဒေကြောင်းအကြောင်းပြချက်က သိပ်မခိုင်လုံလှပါဘူး။

စစ်ဆိုတာက နိုင်ငံရေး လုပ်ရပ်တစ်ခု ဖြစ်ပါတယ်။ လက်နက်ကိုင် ပဋိပက္ခစစ်ပွဲဆိုတာက စမိပြီဆိုတာနဲ့ ထိန်းချုပ်ဖို့ အင်မတန် ခက်လှပါတယ်။ ဒါ့ကြောင့် စစ်ပွဲဆင်နွှဲမယ့် နိုင်ငံခေါင်းဆောင်တွေအနေနဲ့ တိကျရှင်းလင်းတဲ့ ရည်ရွယ်ချက်တွေ ထားရှိဖို့ လိုအပ်ပါတယ်။

ဘန်ဂျမင် နေတန်ညာဟု က အီရန်ကို အစ္စရေးရဲ့ ဆယ်စုနှစ်နဲ့ချီ အန္တရာယ်အရှိဆုံး ရန်သူနိုင်ငံအဖြစ် ရှုမြင်ထားတာ ဖြစ်ပါတယ်။ သူ့အတွက်က ဒါဟာ အီရန်အစိုးရနဲ့ အီရန် စစ်အင်အားအပေါ် ထိခိုက်နိုင်သမျှ ထိခိုက်အောင် လုပ်ဖို့ အခွင့်အလမ်းတစ်ရပ် ဖြစ်ပါတယ်။ ဒါ့အပြင် နေတန်ညာဟု ဟာ အခုနှစ်နှောင်းပိုင်းမှာ အထွေထွေရွေးကောက်ပွဲနဲ့ လည်း ရင်ဆိုင်ရဖို့ ရှိနေပါတယ်။ ဟားမတ်စ်နဲ့ နှစ်နှစ်ကြာ စစ်ပွဲက ရတဲ့ အထောက်အထားတွေအရ အစ္စရေးနိုင်ငံ စစ်ပွဲ ဆင်နွှဲနေချိန်မှာ သူ့ရဲ့ နိုင်ငံရေးအနေအထား ပိုခိုင်မာလာတယ်ဆိုပြီး နေတန်ညာဟု က ယုံကြည်ထားတာ တွေ့ရပါတယ်။

ဒေါ်နယ် ထရမ့်ရဲ့ စစ်ပွဲဆင်နွှဲတဲ့ ရည်ရွယ်ချက်တွေကတော့ သူ့ပုံစံအတိုင်း လမ်းကြောင်း ပြောင်းသွားခဲ့ပါတယ်။ ဇန်နဝါရီလတုန်းက ထရမ့်က အီရန်က ဆန္ဒပြသူတွေကို အကူအညီတွေ ရောက်လာတော့မယ်ဆိုပြီး ပြောခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီအချိန်တုန်းက အမေရိကန် ရေတပ်အတော်များများက ဗင်နီဇွဲလားနိုင်ငံ ခေါင်းဆောင်ကို ဖြုတ်ချဖို့ အလုပ်ရှုပ်နေတာမို့ အီရန်ကိစ္စမှာ စစ်ရေးနည်း မသုံးနိုင်ခဲ့ပါဘူး။

အမေရိကန်က ဒေသတွင်းမှာ လေယာဉ်တင်သင်္ဘောအုပ်စုနှစ်စု နဲ့အတူ ပစ်ခတ်နိုင်စွမ်း အတော်အသင့်ကြီးမားတဲ့ မြေပြင်အခြေစိုက် လက်နက်ပစ္စည်း၊ တပ်အင်အားတွေ ချထားချိန်မှာ ထရမ့်က အီရန်ရဲ့ နျူကလီးယား စီမံကိန်းရဲ့ အန္တရာယ်အကြောင်း အတော်လေး ထုတ်ပြောခဲ့ပါတယ်။ ပြီးခဲ့တဲ့ နွေရာသီစစ်ပွဲအပြီးမှာတောင်မှ ထရမ့်က အီရန် နျူကလီးယား စီမံကိန်းကို ဖျက်သိမ်းမှ ဖြစ်မယ်လို့ ထုတ်ဖော်ကြေညာခဲ့ပါတယ်။

အီရန်အစိုးရကတော့ သူတို့ နျူကလီးယား လက်နက် ထုတ်ဖို့ ဆန္ဒရှိတယ် ဆိုတာကို အမြဲလိုလို ငြင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ နျူကလီးယား စီမံကိန်းတစ်ခုမှာ အရပ်ဘက်မဟုတ်တဲ့ အဆင့်ထိ ယူရေနီယမ်သန့်စင်မှုတွေ လုပ်ခဲ့တာ တွေ့ရပါတယ်။ အနည်းဆုံးတော့ အီရန်အစိုးရဟာ နျူကလီးယားဗုံး ထုတ်ဖို့ ဆန္ဒ ရှိနေပုံရပါတယ်။ ဒါပေမဲ့ အီရန်က နျူကလီးယားဗုံး မကြာခင် ထုတ်နိုင်တော့မယ်ဆိုတဲ့ အထောက်အထားမျိုးကို လက်ရှိအချိန်အထိတော့ အစ္စရေးနဲ့ အမေရိကန်တို့က ထုတ်ပြန်တာ မရှိသေးပါဘူး။

ဆိုရှယ်မီဒီယာပေါ်မှာ တင်ထားတဲ့ သူ့ရဲ့ ဗီဒီယိုထဲမှာ ထရမ့်က အီရန်ပြည်သူတွေကို လွတ်လပ်မှု အချိန်ကာလ မကြာခင်ရောက်တော့မယ် ဆိုပြီး ပြောသွားပါတယ်။ နေတန်ညာဟုကလည်း ဒီစစ်ပွဲဟာ အီရန်ပြည်သူတွေအတွက် အစိုးရ ဖြုတ်ချနိုင်မယ့် အခွင့်အလမ်းကို ကိုယ်စားပြုနေတယ် ဆိုပြီး အလားတူ ပြောသွားခဲ့ပါတယ်။ ဒါပေမဲ့ ဒါက တစ်ထစ်ချ မသေချာလှပါဘူး။

လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ရုံနဲ့ အစိုးရ အပြောင်းအလဲ ဖြစ်သွားတဲ့ ဖြစ်ရပ်မျိုး အရင်က မရှိခဲ့ဖူးပါဘူး။

အမေရိကန်က အင်အားသုံး ကျူးကျော် တိုက်ခိုက်မှုကြီး တစ်ခုနဲ့ ၂၀၀၃ ခုနှစ်မှာ အီရတ်ခေါင်းဆောင် ဆဒမ် ဟူစိန်ကို ဖြုတ်ချခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်မှာ နေတိုးနဲ့ အာရပ်နိုင်ငံတချို့ရဲ့ လေကြောင်း စစ်ကူမှုနဲ့ သူပုန်အဖွဲ့တွေက လစ်ဗျားခေါင်းဆောင် မမ်မွာ ဂဒါဖီကို ဖြုတ်ချနိုင်ခဲ့ပါတယ်။ ဒီဖြစ်ရပ်နှစ်ခုစလုံးဟာ နိုင်ငံပြိုလဲသွားမှု၊ ပြည်တွင်းစစ်နဲ့ လူထောင်ပေါင်းများစွာ သေဆုံးခဲ့မှုတွေကနေ ရလာတဲ့ ရလဒ် ဖြစ်ပါတယ်။ လစ်ဗျားဟာ ခုချိန်ထိ ပြန်မထူထောင်နိုင်သေးတဲ့ နိုင်ငံ ဖြစ်နေဆဲပါ။ အီရတ် ဟာလည်း ကျူးကျော်တိုက်ခိုက်ခံရမှုနဲ့ အဲဒီနောက်ပိုင်း သွေးထွက်သံယို အကြမ်းဖက်မှုတွေရဲ့ အကျိုးဆက်တွေကို ဖြေရှင်းနေရဆဲ ဖြစ်ပါတယ်။

တကယ်လို့များ ဒါက လေကြောင်းတိုက်ခိုက်မှု တစ်ခုတည်းနဲ့တင် အစိုးရအဖွဲ့ကို ဖြုတ်ချနိုင်တဲ့ ပထမဆုံး ဖြစ်ရပ် ဖြစ်လာမယ်ဆိုရင်တောင် လူ့အခွင့်အရေး လေးစားလိုက်နာတဲ့ လစ်ဘရယ် ဒီမိုကရေစီအစိုးရတစ်ရပ်ကို အစ္စလာမ်မစ် အစိုးရနေရာမှာ အစားထိုး ခန့်အပ်နိုင်မှာ မဟုတ်ပါဘူး။ အဲဒီလို အစားထိုးနိုင်ဖို့ ပြည်ပရောက် ခိုင်မာတဲ့ အစိုးရမျိုး အဆင်သင့် ရှိမနေပါဘူး။

ရာစုနှစ် တစ်ဝက်နီးပါးကျော်လောက် အီရန်အစိုးရက ခက်ခဲရှုပ်ထွေးတဲ့ နိုင်ငံရေးစနစ်တစ်ခုကို ဖန်တီး တည်ဆောက်ခဲ့ပါတယ်။ အဲဒီစနစ်ကို နိုင်ငံရေးအယူဝါဒ၊ အဂတိလိုက်စားမှုတွေနဲ့ ရောယှက် ပံ့ပိုးထားပြိး လိုအပ်ရင် ရက်ရက်စက်စက် အင်အားသုံး အရေးယူတာမျိုးတွေ ရှိပါတယ်။ အီရန်အစိုးရက သူတို့ဟာ ဆန္ဒပြသူတွေကို သတ်ဖြတ်နှိမ်နင်းဖို့ ပြင်ထားတယ်ဆိုတာကို ဇန်နဝါရီလတုန်းက လက်တွေ့ပြခဲ့ပါတယ်။ လမ်းမတွေပေါ်မှာ အစိုးရကို စိန်ခေါ်ပြီး လွတ်မြောက်ရေး တောင်းဆိုနေတဲ့ အီရန်ပြည်သူ ထောင်ပေါင်းများစွာကို ပစ်သတ်ဖို့ အထက်ရဲ့ ညွှန်ကြားမိန့်ကို လုံခြုံရေးတပ်ဖွဲ့ တွေက မလွဲမသွေ လိုက်နာကြမှာ ဖြစ်ပါတယ်။

အမေရိကန်နဲ့ အစ္စရေးတို့က အီရန်ဘာသာရေးခေါင်းဆောင် အယာတိုလာ အလီ ခါမေနီကို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးစားကောင်း ကြိုးစားနေကြပါလိမ့်မယ်။ ဒီလို လုပ်ကြံနိုင်တဲ့စွမ်းအားကို နည်းဗျူဟာတစ်ခုအဖြစ် အစ္စရေးက ယုံကြည်ထားပါတယ်။ ပြီးခဲ့တဲ့ နှစ်နှစ်တာ ကာလအတွင်း ဂါဇာက ဟားမတ်စ်ခေါင်းဆောင်တွေ၊ လက်ဘနွန်က ဟက်ဇ်ဘိုလာ ခေါင်းဆောင်တွေနဲ့ တပ်မှူးအတော်များများကို အစ္စရေးက သတ်ဖြတ်နိုင်ခဲ့ပါတယ်။

အီရန် အစ္စလာမ်မစ် အစိုးရကတော့ သူတို့နဲ့ မတူ ကွဲပြားပါတယ်။ အီရန်အစိုးရဟာ လက်နက်ကိုင်တပ်ဖွဲ့ကို ဦးဆောင်နေတာ မဟုတ်ဘဲ တိုင်းပြည်တစ်ခုကို ဦးဆောင်နေတာ ဖြစ်ပါတယ်။ ပြီးတော့ တစ်ကိုယ်တည်း ရပ်တည်နေတာ မဟုတ်ပါဘူး။ ဘာသာရေးခေါင်းဆောင် လုပ်ကြံခံရရင် သူ့နေရာမှာ အီရန် အစ္စလာမ်မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) က ထောက်ခံတဲ့ နောက်ဘာသာရေးခေါင်းဆောင်တစ်ဦးကို အစားထိုး ခန့်အပ်မယ့်ပုံ ရှိပါတယ်။ IRGC တပ်ဖွဲ့ဟာ ပြည်တွင်း၊ ပြည်ပ အန္တရာယ်တွေကို ဆန့်ကျင်ပြီး အီရန်အစိုးရကို ကာကွယ်ဖို့ တာဝန်ယူထားတဲ့ စစ်တပ်နဲ့အတူ တစ်သားတည်း ရှိနေတာ ဖြစ်ပါတယ်။

တကယ်လို့ အဲဒီတပ်ဖွဲ့တွေ လက်နက်ချမယ်ဆိုရင် လွတ်ငြိမ်းချမ်းသာခွင့်ပေးမယ်လို့ ထရမ့်က ကမ်းလှမ်းထားပါတယ်။ မဟုတ်ရင်တော့ အသက်အန္တရာယ်နဲ့ မုချ ရင်ဆိုင်ရမယ် ဆိုပြီး သတိပေးထားပါတယ်။ IRGC တပ်ဖွဲ့ ကတော့ ဒီကမ်းလှမ်းချက်ကို လက်ခံမယ့် ပုံမျိုး မရှိပါဘူး။ အသက်စွန့်တာမျိုးကိုသာ အစ္စလာမ်မစ်သမ္မတနိုင်ငံနဲ့ ရှီအာ အစ္စလာမ်ဘာသာမှာ အစဉ်တစိုက် လှုံ့ဆော်လာခဲ့တာ ဖြစ်လို့ပါ။

ထရမ့်ကတော့ နိုင်ငံရေးနဲ့ ဘဝမှာ အဓိက လှုံ့ဆော်မှုအားက အသွင်ကူးပြောင်းမှု ဖြစ်တယ် လို့ ယုံကြည်ထားပြီး သူ့အမြင်အရ ဒါဟာ အပေးအယူ ပညာရပ် ဖြစ်ပါတယ်။ ဒါပေမဲ့ အီရန်နဲ့ ဆက်ဆံတဲ့အခါ အယူဝါဒ၊ ယုံကြည်မှု စွမ်းအားကိုလည်း ထည့်သွင်း စဉ်းစားရမှာ ဖြစ်ပါတယ်။ ဒီအချက်က ခန့်မှန်းတွက်ချက်ဖို့ အတော့်ကို ခက်ပါတယ်။

အခုနှစ်အကူး ကာလကတည်းက ဒီပဋိပက္ခ အကျပ်အတည်း တဖြည်းဖြည်း ကြီးထွားလာနေချိန်မှာ အမေရိကန်က သူတို့ရဲ့ စစ်အင်အားကို တိုးချဲ့တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ စစ်ပွဲကို ရှောင်လွှဲလို့ မရတော့ဘူးဆိုတာကို အီရန် ခေါင်းဆောင်ပိုင်းက သိနေတယ်ဆိုတဲ့ အရိပ်လက္ခဏာတွေ တနေ့တခြား ပိုတိုး တွေ့လာနေရပါတယ်။ စေ့စပ်ညှိနှိုင်းမှုတွေ လုပ်နေချိန် ပြီးခဲ့တဲ့နှစ် နွေရာသီတုန်းက အစ္စရေးက အီရန်ကို တိုက်ခိုက်ခဲ့ပြီး အမေရိကန်က စစ်ကူပေးခဲ့တာကို သိသိကြီးနဲ့ အီရန်ခေါင်းဆောင်ပိုင်းက ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်ခဲ့ပါတယ်။

သူတို့က အမေရိကန်ကိုရော အစ္စရေးကိုပါ မယုံကြည်ကြပါဘူး။ ထရမ့်က သူ့ရဲ့ သမ္မတ ပထမသက်တမ်းအတွင်းမှာ အီရန်နဲ့ နျူကလီးယား သဘောတူချက် JCPOA ထဲကနေ နုတ်ထွက်သွားခဲ့ပါတယ်။ ဒီ သဘောတူချက်အရ အီရန် နျူကလီးယား စီမံကိန်းကို ကန့်သတ်ထားတာ ဖြစ်ပြီး ဒီသဘောတူချက်ဟာ အိုဘားမား အစိုးရရဲ့ ထင်ရှားတဲ့ နိုင်ငံခြားရေးမူဝါဒအောင်မြင်မှုကြီး ဖြစ်ပါတယ်။

အီရန်က အနည်းဆုံးတော့ အချိန်ဆွဲတဲ့အနေနဲ့ JCPOA သဘောတူချက်ပါ အချက်နှစ်ခုကို လက်ခံသဘောတူဖို့ ပြင်ဆင်ထားပုံရတယ် ဆိုတဲ့ အရိပ်လက္ခဏာတွေ တွေ့ရပါတယ်။ ဒါပေမဲ့ အီရန် မစ်ဆိုင်းဒုံး စီမံကိန်းအပေါ် မှာရော၊ အစ္စရေးနဲ့ အမေရိကန်ကို ဆန့်ကျင်တဲ့ ဒေသတွင်း မဟာမိတ်တွေကို အီရန်က ထောက်ခံအားပေးနေမှုတွေအပေါ်မှာပါ ကန့်သတ်မှုတွေ ပြင်းပြင်းထန်ထန် လုပ်ဖို့ အမေရိကန်ဘက်က တောင်းဆိုနေပုံ ရပါတယ်။

ဒါက အီရန်အတွက် လက်ခံနိုင်စရာ မရှိဘဲ အလျှော့ပေးရမယ့် အခြေအနေတစ်ခုကို ရောက်လာခဲ့ပါတယ်။ မစ်ဆိုင်းဒုံးတွေနဲ့ မဟာမိတ်တွေကို လက်လွှတ်လိုက်ခြင်းအားဖြင့် စစ်ရေးအန္တရာယ်ထက် အစိုးရ အပြောင်းအလဲ ဖြစ်လာဖို့ က ပိုများတယ်လို့ အီရန်ခေါင်းဆောင်ပိုင်းက ယူဆခဲ့ဖွယ် ရှိပါတယ်။ အခုတော့ လက်တွေ့မှာ တိုက်ခိုက်ခံခဲ့ရပါပြီ။

အီရန်ခေါင်းဆောင်တွေအနေနဲ့ စစ်ပွဲကို ဘယ်လိုအပြတ်တိုက်မလဲ၊ ဘယ်လို ရှင်သန်အောင် လုပ်မလဲ၊ ဖြစ်လာတဲ့ အကျိုးဆက်ကို ဘယ်လိုကိုင်တွယ်မလဲ ဆိုတာတွေကို အခုအခါ တွက်ချက် စဉ်းစားနေလောက်ပြီ ဖြစ်ပါတယ်။ ဆော်ဒီအာရေဗျ ဦးဆောင်တဲ့ အိမ်နီးချင်း နိုင်ငံတွေအနေနဲ့လည်း ဒီကနေ့ ဖြစ်ခဲ့တဲ့ တိုက်ခိုက်မှုတွေကြောင့် နောက်ဆက်တွဲ ဖြစ်လာမယ့် မသေချာ မရေရာမှုတွေ၊ အကျိုးဆက်တွေကြောင့် အကြီးအကျယ် ထိတ်လန့် စိုးရိမ်နေကြမှာ ဖြစ်ပါတယ်။

အရှေ့အလယ်ပိုင်းဒေသမှာ နောက်ထပ် ပြဿနာတွေ ထပ်ဖြစ်လာနိုင်တဲ့ စွမ်းအားကို ကြည့်ခြင်းအားဖြင့် ပိုဆိုးလာတဲ့ စစ်ပွဲတွေကြောင့် နဂိုကတည်းကိုက မငြိမ်မသက်မှုတွေ၊အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်နေပြီးသား ဒေသတွင်းနဲ့ ကမ္ဘာ့တခြား ဒေသတွေမှာ မတည်ငြိမ်မှုတွေ နောက်ထပ် ပိုတိုးလာမှာ ဖြစ်ပါတယ်။