အာဏာသိမ်းကာလ ဘာလို့ လျှပ်စစ်မလုံလောက်

ဖတ်ရန်အချိန်: မိနစ် ၁၈

မြန်မာမှာ နိုင်ငံတစ်ခုလုံးရဲ့ဓာတ်အားလိုအပ်ချက်ကို အစိုးရအဆက်ဆက်တခါမှ မဖြည့်ဆည်းပေးနိုင်ခဲ့ပါဘူး။

NLD အစိုးရလက်ထက်မှာ နိုင်ငံရဲ့တဝက်ကို လျှပ်စစ်မီးလင်းအောင်လုပ်နိုင်ခဲ့ပြီး ပျော်ပွဲရွှင်ပွဲဂုဏ်ပြုပွဲတွေလုပ်ရတဲ့အထိ အောင်မြင်မှုတစ်ခုဖြစ်ခဲ့တာပါ။

အာဏာသိမ်းပြီးနောက်မှာတော့ ၂၄ နာရီလုံးဝ လျှပ်စစ်မီးမလာတဲ့အချိန်တွေကိုတောင် ဖြတ်သန်းခဲ့ရကြရပါတယ်။

မြို့ပြမှာတောင် လျှပ်စစ်မီးရရှိမှုက ဆိုးရွားနေဆဲလို့ မြန်မာ့စွမ်းအင်ကဏ္ဍအတွက် ကမ္ဘာ့ဘဏ်ရဲ့ ၂၀၂၅ နောက်ဆုံးထုတ် စစ်တမ်းမှာဖော်ပြပါတယ်။

သဘာဝဓာတ်ငွေ့ရည် (LNG) သုံး ဓာတ်အားပေးစက်ရုံတွေကနေ စက်မှုဇုန်နဲ့ အထူးစီးပွားရေးဇုန်တွေကို ၂၄ နာရီ လျှပ်စစ်ဓာတ်အားပေးပြီး မီတာခ တစ်ယူနစ် ကျပ် ၉၀၀ ကောက်သွားမယ်လို့ စစ်ကော်မရှင်က ဖေဖော်ဝါရီနောက်ဆုံးပတ်မှာကြေညာပါတယ်။

မြန်မာ့လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးရဲ့ အနာဂတ်က တရုတ်အပေါ်မှီခိုရလိမ့်မယ်လို့ အကဲခတ်တွေက သုံးသပ်နေကြပါတယ်။

၂၄ နာရီလုံးဝမီးမရတဲ့ကာလတွေကို ဖြတ်ခဲ့ပြီးပြီ

အာဏာသိမ်းမှုအောက်မှာ မီးပြတ်တဲ့နေ့တွေများလာရတဲ့ အကြောင်းတရားများစွာ ရှိပါတယ်။ ကနဦးတွေ့ရှိချက်က အရပ်သားအစိုးရလက်ထက်က လုပ်ဆောင်ချက်တချို့ အသက်မဝင်တော့တာပါ။

"၂၀၃၀ ပြည့်နှစ်မှာ မြန်မာနိုင်ငံကဒေသအားလုံးမှာ လျှပ်စစ်ဓာတ်အားအပြည့်အဝရရေး" ဆိုတဲ့ အမျိုးသား လျှပ်စစ်ဓာတ်အားရရှိရေးစီမံချက်အစီအစဉ်ကိုလည်း NLD လက်ထက်မှာစတင်ခဲ့ပါတယ်။ ကမ္ဘာ့ဘဏ် ကနေ ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၄၀၀ ရယူပြီးဆောင်ရွက်တဲ့ စီမံချက်လည်းဖြစ်ပါတယ်။

ပထမအဆင့်မှာတင် ကျေးရွာပေါင်း ၅,၀၈၀ ရွာအတွက် လိုအပ်မယ့် ထရန်စဖော်မာနဲ့ ဆက်စပ် ပစ္စည်းတွေကို ရာနှုန်းပြည့်ဝယ်ယူထားခဲ့ပါတယ်။

အာဏာသိမ်းပြီးနောက်မှာတော့ ဒီစီမံချက်အကောင်အထည်ဖော်မှုအကြောင်း တိတ်ဆိတ်နေခဲ့ပြီး ဝန်ကြီးဌာနရဲ့ တရားဝင်ဝဘ်ဆိုဒ်မှာလည်း ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလအထိသာ အချက်အလက်တွေကို တွေ့ရပါတယ်။

"NLD လက်ထက်မှာ လျှပ်စစ်ကိုအပိုင်း ၃ ပိုင်းနဲ့ ကြိုးစားခဲ့တယ်။ နယ်စပ်ဖြတ်ကျော်လျှပ်စစ်နဲ့ ပတ်သက်တာရယ်၊ LNG ပရောဂျက်တွေရယ်၊ ဆိုလာတွေနဲ့ လုပ်ခဲ့တယ်" လို့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒ လေ့လာရေးအင်စတီကျု (ISP Myanmar) ၊ တရုတ်ကဏ္ဍ (China Desk) မှာ သုတေသနလုပ်သူတစ်ဦးက ပြောပါတယ်။

ဆိုလာစွမ်းအင်စီမံကိန်း ဓာတ်အားခွဲရုံအခု ၄၀ အတွက် တရုတ်ကုမ္ပဏီ ၁၃ ခုကို တင်ဒါချပေးခဲ့ပါတယ်။ ဒီထဲကအများစုဟာ အာဏာသိမ်းပြီးနောက်ပိုင်းမှာ ကြန့်ကြာနေတယ်လို့ဆိုကာ တင်ဒါပယ်ဖျက်ခံလိုက်ရတာတွေရှိနေတယ်လို့ ISP Myanmar ကနေ သိရပါတယ်။

ဒါအပြင် စစ်ကောင်စီရဲ့ တင်းကျပ်တဲ့စီးပွားရေးမူဝါဒ၊ နိုင်ငံခြားငွေချုပ်ကိုင်မှုတွေကလည်း လျှပ်စစ် ထုတ်လုပ်ရေး အကောင်အထည်ဖော်မယ့် ကုမ္ပဏီတွေကို အခက်တွေ့စေခဲ့ပါတယ်။

သဘာဝဓာတ်ငွေ့ရည် (LNG) သုံးစက်ရုံတွေကို လုပ်ကိုင်ခွင့်ရရှိခဲ့တဲ့ ကုမ္ပဏီတချို့ရပ်နားခဲ့ပြီး ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ကစီမံကိန်းတွေမှာသာ ဆက်လည်ပတ်ခဲ့ရတယ်လို့ ISP Myanmar ရဲ့ အချက်အလက် အရသိရပါတယ်။ LNG စီမံကိန်းလုပ်ခွင့်ရ ကုမ္ပဏီတွေထဲကတစ်ခုဖြစ်တဲ့ Vpower ကုမ္ပဏီဟာ နိုင်ငံခြားငွေလဲလှယ်မှုတွေကို တင်းကျပ်လိုက်တာကြောင့် လုပ်ငန်းအရှုံးပေါ်လို့ စီမံကိန်း ၅ ခုထဲက ၄ ခုကို ရပ်ထားရပြီလို့ ၂၀၂၃ ခုနှစ်မှာ ထုတ်ပြန်ခဲ့ပါတယ်။

ဒါပေမဲ့ စစ်တပ်ဟာ သဘာဝပတ်ဝန်းကျင်ရှုထောင့်အရကန့်ကွက်မှုတွေကြုံခဲ့ရတဲ့ ရေအားလျှပ်စစ်စီမံကိန်း တွေကိုတော့ တည်ဆောက်ရေးဆက်လုပ်တာ၊ အကောင်အထည်ဖော်ဖို့ကြိုးစားတာတွေ လုပ်ပါတယ်။

ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်မှာရှိတဲ့ အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်းကို ၂၀၂၅ ခုနှစ်မှာအပြီးသတ်မယ်လို့ စစ်ကောင်စီလက်ထက်မှာ ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ ၁၀၂၇ စစ်ဆင်ရေးလှိုင်းတွေနဲ့အတူ ရှမ်းမြောက်မှာ စစ်ရေးပြင်းထန်လာချိန်မှာတော့ ဒီစီမံကိန်းရပ်သွားခဲ့ပါတယ်။

"အထက်ရဲရွာက ရပ်ထားတယ်" လို့ လက်ရှိအခြေအနေနဲ့ပတ်သက်လို့ ရှမ်းလူ့အခွင့်အရေးအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ယိင်းလျန်းဟန်က ပြောပါတယ်။

ကချင်ပြည်နယ်ကမြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကိုလည်း စစ်တပ်က ပြန်အသက်သွင်းဖို့ကြိုးပမ်း လာပါတယ်။ ဒုတိယစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းကိုယ်တိုင် မြစ်ကြီးနားမြို့ကိုသွားပြီး မြစ်ဆုံပြန်စမယ့်အကြောင်း ၂၀၂၅ ဒီဇင်ဘာမှာထုတ်ပြောခဲ့ပါတယ်။

"ဒါကတော့ရှင်းပါတယ်။ စစ်ကော်မရှင်အတွက် အကျိုးပိုများလို့ဆိုတဲ့အကြောင်းပဲရှိပါတယ်။ တရုတ်နဲ့ သံတမန်ဆက်ဆံရေးအမြတ်ထွက်မယ်။ ဒေသတွင်း တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ EAOs/EROs တွေကို နိုင်ငံရေးအရဖိအားပေးနိုင်မယ်။ သက်ဆိုင်ရာဘဏ္ဍာနှစ်တွေမှာ ချေးငွေတဆင့်မြှင့်လို့ရမယ်" လို့ လျှပ်စစ်အင်ဂျင်နီယာ ကိုအေးချမ်းက ပြောပါတယ်။

ကိုအေးချမ်းဟာ နော်ဝေနိုင်ငံ၊ အာတိတ်တက္ကသိုလ် (UiT) မှာ လျှပ်စစ်အင်ဂျင်နီယာဘာသာရပ်ကို မဟာတန်းတက်ရောက်လေ့လာခဲ့သူပါ။

မြန်မာမှာ တပ်ဆင်စက်အင်အား ၆,၇၂၅ မဂ္ဂါဝပ်အထိပေးနိုင်တဲ့ ရေအားလျှပ်စစ်စက်ရုံ ၃၂ ရုံ၊ သဘာဝဓာတ်ငွေ့သုံးစက်ရုံ ၂၄ ရုံ၊ ကျောက်မီးသွေးသုံးစက်ရုံ ၂ ရုံ၊ နေရောင်ခြည်သုံးစွမ်းအင်စက်ရုံ ၁၂ ရုံ ရှိပါတယ်။ ဒါတွေကို စက်စွမ်းအားအပြည့်မောင်းနှင်နိုင်ရင် ၄,၀၀၀ မဂ္ဂါဝပ်ခန့်အထိ ထုတ်လုပ်နိုင်မှာပါ။

လျှပ်စစ်ဓာတ်အား ၆၀၀ မဂ္ဂါဝပ်ကျော်လျော့ထုတ်နေရလို့ တရက်ကို ပျှမ်းမျှ ၃,၀၀၀ မဂ္ဂါဝပ်ခန့်သာ ထုတ်လုပ်နိုင်ခဲ့တယ်လို့ စစ်ကော်မရှင်လျှပ်စစ်စွမ်းအားဝန်ကြီးဌာနရဲ့ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလစာရင်းအရ သိရပါတယ်။

ဒါဟာ ဓာတ်အားလိုင်းတွေဖျက်ဆီးခံရတာ၊ သဘာဝဘေးအန္တရာယ်ကျရောက်တာနဲ့ ရတနာကမ်းလွန်ကနေ ဓာတ်ငွေ့ရရှိမှု လျော့နည်းတာတို့ကြောင့် လျှပ်စစ်ထုတ်လုပ်နိုင်မှုလျော့ကျခဲ့တာလို့ ဆက်တိုက်အကြောင်းပြ ခဲ့ပါတယ်။ ၂၀၂၄ ခုနှစ်မှာ ၁,၂၄၂ မဂ္ဂါဝပ်နဲ့ ၂၀၂၅ ခုနှစ်မှာ ၁,၅၇၀ မဂ္ဂါဝပ်လျော့ကျခဲ့တာပါ။

"၂၀၂၁ ဖေဖော်ဝါရီနဲ့ ၂၀၂၃ ဧပြီကြား လျှပ်စစ်ဖြန့်ချိရေးဆိုင်ရာအဆောက်အဆုံတွေတိုက်ခိုက်မှုခံရမှုက ၂၂၉ ခုရှိတယ်လို့ပြောတယ်။ ဒါပေမဲ့ ၂၀၂၂ နှစ်စက စလို့ ဒီလိုတိုက်ခိုက်မှုတွေ လျော့ကျလာတာကိုတွေ့ရတယ်" လို့ လျှပ်စစ်အင်ဂျင်နီယာ ကိုအေးချမ်းက ထောက်ပြပါတယ်။

ယေဘုယျအနေနဲ့ စစ်တပ်မူဝါဒ နဲ့ စစ်ရေးအရွေ့နယ်မြေစိုးမိုးမှုတွေဟာ လျှပ်စစ်ကဏ္ဍအပေါ် သက်ရောက်မှု ရှိခဲ့တယ်လို့ ကောက်ချက်ချကြပါတယ်။

တရုတ်-မြန်မာစီးပွားရေးစင်္ကြံစီမံကိန်းတွေထဲက လျှပ်စစ်စီမံကိန်းအများစုရှိတဲ့ ရှမ်းပြည်နယ်မှာဆိုရင် စစ်ရေးအပြောင်းအလဲတွေကြောင့် အများစုရပ်ဆိုင်းထားရပေမဲ့ စစ်တပ်ကပြန်သိမ်းပိုက်တဲ့ သီပေါမြို့နယ်က နမ္မတူရေအားလျှပ်စစ်စီမံကိန်းကိုတော့ ပြန်စတင်နေတယ်လို့ ရှမ်းလူ့အခွင့်အရေးအဖွဲ့ကနေ သိရပါတယ်။

ပဲခူးနဲ့ ရခိုင်ဘက်မှာသာ လျှပ်စစ်စီမံကိန်းတွေအဓိကလည်ပတ်မှုရှိနေတယ်လို့ ISP Myanmar က ထောက်ပြပါတယ်။

"ဆိုလာထဲမှာဆိုရင် တရုတ်အစိုးရပိုင် Power China ကတော့ ရွှေကျင်မှာ နေရောင်ခြည်သုံးအတွက် ဆက်လုပ်တာတွေ့တယ်။ တခုလုံးပြန်ချိန်မယ်ဆိုရင် ရွှေကျင်စီမံကိန်းနဲ့ ကျောက်ဖြူစီမံကိန်း အဲဒီနှစ်ခုပဲ လုပ်နေတာတွေ့ရတယ်" လို့ ISP Myanmar ၊ တရုတ်ကဏ္ဍ (China Desk) မှာ သုတေသနလုပ်သူက ပြောပါတယ်။

အမေရိကန်ဒေါ်လာသန်း ၁၄၀ ရင်းနှီးမြှုပ်နှံထားတဲ့ ကျောက်ဖြူလျှပ်စစ်စီမံကိန်းကလည်း ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ တတိယအပတ်မှာတော့ ပြောင်းလဲမှုတွေရှိလာပါတယ်။ ကျောက်ဖြူက တရုတ်ဓာတ်အားပေး စက်ရုံတွေ သင်္ကြန်မှာအပြီးထွက်ခွာဖို့ ပြင်နေတယ် ဆိုတဲ့သတင်းတွေ ဆက်တိုက်ထွက်လာတာပါ။

"ပြီးခဲ့တဲ့ မိုးတွင်းကတောင် အေအေတပ်ဖွဲ့တွေက ကျောက်ဖြူမြို့နဲ့ ငါးမိုင်လောက်အကွာအထိ သိမ်းထားပြီးမှ တရုတ်ကဆုတ်ခိုင်းလို့ ဆုတ်ပေးလိုက်ရတာ။ အခုအဲဒီနေရာတွေကို ပြန်တိုက်နေတယ်။ တဖက်မှာလည်း တရုတ်စက်ရုံတွေပိတ်နေတယ်ဆိုတော့ ဒါကစဉ်းစားစရာဖြစ်တာပေါ့" လို့ ရခိုင်အရေး ကျွမ်းကျင်သူတစ်ဦးက ပြောပါတယ်။

ဒီအခြေအနေနဲ့ပတ်သက်လို့တော့ စစ်ကော်မရှင်ဘက်က တစုံတရာထုတ်ပြန်ပြောကြားတာမရှိပါဘူး။ ဒါအပြင် ၅ နှစ်တာအတွင်း လျှပ်စစ်ပေးနိုင်မှုနဲ့ပတ်သက်လို့ ဘီဘီစီရဲ့ မေးမြန်းမှုကိုလည်း ‌ဖေဖော်ဝါရီ ၂၅ ရက် ညနေ ၆ နာရီအထိ ပြန်လည်ဖြေကြားတာမရှိသေးပါ။

မြန်မာ့လျှပ်စစ်နဲ့ တရုတ်ကဏ္ဍ

ကမ္ဘာ့ဘဏ်ရဲ့ နောက်ဆုံးထုတ် မြန်မာ့လျှပ်စစ်ကဏ္ဍစစ်တမ်းမှာ ၂၀၂၅ နဲ့ ၂၀၁၇ အခြေအနေတွေကို နှိုင်းယှဉ် ပြောထားပါတယ်။ ၂၀၁၇ ခုနှစ်တုန်းကဆိုရင် အိမ်ခြေ ၃၈.၉ ရာခိုင်နှုန်းဟာ ၂၃ နာရီနဲ့အထက် လျှပ်စစ်မီးရခဲ့ပါတယ်။ အခုတော့ ၁၆ နာရီနဲ့အထက်လျှပ်စစ်မီးရတာက ၁၅.၆ ရာခိုင်နှုန်းပဲရှိပါတယ်။

မြို့ပြမှာတောင် လျှပ်စစ်မီးရရှိမှု ဆိုးရွားနေဆဲလို့ ကမ္ဘာ့ဘဏ်ရဲ့ ၂၀၂၅ ဇွန်လထုတ်စစ်တမ်းမှာ ထောက်ပြထားပါတယ်။

တဖက်မှာ လျှပ်စစ်သုံးစွဲမှုပမာဏက တစ်နှစ်ကို ၁၅ ရာခိုင်နှုန်းကနေ ၁၉ ရာခိုင်နှုန်းအထိ တက်လာပါတယ်။ ဒါပေမဲ့ လျှပ်စစ်ထုတ်လုပ်မှုပမာဏကတော့ လျော့ကျနေဆဲပါ။

"ရေတိုဖြေရှင်းနည်းတွေ၊ အိုမင်းနေတဲ့အခြေခံအဆောက်အအုံတွေ၊ ရုတ်တရက်တိုးလာတဲ့အိမ်ခြေနဲ့ လိုက်မတိုးနိုင်တဲ့ထုတ်လုပ်မှုအားတွေက လျှပ်စစ်မလုံလောက်စေတဲ့ အဓိကအကြောင်းအရင်းတွေ ဖြစ်တယ်" လို့ လျှပ်စစ်အင်ဂျင်နီယာ ကိုအေးချမ်းက သုံးသပ်ပါတယ်။

လျှပ်စစ်ထုတ်လုပ်မှုကဏ္ဍကိုကြည့်မယ်ဆိုရင် တရုတ်ကုမ္ပဏီတွေက အများစုမှာ နေရာယူထားပါတယ်။ ISP Myanmar ရဲ့ အချက်အလက်အရ တရုတ်ကုမ္ပဏီတွေဟာ လျှပ်စစ်မဂ္ဂါဝပ် ၂,၀၀၀ ခန့်ကို ထုတ်ပေးနေပါတယ်။

ဒီကုမ္ပဏီတွေဟာ ရေအားလျှပ်စစ်စီမံကိန်းတွေကို ဖက်စပ်လုပ်ဆောင်တာ၊ BOT စနစ်နဲ့ လုပ်ဆောင်တာ၊ စီမံကိန်းတည်ဆောက်ရေးအတွက် ငွေကြေးထောက်ပံ့တာ၊ ချေးငွေပေးတာ စတဲ့ ပုံစံမျိုးစုံနဲ့ လုပ်ကိုင်နေပါတယ်။

တရုတ်အကောင်အထည်ဖော်နေတဲ့ လျှပ်စစ်စီမံကိန်းတွေအရ အနာဂတ်မှာ မြန်မာ့လျှပ်စစ်ထုတ်လုပ်မှုရဲ့ ၃၅ ရာခိုင်နှုန်းကျော်ဟာ တရုတ်စီမံကိန်းတွေကရောင်းချပေးတာတွေဖြစ်လိမ့်မယ်လို့ ISP Myanmar က ခန့်မှန်း ထားပါတယ်။

လတ်တလော လူစိတ်ဝင်စားမှုမြင့်တက်ခဲ့တဲ့ စီးပွားဖြစ်လျှပ်စစ်ရောင်းချပေးနေတဲ့ ရန်ကုန်မြို့၊ သန်လျင်နဲ့ သာကေတတို့က သဘာဝဓာတ်ငွေ့ရည် (LNG) သုံး လျှပ်စစ်စီမံကိန်းတွေဟာ ဟောင်ကောင်အခြေစိုက် တရုတ်ကုမ္ပဏီ Vpower က ပြန်လည်ပတ်ထားတာပဲဖြစ်ပါတယ်။

"လျှပ်စစ်ကိုစီးပွားဖြစ်နှုန်းထားနဲ့ ရောင်းချပေးဖို့က အရင်အစိုးရလက်ထက်ကတည်းက စီစဉ်ခဲ့တာပါ။ ဒီ ၅ နှစ်တာမှာလည်း ဒါဖြစ်မြောက်လာဖို့ ဝန်ကြီးဌာနနဲ့ စက်မှုဇုန်တွေအကျေအလည်ဆွေးနွေးခဲ့ရပါတယ်။ ဝန်ကြီးတွေလည်းပြောင်းပြီးမှ လွန်ခဲ့တဲ့ ၃ လလောက်ကစပြီး ဒီစက်ရုံတွေကနေလျှပ်စစ်ရပါတယ်" လို့ ရန်ကုန်စက်မှုဇုန်တစ်ခုရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

စစ်ကော်မရှင်ကလည်ပတ်ထားပြီလို့ကြေညာထားတဲ့ ဒီစက်ရုံနှစ်ခုကို တရုတ်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Vpower ကုမ္ပဏီကလုပ်ကိုင်ခွင့်ရထားပြီး LNG ကိုတော့ ထိုင်းကုမ္ပဏီဖြစ်တဲ့ PTT ကနေ တင်သွင်းပါတယ်။ Vpower ကုမ္ပဏီဟာ မြန်မာက သဘာဝဓာတ်ငွေ့ (CNG) နဲ့ သဘာဝဓာတ်ငွေ့ရည် (LNG) သုံးစီမံကိန်းတွေကို အများဆုံးလုပ်ကိုင်ခွင့်ရထားတဲ့ ကုမ္ပဏီတွေထဲက တစ်ခုလည်းဖြစ်ပါတယ်။

သန်လျင်၊ သာကေတတို့အပြင် ကျွန်းချောင်း၊ အလုံနဲ့ ကျောက်ဖြူတို့က စီမံကိန်းတွေမှာ လုပ်ကိုင်ခွင့် ရထားတဲ့ ကုမ္ပဏီပါ။ အရပ်သားအစိုးရလက်ထက်က ဒီစီမံကိန်းနှစ်ခုဟာ အာဏာသိမ်း ၅ နှစ်မပြည့်ခင် ကာလအထိ ရပ်ခဲ့ပါတယ်။ ၂၀၂၅ နှစ်ကုန်ပိုင်းမှာတော့ စစ်ကော်မရှင်နဲ့ ညှိနှိုင်းပြီး ပြန်လည်ပတ်လာတယ်လို့ နားလည်ရပါတယ်။

ဘာကြောင့်လဲဆိုတော့ ၂၀၂၃ နဲ့ ၂၀၂၄ ကာလတွေဟာ မြန်မာမှာလျှပ်စစ်မီးပြတ်တောက်မှုအဆိုးရွားဆုံး ရင်ဆိုင်ရတဲ့ကာလတွေလို့ ဆိုနိုင်သလို စစ်ကောင်စီရဲ့ လျှပ်စစ်ဝန်ကြီးတွေအပြောင်းအလဲဖြစ်တဲ့အချိန် လည်းဖြစ်ပါတယ်။ လျှပ်စစ်ကဏ္ဍကျွမ်းကျင်သူဖြစ်တဲ့ ဦးသောင်းဟန်ကို ရာထူးကဖယ်ရှားပြီး စစ်အင်ဂျင်နီယာဗိုလ်ချုပ်ဖြစ်တဲ့ ဦးဉာဏ်ထွန်းကို ဝန်ကြီးအဖြစ် ခန့်အပ်ခဲ့ပါတယ်။

၂၀၂၄ ခုနှစ်မှာတော့ လျှပ်စစ်နဲ့စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်ကို စစ်ကောင်စီကဖွဲ့စည်းပေးခဲ့ပြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ဥက္ကဋ္ဌအဖြစ်လက်ရှိအချိန်အထိတာဝန်ယူနေပါတယ်။

"၂၄ နာရီလုံးဝမီးမရတဲ့ကာလတွေကိုလည်း ကျွန်တော်တို့ ဖြတ်သန်းခဲ့ပြီးပြီ" လို့ ရန်ကုန်စက်မှုဇုန်တစ်ခုရဲ့ တာဝန်ရှိသူက ငါးနှစ်တာအတွေ့အကြုံကို ပြန်ပြောပြပါတယ်။

ကုန်ထုတ်လုပ်ရေးအတွက် အခြေခံလျှပ်စစ်မီးပုံမှန်ရအောင် ဒီဇယ်ဆီသုံး မီးစက်တွေကိုအားကိုးရပြီး နေရောင်ခြည်သုံး ဆိုလာတပ်ဆင်အသုံးပြုတဲ့အထိ အမျိုးမျိုးကျင့်သုံးခဲ့ကြရပါတယ်။ တစ်ယူနစ်ကို ၁၅၀၀ ကျပ်ဝန်းကျင်ကုန်ကျရာကနေ ဒီ LNG စက်ရုံထုတ်လျှပ်စစ်ကို ၉၀၀ ကျပ်နဲ့ ရမှာက ပိုပြီး အဆင်ပြေနိုင်မယ်လို့ နှစ် ၃၀ ကျော်စီးပွားရေးလုပ်ငန်းလုပ်လာတဲ့ စက်မှုဇုန် တာဝန်ရှိသူက ပြောပါတယ်။

"Vpower နဲ့က ငါးနှစ်စာစာချုပ်ထားတယ်။ နှစ်နှစ်ကိုတော့ ၉၀၀ ကျပ်နဲ့ပဲ ဈေးမပြောင်းရဘူးလို့ ချုပ်ထား တာပါ။ ၂၀၂၆ ဖေဖော်ဝါရီကနေ နောက်နှစ်နှစ်ပေါ့။ ပြီးရင်တော့ အခြေအနေပြန်ကြည့်မှာပေါ့" လို့ သူက ဆက်ပြောပါတယ်။

စီးပွားဖြစ်နှုန်းထားနဲ့ လျှပ်စစ်ရောင်းချတာကို ရန်ကုန်က စက်မှုဇုန် ၂၉ ဇုန်မှာ စတင်နေပြီး ‌ဈေးဝယ်စင်တာ တွေနဲ့ ဟိုတယ်တွေကိုပါ ရောင်းချဖို့ညှိနှိုင်းတာတွေရှိနေတယ်လို့ သိရပါတယ်။ ဒီလိုမျိုး LNG စက်ရုံထုတ် လျှပ်စစ်တွေကို စီးပွားရေးလုပ်ငန်းတွေကိုသီးသန့်ရောင်းချမှာဖြစ်လို့ လုပ်ငန်းတွေဆီပေးခဲ့ရတဲ့ လျှပ်စစ်ကို ပြည်သူတွေဆီပေးဖို့ စီစဉ်ထားကြောင်း စစ်ကော်မရှင်က ထုတ်ပြန်ပါတယ်။

ပြည်သူတွေကိုတော့ လျှပ်စစ်မီတာခဈေးနှုန်းမပြောင်းလဲဖို့ ညှိနှိုင်းထားတယ်လို့ စက်မှုဇုန်လုပ်ငန်းရှင် အသိုင်းအဝိုင်းကနေ သိရပါတယ်။

"ပုံမှန်နိုင်ငံတခုရဲ့ လျှပ်စစ်ဖြန့်ဝေရေးမှာ စီးပွားဖြစ်ရောင်းချမှုကတော့အမြဲတမ်းလုပ်နေတာပဲ။ တိုးတက်ပြီး နိုင်ငံတွေအများစုက ပုဂ္ဂလိကပိုင်စနစ် (Deregulated System) ကိုသုံးတယ်။ မြန်မာပြည်ကတော့ အရင်ထဲက လျှပ်စစ်ထုတ်လုပ်မှုက နိုင်ငံပိုင် (Regulated system) ဖြစ်တယ်" လို့ လျှပ်စစ်အင်ဂျင်နီယာ တစ်ဦးဖြစ်တဲ့ ကိုအေးချမ်းက ပြောပါတယ်။

"စီးပွားရေးလုပ်ငန်းတွေ (industrial area) အတွက်မီတာတခုသတ်မှတ်လိုက်တယ်၊ လူနေအိမ်တွေအတွက်တော့အပြောင်းအလဲမရှိဘူးလို့ဆိုတယ်။ ဆိုလိုတာက အတိုင်းအတာတခုအထိ အရှုံးမခံနိုင်တော့ဘူး ဘဏ္ဍာငွေပြန်ပေါ်ချင်တယ်လို့ယူဆလို့ရတယ်" လို့ ကိုအေးချမ်းက ရှင်းပြပါတယ်။

မြန်မာဟာ နိုင်ငံပိုင်စနစ်နဲ့လျှပ်စစ်ထုတ်လုပ်တာကြောင့် သာမန်လူနေအိမ်နဲ့ စီးပွားရေးလုပ်ငန်းတွေကို မီတာခွဲခြားသတ်မှတ်ပြီး ဈေးနှုန်းခွဲခြားထားပါတယ်။ ဒီစနစ်အရ အစိုးရတွေကပိုငွေစိုက်ထုတ်ပေးလေ့ ရှိပါတယ်။ အခုတော့ စစ်ကော်မရှင်က ဘဏ္ဍာငွေရအောင်ပြန်ကြိုးစားတဲ့သဘောလို့ ဆိုကြပါတယ်။

စီးပွားဖြစ်လျှပ်စစ်ထုတ်ရောင်းတဲ့ စက်ရုံကနေ ၅၀၀ မဂ္ဂါဝပ်ကိုဖြည့်တင်းနိုင်ပြီး တစ်ရက်ကို စုစုပေါင်း ၃,၄၀၀ မဂ္ဂါဝပ် (၆၀,၀၀၀ မဂ္ဂါဝပ်နာရီ) အထိထုတ်နိုင်တယ်လို့ စစ်ကော်မရှင်လျှပ်စစ်စွမ်းအားဝန်ကြီးဌာန က ထုတ်ပြောထားပါတယ်။

ဒါပေမဲ့ တရုတ်ကုမ္ပဏီတွေလုပ်ပိုင်ခွင့်ရထားတဲ့စီမံကိန်းတွေထဲ အကြီးဆုံးအဖြစ် မဂ္ဂါဝပ် ၁,၃၉၀ အထိ ထုတ်လွှတ်နိုင်တဲ့ မီးလင်းချိုင်စီမံကိန်းရှိပါတယ်။ အမေရိကန်ဒေါ်လာ ၂.၅ ဘီလျံရင်းနှီးမြှုပ်နှံထားတဲ့ စီမံကိန်းလည်းဖြစ်ပါတယ်။

"၂၀၂၂ မှာ ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းရဲ့ရင်းနှီးမြှုပ်နှံမှုကော်မရှင်က အကောင်အထည်ဖော်ဖို့ ခွင့်ပြုကြောင်းကြေညာတယ်။ မြေပြင်မှာအကောင်အထည်မဖြစ်နေဘူး"

"အာဏာသိမ်းပြီးနောက်ပိုင်းလျှပ်စစ်ရဲ့ တရုတ်အခန်းကဏ္ဍကိုပြောရမယ်ဆိုရင် ရခိုင်ပြည်နယ် ကျောက်ဖြူက စီမံကိန်းတွေကိုပဲ အကောင်အထည်ဖော်တာတွေ့ရတယ်" လို့ လို့ ISP Myanmar ၊ တရုတ်ကဏ္ဍ (China Desk) မှာ သုတေသနလုပ်သူက ပြောပါတယ်။

ဒီလိုအ‌ခင်းအကျင်းတွေကြောင့် တရုတ်ကုမ္ပဏီတွေကိုထုတ်လုပ်ခွင့်ပြုကာ လျှပ်စစ်ဝယ်ယူတာက မြန်မာမှာ ကြုံနေရတဲ့ လျှပ်စစ်မလုံလောက်တဲ့ပြဿနာကို ဖြေရှင်းနိုင်ပေမဲ့ ရေရှည်မှာတော့ ပြည်ပနိုင်ငံတစ်ခုရဲ့ ရင်းနှီးမြှုပ်နှံမှုကို မှီခိုရတာက အန္တရာယ်များတယ်လို့ ISP Myanmar က သုံးသပ်ထားပါတယ်။

စစ်တပ်လွှမ်းမိုးမယ့်လွှတ်တော်မှာရော လျှပ်စစ်ပြဿနာကိုင်တွယ်မလား

၅ နှစ်တာ စစ်ကောင်စီရော စစ်ကော်မရှင်လက်ထက်မှာပါ လျှပ်စစ်ထုတ်လုပ်ရေးနဲ့ပတ်သက်ပြီး ဆောင်ရွက်ချက်တွေဟာ ဒေသခံပြည်သူတွေရဲ့ ထုတ်ဖော်ပြောဆိုခွင့်အကန့်အသတ်ဖြစ်ချိန်၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာစောင့်ကြည့်ရေးယန္တရားတွေမလည်ပတ်နိုင်ချိန်မှာ လုပ်နေတာဆိုပြီး ဝေဖန်မှုတွေရှိနေပါတယ်။

ဗိုလ်ချုပ်ကြီး တင်အောင်စန်းဦးဆောင်တဲ့ လျှပ်စစ်နဲ့စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်ဟာ ရွေးကောက်ပွဲရလဒ်က တက်လာမယ့် လွှတ်တော်မခေါ်ခင်မှာပဲ ပဥ္စမအကြိမ်အစည်းအဝေးလုပ်ပြီး ရေအားလျှပ်စစ်စီမံကိန်းကြီး တွေကို အကောင်အထည်ဖော်ဖို့ ပြောသွားပါတယ်။

စီမံကိန်းတွေအကောင်အထည်ဖော်ရာမှာ ဥပဒေလုပ်ထုံးလုပ်နည်း သတ်မှတ်ချက်အတိုင်းလုပ်ဖို့၊ ဒေသဖွံ့ဖြိုးရေးကို အထောက်အကူဖြစ်ဖို့၊ ရေကြီးရေလျှံဘေးအန္တရာယ်လျော့ချနိုင်အောင်လုပ်ဖို့တွေ ဗိုလ်ချုပ်ကြီးတင်အောင်စန်းက ထည့်ပြောပါတယ်။

ဒါပေမဲ့ အာဏာသိမ်း ၅ နှစ်တာအတွင်း အကောင်အထည်ဖော်တဲ့ လျှပ်စစ်စီမံကိန်းတွေဟာ ပွင့်လင်းမြင်သာမှုမရှိနေဘူးလို့ ဘီဘီစီ‌မေးမြန်းခွင့်ရသူတွေက ဝေဖန်ကြပါတယ်။

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်က နမ့်ပငရေအားလျှပ်စစ်စီမံကိန်းနဲ့ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ်က ဟွေထိုက်ရေအားလျှပ်စစ်ဓာတ်အားပေးစီမံကိန်းတွေနဲ့ ပတ်သက်ပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ နာဂခရီးစဉ်မှသာ ထင်ထင်ပေါ်ပေါ်သိရှိခဲ့ရပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကျိုင်းတောင်းမြို့မှာ ၁၅ နှစ်ကျော် တည်ဆောက်လာတဲ့ အထက်ကျိုင်းတောင်း ရေအားလျှပ်စစ်စီမံကိန်းကိုလည်း ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ်မှာ အပြီး‌ဆောက်ဖို့ရှိနေပါတယ်။

"ဒေသခံတွေက ကြောက်လို့ဘာမှမပြောရဲဘူး။ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုရှိလားဆိုတာတွေလည်း အသေးစိတ်စောင့်ကြည့်လို့မရဘူး။ အကုန်လုံးက သူတို့ထိန်းချုပ်ထားတဲ့ နယ်မြေတွေဆိုတော့လေ" လို့ ရှမ်းလူ့အခွင့်အရေးအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ယိင်းလျန်းဟန်က ပြောပါတယ်။

ဒါအပြင် လျှပ်စစ်ဝန်ကြီးရဲ့ တရုတ်ခရီးစဉ်မှာ ကမ်းရိုးတန်းဒေသမှာ လေအားလျှပ်စစ်စီမံကိန်းအတွက် ပြောဆိုဆွေးနွေးတာရှိသလို ပံ့ပိုးပေးဖို့လည်း ပြောခဲ့ပါတယ်။

၂၀၂၆ ခုနှစ်ကနေ ၂၀၄၅ ခုနှစ်အထိ နောက်ထပ် အနှစ် ၂၀ အတွက် စွမ်းအင်အသစ် ဖွံ့ဖြိုးရေးအစီအစဉ်နဲ့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု ပုံစံသစ်ကိုလည်းရေးဆွဲဖို့အတွက် စစ်ကော်မရှင်ကပြင်ဆင်နေပါတယ်။ ဒါအတွက် တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်မှုမှာ အဓိကကျပြီး နိုင်ငံတကာရဲ့ ကူညီထောက်ပံ့မှုတွေ လိုအပ်မယ်လို့ ဆိုပါတယ်။

အာဏာသိမ်းအခြေအနေအတွင်း အပြန်အလှန်ထိန်းကြောင်းမှုမရှိ၊ ပွင့်လင်းမြင်သာမှုမရှိတဲ့ အကောင်အထည်ဖော်မှုတွေဟာ အကျိုးဖြစ်ထွန်းမှုမရှိနိုင်ဘူးလို့ လျှပ်စစ်အင်ဂျင်နီယာ ကိုအေးချမ်းက သူ့အမြင်တွေကိုပြောပါတယ်။

"ခိုင်မာတဲ့စီးပွားရေးနဲ့ ထောက်ကန်ပေးမယ့်ငွေကြေးစနစ်မရှိရင် လုပ်သမျှကရေတိုတွေချည်းပဲ။ ပွင့်လင်းမြင်သာမှုမရှိ အပြန်အလှန်ထိန်းကျောင်းမှုမရှိတဲ့ Government-to-Government (G2G) စာချုပ်တွေ Government-to-Public/Private (G2P) စာချုပ်တွေက အကျိုးထက် အပြစ်ပိုများလိမ့်မယ်" လို့ ကိုအေးချမ်းက ထောက်ပြပါတယ်။

လျှပ်စစ်ကဏ္ဍနဲ့ပတ်သက်လို့ မကြာခင်‌ခေါ်ယူတော့မယ့် စစ်တပ်ကြီးစိုးတဲ့ လွှတ်တော်မှာ ဘယ်လို ကိုင်တွယ်မလဲဆိုတာတော့ နယ်ပယ်အစုံကကျွမ်းကျင်သူတွေလည်း တိတိကျကျခန့်မှန်းမပြောနိုင်နေပါဘူး။

လွှတ်တော်နေရာအများစုကိုအနိုင်ရထားတဲ့ ကြံ့ခိုင်ရေးပါတီကတော့ တရားဥပဒေစိုးမိုးရေး၊ အခြေခံ စားဝတ်နေရေးဖူလုံရေး၊ အလုပ်အကိုင်အခွင့်အလမ်းတွေပေါ်ပေါက်ရေးတွေကို မေးခွန်းမေးမြန်းနိုင်ဖို့ အတွက် ပြည်သူတွေနဲ့တွေ့ဆုံစကားပြောနေတာတွေရှိနေတယ်လို့ ‌ပါတီဥက္ကဋ္ဌ ဦးခင်ရီက ပြောထားပါတယ်။

ဒါပေမဲ့ အာဏာသိမ်း ၅ နှစ်အတွင်း ဆိုးဆိုးရွားရွားအခြေအနေရင်ဆိုင်ခဲ့ရတဲ့ လျှပ်စစ်ကဏ္ဍနဲ့ လွှတ်တော်မရှိခင် ဆောင်ရွက်ထားတဲ့ လျှပ်စစ်စီမံကိန်းတွေကို ပြန်လည်စိစစ်ဖို့ ရှိမရှိနဲ့ ပတ်သက်လို့ တော့ တိတိပပပြောတာမတွေ့ရပါဘူး။

စီးပွားရေးလုပ်ငန်းရှင်လည်းဖြစ်တဲ့ ရန်ကုန်စက်မှုဇုန်တစ်ခုရဲ့တာဝန်ရှိသူကတော့ လွှတ်တော်မှာ ဆွေးနွေးတဲ့အခါ လျှပ်စစ်ကဏ္ဍကို အာရုံစိုက်ဖို့မျှော်လင့်ကြောင်း ဘီဘီစီကို ပြောပါတယ်။

အခြေခံလျှပ်စစ်မီးအပြည့်အဝရပြီး ပြည်တွင်းစီးပွားရေးဖူလုံလာပါက လုပ်ခလစာပြဿနာကို ကိုင်တွယ် နိုင်မှာဖြစ်သလို ပြည်တွင်းမှာလုပ်အားအင်အားပြန်ရှိလာဖို့အတွက် ကြိုးစားလာနိုင်မယ်လို့ သူက ထောက်ပြပါတယ်။

ကမ္ဘာဘဏ်ရဲ့ ထုတ်ပြန်ချက်အရလည်း မြန်မာ့စီးပွားရေးကဏ္ဍဖွံ့ဖြိးတိုးတက်ဖို့ဆိုရင် စီးပွားရေးလုပ်ငန်း တွေကို လျှပ်စစ်လုံလုံလောက်လောက် ပေးဖို့လိုအပ်နေပါတယ်။ ဒီအတွက် နှစ်စဉ် အမေရိကန်‌‌ဒေါ်လာ နှစ်ဘီလီယံခန့် သုံးစွဲဖို့လည်းလိုပါတယ်။

သာမန်ပြည်သူတွေရဲ့ နေ့စဉ်လျှပ်စစ်မီးရရှိဖို့အတွက် စိတ်ဆန္ဒတွေကို ဘီဘီစီကရေးသားခဲ့တဲ့ လျှပ်စစ်သတင်းဖော်ပြချက်တွေအောက်က မှတ်ချက်တွေဟာ ပကတိအခြေအနေကို မီးမောင်းထိုးပြနေပါတယ်။

အထူးသဖြင့် ပြည်သူတွေရဲ့ ၅ နှစ်တာအတွေ့အကြုံအရ လာမယ့် ‌၂၀၂၆ ခုနှစ်နွေရာသီကာလမှာလည်း လျှပ်စစ်မီးလာပါ့မလားဆိုတဲ့ စိုးရိမ်ချက်တွေကို အတိုင်းသားဖော်ပြထားကြပါတယ်။