ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
တပ်နဲ့ ကြံ့ခိုင်ရေး အာဏာခွဲဝေရေး ဆွေးနွေးမှုတချို့ စတင်
ရွေးကောက်ပွဲအနိုင်ရပါတီ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီနဲ့ စစ်ကော်မရှင်ကြားမှာ အာဏာခွဲဝေရေးဆွေးနွေးမှုတချို့စတင်နေပြီလို့ နေပြည်တော်သတင်းအရင်းအမြစ်တွေထံက သိရပါတယ်။
USDP ပါတီဥက္ကဋ္ဌ ဦးခင်ရီဟာ နေပြည်တော်မှာ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း တွေ့ဆုံခဲ့တယ်လို့ နေပြည်တော်က ဘီဘီစီသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
လွှတ်တော် သုံးရပ်လုံးအတွက် အမတ်နေရာ ၇၃၉ ဦးအထိ အနိုင်ရထားတဲ့ပါတီဥက္ကဋ္ဌဖြစ်ပေမဲ့ ဦးခင်ရီဟာ သမ္မတလုပ်မယ်ဆိုတဲ့ အရိပ်အယောင်လုံးဝမပြဘဲ ထိန်းထိန်းသိမ်းသိမ်း ပြောဆိုနေထိုင်နေတယ်လို့ ပါတီဥက္ကဋ္ဌရဲ့ခရီးစဥ်တွေမှာ ပါဝင်ခဲ့သူတစ်ဦးက ပြောပါတယ်။
ဒီတစ်ကြိမ် အာဏာခွဲဝေရေးလမ်းကြောင်းကို စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကဦးဆောင်နေပြီး နေပြည်တော်နိုင်ငံရေးဟာ တပ်နဲ့ ကြံ့ခိုင်ရေး ပူးတွဲအုပ်ချုပ်သွားတော့မယ့် အခင်းအကျင်းဆီ ဦးတည်နေပါတယ်။
ပြည်ထောင်စုအင်္ဂါစဥ်ရဲ့ ထိပ်ပိုင်းနေရာတွေကို ဘယ်သူတွေကပဲယူယူ အာဏာသုံးရပ်လုံးကိုတော့ ကြံ့ခိုင်ရေးနဲ့တပ်ပဲ ပူးပေါင်းမောင်းနှင်သွားမယ့် ပုံစံကို ၂၀၂၆ အကူးအပြောင်းမှာ ထပ်မြင်ရဖို့ရှိပါတယ်။
အမတ်တွေကို နေပြည်တော်ကို ဆင့်ခေါ်ထား
ရွေးကောက်ပွဲအနိုင်ရတဲ့အမတ်တွေကို မတ်လဆန်းမှာ နေပြည်တော်ကို လာရောက်ဖို့ ကြံ့ခိုင်ရေးပါတီက ဆင့်ခေါ်ထားတယ်လို့ အနိုင်ရအမတ်တချို့ဆီက သိရပါတယ်။
လွှတ်တော်နဲ့ ပတ်သက်တဲ့ လုပ်ထုံးလုပ်နည်းနဲ့ စည်းမျဥ်းစည်းကမ်းတွေကို သင်တန်းပေးဖို့ ခေါ်ထားတာလို့ ပါတီရုံးချုပ်ကဆိုပေမဲ့ လွှတ်တော်ပါ တောက်လျှောက်တက်ရတော့မယ်လို့ အမတ်တွေက နားလည်ထားကြပါတယ်။
အနိုင်ရအမတ်တွေထဲက အစိုးရအဖွဲ့ထဲမှာ တာဝန်ထမ်းဆောင်နိုင်တဲ့ အရည်အချင်းရှိသူတွေကို စာရင်းပြုစုပြီး ပါတီဌာနချုပ်ကို တင်ပြဖို့ ဥက္ကဋ္ဌဦးခင်ရီက အမိန့်ပေးထားတဲ့အကြောင်း ပါတီထိပ်ပိုင်းခေါင်းဆောင်တစ်ဦးထံကနေ သိရပါတယ်။
"ဒီစာရင်းကို ဦးခင်ရီက တပ်ကို ပို့လိမ့်မယ်" သူက ပြောပါတယ်။
အစိုးရဖွဲ့ဖို့အတွက် တပ်နဲ့ ကြံ့ခိုင်ရေးဆွေးနွေးညှိနှိုင်းမှုတွေလုပ်နေတဲ့အကြောင်း ပါတီ ခေါင်းဆောင်ပိုင်းက သူတို့ကို တရားဝင်အသိမပေးပေမဲ့ စဆွေးနွေးနေပြီလို့ သိထားတဲ့အကြောင်း အနိုင်ရအမတ်တစ်ဦးက ပြောပါတယ်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ဒီကိစ္စအတွက် အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီရုံး၊ အမှုဆောင်ချုပ် ဦးအောင်လင်းဒွေးကို တာဝန်ပေးထားတယ်လို့ ဘီဘီစီကစုံစမ်းသိရှိရပါတယ်။
"ပြည်ထောင်စုဝန်ကြီးတွေခန့်ဖို့ရယ်၊ တိုင်းနဲ့ပြည်နယ်ဝန်ကြီးချုပ်တွေ ခန့်ဖို့ရယ်ပေါ့။ နယ်မြေတည်ငြိမ်တဲ့နေရာတွေကို ပြည်ခိုင်ဖြိုးကခန့်၊ မတည်ငြိမ်တဲ့နေရာတွေကိုတော့ တပ်ကခန့်ဖို့ မူအားဖြင့်သဘောတူထားတယ်" လို့ ပါတီဝင်တစ်ဦးက ပြောပါတယ်။
တပ်ဘက်ကခန့်ချင်တဲ့ ဝန်ကြီးစာရင်းနဲ့ ဝန်ကြီးချုပ်စာရင်းကို ရွေးချယ်ထားပြီးပေမဲ့ သတင်းမပေါက်ကြားဖို့ တင်းကျပ်ထားတယ်လို့ စစ်ရုံးက သတင်းရင်းမြစ်တစ်ဦးက ဘီဘီစီကိုပြောပါတယ်။
ပုဂ္ဂိုလ်ရေးအာဏာရှင်အဖြစ် မြင်လာရမလား
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ၂၀၂၆ အကူးအပြောင်းဟာ ၂၀၁၀ အကူးအပြောင်းနဲ့မတူပေမဲ့ သူ့ဆရာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ လုပ်ပုံကိုင်ပုံတချို့ ကတော့ ဆင်တူနေပါတယ်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ ၂၀၁၀ ရွေးကောက်ပွဲအလွန်မှာ သမ္မတနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်လို အရေးကြီးနေရာတွေ ဘယ်သူတွေ ဆက်ခံမလဲဆိုတာကို ကြိုတင်အသိမပေးခဲ့ဘဲ အကူးအပြောင်း နောက်ဆုံးအချိန်အထိ သူပဲ ကိုင်တွယ်ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း လာမယ့်မတ်လထဲမှာ လွှတ်တော်ခေါ်ပြီး အစိုးရဖွဲ့တော့မှာဖြစ်ပေမဲ့ အာဏာခွဲဝေမှုနဲ့ပတ်သက်ပြီး သိုသိုသိပ်သိပ် လုပ်နေတာတွေ့ရပါတယ်။
ခြားနားတာတစ်ခုကတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေလို အနားယူမှာမဟုတ်ဘဲ အကူးအပြောင်းမှာ ဆက်ပါလာမှာဖြစ်ပါတယ်။
လက်ရှိစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ပုဂ္ဂိုလ်ရေးအာဏာရှင်စနစ်ကို အသက်သွင်းမယ့်လက္ခဏာမျိုးတွေ့နေရတယ်လို့ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) ရဲ့ မြန်မာ့အခြေပြစစ်တမ်းမှာ ဖော်ပြပါတယ်။
"၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ 'တပ်မတော်-ကြံ့ခိုင်ရေးပါတီ ပူးတွဲအုပ်ချုပ်ရေး'ဆိုတဲ့ စပ်ကြား အင်စတီကျူးရှင်းစနစ်ကို စစ်ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေက တည်ဖို့ကြိုးစားခဲ့ပေမဲ့ လက်ရှိစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဒီပုံစံကိုဖျက်ပြီး ပုဂ္ဂိုလ်ရေးအာဏာရှင်စနစ်ကို အသက်သွင်းမယ့် လက္ခဏာမျိုး ပိုတွေ့နေရပါတယ်" လို့ ISP က ဆိုထားတာပါ။
တပ်မတော်-ကြံ့ခိုင်ရေးပါတီ ပူးတွဲအုပ်ချုပ်ရေး ဆိုတဲ့ ပုံစံကို ဦးသိန်းစိန်အစိုးရခေတ်က တွေ့ခဲ့ရပါတယ်။
ဒါပေမဲ့ တပ်က နိစ္စဓူဝအုပ်ချုပ်ရေးမှာ ဝင်မပါခဲ့ဘဲ သမ္မတအောက်ကနေ ပြည်ထဲရေး၊ ကာကွယ်ရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးဌာနတွေကို ဒုတိယဗိုလ်ချုပ်ကြီးတွေက ကိုင်တွယ်ခဲ့ပါတယ်။
လွှတ်တော်မှာဆိုရင်လည်း တပ်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကိုကာကွယ်စောင့်ရှောက်ဖို့ အဓိက ဖြစ်ခဲ့ပါတယ်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ ရွေးကောက်ပွဲအလွန်မှာ တပ်ကို နိုင်ငံရေးမှာမပါဘဲ နိုင်ငံတော်ကာကွယ်ရေးလုပ်ငန်းတွေမှာပဲ တာဝန်ထမ်းဆောင်စေမယ်လို့ မနှစ်က သြဂုတ် ၁၈ မှာ မကွေးတပ်နယ်မှာ ပြောခဲ့ပါတယ်။
ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ပါတီ အာဏာရလာရင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေက လွှတ်တော်ထဲကနေ နိုင်ငံ့အရေးလုပ်မယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးထားတဲ့ အမျိုးသားနိုင်ငံရေးအခန်းကဏ္ဍမှာသာ တပ်က ပါဝင်မှာဖြစ်ပြီး အခြေခံဥပဒေကို ကာကွယ်သွားမယ်လို့ သူကဆိုပါတယ်။
ဒါပေမဲ့ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မတ်လကုန်အထိရှိနေမဲ့ အာဏာကို ကျင့်သုံးပြီး အကူးအပြောင်းတစ်ခုလုံးကို ဦးဆောင်နေပါတယ်။
ဒါကြောင့် ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဥပဒေပြဋ္ဌာန်းတာနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥပဒေပြင်ဆင်တာတွေကို လွှတ်တော်တွေကိုမစောင့်ဘဲ ထုတ်ပြန်ခဲ့ပါတယ်။
ပြည်ထောင်စုအင်္ဂါစဥ်ရဲ့ ထိပ်ပိုင်းနေရာတွေကို အငြိမ်းစားဗိုလ်ချုပ်ကြီးတွေကပဲ လွှမ်းမိုးချုပ်ကိုင်ထားပြီး အာဏာသုံးရပ်လုံးရဲ့ ယန္တရားတွေကို ကြံ့ခိုင်ရေးနဲ့တပ်ပဲ ပေါင်းပြီးမောင်းနှင်သွားမယ့် ပုံစံဖြစ်ပါတယ်။
အာဏာလွန်ဆွဲပွဲလား၊ ပူးတွဲအုပ်ချုပ်ရေးလား
စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ အကူးအပြောင်းကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဘောင်ထဲကပဲ ဆက်သွားမယ်ဆိုတာ တပ်ကိုရောအစိုးရအဖွဲ့ကိုပါ အသိပေးထားပြီးပါပြီ။
ရွေးကောက်ပွဲကတက်မယ့် အစိုးရကိုအာဏာလွှဲပေးမယ်လို့ ကတိပြုထားပေမဲ့ သူပဲအာဏာဆက်ယူထားရင် အကဲခတ်တွေနဲ့ မူဝါဒဆိုင်ရာအဖွဲ့အစည်းတွေထောက်ပြနေကြတဲ့ ပုဂ္ဂိုလ်ရေးအာဏာရှင်စနစ်ကို အသက်သွင်းတယ်ဆိုတဲ့ သုံးသပ်ချက်တွေပိုခိုင်မာလာမှာပါ။
ပါတီစုံစနစ်နဲ့ဆက်ကျင့်သုံးမယ်လို့ စစ်ခေါင်းဆောင်ကပြောထားပေမဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့အချုပ် (NLD) အပါအဝင် ကြံ့ခိုင်ရေးရဲ့ပြိုင်ဘက်ပါတီတွေကို ဥပဒေ၊ နည်းဥပဒေတွေထုတ်ပြီး အင်အားချည့်နဲ့အောင်လုပ်ခဲ့တယ်လို့ ဝေဖန်ထောက်ပြမှုတွေရှိခဲ့ပြီးပါပြီ။
ပါတီမှတ်ပုံတင်ဥပဒေအသစ်ကြောင့် NLD နဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် မှတ်ပုံပြန်မတင်တာ၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ မှတ်ပုံတင်ပေမဲ့ ဖျက်သိမ်းခံရတာနဲ့ ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌဒေါ်သက်သက်ခိုင် ရွေးကောက်ပွဲဝင်ခွင့်ပိတ်ပင်ခံရတာတွေဟာ ၂၀၂၅ ရွေးကောက်ပွဲမတိုင်ခင် ဆက်တိုက်ဖြစ်ပျက်ခဲ့တဲ့ နိုင်ငံရေးဖြစ်စဥ်တချို့ဖြစ်ပါတယ်။
ရွေးကောက်ပွဲမှာလည်း လွှတ်တော်သုံးရပ်လုံးအတွက် ကိုယ်စားလှယ် ၁၀၂၅ ဦးရွေးကောက်ခံရပြီး ကြံ့ခိုင်ရေးတစ်ပါတီတည်းက ၇၃၉ ဦးအထိ ရွေးချယ်ခံခဲ့ရပါတယ်။
လွှတ်တော်တွေထဲမှာ ကြံ့ခိုင်ရေးနဲ့ ရွေးကောက်ပွဲဝင်စရာမလိုဘဲ ၂၅ ရာခိုင်နှုန်းအလိုအလျောက်နေရာရထားတဲ့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့က အင်အားအကြီးဆုံးဖြစ်လာပါတယ်။
တပ်မတော်-ကြံ့ခိုင်ရေးပါတီ ပူးတွဲအုပ်ချုပ်ရေးစနစ် ဆိုတဲ့ စပ်ကြားအင်စတီကျူးရှင်းစနစ် အတိုင်းသွားမယ်ဆိုရင် (ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-NLD လို ပြိုင်ဘက်မျိုးမရှိရင်) စစ်တပ်က ဗီတိုအာဏာပိုင်စနစ်ကို အကြာကြီး ဆက်ထိန်းထားနိုင်ဖွယ်ရှိတယ်လို့ ISP Myanmar က သုံးသပ်ထားပါတယ်။
အာဏာသိမ်းစစ်အုပ်ချုပ်ရေးမဟုတ်ဘဲ အခြေခံဥပဒေအရပဲ အုပ်ချုပ်ချင်တယ်ဆိုရင် အရပ်သား လက်ဝေခံနိုင်ငံရေးပါတီတစ်ခု လိုအပ်နေမှာဖြစ်ပြီး အရပ်သားစစ်စစ် လက်ဝေခံပါတီကို အယုံအကြည်မရှိတဲ့ စစ်ဗိုလ်ချုပ်တွေအတွက် မြန်မာ့နိုင်ငံရေးမှာ ဘောင်းဘီချွတ်လို့ခေါ်ကြတဲ့ စစ်ဗိုလ်လူထွက် (ကြံ့ခိုင်ရေးပါတီလို) ပါတီမျိုးက လိုအပ်နေဦးမှာပါ လို့ ISP ရဲ့ မြန်မာ့အခြေပြစစ်တမ်းမှာ ဖော်ပြထားပါတယ်။
ဒါပေမဲ့ စစ်ဗိုလ်လူထွက်တွေ အဓိကခေါင်းဆောင်တဲ့ပါတီက ဘောင်းဘီချွတ်တွေဟာ လက်ရှိစစ်တပ်ခေါင်းဆောင်တွေထက် စစ်တပ်တက္ကသိုလ်အပတ်စဉ်နဲ့ ဝါသမ္ဘာအရ အမြဲစီနီယာဖြစ်နေမယ်ဆိုတဲ့ အချက်ကိုလည်း ISP Myanmar က သတိပေးထားပါတယ်။
လက်ရှိအခင်းအကျင်းမှာကို ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌဦးခင်ရီနဲ့ ဒုတိယဥက္ကဋ္ဌ ဦးမြတ်ဟိန်းက စစ်တက္ကသိုလ်အပတ်စဥ် ၁၇ ဆင်းတွေဖြစ်ကြပါတယ်။
စစ်တက္ကသိုလ်အပတ်စဥ် ၁၉ ဆင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထက် စီနီယာကျသူတွေ ဖြစ်ကြပါတယ်။
"တပ်ကို ခေါင်းဆောင်တဲ့ တပ်ချုပ်ဟာ လက်ရှိစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လို နိုင်ငံရေးရည်မှန်းချက် ကြီးမယ်ဆိုရင်တော့ ဘောင်းဘီချွတ်လူဟောင်း (USDP)နဲ့ ဘောင်းဘီဝတ်လူသစ်အကြား အာဏာလွန်ဆွဲမှုဟာ အမြဲ အဝေမတည့် ဖြစ်နေမှာ သေချာပါတယ်" လို့ မြန်မာ့အခြေပြစစ်တမ်းမှာ ဖော်ပြထားပါတယ်။
ကြံ့ခိုင်ရေးပါတီခေါင်းဆောင်ပိုင်းဟာ ဒီအချက်ကိုကောင်းကောင်းနားလည်ထားတယ် လို့ နေပြည်တော်က ဘီဘီစီသတင်းအရင်းအမြစ်တွေက ပြောပါတယ်။
"ဒါကြောင့် ဦးခင်ရီက ရွေးကောက်ပွဲနိုင်ပေမဲ့ သမ္မတလုပ်ချင်ပါတယ်လို့ တိုးတိုးလည်းမပြောဘူး။ ကျယ်ကျယ်လည်းမပြောဘူး" လို့ နေပြည်တော်က ဘီဘီစီသတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။