ကျောက်ဖြူရေနက်ဆိပ်ကမ်း - စစ်ကောင်စီရဲ့ နောက်ဆက်တွဲစာချုပ် တရုတ်လိုလားတဲ့ပုံစံ ပြန်ရောက်သွားမလား

ဖြည့်စွက်ချက်- ဘီဘီစီအနေနဲ့ ဒီဇင်ဘာ ၃၀ ရက်‌ နေ့လယ်ပိုင်းမှာရရှိထားတဲ့ အချက်အလက်အသစ်များကိုထပ်မံဖြည့်စွက်ထားပါတယ်။

ရင်းနှီးမြုပ်နှံမှုပမာဏ ဒေါ်လာသန်းထောင်ချီရှိတဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းအတွက် နောက်ဆက်တွဲစာချုပ်ကို စစ်ကောင်စီနဲ့ တရုတ်တို့ကြား ထပ်မံချုပ်ဆိုလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD အစိုးရလက်ထက်က သဘောတူညီခဲ့ပြီးသား ဒီစီမံကိန်းစာချုပ်ကို အာဏာသိမ်းကာလ ၃ နှစ်အကြာမှာ တရုတ်နဲ့ စစ်ကောင်စီတို့ က နောက်ဆက်တွဲစာချုပ်အနေနဲ့ ထပ်ပြီးချုပ်ဆိုတာ ဖြစ်ပါတယ်။

ဒါ့ကြောင်ပဲ စာချုပ်မှာဘယ်လိုအချက်တွေပြောင်းလဲသွားသလဲဆိုတာက မေးခွန်းတွေ ဖြစ်လာစေပါတယ်။ ဒါပေမဲ့ စစ်ကောင်စီဘက်ကတော့ ဒီစာချုပ်မှာ ပါဝင်တဲ့ ရပိုင်ခွင့်နဲ့ အကျိုးအမြတ်ခွဲဝေမှု အသေးစိတ်ကို ထုတ်မပြောပါဘူး။

တစ်ဖက်မှာလည်း အခု နောက်ဆက်တွဲစာချုပ်ဆိုတာ NLD အစိုးရလက်ထက်က အတည်ပြုခဲ့တဲ့မြန်မာဘက်က ရင်းနှီးမြုပ်နှံမှုပမာဏကို စာချုပ်မှာပြန်ပြင်လိုက်တာဆိုတဲ့ ပြောဆိုချက်တွေလည်းရှိပါတယ်။

NLD လက်ထက်ကစာချုပ်မှာ ရေနက်ဆိပ်ကမ်းစီမံကိန်းအတွက် ရှယ်ယာခွဲဝေပိုင်ဆိုင်မှုက တရုတ်ကုမ္ပဏီ CITIC ဘက်က ၇၀ ရာခိုင်နှုန်း နဲ့ မြန်မာဘက်က ၃၀ ရာခိုင်နှုန်းဖြစ်ပြီး စီမံကိန်းရဲ့ ပထမအဆင့်မှာ မြန်မာဘက်ကရင်းနှီးမြုပ်နှံမှုတန်ဖိုးက ၁ ဒသမ ၃ ဘီလီယံ ဖြစ်ခဲ့ပါတယ်။

အခုစစ်ကောင်စီရဲ့ နောက်ဆက်တွဲစာချုပ်မှာ ဘယ်လိုအချက်တွေကို ပြင်ဆင်သလဲဆိုတာကို ဘီဘီစီက မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ဖြစ်သူ စစ်ကောင်စီ ဝန်ကြီး ဦးအောင်နိုင်ဦးကို မေးခဲ့ပါတယ်။

‘’အရင်အစိုးရလက်ထက်မှာ လုပ်ထားတဲ့စာချုပ်ကို ပြင်တာမဟုတ်ပါဘူးခင်ဗျာ။ စာချုပ်ထဲမှာပါတဲ့တချို့အချက်တွေကို ရှင်းရှင်းလင်းလင်းဖြစ်အောင်နဲ့ တစ်ဦးနဲ့ တစ်ဦးလိုက်နာရမယ့် လုပ်ပိုင်ခွင့်တွေကို ထပ်မံဖြည့်စွက်တဲ့သဘောပဲဖြစ်ပါတယ်’’ လို့ပဲ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၁) ဝန်ကြီးလည်းဖြစ်သူ ဦးအောင်နိုင်ဦးက တုံ့ပြန်ပါတယ်။

စစ်ကောင်စီရဲ့ နောက်ဆက်တွဲစာချုပ်

စစ်ကောင်စီနဲ့ တရုတ်ကြားနောက်ဆက်တွဲစာချုပ်ချုပ်ဆိုတဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်က သတင်းစာရှင်းလင်းပွဲ ပါ ပြုလုပ်ခဲ့ပါတယ်။

ဒါပေမဲ့ အရေးအကြီးဆုံးဖြစ်တဲ့ ရေနက်ဆိပ်ကမ်းစီမံကိန်းတစ်ခုလုံးရဲ့ ရင်းနှီးမြုပ်နှံမှုပမာဏနဲ့ စီမံကိန်းပထမအဆင့်ရဲ့ ရင်းနှီးမြုပ်နှံမှုပမာဏကို ဦးအောင်နိုင်ဦးက ထည့်သွင်းဖြေကြားတာမရှိပါဘူး။

NLD အစိုးရလက်ထက်စာချုပ်ရဲ့ ရှယ်ယာအချိုးဖြစ်တဲ့ ၇၀/၃၀ ရာခိုင်နှုန်းကို အတည်ပြုပေမဲ့ နောက်ဆက်တွဲစာချုပ်အရ စီမံကိန်းပထမအဆင့်ရဲ့ မြန်မာဘက်က ရင်းနှီးမြုပ်နှံမှုတန်ဖိုးကို ထည့်သွင်းပြောကြားထုတ်ပြန်တာမျိုး မလုပ်ခဲ့ပါဘူး။

သတင်းစာရှင်းလင်းပွဲရဲ့ နောက်ဆုံးပိုင်းမှာ ပြည်တွင်းသတင်းဌာနကတစ်ခုက ''ဒီစီမံကိန်းတစ်ခုလုံးရဲ့ ပမာဏက အမေရိကန်ဒေါ်လာ ၁၀ ဘီလျံလား၊ ဒါမှမဟုတ် ၁၀ ဘီလျံနဲ့ ၂၀ ဘီလျံကြားလား" လို့ မေးခွန်းထုတ်ခဲ့ပါတယ်။

ဦးအောင်နိုင်ဦးက ''ဒီစီမံကိန်းကအဆင့်လေးဆင့်၊ အပိုင်းလေးပိုင်း ရှိပါတယ်။ ယခင်အစိုးရလက်ထက်ကတည်းက လက်မှတ်ထိုးတဲ့အထဲမှာကို အပိုင်းလေးပိုင်းပါပါတယ်။ ကျွန်တော်တို့ က ယခင်သဘောတူညီချက်အတိုင်း အပိုင်းတစ်ကို စလုပ်မှာပါ။ အပိုင်းတစ်ပြီးမှ တဆင့်ပြီးတဆင့်အကောင်အထည်ဖော်သွားမှာဖြစ်ပါတယ်'' လို့ ဖြေကြားပြီး ရင်းနှီးမြုပ်နှံမှုပမာဏကိုတော့ ထည့်မဖြေခဲ့ပါဘူး။

စစ်ကောင်စီရဲ့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးရဲ့ စာချုပ်ချုပ်တဲ့နေ့ကပြောတဲ့ မိန့်ခွန်းမှာလည်း စာချုပ်တန်ဖိုးနဲ့ မြန်မာဘက်ကရင်းနှီးမြုပ်နှံရမယ့် ပမာဏကို ထည့်ပြောတာမရှိပါဘူး။

ပုံမှန်အားဖြင့် နောက်ဆက်တွဲစာချုပ်သဘောက စီမံကိန်းတစ်ခုလုံးရဲ့ ရင်းနှီးမြုပ်နှံမှုပမာဏ၊ ဧရိယာအကျယ်အဝန်းသတ်မှတ်ချက်၊ မြေနေရာကို ရှယ်ယာပိုင်ဆိုင်မှုအနေနဲ့ နှစ်ကာလသတ်မှတ်မှု၊ စီမံကိန်းတစ်ခုလုံးရဲ့ ရှယ်ယာခွဲဝေသတ်မှတ်မှု တွေကို အသေးစိတ် ထပ်ဖြည့်စွက်ပြီးချုပ်ဆိုတာလို့ နားလည်ရပါတယ်။

ဒါ့အပြင် ချေးငွေပမာဏခွဲခြမ်းသတ်မှတ်ချက်၊ ဘဏ်တိုးနှုန်းနဲ့ အခွန်ပေးဆောင်ရမယ့် အခြေအနေ၊ စီမံကိန်းပထမအဆင့်သတ်မှတ်ကာလ၊ ချေးငွေကို ဘဏ်မှာပြန်ထားတဲ့အခါ ဘဏ်တိုးနှုန်းခွဲဝေရယူမှု စသဖြင့်တွေလည်း ဖြည့်စွက်ချုပ်ဆိုတာဖြစ်ပါတယ်။

စစ်ကောင်စီက ဒီနောက်ဆက်တွဲစာချုပ်ပါအချက်တွေကို ပွင့်လင်းမြင်သာ ထုတ်ပြောတာမရှိပါဘူး။ ဒါကြောင့် ဒီစီမံကိန်းနဲ့ ပတ်သက်ပြီး အကျိုးခံစားခွင့်နဲ့ ရေရှည်အမြတ်ခွဲဝေမှုတွေအပေါ် ရှုမြင်သုံးသပ်ဖို့ခက်တယ်လို့ အကဲခတ်တချို့က ထောက်ပြပါတယ်။

စစ်ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ၂၀၂၂ အောက်တိုဘာ ၁၂ ရက်က ပြုလုပ်ခဲ့တဲ့ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့အစည်းအဝေး (၁/၂၀၂၂) မှာ ကျောက်ဖြူအထူးစီးပွားရေးဇုန်နဲ့ပတ်သက်ပြီးစာချုပ်ပြန်လည်ညှိနှိုင်းဖို့ဆိုတာကို စပြီးထုတ်‌ပြောခဲ့တာ ဖြစ်ပါတယ်။

အဲဒီအစည်းအဝေးမှာ စစ်ကောင်စီ ဒုတိယဥက္ကဋ္ဌက ကျောက်ဖြူ အထူးစီးပွားရေးဇုန်နဲ့ပတ်သက်ပြီး အရင် နှစ်နိုင်ငံအကြား လက်မှတ်ထိုးခဲ့တဲ့ စာချုပ်တွေကို နိုင်ငံရေးအကဲဆတ်မှုကို သတိပြုပြီး အပြန်အလှန်ညှိနှိုင်းမှုနဲ့ Win - Win Situation (နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းအောင် အပြန်အလှန်ညှိနှိုင်းဆောင်ရွက်) ဖို့ ဆိုပြီးထည့်ပြောပါတယ်။

တခါ ၂၀၂၃ အောက်တိုဘာမှာ ပြုလုပ်တဲ့ ၁/၂၀၂၃ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့ အစည်းအဝေးမှာလည်း ကျောက်ဖြူ အထူးစီးပွားရေးဇုန်၊ ရေနက်ဆိပ်ကမ်းစီမံကိန်း စာချုပ်တွေနဲ့ပတ်သက်ပြီး စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရဲ့ သဘောထားတွေကို စစ်ကောင်စီ ဒုတိယဥက္ကဋ္ဌက ထည့်ပြောခဲ့ပါတယ်။

အဲဒါကတော့ နှစ်ဖက်အဓိပ္ပာယ် ကွဲလွဲယူဆရနိုင်တဲ့ အချက်အချို့နဲ့ ပြန်လည်ညှိနှိုင်းရမယ့် အချက်တွေကို ဆွေးနွေးညှိနှိုင်းဖို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မူအားဖြင့် ခွင့်ပြုထားတယ်လို့ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း က ပြောခဲ့တာ ဖြစ်ပါတယ်။

မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟို အဖွဲ့ကို ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဦးဆောင်ပြီး ကျောက်ဖြူအထူးစီးပွားရေးဇုန် ကလည်း သူ့စီမံခန့်ခွဲမှုအောက်မှာ ရှိပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၀ ရက်မှာ ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီကို ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး စုစုပေါင်းကော်မတီဝင် ၉ ဦးမှာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ထဲက ဦးစံရွှေမောင်တစ်ဦးထဲသာ အဖွဲ့ဝင်အဖြစ် ပါဝင်ပါတယ်။

အဲဒီနောက်မှာတော့ ကျောက်ဖြူအထူးစီးပွားရေးဇုန်မှာ ရေနက်ဆိပ်ကမ်းအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းလုပ်ကိုင်ခွင့် သဘောတူစာချုပ်ကို ဖြည့်စွက်တဲ့ နောက်ဆက်တွဲစာချုပ် (Addendum) ကို ဒီဇင်ဘာ ၂၆ ရက်က နေပြည်တော်မှာ တရုတ်-မြန်မာ နှစ်နိုင်ငံ လက်မှတ်ထိုးခဲ့ပါတယ်။

စစ်ကောင်စီနဲ့ တရုတ် CITIC ကြားက ရင်းနှီးမြုပ်နှံမှုတန်ဖိုးကို တရားဝင်ထုတ်ပြောတာမရှိပေမဲ့ တစ်ဖက်မှာလည်း ဒီစီမံကိန်းအတွက် ချေးငွေရယူဖို့ရှိတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

ချေးငွေကို ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းကုမ္ပဏီလီမိတက်အနေနဲ့ ရယူဖို့ရှိပြီး တရုတ်ရဲ့ Industrial and Commercial Bank of China ကနေ ချေးယူမယ်လို့ စီမံကိန်းနဲ့နီးစပ်တဲ့သတင်းရင်းမြစ်တချို့ကပြောပါတယ်။

ဘီဘီစီအနေနဲ့ သီးခြားအတည်ပြုနိုင်ဖို့ စစ်ကောင်စီရဲ့ အထူးစီးပွားရေးဇုန်ဗဟိုလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်နိုင်ဦးကို မေးမြန်းတဲ့အခါမှာတော့ချေးငွေအစီအစဥ်မရှိကြောင်း ငြင်းဆိုပါတယ်။ ဒါပေမဲ့ တရုတ်ဘက်က အပိုင်းကိုတော့ CITIC ကိုပဲ မေးရမယ်လို့ တုံ့ပြန်ပါတယ်။

နိုင်ငံတကာစီမံကိန်းကြီးတွေအကြောင်း နားလည်တဲ့ ဘဏ္ဍာရေးနဲ့ အကျိုးစီးပွားဆိုင်ရာ ပဋိပက္ခများကိုလေ့လာတဲ့ နိုင်ငံရေးအကဲခတ်တစ်ဦးကတော့ အမေရိကန်ဒေါ်လာ ဘီလျံနဲ့ချီတဲ့ စီမံကိန်းကြီးတစ်ခုမှာချေးငွေမရှိဘူးဆိုတာက အတော်ကိုလက်ခံဖို့ခက်တယ်လို့ ထောက်ပြပါတယ်။

ဘီဘီစီရဲ့ စုံစမ်းချက်တွေအရ NLDစာချုပ်မှာ ချေးငွေရှိတယ်လို့သိရပါတယ်။ အဲဒီချေးငွေအတွက် အတိုးနှုန်းက တစ်နှစ်ကို ၁ ရာခိုင်နှုန်းဖြစ်ပါတယ်။ ဒါပေမယ့် NLD စာချုပ်အရ အဲဒီချေးငွေက နိုင်ငံတော်ကချေးတဲ့ချေးငွေမဟုတ်သလို နိုင်ငံတော်ကလည်း တာဝန်ယူပြီး အာမခံလုပ်ဖို့မလိုဘူးလို့ စာချုပ်အကြောင်းသိရှိထားသူတစ်ဦးကပြောပါတယ်။

ချေးငွေကို စီမံကိန်းကုမ္ပဏီဖြစ်တဲ့ ကျောက်ဖြူအထူးစီးပွား‌ရေးဇုန် ရေနက်ဆိပ်ကမ်းကုမ္ပဏီလီမိတက် က ချေးရမှာဖြစ်ပါတယ်။ ကုမ္ပဏီမှာ မြန်မာအစိုးရအနေနဲ့ ရင်းနှီးမြုပ်နှံမှုပါနေ ပေမယ့်ကုမ္ပဏီဟာ Limited liability company ( ကန့်သတ်တာဝန်ခံကုမ္ပဏီ) တစ်ခုဖြစ်တဲ့အတွက် ချေးငွေပြန်မဆပ်နိုင်ရင် နိုင်ငံတော်က တာဝန်ယူဆပ်ပေးစရာမလိုဘူးလို့ အရင်စာချုပ်ပါ ချေးငွေနှုန်းထားနဲ့ တာဝန်ခွဲဝေမှုကို သူကဆက်ရှင်းပြပါတယ်။

'' Equity sharing (ရှယ်ယာရင်းနှီးမြုပ်နှံမှု) မှာ ချေးငွေကို ထည့်ပြီးမတွက်ခဲ့ပါဘူး။ ဥပမာ- ဦးဖြူက ၂၀ ထည့်မယ်။ ဦးနီက ၂၀ ထည့်မယ်။ ပြီးတော့ ၆၀ ကို ချေးပြီး လုပ်ငန်းလုပ်ရင် ဦးဖြူနဲ့ ဦးနီက ၅၀/ ၅၀ ပါပဲ။ ဒါပေမဲ့ ချေးငွေ ၆၀ ကို ကုမ္ပဏီက ဆပ်ရမှာပါ။ ချေးငွေကို ပြန်မဆပ်နိုင်ရင် ရှယ်ယာရှင်တွေကို ဆပ်ခိုင်းလို့မရပါဘူး။ ကုမ္ပဏီပဲ ဒေဝါလီခံရမှာပါ'' လို့ စာချုပ်အကြောင်းသိရှိသူတစ်ဦးက NLD လက်ထက်ကစာချုပ်ပါ ချေးငွေပုံစံကိုပြောပြပါတယ်။

ဒါပေမဲ့ လက်ရှိစစ်ကောင်စီရဲ့ ငွေကြေးရင်းနှီးမြုပ်နှံမှုပုံစံတွေနဲ့ ပတ်သက်လို့ တရားဝင်ပွင့်လင်းမြင်သာထုတ်ဖော်ပြောတာမရှိလို့ စစ်ကောင်စီရဲ့ နောက်ဆက်တွဲစာချုပ်ပါအချက်တွေကို တိတိကျကျသိရတာမရှိပါဘူး။

NLD အစိုးရလက်ထက်ကဘယ်လိုပြင်ခဲ့လဲ

သမ္မတဦးသိန်းစိန်လက်ထက်က မြစ်ဆုံဆည်စီမံကိန်းကို ရပ်တန့်လိုက်တဲ့နောက် တရုတ်အမျက်ကိုဖြေလျှော့ဖို့ ကျောက်ဖြူ အထူးစီးပွားရေးဇုန်ဟာ အလျော်အစားတစ်ခုဖြစ်ခဲ့တယ်လို့ နိုင်ငံရေးအကဲခတ်တွေက တောက်လျှောက်ပြောခဲ့ကြတာပါ။

ဦးသိန်းစိန်အစိုးရလက်ထက်စာချုပ်မှာ ရင်းနှီးမြုပ်နှံမှုပမာဏကို ဒေါ်လာ ၇ ဒသမ ၃ ဘီလီယံနဲ့ စတင်မှာဖြစ်ပြီး ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းရဲ့ ၈၅ ရာခိုင်နှုန်းကို တရုတ်ဘက်ခြမ်းကပိုင်ဆိုင်ပြီး ၁၅ ရာခိုင်နှုန်းကိုပဲ မြန်မာကပိုင်ဆိုင်တာဖြစ်ပါတယ်။

ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD အစိုးရလက်ထက်မှာ အဲဒီစာချုပ်ကိုပြန်လည်ပြင်ဆင်ခဲ့ပါတယ်။

NLD အစိုးရလက်ထက်က ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းရဲ့ စာချုပ်ပါအချက်တွေကိုသိနိုင်ဖို့ စာချုပ်တစ်ခုလုံးကို ခြုံငုံဖို့ စာချုပ်အကြောင်းကိုသိရှိနိုင်တဲ့ သတင်းရင်းမြစ်တွေကို ဘီဘီစီကလိုက်လံမေးမြန်းခဲ့ပါတယ်။

NLD လက်ထက်စာချုပ်အရ မြန်မာဘက်က ရှယ်ယာပိုင်ဆိုင်မှု ၃၀ ရာခိုင်နှုန်းဖြစ်သွားပြီး ပထမအဆင့် အတွက် ရင်းနှီးမြုပ်နှံမှုကို အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံ( သန်းတစ်ထောင့်သုံးရာ) ကို ရင်းနှီးမြုပ်နှံမယ်လို့ သတ်မှတ်ခဲ့ပါတယ်။

တကယ်တမ်းစာချုပ်တန်ဖိုး ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံမှာ (တစ်နှစ်ကို ၁ ရာခိုင်နှုန်း အတိုးနဲ့) ချေးငွေ သန်း ၉၀၀ ကျော် ဖြစ်လို့ တရုတ် - CITIC နဲ့ မြန်မာဘက်က ရှယ်ယာအဖြစ် စိုက်ထုတ်ရင်းနှီးမြှုပ်နှံရမယ့် စုစုပေါင်းပမာဏက သန်း ၃၅၀ ကျော်ပဲရှိတယ်လို့ NLD အစိုးရလက်ထက် စာချုပ်အကြောင်းသိရှိထားသူတစ်ဦးက ပြောပြပါတယ်။

ချေးငွေ သန်း ၉၀၀ ကျော်ကို (CITIC ၊ မြန်မာအစိုးရ+မြန်မာပုဂ္ဂလိကအများပိုင်ကုမ္ပဏီ) တို့ပေါင်းစပ်ထားတဲ့ ကျောက်ဖြူအထူးစီးပွား‌ရေးဇုန် ရေနက်ဆိပ်ကမ်း ကုမ္ပဏီလီမိတက် (Consortium) က ချေးမှာဖြစ်ပါတယ်။

အဲဒီ ကျောက်ဖြူအထူးစီးပွား‌ရေးဇုန် ရေနက်ဆိပ်ကမ်း ကုမ္ပဏီလီမိတက် က အများပိုင်ကုမ္ပဏီတစ်ခုအနေနဲ့ ဖွဲ့စည်းတာဖြစ်လို့ အကြွေးပြန်မဆပ်နိုင်ရင် မြန်မာရှယ်ယာရှင်တွေဖြစ်တဲ့ မြန်မာအစိုးရနဲ့ မြန်မာပုဂ္ဂလိကအများပိုင်ကုမ္ပဏီဆီက တောင်းလို့မရနိုင်တဲ့အထိ စာချုပ်မှာပါတယ်လို့ဆိုပါတယ်။

'' အကြွေးပြန်မဆပ်နိုင်ရင်တောင် အဲဒီ Consortium ဒေဝါလီခံရဖို့ကို NLD အစိုးရကလုပ်ခဲ့တယ်။ အစိုးရကဆပ်စရာမလိုဘူး။ အဲဒီတုန်းက သိရသလောက်ဆိုရင် မြန်မာပုဂ္ဂလိကအများပိုင်ကုမ္ပဏီမှာလည်း မြန်မာကုမ္ပဏီကြီးအချို့က လက်ဝါးကြီးအုပ်ထားတာမျိုးမဖြစ်ဘဲ SME (အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်း) တွေနဲ့ လူပုဂ္ဂိုလ် တစ်ဦးချင်းစီရဲ့ ရှယ်ယာအများစုပါဝင်တဲ့ အများပိုင်ကုမ္ပဏီမျိုးဖြစ်ရမယ်ဆိုတာပါ စာချုပ်ထဲမှာပါတယ်'' လို့ စာချုပ်အကြောင်းသိရှိထားသူက ပြောပြပါတယ်။

တခါကျန်တဲ့ နှစ်ဖက်ပေါင်းရင်းနှီးစိုက်ထုတ်ငွေ သန်း ၃၅၀ ကျော်ရဲ့ ၇၀ ရာခိုင်နှုန်းကိုမှ CITIC ကထည့်ဝင်ရမှာဖြစ်ပြီး ၃၀ ရာခိုင်နှုန်းဖြစ်တဲ့ သန်း ၁၀၀ ကျော်ကို မြန်မာဘက်က ထည့်ဝင်ရမှာပါဖြစ်ပါတယ်။

အဲဒီ ၃၀ ရာခိုင်နှုန်းရဲ့ သန်း ၁၀၀ ကျော် မှာမှ မြန်မာအစိုးရက တစ်ဝက်ဖြစ်တဲ့ ၁၅ ရာခိုင်နှုန်း နဲ့ မြန်မာပုဂ္ဂလိက အများပိုင်ကုမ္ပဏီက နောက်ထပ် ၁၅ ရာခိုင်နှုန်းကို ထည့်ဝင်ရမှာဖြစ်ပါတယ်။

အဲဒါကြောင့် မြန်မာအစိုးရရဲ့ ထည့်ဝင်ငွေက ဒေါ်လာ သန်း ၅၀ ကျော်ပဲဖြစ်ခဲ့ပါတယ်။

အဲဒီငွေကိုလည်း မြေငှားရမ်းခအနေနဲ့ရမယ့် သန်း ၂၅၀ ကျော်ထဲက ထည့်ဝင်သွားမှာဖြစ်တဲ့အတွက် မြန်မာအစိုးရဘတ်ဂျက်ထဲက တစ်ပြားမှ ထုတ်ယူသုံးစွဲထည့်ဝင်စရာမလိုအောင်စီစဥ်ခဲ့တယ်လို့ဆိုပါတယ်။ မြန်မာအနေနဲ့ အိတ်ထဲကစိုက်ထုတ်စရာမလိုဘဲ စီမံကိန်းကနေ ၁၅ ရာခိုင်နှုန်း ရေရှည်ခံစားနိုင်ဖို့ ရည်ရွယ်ခဲ့တာလို့ ပြောပါတယ်။

ဒါကြောင့် NLD လက်ထက်မှာ တရုတ်ရဲ့ အကြွေးပိပြီး အခက်တွေ့မယ့် အပေါ် စိုးရိမ်ချက်ကြောင့် စီမံကိန်းတန်ဖိုးကို အမေရိကန်ဒေါ်လာ ၆ ဘီလီယံ ( သန်း၆ ထောင်) လျှော့ချခဲ့တာတွေ့ရပါတယ်။

စာချုပ်ကို ပြင်ဆင်တဲ့အကြောင်းအရာကိုသိရှိတဲ့ သြစတေးလျနိုင်ငံသား စီးပွားရေးပညာရှင် ပါမောက္ခရှောင်တာနယ်ကို ပြင်ဆင်ခဲ့တဲ့ စာချုပ်ပါအချက်တွေကို ဘီဘီစီက ဆက်သွယ်မေးခဲ့ပါတယ်။

‘’ပြင်ခဲ့တဲ့အချက်အများစုကတော့ မြန်မာကအကြွေးပြန်ဆပ်ရမယ့်ကာလနဲ့ အခြေအနေတွေ၊ စီမံကိန်းရဲ့ အတိုင်းအတာပမာဏ နဲ့ တန်ဖိုးကို တိတိကျကျသတ်မှတ်တာတွေကို ပြန်ဆွေးနွေးပြင်ဆင်ခဲ့တာပါ’’ လို့ မစ္စတာရှောင်တာနယ်က ဘီဘီစီ ပြောပြပါတယ်။

စာချုပ်မှာ အကြွေးတင်နိုင်တဲ့အခြေအနေကို သိသိသာသာကျသွားအောင် လျှော့နိုင်ခဲ့တယ်လို့ သူက ဆိုပြီး တရုတ် CITIC နဲ့ သူ့ရဲ့ BRI (ရပ်ဝန်းနဲ့ပိုးလမ်းမစီမံကိန်း) က လိုချင်တဲ့ပုံစံမဟုတ်ခဲ့ဘဲ မြန်မာနိုင်ငံနဲ့ ကိုက်ညီတဲ့ အတိုင်းအတာကို လုပ်ခဲ့တယ်လို့ ပြောပါတယ်။

ဘီဘီစီအနေနဲ့ NLD လက်ထက်စာချုပ်ပါအချက်အလက်တချို့ကို လိုက်လံမေးမြန်းခဲ့ပါတယ်။ NLD လက်ထက်စာချုပ်မှာ အဓိကအချက် ၆ ချက်ကို အဓိကထားချုပ်ဆိုခဲ့တာတွေ့ရပါတယ်။

(၁) ချေးငွေပြန်လည်ပေးဆပ်မှုကို အစိုးရက အာမခံပေးထားခြင်းလုံးဝမရှိ။

(၂) ရင်းနှီးမြှုပ်နှံမှုပမာဏကို တတ်နိုင်သမျှလျှော့ချခဲ့ခြင်း ( ၁ ဒသမ ၃ ဘီလီယံကိုတောင် လျှော့ချနိုင်ဖို့ နောက်ထပ် detailed feasibility studies ( ဖြစ်နိုင်ခြေအသေးစိတ်လေ့လာမှုများ)ကိုလုပ်နိုင်ဖို့စာချုပ်မှာထည့်ချုပ်ထားခြင်း။

(၃) Debt to equity ratio (ကြွေးမြီနှင့် အစုရှယ်ယာအချိုး) ကို တိတိကျကျစိစစ်ခြင်း။

(၄) ချေးငွေအတိုးနှုန်းကို ၁ ရာခိုင်နှုန်းနဲ့ အနည်းဆုံးဖြစ်အောင်သတ်မှတ်ခြင်း။

(၅) ကျောက်ဖြူရေနက်ဆိပ်ကမ်းကို စစ်ရေးအရ လုံးဝအသုံးမပြုဘဲ စီးပွားရေး (commercial purpose) အရပဲအသုံးပြုရန်။

(၆) ပထမအဆင့် အောင်မြင်မှုမရှိသေးဘဲ နောက် အဆင့်တွေကို စလုပ်ရင် စီမံကိန်းတစ်ခုလုံး commercially viable ( စီးပွားရေးအရတွက်ခြေကိုက်မှု) မရှိနိုင်တာကိုသတိထားခြင်းတို့ဖြစ်ပါတယ်။

‘’ဒီစီမံကိန်းက မြန်မာအတွက် မျှတတဲ့စီမံကိန်းတစ်ခုတော့မဟုတ်ခဲ့ပါဘူး။ ဒါပေမဲ့ သေချာတာကတော့ NLD အစိုးရက ဒီစာချုပ်ကို ပြန်ညှိနှိုင်းပြီး မြန်မာအတွက်ပိုပြီးတရားမျှတအောင် လုပ်ခဲ့တယ်’’ လို့ မစ္စတာရှောင်တာနယ်က ပြောပါတယ်။

အခုနောက်ဆုံး ပြန်ပြင်လိုက်တဲ့ စစ်ကောင်စီရဲ့ နောက်ဆက်တွဲစာချုပ်အရ တရုတ်လိုလားခဲ့တဲ့ပုံစံ ပြန်ရောက်သွားမှာကို စိုးရိမ်တယ်လို့ မစ္စတာရှောင် က ပြောပါတယ်။

ဒါ့ကြောင့် စစ်ကောင်စီရဲ့ နောက်ဆက်တွဲစာချုပ်ဟာ မရှင်းလင်းခဲ့ရင် မြန်မာနိုင်ငံအတွက်ဝန်ထုတ်ဝန်ပိုးဖြစ်နိုင်တယ်လို့ သူက သုံးသပ်တာဖြစ်ပါတယ်။

‘’SAC က တရုတ်ရဲ့ မူရင်းစာချုပ်အတိုင်းပြန်သွားမှာကို ကျွန်တော်စိုးရိမ်မိတယ်။ အဲဒီအတိုင်းဆိုရင် မြန်မာမှာ အကြွေးက ဒေါ်လာ ၁၀ ဘီလီယံကျော် ရှိလာမှာ။ အဲဒါကြောင့်လည်း NLD အစိုးရက တရုတ်ဘက်က ချုပ်ကိုင်လွှမ်းမိုးနိုင်တာမရှိနိုင်တဲ့ ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံ အထိဖြစ်အောင် လျှော့ချခဲ့တာပါ’’ လို့ မစ္စတာရှောင် က ဘီဘီစီကိုပြောပါတယ်။

NLD အစိုးရလက်ထက် ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌလည်းဖြစ်၊ စီမံကိန်းနှင့် ဘဏ္ဍာရေး၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီးလည်းဖြစ်တဲ့ ဦးဆက်အောင်ကလည်း စီမံကိန်းအကောင် အထည်ဖော်ရေး သဘောတူညီမှုစာချုပ်လက်မှတ်ရေးထိုး‌တဲ့ ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၈ ရက်နေ့က အလားတူအတိုင်း ပြောဆိုခဲ့တာဖြစ်ပါတယ်။

''စစ်ကောင်စီပြောတဲ့နောက်ဆက်တွဲစာချုပ်မှာဖော်ပြချက်က ပွင့်လင်းမြင်သာမရှိတော့ မေးခွန်းထုတ်စရာဖြစ်လာတယ်။ ပထမအဆင့်လို့ စစ်ကောင်စီကပြောနေပေမဲ့ တစ်ခုလုံးရဲ့ စုစုပေါင်းပမာဏ ဒေါ်လာ ၇ ဒသမ ၃ ဘီလီယံနဲ့ ဆက်လုပ်မယ်ဆိုရင် မြန်မာဘက်က ဘဏ္ဍာရေးဝန်ထုတ် ဝန်ပိုးအင်မတန်ကြီးမားလာနိုင်ပါတယ်။ အကြွေးသံသရာလည်ပြီး အကျိုးမဲ့မဖြစ်ဖို့ တော်တော်ကိုသတိထားကြဖို့လိုပါတယ်'' လို့ ဘဏ္ဍာရေးဆိုင်ရာအကျိုးစီးပွားပဋိပက္ခများလေ့လာသူ အကဲခတ်ကပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၆ ရက် လက်မှတ်ထိုးပွဲနေ့က သတင်းစာရှင်းလင်းပွဲမှာ ဦးအောင်နိုင်ဦးက ကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်းကို အဆင့်လေးဆင့်နဲ့ အကောင်အထည်ဖော်ဆောင်ရွက်သွားမှာဖြစ်ပြီး စုစုပေါင်း ဆိပ်ခံတံတားပေါင်း ၁၀ ခုနဲ့ နှစ်စဥ်ကုန်တင်ကုန်ချပမာဏ ပေ ၂၀ ကွန်တိန်နာအလုံးရေ ၇ သန်း လက်ခံနိုင်မယ်လို့‌ မြန်မာ့ရုပ်သံရဲ့မေးခွန်းကို ဖြေကြားပါတယ်။

အဆင့်တစ်ဆင့်ရဲ့ သတ်မှတ်ကာလနဲ့ ငွေကြေးရင်းနှီးမြုပ်နှံမှုပမာဏဘယ်လိုဆက်ရှိမလဲဆိုတာကိုတော့ တိတိကျကျပြောတာမရှိပါဘူး။

'' NLD ရဲ့ စာချုပ် အဓိကအချက် ၆ ချက်မှာ စစ်ကောင်စီကဖြည့်စွက်ချုပ်ဆိုတာရှိရင် လုံးဝမကောင်းပါဘူး။ ဆိပ်ကမ်းကို စီးပွားရေးသုံးပဲလုပ်ဖို့ဆိုတာကို ပြင်လိုက်မှာလည်းစိုးရိမ်ဖို့ကောင်းတယ်။နောက်အရေးကြီးတာက ပထမအဆင့်မအောင်မြင်ဘဲ နောက်အဆင့်တွေဆက်လုပ်တာကိုခွင့်ပြုရင် Another white elephant project ဖြစ်သွားမယ်'' လို့ စာချုပ်အကြောင်းသိရှိထားခဲ့သူက မှတ်ချက်ပြုပါတယ်။

( white elephant - စားရမှာလည်းသဲရှပ်ရှပ် ပစ်ထုတ်ရမှာလည်း အဆီနဲ့ဝင်းဝင်းဆိုတဲ့မြန်မာဝေါဟာရလို အဓိပ္ပါယ်ရပြီး အဆင်းရှိပြီး အချင်းမရှိနိင်တဲ့စီးပွားရေးလုပ်ငန်းကြီးတွေကို အဓိပ္ပါယ်ဖော်ဆိုမှုဖြစ်ပါတယ်။)

တရုတ်ရဲ့ အကျိုးစီးပွားကဘာတွေလဲ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့က ကျောက်ဖြူရေနက်ဆိပ်ကမ်းဟာ ဘင်္ဂလားပင်လယ်အော်ကို မေးတင်ထားတာပါ။

အဲဒီရေနက်ဆိပ်ကမ်းဟာ ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်းသုံးခုထဲက တစ်ခုဖြစ်ပြီး ကနဦးအကောင်အထည်ဖော်မယ့် စီမံကိန်းလည်း ဖြစ်ပါတယ်။

ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းဟာ တရုတ်နိုင်ငံနဲ့ အိန္ဒိယသမုဒ္ဒရာကို ဆက်သွယ်ရာမှာ မဟာဗျူဟာအရ အရေးပါပါတယ်။

တရုတ်အတွက် ပစိဖိတ် နဲ့ အိန္ဒိယသမုဒ္ဒရာတို့ကို ဆက်ပေးထားတဲ့ ဒီရေလမ်းကြောင်းရှိလာရင် မလေးကျွန်းဆွယ်က မလက္ကာရေလက်ကြားကို တရုတ် အသုံးပြုနေရတာကို ရပ်လိုက်နိုင်မှာ ဖြစ်ပါတယ်။

ဒါအပြင် တရုတ်နိုင်ငံရဲ့ ကုန်းတွင်းပိတ်ဒေသဖြစ်တဲ့ ယူနန်ပြည်နယ်အပါအဝင် အနောက်တောင်ပိုင်း ပြည်နယ်တွေဆီကို ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းတွေ သယ်ဆောင်ပေးနိုင်မယ့် နေရာလည်းဖြစ်လာမှာပါ။

မလေးကျွန်းဆွယ်က မလက္ကာရေလက်ကြားကို အသုံးပြုဖို့မလိုတော့တာကြောင့် သင်္ဘောတွေအတွက်သုံးရတဲ့ လောင်စာပမာဏကို လျှော့ချပေးနိုင်သလို၊ အမေရိကန်လွှမ်းမိုးမှုရှိတဲ့ မလက္ကာရေလက်ကြားမဟုတ်တဲ့အတွက် တရုတ်အတွက်လည်းပိုပြီးလုံခြုံမှုရှိလာမှာဖြစ်ပါတယ်။

တကယ်တော့ ဒီကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းဟာ တရုတ်ရဲ့ ရပ်ဝန်းနဲ့ပိုးလမ်းမစီမံကိန်း - One Belt One Road နဲ့ ဆက်နွှယ်နေတဲ့ စီမံကိန်းဖြစ်ပါတယ်။

တနည်းဆိုရင် ကမ္ဘာ့စီးပွားရေးကို လွှမ်းမိုးဖို့ ကြိုးစားတဲ့ တရုတ်ရဲ့ မဟာဗျူဟာမြောက် နိုင်ငံရေး၊စီးပွားရေးရည်မှန်းချက် ဖြစ်ပါတယ်။

ဒီ ရပ်ဝန်းနဲ့ ပိုးလမ်းမ စီမံကိန်းထဲမှာ မြန်မာနိုင်ငံမှာ ရေနက် ဆိပ်ကမ်းတွေတည်ဆောက်၊ ရထားလမ်းတွေဖောက်လုပ်ပြီး တရုတ် ရဲ့ ကုန်းတွင်းပိုင်းဒေသတွေနဲ့ ချိတ်ဆက်မှာပါ။

ကျောက်ဖြူရေနက်ဆိပ်ကမ်းကနေ အာရှ၊ အာဖရိက၊ ဥရောပတိုက်ကြီးတွေကို ဆက်သွယ်မယ့် ကုန်သွယ်မှုအချက်အချာနေရာတစ်ခု ဖြစ်လာမယ်လို့လည်းပြောထားပါတယ်။

ကျောက်ဖြူရေနက်ဆိပ်ကမ်းနဲ့ဆက်နွှယ်နေတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ ကျောက်ဖြူမြို့နဲ့ တရုတ်နိုင်ငံ ကူမင်းမြို့ကို ဆက်သွယ်ဖောက်လုပ်မယ့် ရထားလမ်းစီမံကိန်းဟာ ကျောက်ဖြူ‌‌ရေနက်ဆိပ်ကမ်းကနေ မင်းဘူး၊ မကွေး၊ မန္တလေးနဲ့ ရှမ်းပြည်နယ်တွေကိုဖြတ်ပြီး တရုတ်နိုင်ငံ ယူနန်ကိုဆက်သွယ်မှာဖြစ်ပါတယ်။

နိုင်ငံပေါင်း ၆၅ နိုင်ငံကျော် ပါဝင်တဲ့ ရပ်ဝန်းနဲ့ပိုးလမ်းမစီမံကိန်း - OBOR စီမံကိန်းမှာပါတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေအနေနဲ့ ဒီစီမံကိန်းကိုဝင်ရောက်ရင်းနှီးမြုပ်နှံတဲ့အခါ တရုတ်ဆီကပဲချေးငွေပြန်ရယူကြရတဲ့အခြေအနေရှိပါတယ်။ ဒါကပဲ ဖွံ့ဖြိုးဆဲနိုင်ငံတွေအနေနဲ့ အကြွေးပြန်မဆပ်တော့နိုင်လောက်အောင် ထောင်ချောက်ထဲကို ဆွဲခေါ်နေတယ်ဆိုတဲ့ ဝေဖန်ချက်တွေလည်းရှိနေတာပါ။

ဒီဝေဖန်မှုတွေက သီရိလင်္ကာနိုင်ငံ ရဲ့ ဟမ်ဘန်တိုတာဆိပ်ကမ်းကို သက်သေအဖြစ် လက်ညှိုးထိုးပြခဲ့ပါတယ်။

သီရိလင်္ကာအစိုးရက အကြွေးတွေကို လျှော့ချနိုင်ဖို့ သဘောတူညီချက် တစ်ရပ်အဖြစ် အဲဒီဆိပ်ကမ်းကို ၂၀၁၇ ခုနှစ်လောက်မှာတုန်းက ၉၉ နှစ်အငှားစာချုပ်တစ်ရပ်နဲ့ China Merchants Port Holdings ကုမ္ပဏီကို လွှဲပြောင်းပေးခဲ့ရတာကြောင့်ဖြစ်ပါတယ်။

သီရိလင်္ကာ၊ မလေးရှား၊ ပါကစ္စတန် စတဲ့နိုင်ငံတွေမှာ အကြွေးတွေစုပုံကျလာပြီး တရုတ်ရဲ့ လွှမ်းမိုးချုပ်ကိုင်မှုများလာတဲ့အတွက်လည်း စိုးရိမ်မှုတွေရှိပါတယ်။

မြန်မာ့စစ်ရေးပဋိပက္ခနဲ့ တရုတ်ရပ်တည်မှု

မြန်မာမှာတရုတ်ရဲ့ ရပ်တည်ချက်အကျိုးစီးပွားအခြေအနေက အာဏာမသိမ်းခင်ကလို အကြွေးသံသရာနွံတစ်ခုတည်းကိုပဲ ထည့်တွက်ရမှာမဟုတ်ဘဲ တရုတ်ကြားဝင်ဖြေရှင်းပေးနေတဲ့ အာဏာသိမ်းကာလ သံတမန်ရေး နဲ့ စစ်ရေးပဋိပက္ခတွေကလည်း ရှိနေတာဖြစ်ပါတယ်။

နိုင်ငံမြောက်ပိုင်းက ၁၀၂၇ စစ်ဆင်ရေးအတွက် တရုတ်ကျောထောက်နောက်ခံပြုတယ်လို့ စွပ်စွဲမှုတွေရှိသလို တစ်ဖက်မှာလည်း နေပြည်တော် - ဘေဂျင်းဆက်ဆံရေးကလည်း အဆက်မပြတ်ပြန်ပါဘူး။

တရုတ်သဘောက လက်နက်ကိုင်တပ်တွေနဲ့ရော မြန်မာစစ်တပ်ကိုပါ မီးစတစ်ဖက်-ရေမှုတ်တစ်ဖက် ဆက်ဆံရေးလို့ တရုတ်-မြန်မာဆက်ဆံရေးကို လေ့လာတဲ့အကဲခတ်တချို့က ထောက်ပြပါတယ်။

နိုင်ငံမြောက်ပိုင်းက ပြင်းထန်လွန်းတဲ့စစ်ရေးတင်းမာမှုတွေဟာ တရုတ်ရဲ့ ရပ်ဝန်းနဲ့ပိုးလမ်းမ စီမံကိန်းနဲ့ ဆက်စပ်စီမံကိန်းတွေကို ဖြတ်သွားရမှာပါ။

ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း စိုင်းပြင်းနေချိန်မှာပဲ ရခိုင်တောင်ပိုင်း ရမ်းဗြဲ၊ ကျောက်ဖြူမှာ ရက္ခိုင့်တပ်တော်- အေအေ နဲ့ စစ်ကောင်စီတပ်တွေကြား ပြင်းထန်တိုက်ပွဲတွေ ဖြစ်နေတာပါ။

မှန်းဆလို့မရနိုင်တဲ့ စစ်ရေးပဋိပက္ခအခြေအနေက ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း ရှေ့ဆက်နိုင်ဖို့ ဘယ်လောက်သေချာရေရာမလဲ မပြောနိုင်ဘူးလို့လည်း ကျောက်ဖြူဒေသခံစီမံကိန်းတွေ တာဝန်ခံမှုရှိစေရေး တက်ကြွလှုပ်ရှားသူ ဦးထွန်းလွင်က ထောက်ပြပါတယ်။

စစ်ပွဲတွေဖြစ်နေတဲ့ ရခိုင်ကနေ မန္တလေးကိုဖြတ်လို့ မြန်မာမြောက်ပိုင်းတခွင်က‌နေ ယူနန်ကိုရောက်မယ်လို့ စီမံကိန်းလမ်းကြောင်းကို အကြမ်းဖျင်းအားဖြင့် မြင်နိုင်ပါတယ်။ ဒါပေမဲ့ ဒီလမ်းကြောင်းကြီး တစ်ခုလုံးက စစ်ပွဲတွေပြည့်နှက်နေပါတယ်။

‘’တရုတ်စဥ်းစားချက်က ဒီစစ်ပွဲတွေဆိုတာက လာမယ့် တစ်နှစ်နဲ့ နှစ်နှစ်ပေါ့။ မြန်မာရဲ့ ဒီအခြေအနေကလည်း ဒီထက်ပိုမဖြစ်နိုင်ဘူးလို့ ခန့်မှန်းတယ်။ သူ့စီမံကိန်းတွေကတော့ အခုမှစတုန်း လုပ်တုန်းဆိုတော့ လေးနှစ်ကနေ ဆယ်နှစ်အထိ ကြာနိုင်တယ်လို့ တွက်တယ်။ အဲဒီတော့ တရုတ်က လက်ရှိထက် ရေရှည်မှာ ဘယ်လိုရင်းနှီးမြုပ်နှံမလဲပဲကြည့်တာ’’ လို့ တရုတ်ရေးရာအကဲခတ်တစ်ဦးက သုံးသပ်ပါတယ်။

ဒါပေမဲ့ လည်ပတ်နေပြီးသားဖြစ်တဲ့ အမေရိကန်ဒေါ်လာ ၂ ဒသမ ၄၅ ဘီလီယံကျော်တန်ဖိုးရှိတဲ့ တရုတ်-မြန်မာနှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်း ၂ ခုကိုတော့တရုတ်က လုံခြုံရေး အထူးတင်းကျပ်ထားပါတယ်။

ရခိုင်ပြည်နယ် အနောက်ဘက်ကမ်းရိုးတန်းကနေ အရှေ့မြောက် ရှမ်းပြည်နယ်ကတဆင့် တရုတ်နိုင်ငံရဲ့ အနောက်ဘက်ပြည်နယ်တွေ အထိ ဆက်သွယ်ထားတဲ့ ဒီပိုက်လိုင်း စီမံကိန်းနှစ်ခုကိုမထိခိုက်ဖို့ကိုတော့ စစ်ကောင်စီရော မြောက်ပိုင်းအဖွဲ့တွေကို အထူးပြောဆိုထားတယ်လို့ဆိုပါတယ်။

ဒါပေမဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိနေတဲ့ တရုတ်နိုင်ငံရဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းသွယ်တန်းထားတဲ့ မြို့နယ်တွေမှာ တိုက်ပွဲဖြစ်နေလို့ ပိုက်လိုင်းကို ထိမှန်ပြီး ပြင်းထန်တဲ့ ပေါက်ကွဲမှုတွေ ဖြစ်မှာကို ဒေသခံတွေ စိုးရိမ်နေကြတယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) က ဒီဇင်ဘာလ ၂၁ ရက်က ကြေညာချက်ထုတ်ပြန်ပါတယ်။

တရုတ်ဘက်ကတော့ မြန်မာနိုင်ငံမြောက်ပိုင်း က ငြိမ်းချမ်းရေးလုပ်ငန်းစဥ်နဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ အစုအဖွဲ့တွေကြားမှာ တိုက်ပွဲတွေရပ်တန့်ရေးနဲ့ ဆွေးနွေးပွဲတွေထပ်ဖြစ်လာဖို့ ကူညီနေတယ်လို့ ပြောနေပါတယ်။

‘’သက်ဆိုင်ရာအစုအဖွဲ့အားလုံးက တရုတ်-မြန်မာ နယ်စပ်ဒေသ အေးချမ်းတည်ငြိမ်ပြီး မြန်မာနိုင်ငံက တရုတ်စီမံကိန်းတွေနဲ့ ဝန်ထမ်းတွေရဲ့ လုံခြုံရေးကို ကာကွယ်စောင့်ရှောက်ပေးမယ်လို့ မျှော်လင့်ပါတယ်’’လို့ တရုတ်ပြောရေးဆိုခွင့်ရှိသူ ဝမ်ဘင်းဘင်းက ဒီဇင်ဘာနောက်ဆုံးပတ်က ထုတ်ပြောထားပါတယ်။

ကျောက်ဖြူဒေသခံတွေရဲ့ သင်ခန်းစာ

ကျောက်ဖြူရေနက်ဆိပ်ကမ်းရဲ့ မြေနေရာအကျယ်အဝန်းက ဧက ၆၀၀ ကျော်ရှိပြီး ပထမအဆင့်မှာ ဆိပ်ကမ်း ၂ ခုပါဝင်မှာဖြစ်ပါတယ်။

ရေနက်ဆိပ်ကမ်းစီမံကိန်းအတွက် မဒေးကျွန်းမှာ ၃၇၀ ဧက၊ ရမ်းဗြဲကျွန်းမှာ ၂၃၇ ဧကနဲ့ စုစုပေါင်း မြေဧက ၆၀၇ ဧက အသုံးပြုမှာဖြစ်ပြီး မြေသိမ်းဆည်းမှုနဲ့ပတ်သက်ပြီး ပြဿနာရှိနေတယ်လို့ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) က ဖော်ပြထားပါတယ်။

ISP ရဲ့ သုတေသနအရ ဒေသခံတွေဟာ စိုက်ပျိုးရေးနဲ့ ရေလုပ်ငန်းကို အဓိက မှီခိုနေကြသူများဖြစ်လို့စီမံကိန်းက ဒေသခံတွေရဲ့ လုပ်ငန်းတွေကို ထိခိုက်မယ်လို့ဖော်ပြပါတယ်။

စီမံကိန်းဒေသမှာ အသေးစား တံငါလုပ်ငန်းနဲ့ အသက်မွေးတဲ့ ကျေးရွာ ၂၀ ခန့်ပါဝင်မှာဖြစ်ပြီး အိမ်ထောင်စုပေါင်း ၅,၀၀၀ ကျော်ရဲ့ ငါးဖမ်းကွက်တွေ ပျောက်သွားနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

‘’မြေတွေလည်းသိမ်းခံရမယ်။ အလုပ်အကိုင်လည်းမရဘူးဆိုရင် စီမံကိန်းတွေလာလုပ်တာက ကျွန်တော်တို့ ဒေသခံတွေအတွက် ဘာမှအဓိပ္ပာယ်မရှိဘူး။ ကျွန်တော်တို့မှာ အားလုံးဆုံးရှုံးပြီး အခွင့်အလမ်းမရှိဘူးဆိုရင်တော့ ဒီစီမံကိန်းတွေကို လုံးဝလက်မခံပါဘူး’’ လို့ ကျောက်ဖြူဒေသခံတစ်ဦးက ပြောပါတယ်။

ဦးမောင်တင်ဟာ ကျောက်ဖြူဇာတိဖြစ်ပြီး သူ့ရှေ့မှာတင်ပဲ ကျောက်ဖြူက နိုင်ငံတကာစီမံကိန်းတချို့ကြောင့် မြေတွေယာတွေဆုံးရှုံးပြီး အလုပ်အကိုင်လည်းမရခဲ့တဲ့ ဒေသခံတွေကို မြင်ခဲ့ရပါတယ်။

ဒါ့ကြောင့် စစ်ကောင်စီပြန်စမယ့် ကျောက်ဖြူအထူးစီးပွားရေးဇုန်ရဲ့ ရေနက်ဆိပ်ကမ်းစီမံကိန်းကိုလည်း သူအပါအဝင် ဒေသခံတွေကမြေသိမ်းယာသိမ်းဖြစ်မှာကို စိုးရိမ်စိတ်တွေ ရှိနေကြပါတယ်။

‘’ရွှေသဘာဝဓာတ်ငွေ့လာလုပ်တာ ဆယ်စုနှစ်ချီကြာနေပြီ။ ကျွန်တော်တို့ ဒေသခံတွေ ခြံစောင့်ထက်အလုပ်ပိုမရဘူး’’ လို့ ကျောက်ဖြူအထူးစီးပွားရေးဇုန်အရေး လှုပ်ရှားခဲ့ဖူးတဲ့ ဒေသခံ ဦးထွန်းလွင်ကပြောပါတယ်။

နိုင်ငံခြားရင်းနှီးမြုပ်နှံဥပဒေတို့ အထူးစီးပွားရေးဇုန်ဥပဒေတို့တွေမှာပါတဲ့ အတိုင်း စီမံကိန်း ပထမအဆင့်မှာ ဒေသခံ ၂၅ ရာခိုင်နှုန်း၊ ဒုတိယအဆင့်မှာ ၅၀ ရာခိုင်နှုန်းနဲ့ တတိယအဆင့်မှာ ၇၅ ရာခိုင်နှုန်းအလုပ်အကိုင်ပေးဖို့ လိုတယ်လို့ ဒေသခံတွေက သူတို့နားလည်ထားတဲ့အခြေအနေကို ပြောပါတယ်။

‘’စီမံကိန်းလာလုပ်ပြီး ကျွန်တော်တို့ဒေသခံလူထုတွေ အလုပ်အကိုင်မရရှိပါဘူးခင်ဗျာ။ အလုပ်လည်းမရသလို စီမံကိန်းကြောင့်မြေသိမ်းခံရပြီး ဘဝပျက်သွားတဲ့သူတွေရှိတယ်’’ လို့ ဦးတင်မောင်ကပြောပါတယ်။

စစ်ကောင်စီဝန်ကြီး ဦး‌အောင်နိုင်ဦးကတော့ ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းနဲ့ စက်မှုဥယျာဉ်စီမံကိန်း စတင်တဲ့အခါ ဒေသခံတွေအတွက် အလုပ်အကိုင်အခွင့်အလမ်း သောင်းနှင့်ချီပြီး ရရှိမယ်လို့ဆိုပါတယ်။ ဒါအပြင် စီမံခန့်ခွဲမှုဆိုင်ရာနေရာအများစုကို မြန်မာနိုင်ငံသားတွေကို ခန့်အပ်လုပ်ကိုင်စေမယ်လို့ တုံ့ပြန်ထားပါတယ်။

မြန်မာဘက်ကနေ ဒေသခံရခိုင်တိုင်းရင်းသား စီးပွားရေး လုပ်ငန်းရှင်များ အပါအဝင် လုပ်ငန်းအတွေ့အကြုံရှိပြီး အမှန်တကယ်လုပ်ကိုင် ဆောင်ရွက်နိုင်မယ့် တိုင်းရင်းသား စီးပွားရေးလုပ်ငန်းရှင်တွေကို ဖိတ်ခေါ်ပြီး စီမံကိန်းကုမ္ပဏီနဲ့ ပူးပေါင်း ဆောင်ရွက်သွားမယ်လို့ လည်းပြောပါတယ်။

ရင်းနှီးထည့်ဝင်ငွေ ဒေါ်လာ ၅ သန်း ထည့်နိုင်တဲ့ နိုင်ငံသားပိုင်ကုမ္ပဏီတွေကို စိတ်ဝင်စားကြောင်းဖော်ပြ လွှာ (EOI) တင်သွင်းနိုင်တယ်လို့ စစ်ကောင်စီက သတင်းစာကနေ ကြေညာထားပါတယ်။

‘’မြန်မာပြည်ဘက်ကလာတဲ့သူတွေက လက်မှတ်တစ်ခုကိုင်ပြီး အလုပ်လွယ်လွယ်ရတယ်။ တရုတ်တွေအလုပ်ရတယ်။ ဒေသခံတွေအလုပ်မရဘူး။ ရွှေသဘာဝစီမံကိန်းက အကောင်းဆုံးသက်သေပဲ။ ခန့်သွားတာ မြန်မာပြည်ဘက်ကလာတဲ့သူတွေနဲ့ တရုတ်တွေပဲခန့်သွားတာ။ ရခိုင်သား အလုပ်သမားဆိုတာမရှိဘူး’’ လို့ ဦးထွန်းလွင်က ပြောပါတယ်။

တချိန်တည်းမှာပဲ ကျောက်ဖြူရေနက်ဆိပ်ကမ်းရဲ့ သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ အကျိုးသက်ရောက်မှု ဆန်းစစ်ခြင်းလုပ်ငန်း (ESIA) အတွက်လည်း စိုးရိမ်စိတ်တွေက ဒေသခံတွေမှာပြည့်နေပါတယ်။

စီမံကိန်းကြောင့် ကမ်းရိုးတန်း ဒီဒေသရဲ့ အသက်အိုးအိမ်တွေကို စောင့်ရှောက်ပေးမယ့် ဒီရေတောတွေပျက်စီးသွားမှာ မလိုလားသလို ငါးဖမ်းဧရိယာတွေပျောက်ဆုံးပြီး လူမှုဘဝရပ်တည်ရေးထိခိုက်နစ်နာမှုတွေရှိလာမယ်လို့ ပြောနေကြတာပါ။

ကျောက်ဖြူစီမံကိန်းရဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကျိုးသက်ရောက်မှုတွေကို လေ့လာဖို့ MSR Consortium က တာဝန်ယူဆောင်ရွက်နေပြီး ၈၅ ရာခိုင်နှုန်း ပြီးစီးပြီလို့ စစ်ကောင်စီကပြောထားပါတယ်။

‘’ဒီရေတောတွေကိုဗျာ။ မြေပိုင်ရှင်လုပ်ပြီး ဝယ်ထားကြတာရှိတယ်။ ဒီရေတောက ဝယ်လို့ရောင်းလို့ရကြတာလား။ ဒီတော့ဗျာ ကိုယ့်မြေအတွက်လည်း စိုးရိမ်တယ်။ ကျွန်တော်တို့ဘဝတွေက အရမ်းနုံချာတယ်။ အစိုးရတိုင်းက ဒီဒေသကို ရောင်းစားခဲ့ကြတာလည်း ကုန်သလောက်ဖြစ်နေပါပြီဗျာ။ အဲဒီ‌တော့ ကုန်လုကုန်ခင်တွေကို ထပ်လုပ်မယ်ဆိုရင်လည်း ကျွန်‌တော်တို့ဒေသက လူတွေမျက်နှာတော့ ကြည့်ပေးကြပါလို့ ပြောချင်တယ်’’ လို့ ဦးထွန်းလွင်ကပြောပါတယ်။