ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မတ် ၁ ရက် နိုင်ငံတဝန်းသတင်းများ အနှစ်ချုပ် - စစ်ဖြစ်နေတဲ့အရှေ့အလယ်ပိုင်းရောက် မြန်မာတွေကို မြန်မာသံရုံးတချို့သတိပေး
အီရန်ကို အမေရိကန်နဲ့ အစ္စရေးတို့ မနေ့က စစ်ဆင်ရေးစတင်အပြီး အီရန်ဘက်က တုံ့ပြန်ပစ်ခတ်တာတွေရှိနေချိန်မှာပဲ အရှေ့အလယ်ပိုင်းနိုင်ငံတွေကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ သက်ဆိုင်ရာနိုင်ငံရဲ့အရေးပေါ်ထုတ်ပြန်ချက်တွေကို လိုက်နာဖို့ မြန်မာသံရုံးတချို့က ကြေညာထားပါတယ်။
အစ္စရေး၊ တဲလ်အဗီးက မြန်မာသံရုံးက မြန်မာနိုင်ငံသားတွေကို အစ္စရေး Home Front Command ရဲ့ အရေးပေါ် အချက်ပေးသံတွေနဲ့ ဘေးကင်းလုံခြုံရေးဆိုင်ရာ လမ်းညွှန်ချက်တွေကို အချိန်နဲ့ တပြေးညီ လိုက်နာနေထိုင်ဖို့ အရေးကြီးတယ်လို့ မနေ့ကထုတ်ပြန်ပါတယ်။
အစ္စရေး Home Front Commandက ဖေဖော်ဝါရီ ၂၈ ရက် ကနေ မတ် ၂ ရက်အထိ လူစုလူဝေးမလုပ်ဖို့၊ အလုပ်တွေနဲ့ ကျောင်းတွေ ပိတ်ထားဖို့ ကြေညာထားတာပါ။
အကူအညီလိုအပ်ရင် မြန်မာသံရုံးရဲ့ ဟော့လိုင်း +၉၇၂၅၈၄၀၈၁၃၄၇ နဲ့ အီးမေးလ် myanmembtelaviv@gmail.comကို ဆက်သွယ်နိုင်တယ်လို့ ဆိုပါတယ်။
ကူဝိတ်နိုင်ငံက မြန်မာသံရုံးကလည်း ကူဝိတ်အစိုးရနဲ့ မြန်မာသံရုံးထုတ်ပြန်ချက်တွေကို စောင့်ကြည့်ဖို့ မနေ့က ကြေညာထားပါတယ်။
အလုပ်ချိန်အတွင်း အလုပ်ကညွှန်ကြားထားတဲ့ အရေးပေါ်လုံခြုံရေးအချက်တွေကို လိုက်နာဖို့ လည်း ပြောထားတာပါ။
မြန်မာနိုင်ငံသားတွေအနေနဲ့ နိုင်ငံကူးလက်မှတ်၊ အရေးကြီးစာရွက်စာတမ်း၊ ရေနဲ့အစားစာ၊ ဖုန်း၊ ဆေးဝါး၊ power bank၊ အဝတ်အစားနဲ့ ကိုယ်ပိုင်အသုံးအဆောင်တွေ စုစည်းပြင်ဆင်ဖို့လည်း ကြို တင်သတိပေးထားပါတယ်။
မလိုအပ်ဘဲ ခရီးမသွားကြဖို့ကိုလည်း ကူဝိတ်မြို့က မြန်မာသံရုံးက အရေးပေါ်သတိပေးထားတာ ဖြစ်ပါတယ်။
မြန်မာရွှေ့ပြောင်းအလုပ်သမားအများအပြားဟာ ဒူဘိုင်း၊ ကာတာနဲ့ ဘာရိန်းအပါအဝင် အရှေ့အလယ်ပိုင်းနိုင်ငံတွေမှာ ရောက်ရှိနေကြတာဖြစ်ပါတယ်။
ဒူဘိုင်းနဲ့ ကာတာမှာနေတဲ့ မြန်မာတချို့ကတော့ အီရန်က ပစ်ခတ်တဲ့ တာဝေးပစ်ဒုန်းတွေကို ပြန်လည် ပစ်ချတဲ့ အသံတွေ ညလုံးပေါက်ကြားနေရတယ်လို့ လူမှုကွန်ရက်မှာ ပြောဆိုထားကြပါတယ်။
ဖမ်းထားတဲ့ စစ်သုံ့ပန်း ၂၀၀ ကျော်ကို ကိုးကန့်တပ် ပြန်လွှတ်
ကိုးကန့်တပ် (MNDAA) က တိုက်ပွဲတွေအတွင်း ဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်း ၂၀၀ ကျော်ကို ဖေဖော်ဝါရီ ၂၈ ရက်က လားရှိုးမြို့မှာ ပြန်လွှတ်ပေးတယ်လို့ လားရှိုးမြို့ခံအချို့က ဘီဘီစီကို ပြောပါတယ်။
စစ်သုံ့ပန်းတွေရဲ့ မိသားစုဝင်တွေက လားရှိုးလေယာဥ်ကွင်းအနီးမှာရှိတဲ့ ဘက်စုံစိုက်ပျိုးရေး တပ်ကနေ သွားကြိုကြတာတွေ့တယ်လို့လည်း ဆိုပါတယ်။
"အဲဒီတပ်က သိန္နီဘက်ကနေ လားရှိုးဝင်လာရင် ပထမဆုံးတွေ့ရတဲ့တပ်ပဲ။ လွတ်လာတဲ့ သုံ့ပန်းတွေ ကတော့ လားရှိုးတိုက်ပွဲက ဗိုလ်အဆင့်တွေလည်း ပါတယ်။ ယာဥ်ထိန်းရဲတွေလည်း ပါတယ်" လို့ အခြေအနေသိရှိသူ မြို့ခံက ပြောပါတယ်။
လားရှိုးမြို့က စစ်တပ်နဲ့ ဆက်စပ်တဲ့သတင်းတွေကို လူမှုကွန်ရက် TikTok မှာ ဖြန့်ဝေနေသူတချို့ကလည်း မနေ့က MNDAA ရဲ့ စစ်သုံ့ပန်းလွှဲပြောင်းတဲ့အခြေအနေသတင်းကို ဖြန့်ဝေထားကြတာတွေ့ရပါတယ်။
စစ်သုံ့ပန်းတွေရဲ့ မိသားစုဝင်တချို့ကလည်း သူတို့မိသားစုဝင်ပါလာတာရှိတယ်လို့ ပြောထားကြတာပါ။
ကိုးကန့်ဘက်ကတော့ အခုနောက်ဆုံးပြုလုပ်ထားတဲ့ စစ်သုံ့ပန်းပြန်လွှတ်ပေးတဲ့အခြေအနေကို သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
ကိုးကန့်တပ် (MNDAA) က ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၅ ရက်တုန်းကလည်း အထူးဒေသအုပ်ချုပ်ရေးအဖွဲ့ရဲ့ ခွင့်ပြုချက်နဲ့ စစ်သုံ့ပန်း ၅၀၀ ဦးကို ပြန်လွှတ်ခဲ့ပါတယ်။
၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းအတွင်း MNDAA က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရှိရာ လားရှိုးမြို့ ကိုပါ သိမ်းနိုင်ခဲ့ပြီး စစ်သုံ့ပန်း ၄,၀၀၀ ကျော်ကို ဖမ်းဆီးခဲ့တာပါ။
ဒီထဲက ၃,၀၀၀ ကျော်ကို ၂၀၂၄ ခုနှစ်အတွင်းပြန်လွှတ်ပေးခဲ့ပါတယ်။ အဲဒီထဲမှာ တိုင်းစစ်ဦးစီးချုပ်နဲ့ အရာရှိတွေပါ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။
အစ္စရေးနဲ့ ယူအေအီးနိုင်ငံမှာ မြန်မာ ၄ ထောင်ကျော်ရှိနေ
ဒူဘိုင်းအပါအဝင် အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံ(ယူအေအီး) ကိုရောက်နေတဲ့ မြန်မာ ၄ ထောင်ကျော်ရှိတယ်လို့ စစ်ကော်မရှင် အလုပ်သမားဝန်ကြီးဌာနရဲ့ ၂၀၂၄ ခုနှစ်အတွင်းထုတ်ပြန်ချက်မှာတွေ့ရပါတယ်။
အီရန်နဲ့ တိုက်ပွဲဖြစ်နေတဲ့ အစ္စရေးမှာတော့ သံရုံးအချက်အလက်အရ မြန်မာနိုင်ငံသား ၁၀၀ ကျော်ရှိပြီး တရားမဝင် ဝင်ရောက်လာသူတွေလည်းရှိတာကြောင့် ဒီထပ်များနိုင်တယ်လို့ ကောင်စစ်တာဝန်ခံက ဘီဘီစီကို ပြီးခဲ့တဲ့နှစ် ဇွန်လတုန်းက ပြောထားပါတယ်။
တခြား အရှေ့အလယ်ပိုင်းနိုင်ငံတွေဖြစ်တဲ့ ဆော်ဒီအာရေးဗျ၊ ကာတာ၊ ဘာရိန်းနဲ့ အိုမန်တို့မှာလည်း မြန်မာနိုင်ငံသားတွေရှိနေပြီး ဒီနိုင်ငံက မြန်မာနိုင်ငံသားတွေအရေးကို ဆော်ဒီအာရေးဗျနိုင်ငံ၊ ရီယတ်မြို့မှာရှိတဲ့ မြန်မာသံရုံးက ကိုင်တွယ်တာဖြစ်ပါတယ်။
မြန်မာနိုင်ငံသားတွေအနေနဲ့ တိုက်ပွဲကာလမှာ ဒီသံရုံးကို ဆက်သွယ် အကူအညီတောင်းခံနိုင်လားဆိုတာကို သိရဖို့ ဘီဘီစီက သံရုံးထုတ်ပြန်ထားတဲ့ဖုန်းကို ဆက်သွယ်ပေမဲ့ ဆက်သွယ်လို့မရပါဘူး။
မြန်မာအိမ်အကူတွေကို ဒူဘိုင်းမှာ အလုပ်ရနိုင်တယ်ဆိုပြီး ဒီဒေသတွင်းမှာရှိတဲ့ အီရန်နဲ့ကပ်လျက်နိုင်ငံဖြစ်တဲ့ အီရတ်ကို ပို့ဆောင်ခံရတာတွေလည်း ရှိပါတယ်။
အီရတ်နိုင်ငံမှာ မြန်မာသံရုံး မရှိတာကြောင့် အီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့က မြန်မာသံရုံးက ပူးတွဲကိုင်ထားပြီး ဒီနေ့အထိတော့ မြန်မာနိုင်ငံသားတွေအတွက် သတိပေးထုတ်ပြန်တာ မတွေ့ရသေးပါဘူး။