ခါမေနီအလွန် အီရန်မှာ ဘယ်သူအာဏာအရှိဆုံးလဲ၊ သူ့နေရာမှာ ဘယ်သူ့ကိုအစားထိုးမှာလဲ

ဖတ်ရန်အချိန်: မိနစ် ၉

အီရန်ကို အမေရိကန်နဲ့ အစ္စရေးတို့ ပူးတွဲလေကြောင်းတိုက်ခိုက်မှုအတွင်း အီရန်ရဲ့ဘာသာရေး အထွတ်အထိပ်ခေါင်းဆောင် အယာတိုလာ အလီ ခါမေနီ သေဆုံးခဲ့ပြီးတဲ့နောက် ဒီအခြေအနေဟာ အီရန်ရော၊ ဒေသတွင်းမှာပါ အန္တရာယ်များတဲ့အနာဂတ်ကို ဆောင်ကျဉ်းလာပါတယ်။

ခါမေနီဟာ အီရန်နိုင်ငံ့ဦးသျှောင်ဖြစ်သလို အီရန်တော်လှန်ရေးအစောင့်တပ်(IRGC) အပါအဝင် လက်နက်ကိုင်တပ်တွေအားလုံးရဲ့ကာကွယ်ရေးဦးစီးချုပ်လည်းဖြစ်ပါတယ်။

အီရန်မှာ အာဏာလေဟာနယ် မဖြစ်အောင် ကာကွယ်ဖို့နဲ့ ခေါင်းဆောင်မှု စဉ်ဆက်မပြတ်ဖို့ အတိတ်တုန်းကတော့ ခေါင်းဆောင်သစ်ကို မြန်မြန်ရွေးချယ်ခဲ့ကြပါတယ်။ ဒါပေမဲ့ အခုတစ်ကြိမ်မှာတော့ အီရန်ဟာ တိုက်ခိုက်ခံရတာလည်း ကြုံနေရသလို ကိုယ်တိုင်ကလည်း ဒေသတွင်းက နိုင်ငံတွေကို ဒုံးကျည်တွေနဲ့ပစ်ခတ်တာတွေလုပ်နေလို့ အခြေအနေ ပိုရှုပ်ထွေးနိုင်ပါတယ်။

အထွတ်အထိပ်ခေါင်းဆောင် ရွေးချယ်ရေးလုပ်ငန်းစဉ်

အီရန်မှာ နိုင်ငံ့ဦးသျှောင် အယာတိုလာ သေဆုံးပြီလို့ နိုင်ငံပိုင် မီဒီယာက တနင်္ဂနွေနေ့မှာ ကြေညာချိန်မှာပဲ အီရန်အစိုးရဟာ ဒီအတွက် ဝမ်းနည်းအောက်မေ့ဖွယ် ရက် ၄၀၊ အများပြည်သူရုံးပိတ်ရက် ၁ ပတ်ထားမယ်လို့ ကြေညာပါတယ်။

အခုတော့ အားလုံးရဲ့အာရုံဟာ Assembly of Experts (AE) အဖွဲ့ထံ ရောက်နေပါတယ်။ ဘာသာရေးခေါင်းဆောင် ၈၈ ဦးနဲ့ ဖွဲ့စည်းထားတဲ့ ဒီအဖွဲ့ဟာ ခါမေနီနေရာကို ဆက်ခံမယ့် နိုင်ငံ့ဦးသျှောင်လောင်းကို ရွေးချယ်မှာဖြစ်ပါတယ်။ သူတို့ကိုတော့ သမ္မတလောင်းအပါအဝင် ကိုယ်စားလှယ်လောင်းတွေကို ရွေးချယ်တဲ့ ဂါးဒီးယန်းကောင်စီကနေ အသိအမှတ်ပြုပြီး ၈ နှစ်တစ်ကြိမ်ပြုလုပ်တဲ့ရွေးကောက်ပွဲကနေ ရွေးချယ်တာဖြစ်ပါတယ်။

AE လို့ အတိုကောက်ခေါ်တဲ့ ဒီအဖွဲ့ဟာ ခေါင်းဆောင်သစ်တစ်ဦးကို ရွေးချယ်ဖို့ဆိုရင် အဖွဲ့ဝင်စုစုပေါင်း သုံးပုံ နှစ်ပုံရဲ့ထောက်ခံမှုရမှ ရွေးနိုင်မှာဖြစ်ပါတယ်။ ၂၀၂၄ ရွေးကောက်ပွဲတွေမှာ ခါမေနီရဲ့သစ္စာခံတွေပဲ ဒီအဖွဲ့နေရာအားလုံးကို ရရှိခဲ့တာကြောင့် အခုတစ်ခေါက် ရွေးမယ့် ခေါင်းဆောင်လောင်းဟာလည်း ခါမေနီရဲ့မူကိုပဲ လိုက်မယ့် သဘောထားတင်းမာသူ ဖြစ်လိမ့်မယ်လို့ ခန့်မှန်းကြပါတယ်။

ဒီလုပ်ငန်းစဉ်လုပ်နေတုန်းမှာ နိုင်ငံ့ခေါင်းဆောင်နေရာအတွက် လစ်ဟာနေတာကိုဖြည့်ဖို့ အဖွဲ့ဝင် ၃ ဦးပါတဲ့ ယာယီခေါင်းဆောင်မှုကောင်စီက တာဝန်ယူထားမှာဖြစ်ပါတယ်။

အဲဒီယာယီခေါင်းဆောင်မှုကောင်စီမှာ နိုင်ငံ့သမ္မတ၊ တရားရေးအကြီးအကဲနဲ့ ဂါးဒီးယန်း ကောင်စီ(Guardian Council) အဖွဲ့ဝင် ဘာသာရေးခေါင်းဆောင် တစ်ဦးတို့ပါဝင်ပါတယ်။

AE အဖွဲ့က ခေါင်းဆောင်လောင်းကို မဲသုံးပုံ နှစ်ပုံနဲ့ မရွေးနိုင်ဘူးဆိုရင်၊ နောက်ပြီး လက်ရှိဖြစ်နေတဲ့လုံခြုံရေးအခြေအနေကြောင့် AE အဖွဲ့ မျက်နှာစုံညီ မတွေ့နိုင်ဘူးဆိုရင်တော့ ယာယီခေါင်းဆောင်မှုကောင်စီဟာ အုပ်ချုပ်ရေးကို အချိန်အကန့်အသတ်မရှိ ဆက်လုပ်နေရမယ့်သဘောရှိပါတယ်။

နောက်ပြီး အထွတ်အထိပ်ခေါင်းဆောင်သစ်ရွေးမယ့် AE ရဲ့ ဆုံးဖြတ်ချက်ဟာ အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်(IRGC)နဲ့လည်း တစ်သဘောတည်းဖြစ်ရမယ့်အခြေအနေပါ။

ဒီအစောင့်တပ်အဖွဲ့ဝင်တွေဟာ ခါမေနီကို သစ္စာခံသူတွေဖြစ်ပေမဲ့ လက်ရှိမှာ ပြုပြင်ပြောင်းလဲရေးဝါဒီပဲဖြစ်ဖြစ်၊ သဘောထားတင်းမာသူပဲဖြစ်ဖြစ် အဲဒီလိုလူတွေထဲက တစ်ယောက်ယောက် သမ္မတ ရာထူးကို ယူထားတယ်ဆိုရင်တော့ အခုလိုအတိမ်းအစောင်းမခံတဲ့ကာလမှာ ဒီတပ်ဟာ အဲဒီသမ္မတရဲ့ရပ်တည်ချက်ကို လိုက်ကြည့်ပြီး ပညာသားပါပါရပ်တည်လိမ့်မယ်လို့ ဘီဘီစီ မော်နီတားရင်းအဖွဲ့က ပြောပါတယ်။

IRGC ဟာ ၁၉၇၉ တော်လှန်ရေးမူတွေကို စောင့်သိဖို့ ဖွဲ့စည်းခဲ့တဲ့အဖွဲ့ဖြစ်ပါတယ်။ ဒီအဖွဲ့နဲ့အတူ ပုံမှန်တပ် တစ်တပ်ရော၊ ရပ်တည်ချက် သဘောထားမတိုက်ဆိုင်သူတွေကို ဖိနှိပ်ဖို့ အနီးနားမှာ ခါးပိုက်ဆောင်တပ်အနေနဲ့အသင့်ရှိတဲ့ စေတနာ့ဝန်ထမ်း ပြည်သူ့စစ်အဖွဲ့ကွန်ရက်ကြီးလည်း ရှိနေပါတယ်။

AE အဖွဲ့ထဲမှာရှိတဲ့ အဖွဲ့ဝင် ၃ ဦးပါ ကော်မတီခွဲတစ်ခုဟာ ခါမေနီ မကွယ်လွန်ခင်ကတည်းက အလားအလာရှိတဲ့ခေါင်းဆောင်လောင်းတွေကို တိတ်တဆိတ်ရှာဖွေနေခဲ့တယ်လို့ သတင်းတွေထွက်ခဲ့တဲ့အကြောင်း BBC Monitoring အဖွဲ့က ပြောပါတယ်။ ဒီသတင်းတွေဟာ အမေရိကန်- အစ္စရေးတို့နဲ့ဖြစ်တဲ့ တင်းမာမှုတွေကြားမှာ ထွက်ပေါ်လာတာဖြစ်လို့ ခါမေနီဟာ ပစ်မှတ်ဖြစ်ခဲ့တယ်ဆိုတာကလည်း ရှင်းလင်းပါတယ်။

''AE အဖွဲ့ဟာ နောက်ဆုံးမှာ ဘယ်သူ့ကို ရွေးလိုက်မလဲဆိုတာကို ကြည့်ရမှာပေါ့။ လက်ရှိတော့ ဘယ်သူကို ခေါင်းဆောင်လောင်းမဖြစ် လျာထားမလဲဆိုတာ မသိရသေးဘူး။ ဗုံးကြဲမှုတွေ ဖြစ်နေတော့ AE အဖွဲ့ဝင်တွေရဲ့အခြေအနေလည်း မသိနိုင်သေးဘူးလေ။ လာမယ့်ရက်ပိုင်းအတွင်း အခြေအနေ ဘာဖြစ်မလဲစောင့်ကြည့်ရမယ်'' လို့ အမေရိကန်အခြေစိုက် ခေတ်ပြိုင်အာရပ်လေ့လာရေးစင်တာက သုတေသီလည်းဖြစ်၊ အကဲခတ်လည်းဖြစ်တဲ့ ရိုဇာ မီနက်ဆီက ဘီဘီစီ မွန်ဒိုဌာနကို ပြောပါတယ်။

နိုင်ငံ့ဦးသျှောင် ခေါင်းဆောင်လောင်းတွေ

သွားလေသူ အယာတိုလာ ခါမေနီရဲ့ ဒုတိယမြောက်သား မိုဂျာတာ ခါမေနီဟာ သူ့အဖေ နေရာကို ဆက်ခံမယ့်သူလို့ မြင်ထားကြပါတယ်။ အဖေ့ရုံးကို စီမံသူဖြစ်လို့ မီဒီယာထဲမှာလည်း မြင်ရတွေ့ရ ပေါက်ရောက်သူ ဖြစ်ပါတယ်။ ပြီးတော့ ခါမေနီရဲ့ရည်မှန်းချက်တွေ အကောင်အထည်ဖော်အောင်လုပ်ပေးတဲ့သူလို့ဆိုပြီး အမေရိကန်ရဲ့ ပိတ်ဆို့ဒဏ်ခတ်မှု ခံထားရသူလည်းဖြစ်ပါတယ်။

ဒါပေမဲ့ ဖြစ်လာနိုင်ခြေရှိတဲ့ရှုပ်ထွေးမှုက သားစဉ်မြေးဆက် ရာထူးဆက်ခံတယ်ဆိုတဲ့ကိစ္စဖြစ်တယ်လို့ BBC Monitoring အဖွဲ့က ပြောပါတယ်။ အဖေကနေ သားကို လက်ဆင့်ကမ်း ရာထူးဆက်ခံစေတာမျိုးကို ခါမေနီရော၊ သူ့ရှေ့က ခေါင်းဆောင် အယာတိုလာ ရူဟိုလာ ခိုမေနီပါ ဝေဖန်ထားကြတာပါ။ ဒါကြောင့်လည်း အီရန်မှာ ဘုရင်စနစ်ကိုဖြုတ်ချတဲ့ ၁၉၇၉ အစ္စလာမ္မစ် တော်လှန်ရေး ပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။

နောက်ထပ် နာမည်ထွက်သူက ဟတ်ဆန် ခိုမေနီဖြစ်ပါတယ်။ သူကတော့ အီရန်မှာ ပြုပြင်ပြောင်းလဲရေးသမားတွေနဲ့ အနေနီးသူလို့ အကဲခတ်တွေက ပြောပြီး သူဟာ ၁၉၈၉ ခုနှစ်မှာ ကွယ်လွန်သွားပြီဖြစ်တဲ့ အစ္စလာမ္မစ်သမ္မတနိုင်ငံကို ထူထောင်သူ အယာတိုလာ ခိုမေနီရဲ့မြေးဖြစ်ပါတယ်။ ဒါကြောင့် ဒါဟာ အပေါ်မှာ ပြောခဲ့သလို အဖေကနေ သားကို အရိုက်အရာလွှဲပြောင်းတယ်ဆိုတဲ့ကိစ္စမျိုး ပေါ်လာစရာ မရှိနိုင်ပါတယ်။

နောက်ပြီး ဟတ်ဆန် ခိုမေနီရဲ့ ဘာသာရေးအားကောင်းမှုနဲ့ မိသားစု နောက်ခံကလည်း သူ့ကို ခေါင်းဆောင်လောင်းအဖြစ် ရွေးဖို့ အလေးသာစေပါတယ်။ ဒါပေမဲ့ အကဲခတ်တွေကတော့ နိုင်ငံရေးအတွေ့အကြုံနည်းပါးတာနဲ့ ပြိုင်ဘက်များတာတွေကြောင့် ခေါင်းဆောင်လောင်းနေရာအထိ ရောက်လာဖို့ရာ မဖြစ်နိုင်ဘူးလို့ ပြောပါတယ်။

AE အဖွဲ့ထဲက အဖွဲ့ဝင်အချို့ကတော့ အလားအလာရှိတဲ့ ခေါင်းဆောင်လောင်းကို မြင်ထားပါတယ်။ အဲဒီထဲက တစ်ယောက်က အသက် ၆၅ နှစ်အရွယ် ဘာသာရေးဆရာ အရာဖီဖြစ်ပါတယ်။ သူဟာ ခါမေနီရဲ့ ရာထူးအဆင့်ဆင့် ခန့်အပ်ခံရတဲ့သမိုင်းကြောင်း ရှိပြီး လက်ရှိမှာ အီရန်ရဲ့ ခေါင်းဆောင်အသစ်မတွေ့ခင် နိုင်ငံကို စီမံဖို့ ခန့်အပ်ခံရတဲ့ ယာယီကောင်စီမှာ ပါဝင်ဖို့ အရွေးခံထားရသူလည်းဖြစ်ပါတယ်။

အရာဖီဟာ အီရန်နိုင်ငံတလွှား ကျမ်းစာကျောင်းတွေအားလုံးရဲ့ညွှန်ကြားရေးမှူးဖြစ်ပြီး ဒီရာထူးဟာ အီရန်ရဲ့ဘာသာရေးဆိုင်ရာ ရာထူးဌာနအဆင့်မှာ အမြင့်ဆုံးဖြစ်ပါတယ်။ ၂၀၁၉ မှာ ခါမေနီဟာ သူ့ကို ဂါးဒီးယန်းကောင်စီထဲ ခန့်ခဲ့ပါတယ်။ ဒီကောင်စီဟာ ဘာသာရေး ခေါင်းဆောင်တွေနဲ့ ဥပဒေ ပညာရှင် ၁၂ ယောက်ပါတဲ့အဖွဲ့ဖြစ်ပါတယ်။ ဒီကောင်စီဟာ သမ္မတလောင်းရွေးချယ်ရေးလို ကိစ္စရပ်တွေကို ကိုင်တွယ်ပြီး အာဏာလည်းကြီးပါတယ်။

အီရန် အမျိုးသားထိပ်တန်းလုံခြုံရေးကောင်စီ (SNSC)က လက်ရှိ အတွင်းရေးမှူးချုပ် အလီ လာရီဂျာနီဟာ ဦးသျှောင်ခေါင်းဆောင်အသစ်နေရာအတွက် ရွေးချယ်ခံရဖို့ မဖြစ်နိုင်ပေမဲ့ ရွေးချယ်ရေး လုပ်ငန်းစဉ်မှာတော့ သြဇာလွှမ်းနိုင်မယ့်သူဖြစ်ပါတယ်။

ရိုက်တာသတင်းဌာနကတော့ ပြည်တွင်းမှာ ပြင်းထန်တဲ့ဖိနှိပ်မှုလုပ်တာကစလို့ ဒေသတွင်းမှာ တီဟီရန်ရဲ့ဆက်ဆံရေးအလယ် နျူကလီးယားဆွေးနွေးညှိနှိုင်းမှုတွေအဆုံး စတဲ့ ကိစ္စရပ်တွေမှာ လာရီဂျာရီရဲ့ ခြေလက်မကင်းဘူးလို့ ဆိုပါတယ်။ ပြီးတော့ သူဟာ ခါမေနီနေရာကို ဆက်ခံမယ့်သူ ဘယ်သူပဲ တက်လာလာ ပြည်ပရေးရာတွေနဲ့ဆက်စပ်ပြီး အဓိကအကျိုးတော်ဆောင်အဖြစ်လည်း ဆက်ရှိနိုင်ပါတယ်။

အီရန်မှာ ဦးဆောင်တဲ့ဘာသာရေးမိသားစုအနွယ်ကနေ ဆင်းသက်လာသူဖြစ်ပါတယ်။ ပြီးတော့ သူဟာ အီရန်မှာ အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွေကို ရက်ရက်စက်စက်နှိမ်နင်းဖို့ စေခိုင်းခဲ့သူလို့စွပ်စွဲပြီး အမေရိကန်ပိတ်ဆို့ဒဏ်ခတ်ခံရပြီး တစ်လခန့်အကြာမှာပဲ အမေရိကန်နဲ့နျူကလီးယား သဘောတူညီချက်ရရေးအားထုတ်မှုတွေကို ကြီးကြပ်ခဲ့သူလို့ နယူးယောက် တိုင်းစ် သတင်းဌာနကရေးပါတယ်။

အီရန်မှာ အုပ်စိုးသူ အပြောင်းအလဲဖြစ်ဖို့ ရည်ရွယ်တဲ့ အစ္စရေးနဲ့ အမေရိကန်တို့ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေဖြစ်နေတုန်း၊ နောက်ပြီး ဒီတိုက်ခိုက်မှုကိုတုံ့ပြန်ဖို့ ပဲ့ထိန်းဒုံးကျည်တွေ ပြန်သုံးနေရတာကြောင့် ဒုံးကျည်တွေတဖြည်းဖြည်းလျော့လာနေချိန်မှာ အီရန်ဟာ နိုင်ငံ့ဦးသျှောင်ခေါင်းဆောင်နေရာကို ဆက်ခံမယ့်သူကို ရွေးချယ်ရဖို့ ဖြစ်လာပါတယ်။

BBC News Persian, BBC News Mundo, BBC Monitoring နဲ့ BBC Global Journalism တို့လည်း ပါဝင်ရေးသားပါတယ်။