ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

အကြမ်းဖက်ပုဒ်မတွေနဲ့ တရားရင်ဆိုင်နေရသူ လူ ၁ သောင်းကျော်ကို စစ်တပ် အမှုပိတ်

၅ နှစ်တာအတွင်း စစ်တပ်ရဲ့ လွတ်ငြိမ်းသက်သာပေးမှုတွေထဲ အကြမ်းဖက်အမှုတွေကို ပထမဆုံး အကြိမ်ပေးတဲ့သတင်းအပါအဝင် မတ် ၂ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းကထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။

အနှစ်ချုပ်

  • ဒေါ်အောင်ဆန်းစုကြည် ကျခံရတဲ့အမှုတွေ ဒီတခေါက်လွတ်ငြိမ်းသက်သာခွင့်ထဲ မပါ
  • စစ်တပ်လွတ်ငြိမ်း အကြမ်းဖက်အမှုတွေကို ပထမဆုံး အကြိမ်လွှတ်
  • အီရန်ကို အစ္စရေးနဲ့ အမေရိကန်တိုက်ခိုက်မှု ၃ ရက်မြောက်ထူးခြားချက်
  • အမှုထမ်းလုပ်သက်အလိုက် တာဝန်ထမ်းဆောင်မှုအထူးထောက်ပံ့ကြေး လတိုင်းပေးမယ်
  • တပ်တွင်းဝေဖန်မှုရှိတယ်လို့ CDM စစ်သားအသိုင်းအဝိုင်းပြော

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. မတ်လ ၂ ၇က်နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။

    ဘီဘီစီ သတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

  2. အီရန်ကို အမေရိကန်နဲ့ အစ္စရေး ပူးတွဲလေကြောင်းတိုက်မှု ၃ ရက်မြောက် ဘာတွေဆက်ဖြစ်နေလဲ

    - အီရန်နိုင်ငံဟာ ဆော်ဒီအာရေးဗျကို လေကြောင်းတိုက်ခိုက်မှုအသစ်ထပ်လုပ်လို့ အဲဒီက ရေနံချက်စက်ရုံ တစ်ရုံ မီးလောင်ခဲ့ပြီး အခုတော့ မီးထိန်းနိုင်ပြီလို့ သတင်းထွက်ပေါ်သလို ကာတာက ဓာတ်ငွေ့စက်ရုံကြီးတစ်ခုကိုလည်း တိုက်ခိုက်တယ်လို့ သတင်းတွေ တက်လာပါတယ်။

    - ရေနံတင်ပို့ရောင်းချသလို ကမ္ဘာ့ရေနံကုန်သွယ်မှုဖြတ်သန်းရာလမ်းကြောင်းလည်းရှိတဲ့ ဒီနိုင်ငံတွေက အခုလိုအခြေအနေကြောင့် ကမ္ဘာတလွှား စတော့စျေးကွက်မှာ စျေးနှုန်းတွေ ထိုးကျကုန်ပါတယ်။

    - အမေရိကန်နဲ့ အစ္စရေးတို့ဟာ အီရန်ကို စနေနေ့တုန်းက လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အီရန်ဘာသာရေးခေါင်းဆောင် အယာတိုလာ အလီ ခါမေနီ သေဆုံးတဲ့အထိဖြစ်ခဲ့ပါတယ်။ အစ္စရေးစစ်တပ်ကတော့ တီဟီရန်မြို့ကို လေကြောင်းတိုက်ခိုက်မှု အသစ်ထပ်လုပ်တယ်လို့ ပြောပါတယ်။

    - ကူဝိတ်မှာတော့ အမေရိကန် တိုက်လေယာဉ်အချို့ပျက်ကျမှု ဖြစ်ခဲ့ပြီး အမေရိကန်စစ်တပ်ကတော့ ဒါဟာ အချင်းချင်း မှားယွင်း ပစ်ခတ်မှုကြောင့်လို့ ဆိုပါတယ်။ အဲဒီထဲက လေယာဉ်တစ်စင်း မြေပြင်ကို ထိုးဆင်းသွားတဲ့ရုပ်သံလည်း ထွက်ပေါ်နေပါတယ်။

    - ဒီအတောအတွင်းမှာပဲ အမေရိကန်က အီရန်ရဲ့အစောပိုင်းတိုက်ခိုက်မှုတွေကြောင့် ၄ ဦးမြောက် အမေရိကန်တပ်ဖွဲ့ဝင် သေဆုံးမှု ဖြစ်ထားတယ်လို့ ပြောပါတယ်။ ဒါပေမဲ့ ဘယ်နေရာတွေ တိုက်ခိုက်ခံရချိန် အခုလိုဖြစ်တယ်ခဲ့တယ်ဆိုတာကို မပြောပါဘူး။

    - လက်ဘနွန်ကျန်းမာရေးဝန်ကြီးဌာနကတော့ ဘေရွတ်နဲ့ လက်ဘနွန်တောင်ပိုင်းကို အစ္စရေးရဲ့တိုက်ခိုက်မှုတွေအတွင်း လူ ၃၁ ဦးသေဆုံးတယ်လို့ ပြောပြီး အစ္စရေးဘက်ကလည်း လက်ဘနွန်က ဟစ်ဇ်ဘိုလာအဖွဲ့ကို တုံ့ပြန်တာလို့ ပြောပါတယ်။

    -ဆိုက်ပရက််စ်မှာတော့ တနင်္ဂနွေနေ့ အစောပိုင်းတိုက်ခိုက်မှုဖြစ်အပြီးမှာ ဗြိတိန်စစ်အခြေစိုက်စခန်းကို ဦးတည်လာတဲ့ ဒရုန်း နှစ်စင်းကို ကြားဖြတ် ပစ်ချခဲ့ရတယ်လို့ သိရပါတယ်။

  3. ဝန်ကြီးတွေရဲ့ထောင်

    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)အစိုးရလက်ထက် ထိပ်ပိုင်းရာထူး တာဝန်ထမ်းခဲ့ကြပြီး ၂၀၂၁ စစ်တပ်အာဏာသိမ်းမှုဖြစ်ပြီးတဲ့နောက် ထောင်ဒဏ်တွေချမှတ်ခံခဲ့ရတဲ့နိုင်ငံရေသမားတွေ စစ်ကော်မရှင်ရဲ့လွတ်ငြိမ်းကြောင့် အကျဉ်းထောင်အသီးအသီးကနေ ဒီနေ့ ပြန်လည်လွတ်မြောက်လာကြပါတယ်။

    ဒီနေ့ ပြန်လွတ်လာကြသူတွေထဲ NLD အစိုးရလက်ထက် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဟောင်းနဲ့ နေပြည်တော်မြို့တော်ဝန်ဟောင်းတို့လည်း ပါဝင်ပါတယ်။

    သူတို့နှစ်ဦးစလုံးဟာ နေပြည်တော်ကနေ မိုင် ၆၀ ခန့်ပဲဝေးတဲ့ မန္တလေးတိုင်း၊ ရမည်းသင်းအကျဉ်းထောင်ကနေ ပြန်လွတ်လာကြတာဖြစ်ပါတယ်။

    ဒီထောင်ဟာ စစ်အာဏာသိမ်းပြီးတဲ့နောက် ဖမ်းဆီးခံရပြီး ထောင်ဒဏ် ချမှတ်ခံရတဲ့ NLD အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေအပါအဝင် ပြည်ထောင်စုအဆင့် ရာထူးအင်္ဂါစဉ်မှာ ထိပ်ဆုံးရှိတဲ့လူပုဂ္ဂိုလ်တွေကို ထိန်းသိမ်းခဲ့တဲ့ အကျဉ်းထောင်လည်း ဖြစ်ပါတယ်။

    ရမည်းသင်းထောင်အကြောင်း ဘီဘီစီ အထူးဆောင်းပါးကို ဒီလင့်ခ် ကနေ ပြန်လည်ဖတ်ရှုနိုင်ပါတယ်။

  4. ‘‘UFC ကြိုးဝိုင်းထဲမှာ မြန်မာအလံကို တွေ့ရပြီ။ ... ဒီလိုဖြစ်ဖို့ ကျွန်တော်တိုက်ယူခဲ့ရတာ’’ - ဂျော့ရှုဝါ ဗန်

    ချင်းဖိုက်တာ ဂျော့ရှုဝါ ဗန်ဟာ ကမ္ဘာတဝန်းပရိသတ် အခိုင်အမာရှိပြီး ထင်ရှားကျော်ကြားတဲ့ UFC ပြိုင်ပွဲ သမိုင်းမှာ ပထမဆုံးအကြိမ် ချန်ပီယံဖြစ်တဲ့မြန်မာနွယ်ဖွား ဖိုက်တာတစ်ဦး ဖြစ်ပါတယ်။

    အခုတော့ သူဟာ ဖလိုက်ဝိတ်တန်း ချန်ပီယံခါးပတ်ကို ကာကွယ်ဖို့ ဂျပန်ဖိုက်တာ တာဆုရို တိုင်ရာနဲ့ ဧပြီလမှာ ယှဥ်ပြိုင်ထိုးသတ်ဖို့ ရှိနေပါတယ်။

    ဂျော့ရှုဝါ ဗန်ကို ဘီဘီစီ မြန်မာပိုင်း သတင်းထောက် ကိုသူရက ဒီဇင်ဘာလတုန်းက အွန်လိုင်းကနေ ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

    ဗန် ပြောတဲ့ သူ့ရဲ့ ချန်ပီယံခါးပတ်ကို ကာကွယ်မယ့် စိတ်အားထက်သန်မှုတွေ၊ ပြည်တွင်းစစ်ဖြစ်နေတဲ့ မြန်မာနဲ့ ပတ်သက်တဲ့သူ့ရဲ့စိတ်ခံစားချက်၊ သူ့ဘဝနဲ့ မိသားစုအကြောင်း၊ ဖိုက်တာဘဝ ရှေ့အနာဂတ်မျှော်မှန်းချက်တွေနဲ့ ပတ်သက်တဲ့ပြောကြားချက်အပြည့်အစုံကို ဒီလင့်ခ် မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

  5. တန့်ယန်းမြို့မှာ UWSA တောင်ပိုင်း ၁၇၁ စစ်ဒေသ တပ်ဖွဲ့ဝင် မင်္ဂလာစုံတွဲ ၈၀ တစ်နေ့တည်းမှာ မင်္ဂလာဆောင်

    ရှမ်းပြည်နယ်၊ တန့်ယန်းမြို့မှာ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်(UWSA)ရဲ့ တောင်ပိုင်း ၁၇၁ စစ်ဒေသက ရှေ့တန်းပြန် တပ်ဖွဲ့ဝင် အယောက် ၈၀ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက တစ်နေ့တည်းမှာ မင်္ဂလာဆောင် အခမ်းအနားကို စုပေါင်း ကျင်းပခဲ့တယ်လို့ သိရပါတယ်။

    မင်္ဂလာပွဲကို တန့်ယန်းမြို့ပြင်က ‘ဝ’ အဖွဲ့ စီမံလည်ပတ်တဲ့ စာသင်ကျောင်းတစ်ကျောင်းမှာ ‘ဝ’ ရိုးရာအတိုင်း ဖေဖော်ဝါရီ ၂၆ ရက်နေ့က ပြုလုပ်ခဲ့တာလို့ ပွဲတက်ရောက်ခဲ့သူ မြို့ခံက ဘီဘီစီကို ပြောပါတယ်။

    ‘‘တောင်ပိုင်း ၁၇၁ စစ်ဒေသက တပ်ဖွဲ့ဝင်တွေကို စုပြီး မင်္ဂလာပွဲ ကျင်းပပေးခဲ့တာပါ။ ငွေကြေးတတ်နိုင်တဲ့တပ်ဖွဲ့ဝင်တွေက သူတို့ဘာသာ မင်္ဂလာပွဲ ကျင်းပနိုင်ပေမဲ့ တချို့တပ်ဖွဲ့ဝင်တွေကိုတော့ လူကြီးတွေက စုပြီး အားလုံးတာဝန်ယူပြီး မင်္ဂလာဆောင်ပေးတဲ့သဘောပါပဲ’’ လို့ တန့်ယန်းမြို့ခံက ပြောပါတယ်။

    ‘ဝ’ ရိုးရာနှစ်သစ်ကူး မင်္ဂလာအနေနဲ့ တပ်ဖွဲ့ဝင်တွေကို အခုလို စုပေါင်း မင်္ဂလာပွဲ ကျင်းပပေးတာလို့လည်း သူကပြောပါတယ်။

    မင်္ဂလာပွဲ ကျင်းပခဲ့တဲ့နေရာဟာ တန့်ယန်းမြို့ပြင်က ဟွေဆော့ရွာမှာရှိတဲ့ ဟုန်ပန်း စိုက်ပျိုးခြံ စာသင်ကျောင်းဝင်းထဲမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

    ကိုးကန့်တပ်(MNDAA) က လားရှိုးမြို့ကို သိမ်းယူခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း ‘၀’ ဟာ အင်အားရာချီနဲ့ အတူ ၂၀၂၄ ခုနှစ် ဇူလိုင်လမှာ သံလွင်မြစ်အရှေ့ဘက်ကနေ အနောက်ဘက်ခြမ်းက တန့်ယန်းကို ကားတွေနဲ့ ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။

    အဲဒီနောက်ပိုင်း ၀ တပ်ဖွဲ့ဟာ တန့်ယန်းမြို့မှာလည်း မြန်မာစစ်တပ်နဲ့အတူ ဖြန့်ကြက်နေရာယူထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

  6. NLD အစိုးရယန္တရားမှာ ဦးဆောင်ခဲ့တဲ့ ပါတီဝင်တချို့ ပြန်လွတ်

    အာဏာသိမ်းစမှာပဲ ဖမ်းဆီးထိန်းသိမ်းခံလိုက်ရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) အစိုးရယန္တရားမှာ ပါဝင်ခဲ့တဲ့ (NLD) ပါတီဝင်တချို့ ဒီနေ့ လွတ်ငြိမ်းထဲ ပါလာပါတယ်။

    ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်(CEC)လည်းဖြစ်ပြီး နေပြည်တော်မြို့တော်ဝန်ဟောင်းဖြစ်တဲ့ ဒေါက်တာမျိုးအောင်၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီး အငြိမ်းစားစစ်ဗိုလ်ချုပ် ဦးမင်းသူတို့ မန္တလေးတိုင်း၊ ရမည်းသင်းအကျဉ်းထောင်ကနေ ပြန်လွတ်လာတယ်လို့ နီးစပ်သူတချို့ဆီကနေ သိရပါတယ်။

    ရမည်းသင်းထောင်နဲ့ နီးစပ်တဲ့သတင်းရင်းမြစ်ကတော့ ဒေါက်တာမျိုးအောင်နဲ့ ဦးမင်းသူတို့ဟာ စစ်တပ်က ဒီနေ့ ထုတ်ပြန်ခဲ့တဲ့ လွတ်ငြိမ်းကြောင့် မဟုတ်ဘဲ အကျဉ်းထောင်ကို သီးခြားရောက်လာတဲ့ လွှတ်မိန့်ကြောင့် လွတ်မြောက်လာတာဖြစ်တယ်လို့ ပြောပါတယ်။

    NLD အစိုးရလက်ထက် ရန်ကုန်တိုင်းအစိုးရမှာ လူဝင်မှုကြီးကြပ်ရေးနဲ့ လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးတာဝန်ယူခဲ့တဲ့ ဒေါ်မိုးမိုးစုကြည်လည်း အင်းစိန်ထောင်ကနေ လွတ်မြောက်လာပါတယ်။

    နေပြည်တော် မြို့တော်ဝန်ဟောင်း ဒေါက်တာမျိုးအောင်ဟာ နေပြည်တော်က မြို့နယ်တချို့မှာ အထူးမြေကွက်တွေ ဖော်ထုတ်တာ၊ မြေကွက်တချို့ကို ပုဂ္ဂလိက လုပ်ငန်းရှင်တွေကို ရောင်းချတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ တရားစွဲပြီး စစ်တပ်က ထောင်ဒဏ်နှစ်ရှည်ချမှတ်ခဲ့ပါတယ်။

    သူနဲ့အတူ အဂတိအမှုတွေရင်ဆိုင်ခဲ့ရတဲ့ ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦးလည်း ပြန်လည် လွတ်မြောက်ပြီလို့ သတင်းတွေ ထွက်ပေါ်နေပေမဲ့ ဘီဘီစီက သီးခြားအတည်မပြုနိုင်သေးပါဘူး။

    နေပြည်တော် NLD ပါတီဥက္ကဋ္ဌ ဦးမင်းသူကိုလည်း ၂၀၂၀ ရွေးကောက်ပွဲအကြိုကာလ NLD ယာဉ်တန်း လှည့်လည်တာဟာ ကိုဗစ်စည်းကမ်းတွေနဲ့ မညီလို့ဆိုကာ သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေနဲ့ရော ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅ (က) နဲ့ပါ ထောင်ဒဏ်တွေချမှတ်ခဲ့ပါတယ်။

    ဒါအပြင် ဒေါ်မိုးမိုးစုကြည်ကိုလည်း အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ပါ တရားစွဲဆို ထောင်ချခဲ့တာဖြစ်ပါတယ်။

  7. ရန်ပုံငွေရှာဖွေရေးနဲ့ ရှေ့တန်းဖျော်ဖြေရေးတွေမှာ ပါဝင်ခဲ့ဖူးတဲ့ အနုပညာရှင်တွေကို ဆုတံဆိပ်တွေပေး

    စစ်ကော်မရှင်ရဲ့ ပြန်ကြားရေးဝန်ကြီးဌာနက စီစဉ်တဲ့ ရှမ်းပြည်နယ်(မြောက်ပိုင်း) ရှေ့တန်း ဖျော်ဖြေရေးအပြင် ပြည်နယ်အဆင့် ပွဲအခမ်းအနားတွေနဲ့ ငလျင်ရန်ပုံငွေရှာဖွေပွဲတွေမှာ ပါဝင် ဖျော်ဖြေခဲ့ကြဖူးတဲ့ အဆိုတော်နဲ့ သရုပ်ဆောင်တွေကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထူးချွန်ဆုတံဆိပ်တွေ ချီးမြှင့်လိုက်ပါတယ်။

    ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ပြည်ပခရီးစဉ်တွေကနေအပြန် ကြိုဆိုပွဲတွေမှာ မြင်တွေ့ရလေ့ရှိပြီး ငလျင်ဒဏ်သင့် ရွေးကောက်ပွဲကော်မရှင်ရုံးဝန်းထမ်းတွေအတွက် သိန်းရာချီ လှူဒါန်းခဲ့ဖူးတဲ့ သရုပ်ဆောင် ခန့်စည်သူဟာ အလင်္ကာကျော်စွာဘွဲ့ ချီးမြှင့်ခံရပါတယ်။

    ၂၀၂၁ စစ်အာဏာသိမ်းပြီးတဲ့နောက် ပြန်လည်ကျင်းပတဲ့ ရုပ်ရှင်ထူးချွန်ဆု အကယ်ဒမီဆုပေးပွဲတွေမှာ ဆုအသီးသီးရရှိခဲ့တဲ့ သရုပ်ဆောင် နေဝင်း၊ အေးချမ်းမောင်၊ မေမြင့်မိုရ်၊ ခြူးလေးတို့အပြင် ဇာတ်ညွှန်းရေးဆရာ လင်္ကာညိုက လူမှုထူးချွန်တံဆိပ် (ပထမဆင့်)ကို ရရှိပါတယ်။

    လူရွှင်တော်တွေဖြစ်တဲ့ ငှက်ပျောကြော်၊ သွက်လက်၊ စူပါလင်းတို့ကတော့ အဲဒီတံဆိပ်ရဲ့ ဒုတိယဆင့်ကို ရရှိတာပါ။ အဆိုတော် မနော၊ J Fire၊ မေသက်ထားဆွေ၊ ဗီဗာဟိန်း၊ စိုးသီဟ၊ ဝိုင်းလမင်းအောင်၊ မေ့ချစ်သက်တို့အပါအဝင် သရုပ်ဆောင် ဆင်မ၊ ခင်လှိုင်၊ နက္ခတ်တို့က တတိယဆင့်တံဆိပ်ကို ရပါတယ်။

    အနုပညာထူးချွန်တံဆိပ်တွေလည်းပေးခဲ့ပြီး ရဲအောင်၊ မြင့်မြတ်၊ အောင်ခိုင်၊ မင်းဇော်၊ ဇော်ဦးတို့က ပထမဆင့်၊ L ဆိုင်းဇီ၊ နီနီခင်ဇော်၊ စိုးစန္ဒာထွန်း၊ ထူးအယ်လင်းတို့က ဒုတိယဆင့်နဲ့ ဦးမျိုးဋ္ဌေး (ဝင်းနွယ်-သစ်တော) က တတိယဆင့်ကို ရခဲ့တာပါ။

    ဆုရရှိတဲ့ အနုပညာရှင်အများစုဟာ အာဏာသိမ်းပြီးနောက် စစ်တပ်နဲ့ဆက်ဆံရေး နီးစပ်တယ်လို့ လူမှုကွန်ရက်တွေမှာ ဝေဖန်မှုတွေ ကြုံခဲ့ရသူတွေလည်းဖြစ်ပါတယ်။

    ဟစ်ဟော့အဆိုတော်ဖြစ်တဲ့ J Fire ဆိုရင် လူငယ်တွေအနေနဲ့ ရှုပ်ထွေးတဲ့နိုင်ငံရေးမှာ ကိုယ့်ကိုယ်ကိုယ် မထိခိုက်အောင်နေဖို့ ဖျော်ဖြေပွဲတစ်ခု စင်မြင့်ထက်မှာ ပြောခဲ့တဲ့ရုပ်သံကြောင့် ၂၀၂၅ ခုနှစ်အတွင်း လူမှုကွန်ရက်မှာ ဝေဖန်မှု ကြုံခဲ့ရသူဖြစ်ပါတယ်။

  8. အကြမ်းဖက်ပုဒ်မ ၅၀(ည)နဲ့ ထောင်နှစ်ရှည်ချမှတ်ခံရတဲ့ သမဂ္ဂကျောင်းသားတချို့ ပြန်လွတ်လာ

    အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ည)နဲ့ နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံခဲ့ရတဲ့ တက္ကသိုလ်ကျောင်းသားသမဂ္ဂ(တကသ)ခေါင်းဆောင်တချို့ ဒီနေ့ လွတ်ငြိမ်းမှာပါလာတယ်လို့ တကသအသိုင်းအဝိုင်းကနေ သိရပါတယ်။

    ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ မဆုရည်လင်း (ခ) လင်းလင်း၊ သူ့ရဲ့ အစ်မဖြစ်သူ မစုမြတ်ထက်နဲ့ အဒေါ်ဖြစ်သူ ဒေါ်နီမိုလှိုင်တို့ အင်းစိန်ထောင်ကနေ လွတ်လာပါတယ်။

    စစ်တပ်က မလင်းလင်းကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၉ ရက်နေ့မှာ ဖမ်းဆီးခဲ့ပြီး ၅၀(ည)နဲ့ ထောင်ဒဏ် ၁၀ နှစ်အပါအဝင် စုစုပေါင်း ၁၅ နှစ် အမိန့်ချထားတာပါ။

    အလားတူ ပုဒ်မ ၅၀ (ည)နဲ့ပဲ ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခံခဲ့ရတဲ့ ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ (ရွာသာကြီးနယ်မြေ) ရဲ့ ဒုတိယဥက္ကဋ္ဌ ကိုထက်ပိုင်စိုးလည်း လွတ်ငြိမ်းထဲ ပါတယ်လို့ သိရပါတယ်။

    ကိုထက်ပိုင်စိုးနဲ့အတူ အမှုတွဲဖြစ်တဲ့ ရန်ကုန်စီးပွားရေးတက္ကသိုလ်က မနွေးရတီတိုးလည်း အတူလွတ်မြောက်လာပါတယ်။

    သူတို့နှစ်ဦးဟာ သာယာဝတီထောင်ကနေ ပြန်လွတ်လာတာဖြစ်ပါတယ်။

    ဒါအပြင် မြန်မာနိုင်ငံလေကြောင်းနဲ့ အာကာသပညာတက္ကသိုလ်ကျောင်းသားသမဂ္ဂရဲ့ အတွင်းရေးမှူးဟောင်း ကိုဟိန်းထက်ဝေယံလည်း သရက်ထောင်ကနေ ပြန်လွတ်ပါတယ်။

    ထားဝယ်နည်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ကိုမျိုးမင်းဦးနဲ့ ကိုအောင်ဝေယံထွန်းတို့လည်း ထားဝယ်အကျဉ်းထောင်ကနေ ဒီနေ့ ပြန်လွတ်လာတယ်လို့ သိရပါတယ်။

    မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) ရဲ့ နေ့လယ် ၁ နာရီအချိန် ထုတ်ပြန်ချက်အရ နိုင်ငံတဝန်းအကျဉ်းထောင် ၁၀ ခုကနေ နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူ ၃၂၄ ဦး ပြန်လွတ်မြောက်လာပါတယ်။

  9. အာဏာသိမ်းကာလ ဘာလို့ လျှပ်စစ်မလုံလောက်

    မြန်မာမှာ နိုင်ငံတစ်ခုလုံးရဲ့ဓာတ်အားလိုအပ်ချက်ကို အစိုးရအဆက်ဆက်တခါမှ မဖြည့်ဆည်းပေးနိုင်ခဲ့ပါဘူး။

    NLD အစိုးရလက်ထက်မှာ နိုင်ငံရဲ့တဝက်ကို လျှပ်စစ်မီးလင်းအောင်လုပ်နိုင်ခဲ့ပြီး ပျော်ပွဲရွှင်ပွဲဂုဏ်ပြုပွဲတွေလုပ်ရတဲ့အထိ အောင်မြင်မှုတစ်ခုဖြစ်ခဲ့တာပါ။

    အာဏာသိမ်းပြီးနောက်မှာတော့ ၂၄ နာရီလုံးဝ လျှပ်စစ်မီးမလာတဲ့အချိန်တွေကိုတောင် ဖြတ်သန်းခဲ့ရကြရပါတယ်။

    မြို့ပြမှာတောင် လျှပ်စစ်မီးရရှိမှုက ဆိုးရွားနေဆဲလို့ မြန်မာ့စွမ်းအင်ကဏ္ဍအတွက် ကမ္ဘာ့ဘဏ်ရဲ့ ၂၀၂၅ နောက်ဆုံးထုတ် စစ်တမ်းမှာဖော်ပြပါတယ်။

    သဘာဝဓာတ်ငွေ့ရည် (LNG) သုံး ဓာတ်အားပေးစက်ရုံတွေကနေ စက်မှုဇုန်နဲ့ အထူးစီးပွားရေးဇုန်တွေကို ၂၄ နာရီ လျှပ်စစ်ဓာတ်အားပေးပြီး မီတာခ တစ်ယူနစ် ကျပ် ၉၀၀ ကောက်သွားမယ်လို့ စစ်ကော်မရှင်က ဖေဖော်ဝါရီနောက်ဆုံးပတ်မှာကြေညာပါတယ်။

    မြန်မာ့လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးရဲ့ အနာဂတ်က တရုတ်အပေါ်မှီခိုရလိမ့်မယ်လို့ အကဲခတ်တွေက သုံးသပ်နေကြပါတယ်။

    အပြည့်အစုံကို ဒီလင့်ခ် မှာ ဝင်ဖတ်နိုင်ပါတယ်။

  10. ဗိုလ်ချုပ်ကြီးလေးဦး အနှစ် ၆၀ နီးပါး အာဏာသိမ်းထားတဲ့ မြန်မာပြည်

    လွတ်လပ်ရေးရတာ နှစ် ၈၀ နားကပ်လာချိန်မှာ မြန်မာပြည်မှာ စစ်ဗိုလ်ချုပ်တွေကြီးစိုးတဲ့ အုပ်ချုပ်ရေးကာလက အနှစ် ၆၀ ဝန်းကျင်အထိ ရှိနေပါတယ်။

    ၁၉၆၂ မှာ ပထမဆုံးအာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်ကြီးနေဝင်း၊ ၁၉၈၈ အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးစောမောင်၊ သူ့ကိုဆက်ခံသူ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ ၂၀၂၁ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ပဲ ဖြစ်ပါတယ်။

    ဒီ ၄ ဦးမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက တခြားသူတွေနဲ့မတူဘဲ ဒုချုပ်ကနေ တပ်ချုပ်ကို အာဏာပြန်သိမ်းတာဖြစ်ပါတယ်။

    ဗိုလ်ချုပ်မှူးကြီးစောမောင်ကလည်း အာဏာသိမ်းစစ်ခေါင်းဆောင်တစ်ဦးဖြစ်ပေမဲ့ ကျန်တဲ့ စစ်ခေါင်းဆောင်သုံးဦးနဲ့ နှိုင်းယှဥ်ရင် သူ့ရဲ့အာဏာသိမ်းအုပ်ချုပ်ရေးကာလက တိုတောင်းလွန်းလှပါတယ်။

    အာဏာသိမ်းစစ်ဗိုလ်ချုပ်ကြီး သုံးဦးရဲ့ဓာတ်ပုံတွေကို တိုင်းစစ်ဌာနချုပ်တွေမှာ တပ်မတော်ကိုတည်ထောင်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ဓာတ်ပုံနဲ့ ယှဥ်တွဲချိတ်ထားတာကိုလည်း တွေ့မြင်ရပါတယ်။

    သူတို့အာဏာတည်ဆောက်ခဲ့ပုံနဲ့ လာမယ့်ရွေးကောက်ပွဲအလွန်မှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဘယ်လိုအာဏာဆက်လက်တည်ဆောက်သွားနိုင်လဲ ဆိုတာကို ၂၀၂၅ ခုနှစ်တုန်းက ဖော်ပြခဲ့တဲ့ ဒီဆောင်းပါးမှာ ဖတ်ရှုရမှာ ဖြစ်ပါတယ်။

  11. နှစ် ၆ဝ ကျော် စစ်တပ်ခေတ်အစနဲ့ အစိမ်းရောင် တော်လှန်ရေး

    မြန်မာမှာ စစ်တပ်က ၂၀၂၁ ခုနှစ် တစ်ကြော့ပြန် စစ်အာဏာသိမ်းမှု ၅ နှစ်ကျော်ထဲ ဝင်လာပြီဖြစ်ပါတယ်။

    တစ်ချိန်တည်းမှာပဲ ဒီနေ့ဟာ ဗိုလ်ချုပ်ကြီးနေဝင်း အာဏာသိမ်းခဲ့တာ ၆၄ နှစ်တင်းတင်းပြည့်ပါတယ်။

    ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်မှာ စစ်တပ်က နိုင်ငံ့အာဏာကို ယူခဲ့တာဖြစ်ပါတယ်။ နှစ်ပေါင်း ၆၀ ကျော်အတွင်း မြန်မာနိုင်ငံမှာ အုပ်ချုပ်ရေး ပုံစံ ငါးခါ ပြောင်းခဲ့ပြီး နောက်ထပ်နှစ်ကြိမ် အာဏာသိမ်းခဲ့ ပေမယ့်လည်း တပ်ခေါင်းဆောင်ငါးယောက်အုပ်ချုပ်ခဲ့ပြီး အရပ်ဘက် ခေါင်းဆောင် တစ်ယောက်သာ ရှိခဲ့ပါတယ်။ ဒါလည်း အာဏာအပြည့်မရခဲ့ပါဘူး။

    ဒီလိုအနှစ် ၆ဝ ကျော် အာဏာကို ဆက်တိုက်နီးပါး ချုပ်ကိုင်နိုင်တဲ့ စစ်တပ်မျိုး ကမ္ဘာမှာ ရှားပါတယ်။

    ၁၉၅၂ တော်လှန်ရေးနောက်ပိုင်း ဘုရင်စနစ်ကို ဖျက်သိမ်းပြီး နိုင်ငံကို အုပ်ချုပ်လာတဲ့ အီဂျစ်စစ်တပ်ပဲ မြန်မာစစ်တပ်ထက် အချိန်ပိုကြာ အုပ်ချုပ်နိုင်တာကို တွေ့ရပါတယ်။

    မြောက်ကိုရီးယား၊ တရုတ်၊ ဗီယက်နမ်နဲ့ ကျူးဘားနိုင်ငံတွေမှာ ရှိနေဆဲဖြစ်တဲ့ ကွန်မြူနစ် အုပ်ချုပ်ရေးတွေကလည်း မြန်မာထက် စောပြီး ဖိနှိပ်မှု ပိုပြင်းထန်ခဲ့ပါတယ်။

    မြန်မာစစ်တပ်အာဏာသိမ်းမှု နှစ် ၆၀ ပြည့်တဲ့ ၂၀၂၂ ခုနှစ်က ဖော်ပြခဲ့တဲ့ အထူးဆောင်းပါးကို ဒီလင့်ခ် မှာ ပြန်လည် ဖတ်ရှုနိုင်ပါတယ်။

  12. ဒေါ်အောင်ဆန်းစုကြည်လွတ်ငြိမ်းမပါ

    စစ်တပ်က ဒီနေ့မှာ လူထောင်ချီကို လွတ်ငြိမ်းပေးတာ၊ ပြစ်ဒဏ်လျှော့ပေါ့တာနဲ့ အမှုရုပ်သိမ်းတာတွေလုပ်ခဲ့ပေမဲ့ အာဏာသိမ်းစနေ့ကတည်းက ဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကျခံရတဲ့အမှုတွေ ဒီတခေါက်လွတ်ငြိမ်းသက်သာခွင့်ထဲလည်း မပါဝင်လာပါဘူး။

    စစ်ကော်မရှင်က သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပါအပါအဝင် ဥပဒေပေါင်း ၁၃ ခုက ပုဒ်မတွေနဲ့ ပြစ်ဒဏ်ကျခံနေရသူတွေကို ၆ ပုံ ၁ ပုံ လွတ်ငြိမ်းသက်သာခွင့်ထဲ မထည့်ထားပါဘူး။

    ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ကလွဲလို့ ဒီလိုပြစ်ဒဏ်မလျှော့ပေါ့ပေးတဲ့ ပုဒ်မတွေထဲက အချို့နဲ့စွပ်စွဲခံရပြီး ထောင်ဒဏ်ချမှတ်ခံထားရတာကြောင့် အခုတစ်ကြိမ် စစ်တပ်က ပေးတဲ့ ပြစ်ဒဏ်လျှော့ပေါ့မှုမှာ အကျုံးမဝင်တာဖြစ်ပါတယ်။

    စစ်တပ်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို အမှုပေါင်း ၁၉ မှုနဲ့ တရားစွဲဆိုခဲ့ပြီး ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခဲ့ပါတယ်။ ၂၀၂၃ ခုနှစ် သြဂုတ်လမှာပေးတဲ့လွတ်ငြိမ်းခွင့်မှာ အမှု ၅ မှုအတွက် ၆ နှစ် လွတ်ငြိမ်းခွင့်ရခဲ့ပါတယ်။

    မနှစ် လွတ်လပ်ရေးနေ့မှာပေးတဲ့ ၆ ပုံ ၁ ပုံလွတ်ငြိမ်းမှာတော့ ၂၀၂၀ ရွေးကောက်ပွဲမှာ မလျော်သြဇာ သုံးတယ်ဆိုတဲ့ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၃၀(က) အမှုနဲ့ နိုင်ငံတော်လျှို့ဝှက်ချက်အက်ပုဒ်မတွေဟာ အကျုံးဝင်ခဲ့ပါတယ်။

    လွတ်ငြိမ်းပေးချိန်မှာ ဒီနှစ်မှုအတွက် ချုပ်ရက်ကာလတွေအပါ လွတ်ရက်စေ့ပြီဖြစ်တာကြောင့် ထူးခြားတဲ့သက်ရောက်မှု မရှိခဲ့ပါဘူး။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်အတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ စွပ်စွဲခံရပြီး ထောင်ဒဏ်သတ်မှတ်ခံရတာက အများဆုံးဖြစ်နေပါတယ်။ ထောင်ဒဏ်နှစ် ၂၀ ကျော် ဆက်လက်ကျခံရမယ့်သဘောလည်းဖြစ်ပါတယ်။

    အာဏာသိမ်း ၅ နှစ်ကျော်လာချိန်မှာတော့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသား တွေကို စစ်တပ်ကပြန်လွှတ်ပေးဖို့အတွက် အာဆီယံ၊ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက တောင်းဆိုနေပါတယ်။

    သားအငယ်ဖြစ်သူ ကင်အဲရစ်ကလည်း မိခင်နဲ့ ဆက်သွယ်ခွင့်ပေးဖို့၊ တွေ့ဆုံခွင့်ပေးဖို့အတွက် ဆက်တိုက်တောင်းဆိုထားပါတယ်။

  13. ထိပ်ပိုင်းတပ်မှူးတွေ အသတ်ခံလိုက်ရတဲ့ အီရန်မှာ စစ်ခေါင်းဆောင် ဘယ်သူဖြစ်လာလဲ

    အမေရိကန်နဲ့ အစ္စရေးရဲ့ ပူးတွဲ လေကြောင်းတိုက်ခိုက်မှုတွေအတွင်း အီရန် ထိပ်တန်း စစ်တပ်မှူး အတော်များများ သေဆုံးခဲ့ရပြီး အခုချိန်မှာ အီရန်နိုင်ငံရဲ့ အရေးပါတဲ့ စစ်ခေါင်းဆောင်က ဘယ်သူလဲ ဆိုတဲ့ မေးခွန်းတွေ ပေါ်ထွက်လာပါတယ်။

    အီရန်သတင်းမီဒီယာတွေမှာ ဖော်ပြချက်တွေအရ ဗိုလ်ချုပ် အလီ အဗ္ဗဒိုလာဟီ ဖြစ်ပုံ ရပါတယ်။ သူဟာ လောလောဆယ် အီရန်စစ်တပ်နဲ့ အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ် IRGC အကြား နိုင်ငံတော်ကာကွယ်ရေး ကိစ္စတွေ ညှိနှိုင်းဆောင်ရွက်ပေးနေတဲ့ ခါတမ် အယ်လ်-အန်ဘီယာ ဗဟိုဌာနချုပ်ရဲ့ တပ်မှူးအဖြစ် တာဝန်ယူနေတာ ဖြစ်ပါတယ်။

    အီရန် သတင်းမီဒီယာ ဖော်ပြချက်တွေအရ ခါမေနီ သေဆုံးခဲ့မှု ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် ဒီကနေ့ တီဟီရန်မြို့မှာ ကျင်းပခဲ့တဲ့ ပွဲကို တက်ရောက်လာသူတွေထဲမှာ အဗ္ဗဒိုလာဟီ ပါဝင်တယ်လို့ သိရပါတယ်။

    စစ်မြေပြင်ပေါ်က ရန်သူ့ရဲ့ ခြိမ်းခြောက်မှု အန္တရာယ်ကို အီရန်က တုံ့ပြန် တိုက်ခိုက်သွားမယ်လို့ သူက ပြောခဲ့ပြီး အီရန်စစ်တပ်ဟာ အရင်က ရှိခဲ့ဖူးတဲ့ အသင့်ပြင်ဆင်မှုမျိုးထက် အဆပေါင်းများစွာ ပြင်ဆင်ထားတယ်လို့လည်း ဆိုပါတယ်။

    အပြည့်အစုံကို ဒီလင့်ခ် မှာ ဝင်ဖတ်နိုင်ပါတယ်။

  14. အကြမ်းဖက် ပုဒ်မတွေနဲ့ တရားစွဲခံရထားရသူ ၁၂,၀၀၀ ကို စစ်တပ် အမှုပိတ်

    အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)၊ ၅၂ (က) တို့နဲ့ တရားစွဲခံထားရသူတွေအပါအဝင် ဒီအမှုတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူတွေအပါ လူပေါင်း ၁၂,၄၈၇ ဦးကို ဒီနေ့မှာ အမှုပိတ်သိမ်းပေးလိုက်တဲ့အကြောင်း စစ်ကော်မရှင်က ထုတ်ပြန်ပါတယ်။

    အကြမ်းဖက်အမှုတွေနဲ့ အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးမှာ ချုပ်နှောင်ခံထားရသူ ၇,၃၃၇ ဦးကိုလည်း ပြစ်ဒဏ်လျော့ပေါ့ပြီး လွတ်ငြိမ်းချမ်းသာပေးခဲ့ပါတယ်။

    “နောက်တစ်ကြိမ်ပြစ်ဒဏ်ထပ်ကျူးလွန်ရင် အဲဒီပြစ်ဒဏ်အပြင် အခုကျခံဖို့ကျန်ရှိတဲ့ ပြစ်ဒဏ်ကိုပါ ဆက်ကျခံပါမယ်” ဆိုတဲ့ သတ်မှတ်ချက်နဲ့ ပြန်လွှတ်ပေးခဲ့တာပါ။

    ဒါဟာ ၅ နှစ်တာအတွင်း စစ်တပ်ရဲ့ လွတ်ငြိမ်းသက်သာပေးမှုတွေထဲ အကြမ်းဖက်အမှုတွေကို ပထမဆုံး အကြိမ်ပိတ်သိမ်းပေးပြီး လွတ်ငြိမ်းပေးတာလည်းဖြစ်ပါတယ်။ အာဏာသိမ်းမှုကိုဆန့်ကျင်ခဲ့ကြတဲ့ နိုင်ငံရေးအကျဉ်းသားအများစုဟာ နှစ်ရှည်ထောင်ဒဏ်ကျမှတ်ခံရနိုင်တဲ့ ဒီအကြမ်းဖက်အမှုတွေနဲ့ တရားစွဲဆိုခံထားရတာပါ။

    စစ်ကော်မရှင်ကတော့ တပေါင်းလပြည့်အချိန်ကာလ ဒီနေ့ မတ် ၂ ရက်မှာကျရောက်တဲ့ တောင်သူလယ်သမားနေ့ အထိမ်းအမှတ်အဖြစ် အမှုပိတ်သိမ်းတာလို့ ဖော်ပြပါတယ်။

    နောက်ထပ်အကျဉ်းသား/အကျဉ်းသူ ၂,၈၂၅ ဦးကိုလည်း လွတ်ငြိမ်းပေးသလို နိုင်ငံခြားသား ၁၀ ဦးကိုလည်း လွတ်ငြိမ်းနဲ့လွှတ်ပြီး ပြည်နှင်ဒဏ်ပေးခဲ့ပါတယ်။ ဒီလူတွေကတော့ ဘယ်အမှုနဲ့ကျခံနေရသူတွေလည်းဆိုတာတော့ တိတိကျကျဖော်ပြတာမရှိပါဘူး။

    ဒါအပြင် လူသတ်မှု၊ မုဒိန်းမှု၊ ပေါက်ကွဲစေတတ်တဲ့ ဝတ္ထုပစ္စည်းများအက်ဥပဒေ၊ မတရားအသင်း အက်ဥပဒေ၊ လက်နက်ဥပဒေ၊ ရှမ်းပြည်နယ်လက်နက်အမိန့်အရပြစ်မှုတွေ၊ မူးယစ်ဆေးဝါးအမှုတွေ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဆိုင်ရာဥပဒေ၊ အကြမ်းဖက်မှု ဥပဒေနဲ့ အဂတိဥပဒေတို့နဲ့ ပြစ်ဒဏ်ကျနေသူတွေကလွဲပြီး ကျန်တဲ့အမှုတွေမှာ ကျခံနေရသူတွေရဲ့ ကျန်ရှိတဲ့ ပြစ်ဒဏ်ခြောက်ပုံတစ်ပုံကို လွတ်ငြိမ်းခွင့်ပြုခဲ့ပါတယ်။

    အာဏာသိမ်း ၅ နှစ်အကြာမှာ စစ်တပ်က အပိုင်းလိုက်ရွေးကောက်ပွဲပြုလုပ်ပြီး မတ်လလယ်မှာ လွှတ်တော်ခေါ်ကာ အစိုးရတစ်ရပ်ဖွဲ့စည်းဖို့ရှိနေပါတယ်။

    ဒီအချိန်မှာပဲ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံက နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်သင့်ကြောင်းမကြာခဏ ထုတ်ပြောနေပါတယ်။ စစ်တပ်အနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေ ကို လွှတ်ပေးရေးဆိုတဲ့အချက်အပါအဝင် အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်ဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကပါ တိုက်တွန်းထားပါတယ်။

  15. အီရန်ကို အစ္စရေးနဲ့ အမေရိကန်တိုက်ခိုက်မှု ၃ ရက်မြောက် - ဘာတွေဆက်ဖြစ်နေလဲ

    ဘက်အားလုံးက ကြီးမားတဲ့လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်တဲ့ အမေရိကန်- အစ္စရေးတို့က အီရန်ကို တိုက်ခိုက်မှု ၃ ရက်ထဲ ဝင်လာပြီဖြစ်ပါတယ်။

    ဒီဖြစ်ရပ်နောက်ဆုံးရသတင်းတွေ စုစည်းချက်ကို အောက်မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

    - အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကတော့ ‘‘ကျွန်တော်တို့ရဲ့ရည်မှန်းချက်တွေအားလုံး မပြည့်မချင်း’’ အီရန်အပေါ် ‘‘တိုက်ခိုက်မှုစစ်ဆင်ရေး’’ ဆက်ပြီးလုပ်သွားမယ်လို့ သူ့ရဲ့ ဗီဒီယိုမိန့်ခွန်းမှာ ပြောပါတယ်။

    - အီရန်ရဲ့တိုက်ခိုက်မှုအတွင်း အမေရိကန် တပ်ဖွဲ့ဝင် ၃ ဦးသေဆုံးပြီး နောက်ထပ် ၅ ဦး ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိထားတယ်လို့ အမေရိကန်ဗဟိုကွပ်ကဲရေးဌာန ထုတ်ပြောထားတာကြောင့် အမေရိကန်တွေ ထိခိုက်သေဆုံးမှု နောက်ထပ်ဖြစ်လာနိုင်ခြေရှိတယ်လို့လည်း သူက ဆိုပါတယ်။

    - တနင်္လာနေ့ မနက်အစောပိုင်းမှာတော့ ဟစ်ဇ်ဘိုလာအဖွဲ့က အစ္စရေးကို ရော့ကတ်ဒုံးကျည်တွေနဲ့ ပစ်ခတ်မှုဖြစ်အပြီးမှာ အစ္စရေးဟာ လက်ဘနွန်နိုင်ငံထဲက ဟစ်ဇ်ဘိုလာတွေရဲ့ပစ်မှတ်လို့ ဆိုတဲ့နေရာတွေကို လေကြောင်း တိုက်ခိုက်တာတွေ လုပ်နေပါတယ်။

    - အီရန်အရာရှိတွေကတော့ မိန်းကလေးကျောင်း လေကြောင်းတိုက်ခိုက်ခံရမှုမှာ အနည်းဆုံး လူ ၁၅၃ ဦးသေဆုံးတယ်လို့ ပြောပြီး အီရန်သမ္မတကတော့ ဒါဟာ ‘‘လူမဆန်တဲ့လုပ်ရပ်’’ လို့ ဆိုပြီး ပြောပါတယ်။

    - အစ္စရေး လူနာတင်ယာဉ်နဲ့ကူညီရေးအဖွဲ့ မက်ဂန် ဒေးဗစ် အဒွန်ရဲ့အပြောအရ အီရန်ဒုံးကျည်တွေဟာ ဘေ့ ရှီမက်ရှ်မြို့ကို ကျလို့ လူ ၉ ဦးထက်မနည်းသေဆုံးတယ်လို့ဆိုပါတယ်။ ဒါဟာ ၃ ရက်ထဲဝင်လာတဲ့ တစ်ကျော့ပြန် တိုက်ပွဲမှာ အစ္စရေး တိုက်ခိုက်ခံရမှုအတွင်း လူသေဆုံးမှုအများဆုံးဖြစ်ရပ်ဖြစ်လာပါတယ်။

    - အာရပ်စော်ဘွားများပြည်ထောင်စု(ယူအေအီး) မှာလည်း အီရန်က စနေနေ့တုန်းက လက်တုံ့ပြန်တဲ့တိုက်ခိုက်မှုပြုလုပ်ခဲ့လို့ လူ ၃ ဦးသေဆုံးတယ်လို့ သတင်းမှာဖော်ပြပြီး ဘာရိန်း၊ အီရတ်က အယ်လ်ဘီလ်မြို့နဲ့ ဂျော်ဒန်တို့မှာလည်း ပေါက်ကွဲမှုတွေဖြစ်ခဲ့ပါတယ်။

    - တနင်္လာနေ့ မနက်ပိုင်းမှာတော့ အာရှတလွှား စျေးကွက်ဖွင့်ချိန်မှာ ကမ္ဘာ့ရေနံစျေးတွေ တက်နေပါတယ်။

    - ဗြိတိသျှဝန်ကြီးချုပ် ဆာ ကီယာ စတားမာကတော့ အမေရိကန်ကို ဗြိတိန်ရဲ့စစ်အခြေစိုက်စခန်းတွေမှာ ခုခံကာကွယ်ရေးလုပ်ဆောင်ခွင့်ပေးမှာဖြစ်ပေမဲ့ လက်ရှိဖြစ်နေတဲ့ ‘‘ထိုးစစ်သဘောတိုက်ခိုက်မှုမှာ ပါဝင်ဦးမှာမဟုတ်ဘူး’’လို့ ပြောထားပါတယ်။

    - ဗြိတိန် တော်ဝင်လေတပ် RAF ကလည်း ဆိုက်ပရက်စ်က စစ်ခြေစိုက်စခန်းတစ်ခုကို မသင်္ကာဖွယ်ရာဒရုန်းနဲ့ တိုက်ခိုက်မှုတစ်ခုကို တုံ့ပြန်ထားတယ်လို့ အတည်ပြုပါတယ်။

  16. တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေကို အထူးထောက်ပံ့ကြေးပေးမယ်လို့ စစ်ကော်မရှင်ထုတ်ပြန်

    စစ်ကော်မရှင်လက်အောက်ခံ တပ်ဖွဲ့ဝင်နဲ့ ရဲတပ်ဖွဲ့ဝင်တွေကို အမှုထမ်းလုပ်သက်အလိုက် တာဝန်ထမ်းဆောင်မှုအထူးထောက်ပံ့ကြေး လတိုင်းပေးမယ်လို့ စစ်ကော်မရှင်က မနေ့ မတ် ၁ ရက် ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။

    ဖေဖော်ဝါရီ ၂၈ ရက်မှာပြည့်တဲ့လုပ်သက်ပေါ်အခြေခံပြီး လုပ်သက်အလိုက် ထောက်ပံ့ကြေးပေးမှာဖြစ်ပြီး မတ် ၁ ရက်နေ့ကစလို့ စပေးတယ်လို့ စစ်ကော်မရှင်က ကြေညာပါတယ်။

    ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခတွေကို နှိမ်နင်းတာဟာ ရဲတာဝန်ဖြစ်နေပေမဲ့ လိုအပ်ချက်ကြောင့် စစ်တပ်က ဝင်လုပ်ရတာလို့ဆိုပြီး စစ်ခေါင်းဆောင်က အခုလပိုင်းတွေအတွင်း နှစ်ကြိမ်ထက်မနည်း ထုတ်ပြောအပြီးမှာ ရဲတွေကို လစာတိုးပေးတဲ့ အစီအစဉ် ထွက်ပေါ်လာတာပါ။

    လုပ်သက် ၁၀ နှစ်အထက်ဆိုရင် ငွေကျပ် ၃ သောင်း၊ ၁၅ နှစ်အထက်ဆိုရင် ၅ သောင်းနဲ့ နှစ် ၂၀ အထက်ဆိုရင် ၁ သိန်းထောက်ပံ့မှာပါ။

    “လုပ်သက်အရ တိုးတာ ကောင်းပေမဲ့ ကြီးကြီးမားမားတော့ ပြောင်းလဲမှု မရှိဘူး။ အခုလည်း ဆန်၊ ဆီ၊ ဆား ရိက္ခာအစို ရတယ်၊ ကုန်ဈေးနှုန်းနဲ့ ရတဲ့လစာက မကာမိတော့ ချင့်ချိန်သုံးရတယ်။ ကျန်တဲ့ မိသားစုဝင်တွေက အပြင်အလုပ်ထွက်မလုပ်ရင် မလောက်ငဘူး” လို့ ရန်ကုန်မြို့အခြေစိုက် တပ်မိသားစုဝင်တစ်ဦးက ပြောပါတယ်။

    ရာသီမ‌ရွေး၊ နေရာမရွေး၊ အချိန်မရွေး ပင်ပင်ပန်းပန်းနဲ့ သက်စွန့်တာဝန်ထမ်းရလို့ ဂုဏ်ပြုချီးမြှင့်တာလို့ စစ်ကော်မရှင်ရဲ့ မနေ့ကထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

    တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ထောက်ပံ့ကြေးတိုးပေးတဲ့သတင်း ထုတ်ပြီး နောက်တစ်နေ့မှာပဲ စစ်ကော်မရှင်ဟာ အငြိမ်းစားဗိုလ်ချုပ်ကြီးတွေဖြစ်တဲ့ ဦးအောင်လင်းဒွေး၊ ဦးတင်အောင်စန်း၊ ဦးမြထွန်းဦးအပါအဝင် ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ဗိုလ်ချုပ်ကြီး မောင်မောင်အေးတို့ကို သရေစည်သူဘွဲ့ ချီးမြှင့်တယ်လို့ မတ် ၂ ရက် ရက်စွဲနဲ့ထုတ်ပြန်ပါတယ်။

    အာဏာသိမ်း ၅ နှစ်တာအတွင်း စစ်ရေးပြင်းထန်လာတာကြောင့် စစ်ကော်မရှင်လက်အောက်ခံ တပ်ဖွဲ့ဝင်တွေ အနားမရသလို အောက်ခြေတပ်မိသားစုဝင်တွေလည်း စီးပွားရေးကြပ်တည်းမှုကိုပါ ရင်ဆိုင်ရတာကြောင့် တပ်တွင်းဝေဖန်မှုရှိတယ်လို့ CDM စစ်သားအသိုင်းအဝိုင်းက သူတို့ရဲ့အစီရင်ခံချက်တွေမှာ ထည့်ပြောကြပါတယ်။

    တစ်ဖက်မှာ ပြည်တွင်းက ရဲတပ်ဖွဲ့ဘက်ကို ကြည့်ရင် မြန်မာမှာ စစ်အာဏာမသိမ်းခင်က ရဲလုပ်ငန်းစွမ်းရည်မြှင့်တင်ဖို့ဆိုပြီး ဥရောပသမဂ္ဂအပါအဝင်နိုင်ငံတကာက မြန်မာရဲတပ်ဖွဲ့ကို သင်တန်းပေးတာနဲ့ ကူညီထောက်ပံ့တာတွေပြုလုပ်ခဲ့ပြီးပေမဲ့ စစ်အာဏာသိမ်းပြီးတဲ့နောက် ဒီလိုအကူအညီပေးတဲ့လှုပ်ရှားမှုတွေ မတွေ့ရတော့ပါဘူး။

    ဒါပေမဲ့ မြန်မာစစ်ကော်မရှင်ကတော့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဟာ အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)နှိမ်နင်းရေးလို ကိစ္စတွေကို အာဆီယံ ရဲတပ်ဖွဲ့နဲ့ ဆက်လက်ပူးပေါင်းနေတာရှိတယ်လို့ သတင်းတွေထုတ်ပြန်လေ့ရှိပါတယ်။

  17. မင်္ဂလာပါ။ မတ် ၂ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။