ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
နှစ် ၆ဝ စစ်တပ်ခေတ်အစနဲ့ အစိမ်းရောင် တော်လှန်ရေး
- ရေးသားသူ, ဘိုဘို
- ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း
၁၉၆၂ မတ်လ ၂ ရက်မှာ စစ်တပ်က နိုင်ငံအာဏာကို ရယူခဲ့တာဟာ ခု အနှစ် ၆ဝ ပြည့်ပါပြီ။ ဒီနှစ် ၆ဝ အတွင်း မြန်မာနိုင်ငံမှာ အုပ်ချုပ်ရေး ပုံစံ ငါးခါ ပြောင်းခဲ့ပြီး နောက်ထပ်နှစ်ကြိမ် အာဏာသိမ်းခဲ့ ပေမယ့်လည်း တပ်ခေါင်းဆောင်ငါးယောက်အုပ်ချုပ်ခဲ့ပြီး အရပ်ဘက် ခေါင်းဆောင် တယောက်သာ ရှိခဲ့ပါတယ်။ ဒါလည်း အာဏာအပြည့်မရခဲ့ပါဘူး။
ဒီလို အနှစ် ၆ဝ တိုင် အာဏာကို ဆက်တိုက်နီးပါး ချုပ်ကိုင်နိုင်တဲ့ စစ်တပ်မျိုး ကမ္ဘာမှာ ရှားပါတယ်။ ၁၉၅၂ တော်လှန်ရေးနောက်ပိုင်း ဘုရင်စနစ်ကို ဖျက်သိမ်းပြီး နိုင်ငံကို အုပ်ချုပ်လာတဲ့ အီဂျစ်စစ်တပ်ပဲ မြန်မာစစ်တပ် ထက် အချိန်ပိုကြာ အုပ်ချုပ်နိုင်တာကို တွေ့ရပါတယ်။ မြောက်ကိုရီးယား၊ တရုတ်၊ ဗီယက်နမ်နဲ့ ကျူးဘားနိုင်ငံတွေမှာ ရှိနေဆဲဖြစ်တဲ့ ကွန်မြူနစ် အုပ်ချုပ်ရေးတွေကလည်း မြန်မာထက် စောပြီး ဖိနှိပ်မှု ပိုပြင်းထန်ခဲ့ပါတယ်။
စစ်အာဏာရဲ့ မြေသြဇာများ
အနှစ် ၆ဝ နိုင်ငံကို ချုပ်ကိုင်နိုင်ခဲ့ပြီး ဆက်ပြီး ထိန်းချုပ်ဖို့ ပြင်ဆင်နေတဲ့ မြန်မာစစ်တပ်ရဲ့ အာဏာရခဲ့ပုံ လမ်းကြောင်းကို သုံးသပ်လေ့လာမှု များစွာ ရှိခဲ့ ပါတယ်။ ဗိုလ်ချုပ်ကြီးနေဝင်း၊ ဦးနုစတဲ့ ခေါင်းဆောင်ပိုင်းအပေါ် မူတည်တဲ့ သုံးသပ်ချက်တွေ ရှိသလို မြန်မာစစ်တပ်နဲ့ နိုင်ငံရေးယဉ်ကျေးမှုတခုလုံးကို အခြေခံ သုံးသပ်တာတွေလည်း ရှိပါတယ်။ နောက် လူမျိုးစုနိုင်ငံရေးနဲ့ စစ်အေးခေတ် နိုင်ငံရေး၊ ဘာသာရေး၊ စီးပွားရေး စတဲ့ နောက်ခံ တွေကနေ စစ်တပ် တန်ခိုးကြီးလာမှုကို လေ့လာကြတာတွေ ရှိခဲ့ပါတယ်။ ဒီလို လေ့လာမှု ပေါင်းစုံကနေ တွေ့ရတဲ့ စစ်နိုင်ငံ ပေါ်ထွန်းလာရတဲ့ အခြေခံ အကြောင်းရင်းတွေ ထဲမှာ ပြဿနာငါးရပ်က အဓိကအနေနဲ့ ပေါ်ထွက် လာပါတယ်။ ဒါတွေကတော့
လူမျိုးစုပြဿနာ
မြန်မာနိုင်ငံဟာ မြန်မာ၊ ကရင်၊ ရှမ်း နဲ့ တခြား တောင်ပေါ်မျိုးနွယ်စုတွေ စုစည်းတည်ဆောက်တဲ့ ပြည်ထောင်စု ဖြစ်တဲ့အတွက် လူမျိုးစုနိုင်ငံရေး ရှုပ်ထွေး ပါတယ်။ မြေပြန့်လွင်ပြင်မှာ အခြေချပြီး နိုင်ငံရေး၊ စီးပွားရေး တိုးတက်မှုမှာ တခြားလူမျိုးစုတွေထက် ရှေ့ရောက်တဲ့ မြန်မာတွေဟာ တို့ဗမာလှုပ်ရှားမှုနဲ့ တောင်တန်းဒေသတွေထိ စည်းရုံးဖို့ ကြိုးစားခဲ့ပြီး ပင်လုံစာချုပ်နဲ့ ပြည်ထောင်စုတည်ဆောက်ဖို့ အုတ်မြစ်ချခဲ့ပါတယ်။ ဒီပြည်ထောင်စုမှာ တိုင်းရင်း နွယ်ဖွား စာရင်းဝင်သူတွေကို နေရာပေးပေမယ့် နိုင်ငံခြားအဆက်အနွယ်အဖြစ် သတ်မှတ်ခံရတဲ့ အင်္ဂလိပ်ကပြား၊ အိန္ဒိယနဲ့ တရုတ်လူမျိုးတွေကို ကိုလိုနီ ခေတ်ကလို အမတ်နေရာ ပေးတာတွေ မရှိတော့ပါဘူး။
တိုင်းရင်းသား ဆိုသူတွေထဲမှာလည်း ဗုဒ္ဓဘာသာဝင် မြန်မာအများစုနဲ့ ခရစ်ယာန်ဘာသာသက်ဝင်သူများတဲ့ ကချင်၊ ကယား၊ ချင်းနဲ့ ကရင်တွေကြားမှာ ဘာသာရေးအရ ကွဲပြားမှု ရှိသလို တောင်ပေါ်လူမျိုးစုတွေနဲ့ ဖွဲ့စည်း ခဲ့တဲ့ ဗြိတိသျှလက်ကျန် လူမျိုးစုတပ်တွေနဲ့ ဂျပန်ဖွဲ့ပေးခဲ့တဲ့ မြန်မာ အများစုပါတဲ့ တပ်တွေကြား မယုံကြည်မှုနဲ့ နိုင်ငံရေး အမြင်ကွဲပြားမှုတွေ ကြီးပါတယ်။ ၁၉၄၉ မှာ ကရင့်တော်လှန်ရေးစပြီးနောက်ပိုင်း ကရင်တပ်တွေ လက်နက်ဖြုတ် ခံရပြီး စစ်ဦးစီးချုပ် စမစ်ဒွန်း အပါအဝင် ကရင်တပ်မှူးကြီးတွေ အနားပေးခံရပါတယ်။ နောက် ရှမ်းနဲ့ ကချင် လက်နက်ကိုင်ပုန်ကန်မှုတွေ ပေါ်လာပြီး နောက်မှာလည်း လူမျိုးရေး တင်းမာမှုတွေနဲ့အတူ ခွဲခြားခံရမှုတွေ ရှိခဲ့ပါတယ်။
ပြည်ထောင်စု ဖွဲ့စည်းပုံမှာလည်း ပြည်မက မြန်မာနိုင်ငံရေးသမားတွေ ကြီးစိုးတဲ့ အစိုးရက နိုင်ငံကို အုပ်ချုပ်ခဲ့တဲ့အတွက် နိုင်ငံဟာ ပြည်ထောင်စုပီပီသသ မဖြစ်ဘဲ တပြည်ထောင်စနစ်လို ဖြစ်နေကြောင်း ၁၉၄၇ ဖွဲ့စည်းပုံကို ရေးဆွဲခဲ့တဲ့ တရားဝန်ကြီး ဦးချန်ထွန်းကိုယ်တိုင် ဝန်ခံခဲ့ပါတယ်။ ဒီအတွက် ဖက်ဒရယ် ပုံစံ ပီသအောင် ရှစ်ပြည်နယ်မူကို ၁၉၆၂ မှာ လူမျိုးစုတွေဘက်က အဆိုပြုခဲ့ပေမယ့် ကျေလည်အောင် မဆွေးနွေးခဲ့ရဘဲ အာဏာသိမ်း ခံခဲ့ရပါတယ်။ ဒီလို မသိမ်းခင်မှာ ဆွေငြိမ်းဖဆပလနဲ့တကွ ပမညတ ခေါင်းဆောင်တချို့ကပါ ဖက်ဒရယ်မူဟာ ဆီးတိုးခေါ် အရှေ့တောင်အာရှ အမေရိကန်စစ်စာချုပ်အဖွဲ့ လက်ချက်နဲ့ မကင်းသယောင် စွပ်စွဲခဲ့ကြပါတယ်။
၁၉၆၂ နောက်ပိုင်းမှာတော့ အိန္ဒိယနဲ့ တရုတ်နွယ်ဖွားတွေပိုင်ဆိုင်မှုတွေကို သိမ်းယူပြီး နိုင်ငံက နှင်ထုတ်တာတွေ ဖြစ်ခဲ့သလို တောင်ပေါ်လူမျိုးစုတွေကို သူပုန်မျိုးနွယ်တွေအဖြစ် တံဆိပ်ကပ် ခွဲခြားတာတွေ ရှိခဲ့ပါတယ်။ တဖက်ကလည်း ဆိုရှယ်လစ်ပုံစံ ရွာသစ်ကြီး ဖွံ့ဖြိုးရေးသိပ္ပံကနေ လူမျိုးစုကေဒါတွေ မွေးထုတ်တာ၊ ပြည်နယ်က ရွာတွေမှာ ပြည်သူ့စစ်ဖွဲ့တာတွေကနေ အစိုးရသြဇာစိမ့်ဝင်ဖို့ ကြိုးစားခဲ့ပါတယ်။
စစ်တပ်ပြဿနာ
မြန်မာအများစုနဲ့ ဖွဲ့ထားတဲ့ တပ်မတော်ခေါ် စစ်အင်အားစုဟာ ဂျပန်လက်အောက်မှာ ဒုတိယကမ္ဘာစစ်အတွင်း ပေါ်ထွန်းလာခဲ့တဲ့ လက်နက်ကိုင်တပ် ဖြစ်ပါတယ်။ ဒီတပ်ကို သခင်ခေါင်းဆောင်တွေ မတည်ဖွဲ့ခဲ့တာ ဖြစ်ပြီး တပ်မှူးအများစုဟာ သခင်နဲ့ ကျောင်းသားလှုပ်ရှားမှုတွေက လာတဲ့ နိုင်ငံရေး သမားတွေ ဖြစ်ပါတယ်။ ဒါကြောင့် စစ်ပြီးခေတ် နိုင်ငံရေးလှုပ်ရှားမှုတွေမှာ တပ်ခေါင်းဆောင်တွေနဲ့ ဖဆပလ၊ ကွန်မြူနစ်ခေါင်းဆောင် တွေကြား ရောထွေး ယှက်တင်တွေ ရှိခဲ့ပါတယ်။ ကန္ဒီစာချုပ်အရ အသစ်ဖွဲ့လိုက်တဲ့ တပ်မတော်ဟာ နိုင်ငံရေး ကင်းရှင်းရမှာ ဖြစ်ပေမယ့် ဗိုလ်ချုပ်အောင်ဆန်းကို လိုလားတဲ့ ဂျပန်လက်အောက်က လာတဲ့ မြန်မာစစ်ဗိုလ် တွေနဲ့ ဗြိတိသျှဘက် တိမ်းညွတ်တဲ့ လူမျိုးစုစစ်ဗိုလ်တွေကြားမှာ နိုင်ငံရေး အားပြိုင်မှုတွေ ရှိခဲ့ပါတယ်။ နောက်ပြီး ၁၉၄၈ -၄၉ မှာ ကွန်မြူနစ်နဲ့ ကရင်တွေ တောခိုပြီးနောက် သူတို့နဲ့ နီးစပ်တဲ့ တပ်တချို့တောခိုခဲ့ပါတယ်။ အဲဒီနောက် တပ်အတွင်း မှာ အာဏာရ ဖဆပလထဲက ဆိုရှယ်လစ်အုပ်စုဝင် စစ်ဗိုလ်တွေ ကြီးစိုးခဲ့ပါတယ်။
ဒါကြောင့် ဆိုရှယ်လစ်ပါတီ ခေါင်းဆောင်တွေရဲ့ အစည်းအဝေးတချို့ကို အဲဒီအချိန်က တောင်ပိုင်းတိုင်းမှူး နေတဲ့ ဒဂုံဟောက်စ်မှာ ကျင်းပခဲ့ကြောင်း ဦးကိုကိုကြီး (ဆိုရှယ်လစ်ပါတီဥက္ကဋ္ဌဟောင်းနှင့် ဝန်ကြီးဟောင်း)၏ အတ္ထုပ္ပတ္တိစာအုပ်မှာ ဒေါက်တာကျော်ဇောဝင်းက ရေးခဲ့ပါတယ်။ ၁၉၄၉ မှာ စစ်ဦးစီးချုပ်သစ်ဖြစ်လာတဲ့ ဗိုလ်နေဝင်းကိုယ်တိုင်လည်း ဆိုရှယ်လစ်ပါတီ ဥက္ကဋ္ဌ ခေတ္တ ဖြစ်ဖူးတဲ့အထိ နီးစပ်ခဲ့ပါတယ်။ ပုန်ကန်မှု နှိမ်နင်းရေးမှာ စစ်တပ်ကို လက်ကိုင် အဖြစ် အသုံးချတဲ့ ဖဆပလ ခေါင်းဆောင် တွေကြောင့်လည်း တပ်ဟာ အင်အားပိုကြီးလာပြီး အစိုးရနဲ့ အာဏာစင်ပြိုင်လို ဖြစ်ခဲ့ပါတယ်။ စစ်တပ်ပိုင် မြဝတီ မဂ္ဂဇင်းကနေ ဖဆပလ အစိုးရကို ဝေဖန် တဲ့ ခေါင်းကြီးနဲ့ ဆောင်းပါးတွေ ထည့်သွင်းခဲ့ပြီး နောက်ဆုံး စစ်တပ်က ဆိုရှယ်လစ်ဝါဒ ရေးဆွဲတဲ့ထိ ဖြစ်လာ ပါတယ်။
တပ်ရဲ့ သြဇာကြီးမားမှုကို အရပ်ဘက်က မဖယ်ရှားနိုင်သလို တပ်ရဲ့ လွတ်လပ်ရေးအခန်းကဏ္ဍမှာ ပူးတွဲသြဇာထူခဲ့ကြတဲ့ နိုင်ငံရေးလောကကလည်း သူတို့အကျိုးအတွက် တပ်ကို နိုင်ငံရေးထဲက ဖယ်ရှားဖို့ ခက်ခဲခဲ့ကြ ပါတယ်။ ဒီသမိုင်းအမွေ ခွဲမရတဲ့ ပြဿနာကို ၁၉၈၈ နောက်ပိုင်းအထိ ဆက်တွေ့ရပြီး တပ်မတော်နဲ့ နိုင်ငံဖခင်ရဲ့ သမီးနဲ့ တပ်မတော် အာဏာပြိုင်မှုအဖြစ် ကျန်ရစ်ခဲ့ပါတယ်။
ဒီမိုကရေစီပြဿနာ
ဖဆပလခေတ်ကို ဒီမိုကရေစီခေတ်အဖြစ် စစ်တပ်ခေတ်နဲ့ ယှဉ်ပြီး ပြောလေ့ရှိကြပါတယ်။ ဒါပေမဲ့ ဖဆပလခေတ်မှာ ရခဲ့တဲ့ ဒီမိုကရေစီဟာ ဆွေမျိုး ကောင်းစားရေးနဲ့ အာဏာရလူစုအတွက် ကိုယ်ကျိုးကြည့်တဲ့ ဒီမိုကရေစီ ဖြစ်ကြောင်း ခေတ်ပြိုင်မှတ်တမ်းတွေနဲ့ ပြည်တွင်းပြည်ပ ပညာရှင်တွေရဲ့ သုံးသပ်ချက်တွေက ဖော်ပြနေပါတယ်။ ပါတီရန်ပုံငွေ ထည့်ဝင်မယ့် လူချမ်းသာတွေအတွက် လိုင်စင်ချပေးတာအပါအဝင် လာဘ်စားမှုတွေလည်း ပေါများခဲ့လို့ ဖဆပလခြပုံးကြီး အဖြစ် ဝန်ကြီးချုပ် ဦးနု ကိုယ်တိုင် ရှုတ်ချခဲ့ရပါတယ်။
ပြည်တွင်းစစ် ကာလဖြစ်တဲ့အတွက် ဒီမိုကရေစီဟာ နယ်တွေမှာ အမြစ်မတွယ်နိုင်ဘဲ နယ်မှာ အာဏာရ ပါတီက အမတ်တွေရဲ့ ခါးပိုက်ဆောင်တပ်တွေ ကြီးစိုးခဲ့ပါတယ်။ သတင်းစာ လွတ်လပ်ခွင့် အတော်ရှိပေမယ့် သတင်း သမားတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ မကင်းခဲ့ပါဘူး။ နောက်ပြီး အတိုက်အခံ တွေကို သူပုန်နဲ့ဆက်တယ်ဆိုပြီး စွပ်စွဲတာကအစ ရွေးကောက်ပွဲမှာ လွတ်လပ်စွာမဲဆွယ်ခွင့်မပေးတာအလယ် ခြိမ်းခြောက်သတ်ဖြတ်တဲ့ အဆုံး နည်းအမျိုးမျိုးနဲ့ ဖိနှိပ်ခဲ့ပါတယ်။
နောက်ပြီး အာဏာရပါတီတွင်းမှာလည်း ဦးနုတယောက်တည်း စိတ်ကြိုက်ခြယ်လှယ်တာတွေများတဲ့အတွက် ဦးကျော်ငြိမ်း၊ ဦးဗဆွေ စတဲ့ တခြား ခေါင်းဆောင်တွေနဲ့ ကွဲလွဲမှုတွေ ရှိလာပါတယ်။ ဖဆပလနှစ်ခြမ်းကွဲတဲ့ထိ ဖြစ်ခဲ့ပြီးနောက်မှာလည်း စစ်တပ်နဲ့ နီးစပ်တဲ့ တည်မြဲအုပ်စုနဲ့ ဦးနုတို့ သန့်ရှင်း အုပ်စုကြား ပြည်တွင်းစစ် ဖြစ်လုနီးထိ တင်းမာခဲ့ကြတဲ့အတွက် ၁၉၅၈ မှာ အိမ်စောင့်အစိုးရရဲ့ အာဏာသိမ်းပွဲ ဖြစ်ပွားခဲ့ပါတယ်။
စစ်အေးပြဿနာ
လွတ်လပ်ရေးရချိန်မှာ စစ်အေးခေတ်နဲ့ မြန်မာပြည် တည့်တည့်တိုးမိပါတယ်။ ကိုလိုနီလက်က လွတ်ခါစ နိုင်ငံတွေရဲ့ ထုံးစံ နိုင်ငံရေး မတည်ငြိမ်မှုနဲ့ စီးပွားရေး မဖွံ့ဖြိုးမှုတွေကြားမှာ ကမ္ဘာ့အုပ်စုတိုက်ပွဲက ဝင်လာခဲ့ပါတယ်။ မြန်မာပြည်ရတဲ့ လွတ်လပ်ရေးဟာ နယ်ချဲ့အရင်းရှင် ကုမ္ပဏီတွေကို လျော်ကြေး ပေးပြီး ယူရတဲ့ လွတ်လပ်ရေးဖြစ်လို့ မစစ်ဘူးဆိုပြီး ကွန်မြူနစ်တွေက အယုံအကြည်မရှိဘဲ တော်လှန်ရေးလမ်းကြောင်း လိုက်ဖို့ စိုင်းပြင်းခဲ့ ပါတယ်။ ဒီလို ပုန်ကန်ဖို့ ဆိုဗီယက်က အခါပေးတယ်၊ မပေးဘူး အငြင်းပွားတာတွေ ရှိပါတယ်။ အာဏာရ ဖဆပလဘက်ကလည်း ကွန်မြူနစ်တွေကို ကြိုတင်ဖမ်းဖို့ ပြင်လို့ တောထဲထွက်ပြေးရပြီး ပုန်ကန်ကြတယ်လို့လည်း ဆိုပါတယ်။
၁၉၄၉ မှာ တရုတ်ပြည် ကွန်မြူနစ် အစိုးရတက်လာပြီးနောက် မြန်မာ ကွန်မြူနစ် တွေကို ခေါ်ယူ သင်တန်းပေးတာတွေ ရှိလာပါတယ်။ မြန်မာနယ်စပ် ကနေ တရုတ်နီတပ်တွေ ကျူးကျော်လာမှာကို အမေရိကန်ကလည်း စိုးရိမ်ပါတယ်။ ဒါကြောင့် မြန်မာပြည်မှာ အမေရိကန်အကူအညီတွေ ပေးဖို့ အီးစီအေ စီမံကိန်းကို ကမ်းလှမ်းပါတယ်။ ဒါပေမဲ့ တရုတ်ပြည်က ကွန်မြူနစ်တိုက်လို့ ထွက်ပြေးလာတဲ့ တရုတ်ဖြူတပ်တွေကို အမေရိကန်က ကူနေတဲ့အတွက် မြန်မာဘက်က ကုလသမဂ္ဂမှာ တိုင်ကြားပေမယ့် မထူးခြားခဲ့ပါဘူး။ ဒါကြောင့် အမေရိကန် အကူအညီကို မယူဖို့ ဆုံးဖြတ်ပြီး မြန်မာစစ်တပ်ကို ချဲ့ထွင်ပြီး တရုတ်ဖြူကို တွန်းလှန်ရပါတယ်။
၁၉၄၉ မှာပဲ ကရင်တော်လှန်ရေးစပြီးနောက် ကရင်နဲ့ တရုတ်ဖြူ၊ ကရင်နဲ့ မြန်မာကွန်မြူနစ် စတဲ့ ယာယီမဟာမိတ်ဖွဲ့တာတွေ ရှိခဲ့ပါတယ်။ ၁၉၅၉ နောက်ပိုင်း ရှမ်းသူပုန် လှုပ်ရှားမှုမှာလည်း ထိုင်းမှာရှိတဲ့ ကျိုင်းတုံမင်းသား စဝ်ခွန်ဆိတ်ကတဆင့် အမေရိကန် ဆီးတိုးအဖွဲ့နဲ့ ချိတ်ဆက်တယ်၊ ရှမ်းပြည် ဖက်ဒရယ်ရရင် ထိုင်းကို လမ်းမကြီးဖောက်ပြီး ကုန်သွယ်မယ် ကြံစည်တယ် ဆိုပြီး မြန်မာစစ်တပ်က စွပ်စွဲခဲ့ပါတယ်။ စစ်အေးတိုက်ပွဲအတွင်း မြေပေါ် မြေအောက် နိုင်ငံရေးအုပ်စုတွေကို အမေရိကန်နဲ့ ဆိုဗီယက်-တရုတ် အုပ်စု အပြိုင် သိမ်းသွင်းရာကနေ ပြည်တွင်းရေး ရှုပ်ထွေးခဲ့ပါတယ်။ ၁၉၆၁ မှာ ဆိုဗီယက်နဲ့ တရုတ် ဝါဒရေး ကွဲလွဲမှုကလည်း မြန်မာပြည် လက်ဝဲအုပ်စုတွေကြားမှာ ရိုက်ခတ်ပါတယ်။
၁၉၆၂ အာဏာသိမ်းပြီးနောက်မှာတော့ အာဖရိကတိုက်က ဆိုရှယ်လစ်စစ်တပ်တွေကို ထောက်ခံတဲ့ ဆိုဗီယက်နဲ့ မာရှယ်တီးတိုးရဲ့ ယူဂိုဆလားဗီးယား နိုင်ငံတွေဟာ မြန်မာစစ်တပ်နဲ့ ပိုနီးစပ်လာပါတယ်။ အမေရိကန်ကို သတိနဲ့ချဉ်းကပ်တဲ့ အဆင့် ရှိခဲ့ပေမဲ့ ဗီယက်နမ်စစ်မှာ နစ်နေတဲ့ အမေရိကန်ဟာ မြန်မာစစ်ခေါင်းဆောင် ဗိုလ်နေဝင်းကို ဝါရှင်တန်ကို ဖိတ်ခေါ်ပြီး ခမ်းနားစွာ ဧည့်ခံခဲ့ပါတယ်။ လက်ဝဲစွန်းရောက်ပြီး ယဉ်ကျေးမှု တော်လှန်ရေးဆင်နွှဲခဲ့တဲ့ တရုတ်နီအစိုးရကတော့ စတာလင်ဝါဒီ မြန်မာကွန်မြူနစ်တွေနဲ့ ပိုနီးစပ်သွားပါတယ်။
ဘာသာရေးပြဿနာ
မြန်မာနိုင်ငံဟာ ဗုဒ္ဓဘာသာဝင် အများစု ရှိတဲ့ နိုင်ငံဖြစ်တဲ့အတွက် ဘာသာရေးခေါင်းဆောင် ဖြစ်တဲ့ ဘုန်းတော်ကြီးတွေဟာ နိုင်ငံရေးမှာ သြဇာညောင်းပြီး အထူးသဖြင့် ကျေးလက်တွေမှာ ပိုကြီးပါတယ်။ ကိုလိုနီခေတ်မှာ ဗြိတိသျှအစိုးရရဲ့ အထောက်အမ မရခဲ့တဲ့ ဗုဒ္ဓဘာသာဘုန်းတော်ကြီးတွေဟာ နယ်ချဲ့ ဆန့်ကျင်ရေးရဲ့ ရှေ့ဆောင်တွေ ဖြစ်လာပြီး ခရစ်ယာန်နဲ့ အစ္စလာမ်ဘာသာတွေကို ဆန့်ကျင်စိတ်လည်း များပါတယ်။ ဒီဘာသာရေးရဲ့ အကျိုးဆက် အဖြစ် ပြင်းထန်တဲ့ အမျိုးသားရေးလှုပ်ရှားမှုတွေကနေ မြန်မာခေတ်မီစစ်တပ် ထူထောင်ပြီး လွတ်လပ်ရေး ယူဖို့ ကြိုးပမ်းခဲ့ပါတယ်။
နောက် ၁၉၄၇ ဖွဲ့စည်းပုံရေးဆွဲချိန်မှာ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာ ပြဋ္ဌာန်းဖို့ ဒီးဒုတ် ဦးဘချို တိုက်တွန်းခဲ့ဖူးသလို လွတ်လပ်ရေးရပြီးနောက်မှာ လည်း ကွန်မြူနစ်သြဇာ လျှော့ချရေးအတွက် ဆဋ္ဌသင်္ဂါယနာတင်တာ၊ ပါဠိတက္ကသိုလ်တွေကို အားပေးတာတွေ ရှိလာပါတယ်။ တဖက်ကလည်း ဘာသာ ပေါင်းစုံရဲ့ သင်္ခန်းစာတွေကို အစိုးရကျောင်းတွေမှာ သင်ဖို့ စီစဉ်ခဲ့ပေမယ့် ဘုန်းတော်ကြီးရဲ့ ကန့်ကွက် မှုကြောင့် ဗုဒ္ဓဘာသာသင်္ခန်းစာတွေပဲ သင်ခွင့်ရခဲ့ ပါတယ်။
၁၉၆ဝ ရွေးကောက်ပွဲမှာတော့ ဦးနုက နိုင်ငံတော်ဘာသာကိစ္စကို အသုံးချမဲဆွယ်ခဲ့ပါတယ်။ ၁၉၆၁ ခုနှစ် နိုင်ငံတော်ဘာသာ ပြဋ္ဌာန်းချိန်မှာ ခရစ်ယာန်နဲ့ မွတ်ဆလင် လူနည်းစုဘက်က ကန့်ကွက်ပေမယ့် မထိရောက်ခဲ့ပါဘူး။ ဒီကိစ္စနောက်ဆက်တွဲ ကချင်မှာ လက်နက်ကိုင် တော်လှန်ရေးသစ် ပေါ်လာပါတယ်။
၁၉၆၂ အာဏာသိမ်းပြီးနောက်မှာ နိုင်ငံတော်ဘာသာပြဋ္ဌာန်းချက်ကို ပယ်ဖျက်တာနဲ့အတူ ဥပုသ်နေ့ ရုံးပိတ်တာနဲ့ အမဲသားမပေါ်ဖို့ တားမြစ်တာတွေကို ဖျက်သိမ်းခဲ့ပါတယ်။ ဒါပေမဲ့ ဗုဒ္ဓဘာသာ သင်္ခန်းစာတွေကို စာသင်ကျောင်းတွေမှာ သင်ကြားမှုကတော့ ကနေ့ထက်ထိ ဆက်ရှိနေပါတယ်။ ခရစ်ယာန် သာသနာပြုကျောင်းတွေကို ပြည်သူပိုင် သိမ်းလိုက်တဲ့အတွက်လည်း ခရစ်ယာန်သင်္ခန်းစာ သင်ကြားမှုတွေ စာသင်ကျောင်းတွေမှာ ရပ်စဲသွားပါတယ်။
ဗိုလ်ချုပ်ကြီးနေဝင်း စစ်အစိုးရဟာ ၁၉၅၈ အာဏာသိမ်းအစိုးရခေတ်မှာ ကွန်မြူနစ်တိုက်ထုတ်ရေးအတွက် ဓမ္မန္တရာယ်လှုပ်ရှားမှု လုပ်ခဲ့ပေမယ့် ၁၉၆၂ မှာတော့ ဘာသာရေးနဲ့ ခပ်ခွာခွာနေပြီး ဦးနုလိုလားတဲ့ သံဃာထုကို ထိန်းချုပ်ဖို့ လုပ်ပါတယ်။ ၁၉၆၅ မှာ မန္တလေးတောင်ပြင် အဓိကရုဏ်းမှာ သံဃာ အများအပြား ထိန်းသိမ်းခံရပါတယ်။ အဲဒီနောက်ပိုင်း ၁၉၈ဝ ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးမှာ သံဃာ့မဟာနာယကအဆင့်ဆင့် ဖွဲ့စည်းပြီး သံဃာထုကို ထိန်းချုပ်ခဲ့ပါတယ်။
ဘာသာရေးမှာ အများစုဖြစ်တဲ့ ဗုဒ္ဓဘာသာဝင်တွေနဲ့ ဘာသာရေးခေါင်းဆောင် ဘုန်းတော်ကြီးတွေကို ထိန်းချုပ် သိမ်းသွင်းဖို့ ကြိုးစားရင်း မြန်မာနိုင်ငံဟာ ဘာသာရေး သြဇာကင်းလွတ်တဲ့ နိုင်ငံအဆင့် မရောက်ခဲ့သလို စစ်တပ်ခေတ်တလျောက်မှာလည်း နိုင်ငံရေးအကျပ်အတည်းတွေ ကြုံတိုင်း ဘာသာရေး အဓိကရုဏ်းတွေ ပေါ်ပေါက်ခဲ့တဲ့အပြင် နိုင်ငံသားဥပဒေအသစ်၊ ထိမ်းမြားလက်ထပ်မှု ဆိုင်ရာ ကန့်သတ်ချက်တွေနဲ့ မွတ်ဆလင်တွေ အပေါ် ဖိနှိပ်တာတွေ ရှိခဲ့ပါတယ်။ စစ်တပ်တွင်းမှာလည်း ဗုဒ္ဓဘာသာမဟုတ်သူတွေကို ရာထူးကြီးပေးတာကို လျှော့ချသွားပြီး မွတ်ဆလင်အရာရှိအရေအတွက်ကလည်း အများကြီး လျော့ကျသွားပါတယ်။ ဒါကြောင့် မြန်မာ ဗုဒ္ဓဘာသာဝင်တွေဟာ အရေးပေးခံရဆုံး လူများစုအဖြစ် စစ်တပ်ဖိနှိပ်မှုအောက်မှာ တခြား လူနည်းစု တွေထက် မျက်နှာသာရခဲ့ကြောင်း မက်သယူးဝေါ်လ်တန် စတဲ့ ပြည်ပက ဗုဒ္ဓဘာသာပညာရှင်တွေက သုံးသပ်ကြတာ ဖြစ်ပါတယ်။
အရပ်ဘက် ပြန်မလာတဲ့ အာဏာ
ဒီလို အာဏာသိမ်းပြီးနောက်ပိုင်းမှာလည်း နိုင်ငံကိုထိန်းချုပ်နိုင်ဖို့ စစ်အာဏာပိုခိုင်အောင် ကြိုးစားရင်း နိုင်ငံရေးဖိနှိပ်မှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။ စီးပွားရေး၊ လူမှုရေး နိမ့်ကျတာတွေလည်း ရှိလာပြီး နောက်ဆုံး ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံစာရင်းဝင်တဲ့အထိ ဖြစ်ခဲ့ပါတယ်။ ဒေသတွင်းက ထိုင်း၊ အင်ဒိုနီးရှား နိုင်ငံတွေနဲ့ မတူဘဲ အမေရိကန် အနောက်အုပ်စုနဲ့ မနီးစပ်လှတဲ့ မြန်မာစစ်ခေါင်းဆောင်တွေဟာ ဒီမိုကရေစီစက်ဝန်းကို ပြန်မလှည့် နိုင်တဲ့အပြင် ဖွံ့ဖြိုးတိုးတက်မှု ရေချိန်ကိုလည်း ပြတ်ကျန်နေရစ်အောင် စွမ်းဆောင်ခဲ့ကြပါတယ်။ ဒီလိုဖြစ်ရတဲ့အထဲမှာ ဗိုလ်ချုပ်ကြီးတွေရဲ့ နိုင်ငံရေး လက္ခဏာနဲ့ အားပြိုင်မှုတွေအပြင် စစ်အုပ်စုရဲ့ နိုင်ငံရေး စွမ်းရည်၊ လူထုနဲ့ နိုင်ငံရေးသမားတွေရဲ့ အရည်အချင်း စတဲ့ အကြောင်းရင်းတွေ အများကြီး ရှိသလို အထွေထွေ နိမ့်ကျမှုတွေကို ပိုဆိုးသွားစေတဲ့ ဖြစ်ရပ်တွေ ရှိပါတယ်။
ဒီမှာ အဓိကတွေ့ရတဲ့ ဖြစ်ရပ်ငါးခုကတော့
ငြိမ်းချမ်းရေးဆွေးနွေးပွဲပျက်
၁၉၆၃ မှာ တောတွင်းလက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ တော်လှန်ရေးအစိုးရက ကမ်းလှမ်းပါတယ်။ ဒီဆွေးနွေးပွဲမှာ စောဟန်တာသာမွှေး ခေါင်းဆောင်တဲ့ ကရင်တော်လှန်ရေး ကောင်စီအဖွဲ့နဲ့ပဲ ငြိမ်းချမ်းရေးယူနိုင်ပြီး ကရင်ပြည်နယ်ကို ကော်သူလေးလို နာမည် ခဏ ပြောင်းနိုင်ခဲ့တာပဲ အဖတ်တင်ခဲ့ပါတယ်။ ကျန်တဲ့ လူမျိုးစုလက်နက်ကိုင်တွေ၊ ကွန်မြူနစ်တပ်တွေနဲ့ ဆွေးနွေးပွဲတွေကတော့ ပျက်ခဲ့ပါတယ်။ ဆွေးနွေးပွဲ လုပ်နေစဉ် ကာလ ဗကပထောက်ခံတဲ့ ငြိမ်းချမ်းရေးဆန္ဒပြပွဲကြီးတွေကို ရန်ကုန်၊ မန္တလေးမြို့ကြီးတွေမှာ ကျင်းပခဲ့တာကိုလည်း စစ်တပ်က သူတို့ကို အကျပ်ကိုင်တယ် လို့ ယူဆပါတယ်။ ဒါကြောင့် ဆွေးနွေးပွဲပျက်ပြီးနောက်ပိုင်း မြို့ပေါ်က ကွန်မြူနစ်လိုလားသူ အများအပြား အဖမ်းခံရပါတယ်။ ၁၉၆၂ ဆဲဗင်းဇူလိုင် အရေးအခင်းနောက်ပိုင်း စစ်အစိုးရနဲ့ ကျောင်းသားအုပ်စုတွေကြား နိုင်ငံရေးတင်းမာမှု လည်း ပြေလည်မှုမရဘဲ ကျောင်းသားအများအပြား တောခိုတာတွေ ဆက်ဖြစ်ခဲ့ပါတယ်။
ပြည်နယ်တွေမှာ ဖြစ်နေတဲ့ ရှမ်း၊ ကချင်၊ ကရင်၊ မွန်၊ ရခိုင် စတဲ့ လက်နက်ကိုင်အဖွဲ့ပေါင်းစုံနဲ့ အစိုးရတပ်တွေကြား တိုက်ပွဲတွေလည်း ပိုပြင်းထန်လာခဲ့ ပါတယ်။ စစ်အစိုးရရဲ့ ဆိုရှယ်လစ်ခေတ်ပြောင်းတော်လှန်ရေးနဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ကြွေးကြော်သံတွေကလည်း ၁၉၆၂ ဖက်ဒရယ်မူ ဆွေးနွေးပွဲကို အကြောင်းပြ အာဏာသိမ်းခဲ့မှုကြောင့် လူမျိုးစုတွေဘက်က ယုံကြည်မှု မရဘဲ စစ်တပ်သြဇာခံ လူမျိုးစုခေါင်းဆောင် တချို့ရဲ့ ထောက်ခံမှုသာ ရခဲ့ပါတယ်။
ဒါကြောင့် ၁၉၇၄ ဆိုရှယ်လစ်သမ္မတနိုင်ငံသစ်ဟာ တိုင်းနဲ့ ပြည်နယ် ၁၄ ခုကို တန်းတူပြုထားပြီး ဒေသန္တရအစိုးရတွေ ဖွဲ့စည်းပေးခြင်းလည်းမရှိတဲ့ ဗဟိုက ချုပ်ကိုင်တဲ့ နိုင်ငံ ဖြစ်လာခဲ့ပါတယ်။ နိုင်ငံတော်ကောင်စီမှာ ပင်လုံ စာချုပ် လက်မှတ်ထိုးခဲ့သူတချို့ကို ရုပ်ပြထည့်သွင်းထားပေမယ့် တကယ့်အာဏာ ကတော့ ဗိုလ်ချုပ်ကြီးနဲ့ ဗိုလ်မှူးကြီးတစု လက်ထဲမှာပဲ ရှိခဲ့ပါတယ်။ ဒါကြောင့် ပြည်တွင်းစစ်မီးဟာ ဆိုရှယ်လစ်ခေတ်တလျောက်လုံး ဆက်လက် တောက်လောင်နေခဲ့ပြီး နဝတစစ်အစိုးရခေတ်ထိ သက်တမ်းဆက်ခဲ့ပါတယ်။
ပြည်သူပိုင်သိမ်း
၁၉၆၃ နဲ့ ၁၉၆၄ က စပြီး မြန်မာပြည်တနံတလျားက ကျောင်း၊ ဆေးရုံ၊ ဘဏ်နဲ့ စီးပွားရေးလုပ်ငန်းပေါင်းစုံကို ပြည်သူပိုင်သိမ်းတာတွေ စပါတယ်။ တော်လှန်ရေး ကောင်စီ ဒုဥက္ကဋ္ဌ ဗိုလ်မှူးချုပ်အောင်ကြီး ထွက်သွား ပြီးနောက် ဗိုလ်မှူးချုပ်နီလို့ သိကြတဲ့ ဗိုလ်မှူးချုပ်တင်ဖေအုပ်စု အားသာလာတဲ့ အတွက် လက်ဝဲအလွန်အကျွံတွေ ဖြစ်ကုန်တယ် ဆိုကြသလို ဦးဘညိမ်နဲ့ တောပြန်လက်ဝဲအုပ်စုတွန်းအားကြောင့် ဆိုရှယ်လစ် ဘရိတ် မအုပ်နိုင်တာတွေ ဖြစ်ကုန်တယ် ဆိုပြီး ဦးသက်ထွန်းစတဲ့ မတ်ဝါဒီမဟုတ်တဲ့ စီးပွားရေးပညာတတ်လောကက သုံးသပ်ပါတယ်။
ဘယ်လိုကြောင့်ဖြစ်ဖြစ်၊ ပြည်သူပိုင်သိမ်းတာတွေ နောက်ပိုင်း စီးပွားရေး တိုးတက်မှု ကျဆင်းသွားသလို နေထိုင်မှုအဆင့်အတန်းလည်း ထိုးကျ သွားပါ တယ်။ ပြည်ပက တင်သွင်းတဲ့ လူသုံးပစ္စည်းတွေ ပြတ်တောက် ကုန်တဲ့အပြင် ပြည်တွင်းထုတ် ဆန်၊ ဆီ၊ ဆား၊ လက်ဖက်ခြောက်က အစ တန်းစီတိုးပြီး ဝယ်လာကြရပါတယ်။ ရလာတော့လည်း ပစ္စည်းကောင်း မသုံးရဘဲ မှောင်ခိုစျေးကွက်က ကြီးလာပါတယ်။
ကွမ်းယာဆိုင်ကအစ ပြည်သူပိုင်သိမ်းခံရမှာ ကြောက်နေရပြီး စီးပွားရေးလုပ်ငန်းအများစုဟာလည်း စစ်ဗိုလ်နဲ့ တောပြန် လက်နက်ချတွေ၊ နိုင်ငံရေးသမား အထူးအရာရှိတွေရဲ့ စားပေါက်တွေလို ဖြစ်လာပါတယ်။ ဒါကြောင့် သမဝါယမညီလာခံတခုမှာ တော်လှန်ရေးကောင်စီဝင် ဦးဘညိမ်က အကုန်လုံးကို လက်ညှိုးထိုးပြီး ခင်ဗျားတို့ အားလုံး သူခိုးတွေ လို့ ပြောတဲ့အဆင့်ထိ ရောက်ခဲ့တယ်လို့ သိရပါတယ်။ ဒီဖြစ်စဉ်တွေဟာ ဆိုရှယ်လစ် နိုင်ငံတိုင်းမှာ ကြုံရတတ်တဲ့ လက်ဝဲကျွံမှုတွေသာ ဖြစ်ပြီး လက်ဝဲခေါင်းဆောင်ပါတီ သေချာမရှိတဲ့ မြန်မာပြည်မှာ စစ်တပ်က လက်သည်တရားခံ ဖြစ်သွားပြီး နိုင်ငံ စီးပွားရေးကိုလည်း သူတို့လက်ထဲမှာ လက်ရယူထားခဲ့ ပါတယ်။ အလုပ်သမား၊ လယ်သမားတွေရဲ့ ဦးဆောင်ပါတီဆိုတဲ့ လမ်းစဉ်ပါတီခေတ်မှာလည်း ဒီလူတန်းစားနှစ်ရပ်ရဲ့ စီးပွားရေးအင်အားက အရင်ကထက် ထူးခြားမလာခဲ့ဘဲ ရှိစုမဲ့စု ရွှေတိုရွှေစကလေးတွေပါ လုံးပါးပါး ကုန်ကြပါတယ်။
ဒါကြောင့် ၁၉၈၈ နောက်ပိုင်း တံခါးဖွင့် စီးပွားရေးခေတ်မှာ ဗိုလ်နေဝင်း မိသားစုများနဲ့ အရင် စစ်ခေါင်းဆောင်ဟောင်းတွေရဲ့ သားသမီးတွေ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းတွေနဲ့ ချမ်းသာလာတာတွေ ရှိလာသလို နဝတ ဗိုလ်ချုပ်သားသမီးတွေ ကိုယ်တိုင် ကုမ္ပဏီထောင်တဲ့ခေတ် ဖြစ်လာပါတယ်။ ဒီကတဆင့် ဦးပိုင်နဲ့ တပ်စီးပွားရေးလုပ်ငန်းကြီးတွေ ပေါ်လာပြီး ၁၉၆၂ မတိုင်ခင်က ဘီအီးဒီစီနဲ့ တပ်စီးပွားရေးလုပ်ငန်းတွေခေတ်ကို ပြန်အောက်မေ့စေပါတယ်။ ထိုင်း၊ အင်ဒိုနီးရှား စတဲ့ ဒေသတွင်းက စစ်အာဏာသိမ်း တိုင်းပြည်တွေမှာ အမေရိကန်နဲ့ အနောက်အုပ်စုငွေရင်းနဲ့ ကြီးပွားချမ်းသာလာချိန်မှာ မြန်မာက ဆိုရှယ်လစ်တောထဲမှာ ဆင်းရဲနေခဲ့ပြီး တရုတ်ပြည် တံခါးဖွင့်ချိန်ထက်လည်း မြန်မာက ဆယ်နှစ် နောက်ကျခဲ့ပါတယ်။
ပါတီစုံစနစ်ဖျက်
၁၉၆၂ အာဏာသိမ်းစမှာ ဗိုလ်ချုပ်ကြီးနေဝင်းက ဖမ်းထားတဲ့ အစိုးရဝင်တွေကလွဲလို့ ပထစ၊ ဖဆပလနဲ့ ပမညတ ပါတီကြီးသုံးခုလုံးက ခေါင်းဆောင်တွေကို ခေါ်ပြီး လက်တွဲကြဖို့ တောင်းဆိုပါတယ်။ ပမညတနဲ့ တောပြန် ကွန်မြူနစ်တချို့ပဲ စစ်တပ်နဲ့ ပူးပေါင်းပြီး ဆိုရှယ်လစ် စနစ်ကို ချီတက်ဖို့ သဘောတူခဲ့ပါတယ်။ ဆိုရှယ်လစ် စနစ်ကို ချီတက်ဖို့ ခွေးကတက်က ပါရပါရ ဆိုတဲ့ ဝိဓူရသခင်ချစ်မောင်ရဲ့ စကားကလည်း တွင်ကျန်ခဲ့ပါတယ်။
ကျန်တဲ့ ပါတီနှစ်ခုက ဒုတိယတန်း ခေါင်းဆောင်တချို့ပဲ တော်လှန်ရေးကောင်စီနဲ့ ပူးပေါင်းခဲ့ပါတယ်။ ၁၉၆၃ မှာ မဖမ်းဘဲ ကျန်နေတဲ့ ဖဆပလက ဦးဗဆွေနဲ့ ဦးကျော်ငြိမ်းကို ဖမ်းပါတယ်။ အဲဒီနောက် ၁၉၆၄ မှာ အမျိုးသားစည်းလုံးညီညွတ်ရေးကို ကာကွယ်သည့် ဥပဒေ နဲ့ ပါတီ အဖွဲ့အစည်းတွေ ဖျက်သိမ်းရာမှာ စစ်တပ်ထောင်တဲ့ လမ်းစဉ်ပါတီကလွဲပြီး ကျန်တဲ့ ပါတီတွေ အားလုံး ဖျက်သိမ်းခံရပါတယ်။ ဒါဟာ ပါတီစုံ ဒီမိုကရေစီ ၂၄ နှစ် ဆိတ်သုဉ်းမှုရဲ့ အစဖြစ်သလို ဘာသာရေးအသင်းတချို့ကလွဲပြီး ကျန်တဲ့ စာကြည့်တိုက်၊ လူမှုကူညီရေးအသင်းအဖွဲ့ စတဲ့ အရပ်ဘက် အသင်းအပင်းတွေ ဖိနှိပ်ခံရမှုရဲ့ လက်သည်လည်း ဖြစ်ပါတယ်။ နိုင်ငံကို ဆိုရှယ်လစ်ပုံစံ အပြည့်ရိုက်သွင်းပြီး စစ်အစိုးရ သြဇာခံ တေဇလူငယ်၊ ရှေ့ဆောင် လူငယ်၊ လမ်းစဉ်လူငယ် စတဲ့ လူငယ်အဖွဲ့တွေနဲ့ အလုပ်သမား၊ လယ်သမား စည်းရုံးရေးကော်မတီတွေ စဖွဲ့ပါတယ်။ ဒီအဖွဲ့အသင်းသစ်တွေ မှာ စစ်ဗိုလ် စစ်သားတွေက အဆင့်ဆင့် ပါဝင်သလို စစ်တပ်နဲ့ ပူးပေါင်းတဲ့ လက်ဝဲသမားတွေလည်း နေရာယူခဲ့ကြပါတယ်။ ၁၉၆၈ မှာ ပြန်လွှတ်ပေးလိုက်တဲ့ နိုင်ငံရေးခေါင်းဆောင်တွေနဲ့ အကြံပေးကော်မတီဖွဲ့ပြီး အစီရင်ခံစာ တင်စေရာမှာလည်း နိုင်ငံအာဏာကို ပြန်အပ်သင့်ကြောင်းရေးတဲ့ ဦးနုရဲ့ အစီရင်ခံစာနဲ့ ပါတီစုံ ဆိုရှယ်ဒီမိုကရက်နည်းနဲ့ သွားသင့်ကြောင်းရေးတဲ့ ဖဆပလအစီရင်ခံစာတွေကို လက်မခံဘဲ ပယ်ချခဲ့ပါတယ်။
အဲဒီနောက် လမ်းစဉ်ပါတီကို ပြည်သူ့ပါတီ အသွင်ပြောင်းပြီး ဖွဲ့စည်းပုံအသစ် ရေးဆွဲပါတယ်။ ဆန္ဒခံယူပွဲနဲ့ ရွေးချယ်တင်မြှောက်ပွဲအဆင့်ဆင့်တွေမှာလည်း ဆိုရှယ်လစ်ပုံစံနည်းကျ အမည်းပုံးထဲ ထည့်တဲ့မဲတွေ အဖြူ ဖြစ်တဲ့နည်း နဲ့ အတည်ပြုရွေးချယ်ခဲ့ပါတယ်။ ၁၉၇၄ အစိုးရသစ်ကို အာဏာ အပ်နှင်း ရာမှာ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးဟောင်းနေဝင်းက ပါတီဥက္ကဋ္ဌနဲ့ သမ္မတသစ် ဦးနေဝင်းဆီ အာဏာ လွှဲပေးခဲ့ပါတယ်။ ဒီရွေးချယ် တင်မြှောက်ပွဲ ပုံစံဟာ ၂ဝဝ၈ ဖွဲ့စည်းပုံ ဆန္ဒခံပွဲရဲ့ ရှေ့ပြေးပုံစံ ဖြစ်ပြီး ၂ဝ၁ဝ ရွေးကောက်ပွဲမှာတော့ ပါတီစုံစနစ်ကို ပြန်အသက်သွင်းပေမယ့် စစ်ဗိုလ်ချုပ်ဟောင်းတွေပဲ အနိုင်ရ ကြီးစိုးခဲ့ပါတယ်။ ပါတီစုံစနစ်ကို ရာစုတစိတ် ကြာအောင် ဖျက်သိမ်းပြီး ၁၉၉ဝ ရွေးကောက်ပွဲမှာလည်း အနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အာဏာမလွှဲဘဲ အနှစ် ၂ဝ ဇာတ်မျောခဲ့တာဟာ မြန်မာစစ်တပ်ရဲ့ အရပ်သားအတိုက်အခံကို သည်းခံ မွေးမထားနိုင်တဲ့ အကျင့်ကို ပြနေပါတယ်။ ဒါကြောင့်ပဲ ၂ဝ၂ဝ ရွေးကောက်ပွဲအပြီးမှာ ငါးနှစ် အာဏာတချို့တဝက် ရခဲ့တဲ့ NLD နဲ့ စလယ်ဝင် ဖင်မမည်းခင်ကွဲခဲ့ကြပြီး အာဏာသိမ်းပွဲ ဖြစ်ခဲ့ပါတယ်။
တရုတ် ဗမာ အရေးအခင်း
၁၉၆၇ မှာ ဆန်ရှားပါးမှု ပြဿနာကြောင့် နိုင်ငံရေးတင်းမာလာသလို ရခိုင်မှာ ဆန်အရေးအခင်းဖြစ်ပါတယ်။ ပြည်မက တရုတ်စာသင်ကျောင်းတွေမှာ မော်စီတုန်း တံဆိပ်တပ်မှုကို အကြောင်းပြု ဖြစ်တဲ့ တရုတ် ဗမာ အရေးအခင်းမှာတော့ တရုတ်နွယ်ဖွား အများအပြား သတ်ဖြတ်ခံရပြီး အိုးအိမ်ပိုင်ဆိုင်မှုတွေ ဆုံးရှုံးကြပါတယ်။ ဒီလှုပ်ရှားမှုဟာ တရုတ်ပြည်မှာ ဖြစ်နေတဲ့ ယဉ်ကျေးမှု တော်လှန်ရေးရဲ့ အဆက်ဖြစ်ပြီး ဆန်ကိစ္စကို အာရုံ လှည့်ဖို့ အရေးအခင်း ဖန်တီးတာ ဆိုသလို တရုတ်ဘက်က ဒေသတွင်းနဲ့ ကမ္ဘာတလွှားကို တော်လှန်ရေး တင်ပို့မှုကြောင့် နီပေါ၊ ပီရူး၊ အမေရိကန် စတဲ့ နိုင်ငံတွေမှာ ပြင်းထန်တဲ့ မော်ဝါဒီ လှုပ်ရှားမှုတွေ ပေါ်လာတဲ့ ဖြစ်ရပ် တခုလို့ ယူဆ ကြပါတယ်။ အင်ဒိုနီးရှားမှာတော့ ၁၉၆၅ -၆၆ က တရုတ်နွယ်ဖွားနဲ့ ကွန်မြူနစ်တွေ သိန်းချီ သတ်ဖြတ်ခံခဲ့ရပြီး ဒီသတ်ဖြတ်မှုတွေရဲ့ နောက်ကွယ်မှာ စီအိုင်အေနဲ့ တခြား အနောက်နိုင်ငံ ထောက်လှမ်းရေး အဖွဲ့တွေ ပတ်သက်ခဲ့ကြောင်း စွပ်စွဲခံရပါတယ်။
တရုတ်နဲ့ နယ်မြေထိစပ်နေတဲ့ မြန်မာပြည်မှာ တရုတ်ဆန့်ကျင်ရေး အဓိကရုဏ်းဖြစ်ခဲ့တဲ့ အကျိုးဆက်အဖြစ် ၁၉၆၈ ကစပြီး တရုတ်အပျော်တမ်းတပ်တွေနဲ့ မြန်မာပြည်ထဲက ကချင်၊ ဝ၊ ကိုးကန့်စတဲ့ လူမျိုးစု လက်နက်ကိုင် တပ်တွေပါတဲ့ ဗကပ စစ်မျက်နှာသစ် အရှေ့မြောက်ဒေသမှာ ပေါ်ထွန်းလာပါတယ်။ ဒီစစ်အတွက် တရုတ်ဘက်က သုံးနေကျ လူလှိုင်းလုံး စစ်ဆင်ရေးနဲ့အတူ လက်နက်နဲ့ ဆေးဝါး၊ ရိက္ခာ၊ ဆေးဘက်ဝန်ထမ်း အကူအညီတွေ အပြည့်အစုံနဲ့ ပုံအော တိုက်ခိုက်ခဲ့တာပါ။ ဒါပေမဲ့လည်း ၁၉၇၁ က ဟိုက်ကမ်းပါး၊ ကွမ်းလုံ ကူးတို့ဆိပ် စတဲ့ တိုက်ပွဲတွေမှာ မြန်မာ စစ်တပ်ဘက်က အကျအဆုံး များစွာနဲ့ ခုခံပြီး ပြန်တွန်းလှန်ခဲ့ပါတယ်။ အဲဒီနောက် မှာလည်း မိုင်းယန်း-ကျိုင်းတုံ (၁၉၇၃-၇၄)၊ မူဆယ်-နမ့်လင်း(၁၉၇၅)၊ ပန်ကော်-ချူဆွေ(၁၉၇၇)၊ နောင်လိုင်-ပါဖန် (၁၉၇၈)၊ မန်ခူ-မန်ခါ (၁၉၈ဝ)၊ မိုင်းယန်း (၁၉၈ဝ)နဲ့ မိုင်းယောင်းတိုက်ပွဲစဉ် (၁၉၈ဝ)တွေ ဆက်ဖြစ်နေခဲ့ပြီး ၁၉၈၉ မှာ ဗကပထဲက ဝနဲ့ ကိုးကန့်တပ်တွေ ခွဲထွက်ချိန်ထိ သံလွင်အရှေ့ခြမ်း နဲ့ အရှေ့မြောက်တိုင်း ဒေသတွေကို မြန်မာအစိုးရ ထိန်းချုပ်နိုင်မှု အားနည်းခဲ့ပါတယ်။ တရုတ်စစ်ကို ခုခံဖို့ ကိုးကန့် ကာကွယ်ရေး တပ်အကျန်တွေကို မွေးမြူရာကနေ ဘိန်းဘုရင်တွေ ရှမ်းပြည်မှာ တန်ခိုးကြီးခဲ့ပါတယ်။
၁၉၈၉ မှာ နဝတ စစ်အစိုးရသစ်နဲ့ အပစ်ရပ်စဲရေး ယူခဲ့ပေမယ့် ဝ၊ ကိုးကန့်၊ မိုင်းလား ဒေသတွေဟာ မြန်မာပြည် အရှေ့ဖျားရဲ့ သီးခြားနယ်မြေတွေလို ဖြစ်နေခဲ့ပြီး နောက်ပိုင်းမှာ ဝပြည်သစ်တပ်ဖွဲ့ရဲ့ သြဇာဟာ ကျိုင်းတုံဘက်ထိ ရောက်ရှိ လာပါ တယ်။ ၂ဝ၁ဝ နောက်ပိုင်းမှာတော့ ဝ ပြည်နယ် တောင်းဆိုမှု ရှိလာခဲ့ပြီး ယခုထိ အင်အားအတောင့်ဆုံး စစ်နယ်မြေတခုအဖြစ် တည်ရှိနေပါတယ်။ ဒီဒေသကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း အဖြစ်လည်း ၂ဝဝ၈ ဖွဲ့စည်းပုံက သတ်မှတ်ပေးထားပြီး တရုတ် မန်ဒရင်စာ၊ တရုတ်ယွမ်ငွေကြေးတွေ သုံးတဲ့ တရုတ်သြဇာခံနယ်မြေတခုလို ဖြစ်လာခဲ့ပါတယ်။ ၂ဝဝ၉ မှာတော့ ကိုးကန့်မှာ သေနတ်ပြန်ပေါက်ပြီး အသစ် ပေါ်လာတဲ့ တအာန်း၊ ရခိုင် တပ်တွေနဲ့ ကိုးကန့်၊ ကချင်တို့ မြောက်ပိုင်း မဟာမိတ်ဖွဲ့ပြီး မြန်မာအစိုးရတပ်တွေနဲ့ ဆက်လက်တိုက်ခိုက်ကြပါတယ်။ ဒီဖြစ်စဉ်တွေဟာ စစ်အစိုးရခေတ် ၁၉၆ဝ ကျော်ကနေ အနှစ် ၅ဝ ကျော် ဆက်လက်တည်ရှိနေတဲ့ တရုတ် သြဇာရပ်ဝန်းနဲ့ စစ်မီးပွားတွေ ဖြစ်ပါတယ်။ ဝနဲ့ ကိုးကန့်ရဲ့ စစ်အင်အားကို ကြီးထွားလာစေပြီး ဒေသတွင်း လူမျိုးစု အမျိုးသားရေး အားပြိုင်မှုတွေကို တွန်းအားပေးခဲ့သလို ဘိန်းနဲ့ မူးယစ်ဆေးထုတ်လုပ်မှုတွေ ကိုလည်း ယနေ့တိုင် ခေါင်းခဲစရာ ချန်ထားခဲ့ပါတယ်။
အုပ်ချုပ်ရေးနဲ့ တရားရေးပုံစံ အပြောင်းအလဲ
၁၉၇၂ မှာ ဆိုရှယ်လစ်နိုင်ငံထူထောင်ဖို့ အတွင်းဝန်ရုံးနဲ့ အုပ်ချုပ်တဲ့ စနစ်ကို ဖျက်သိမ်းပါတယ်။ နယ်အုပ်ချုပ်ရေးအဆင့်ဆင့်မှာ ပါတီ ကောင်စီ ယန္တရားအဆင့်ဆင့်က ကိုယ်စားလှယ်တွေနဲ့ အုပ်ချုပ်ရေး ဝန်ထမ်းတွေကို ပူးတွဲ ခန့်အပ်ပါတယ်။ တရားစီရင်ရေးမှာလည်း ပြည်သူ့တရားစီရင်ရေး စနစ်ဖြစ်ဖို့ ဆိုပြီး ပညာမတတ်သူ အရပ်သားတွေကို ထည့်သွင်းခဲ့တဲ့အတွက် အနှေးယာဉ်မောင်းသူက တရားသူကြီးဖြစ်သွားတဲ့ ကမောက်ကမ ဖြစ်စဉ်တွေ ပေါ်လာခဲ့ပါတယ်။ အစိုးရယန္တရားထဲမှာ စစ်ဗိုလ်တွေ ဗြောင်ဝင်စွက်ဖက်သလို အရပ်သားဝန်ထမ်းတွေကို ထုတ်ပယ်တာတွေကလည်း ၁၉၆၂ က စပြီး ရှိခဲ့ပါတယ်။
၁၉၅၈ အိမ်စောင့်အစိုးရခေတ်မှာ အုပ်ချုပ်ရေး အလုပ်သင် ဆင်းခဲ့ကြတဲ့ စစ်ဗိုလ်မှူးကြီးတွေဟာ နိုင်ငံကို အုပ်ချုပ်နိုင်ပြီဆိုပြီး ယုံကြည်မှု ရသွားကြတဲ့အတွက် ၁၉၆၂ နောက်ပိုင်း နိုင်ငံလည်ပတ်မှုစနစ်ကို ပြောင်းပစ်ဖို့ ကြိုးစားခဲ့ကြတာ ဆိုပြီး မေရီကယ်လ်ဟန်စတဲ့ မြန်မာစစ်တပ်နဲ့ နိုင်ငံတည်ဆောက်မှုကို လေ့လာသူတွေက သုံးသပ်ပါတယ်။ ဒီယုံကြည်မှု လွန်ကဲရာမှာ လက်ဝဲသမားဆိုသူတွေရဲ့ လေပင့်မှုကြောင့်လည်း အခြေအနေက ပိုဆိုးသွားခဲ့ပါတယ်။ ကိုလိုနီခေတ်နဲ့ ပါလီမန်ခေတ်မှာ အမှုထမ်းခဲ့ကြတဲ့ ဝါရင့်အရာရှိတွေကို ကျွန်စိတ်မကုန်သူတွေ၊ အနောက်အုပ်စုလိုလားသူတွေ စတဲ့ သံသယအမြင်တွေ ကြီးထွားအောင် လက်ဝဲအလွန်အကျွံဖြစ်မှုက တွန်းပို့ခဲ့ပါတယ်။ ဒါကြောင့် အိန္ဒိယနဲ့ သီရိလင်္ကာ၊ ပါကစ္စတန်၊ မလေးရှား၊ စင်္ကာပူနိုင်ငံတွေမှာ ဗြိတိသျှအုပ်ချုပ်ရေးနဲ့ တရားရေးစနစ်ကို ဆက်လက်ထားရှိပြီး နိုင်ငံကို လည်ပတ်ခဲ့ပေမယ့် မြန်မာမှာတော့ အုပ်ချုပ်ရေးသစ် ဆိုတဲ့ အရှေ့ဂျာမနီနဲ့ ဆိုဗီယက်ကို တုပတဲ့ ဆိုရှယ်လစ် မပီမမြည်တဲ့ စနစ်တခု ရရှိခဲ့ပါတယ်။
စစ်ဆိုရှယ်လစ်ခေတ်မှာ ခြစားမှု၊ လုပ်ငန်းမတွင်ကျယ်မှုနဲ့ အစိုးရယန္တရားကို ချုပ်ချယ်မှုဟာ အရပ်သားအစိုးရခေတ်ထက် အများကြီး ပိုဆိုးသွားပြီး ၁၉၈၈ နောက်ပိုင်းမှာလည်း ပြည်သူ့ဝန်ထမ်းစနစ်ကို မပြုမပြင်နိုင်ဘဲ ဆိုရှယ်လစ်ပုံစံတွေနဲ့ ဆက်သွားခဲ့ပါတယ်။ ဖောင်ကြီး ဗဟိုဝန်ထမ်းတက္ကသိုလ်လို အစိုးရကေဒါမွေးထုတ်တဲ့ သင်တန်းတွေကိုလည်း လမ်းစဉ်ပါတီခေတ်လို ဆက်ထားပြီး ဝန်ထမ်းလောကကို ဖိနှိပ်မှုကလည်း ဆက်ရှိ ခဲ့ပါတယ်။ ၁၉၈၈ မှာ နိုင်ငံရေးတက်ကြွခဲ့တဲ့ ဝန်ထမ်းတွေကို ထုတ်ပယ်တာနဲ့ နိုင်ငံရေးအမြင်တွေကို အမေးအဖြေ စာရွက်တွေနဲ့ ဖြည့်ခိုင်းပြီး မကြိုက်တဲ့ အဖြေရှင်တွေကို ထုတ်ပယ်တာတွေလည်း ဖြစ်ခဲ့ပါတယ်။
တရားရေးစနစ်ကလည်း ၁၉၆၂ မှာ တရားလွှတ်တော်ချုပ် ဖျက်သိမ်းရာကနေ တစတစ လွတ်လပ်မှု ကင်းမဲ့လာခဲ့ပြီး စစ်အစိုးရရဲ့ နိုင်ငံရေးဖိနှိပ်ရာမှာ သုံးတဲ့ ထောင်ချစက်ရုပ်လို ဖြစ်သွားခဲ့ပါတယ်။ ဒါကြောင့် ၂ဝ၁၂ နိုင်ငံရေး ရာသီဥတုအပြောင်းအလဲမှာ အုပ်ချုပ်ရေး၊ တရားရေး မဏ္ဍိုင်ကို ပြုပြင်ဖို့ ကြိုးစားခဲ့ကြပေမယ့် စစ်ပုံစံထဲ နစ်ဝင်နေပြီး စစ်အရာရှိတွေ ကြီးစိုးနေတဲ့အတွက် ပြင်ရခက်တဲ့ ကားအိုကြီးလို ဖြစ်နေခဲ့ပါတယ်။
မနုဿီဟ တော်လှန်ရေး
၁၉၆၂ -၁၉၇၄၊ ၁၉၇၄ - ၁၉၈၈၊ ၁၉၈၈- ၂ဝ၁၁၊ ၂ဝ၁၁ -၂ဝ၁၆ ကာလတွေမှာ စစ်ခေါင်းဆောင်အသီးသီးရဲ့ အစိုးရပုံစံအမျိုးမျိုး ပေါ်ပေါက်ခဲ့ပေမယ့် စစ်တပ်ကို အခြေပြုတဲ့ စစ်အစိုးရပုံစံခွက်က မလွတ်နိုင် ဖြစ်ခဲ့ပါတယ်။ ၂ဝ၁၆ နဲ့ ၂ဝ၂၁ ကြားက ဒေါ်အောင်ဆန်းစုကြည် အစိုးရမှာလည်း စစ်ခေါင်းဆောင်တွေနဲ့ ပူးတွဲအုပ်ချုပ်ခဲ့ရတဲ့အတွက် အမြင်မတူမှုတွေနဲ့ အာဏာ ခွဲဝေဖို့ ခက်ခဲတာတွေ အများအပြား ရှိခဲ့ပါတယ်။
ဒီ စစ်ဘက်နဲ့ အရပ်ဘက် လွန်ဆွဲပွဲဟာ ၂ဝ၂၁ အာဏာသိမ်းပွဲနောက်ပိုင်း ပိုပွင့်ထွက်လာပြီး လက်နက်ကိုင် ပြိုင်ဆိုင်မှုထိ ရောက်ရှိသွားပါတယ်။ အရပ်ဘက်အင်အားစု အများအပြားက တပ်ကို နိုင်ငံရေးနယ်ထဲက လုံးဝ ဖယ်ရှား ပစ်ချင်ကြပေမယ့် လက်တွေ့မှာ အင်အားကြီးပြီး နိုင်ငံရေးကျင်လည်မှု သမ္ဘာရင့်နေတဲ့ တပ်ကို အနိုင်ယူဖို့က မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။ ဒီစစ်ပြိုင်ဆိုင်မှုတွေကနေ ဒီမိုကရေစီပြောင်းလဲရေးဘက်ကို ခေါင်းတည်မလား၊ စစ်ပွဲသံသရာဝဲထဲ ပြန်ဆင်းသွားမလား ဆိုတာကလည်း ပြောရစောလွန်းနေပါတယ်။