ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
တပ်မတော်ကို ဆိုရှယ်လစ်နည်းနဲ့ ဘိသိက်သွန်းပေးခဲ့သူများ
- ရေးသားသူ, ဘိုဘို
- ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း
၁၉၆၂ က စပြီး မြန်မာနိုင်ငံမှာ စစ်ဗိုလ်ချုပ်တွေ အုပ်ချုပ်တဲ့ အစိုးရတွေ ကြီးစိုးခဲ့တာဟာ ဒေါ်အောင်ဆန်းစုကြည် အစိုးရလက်ထက်ထိ အကျုံး၀င်ခဲ့ပြီး အခုလည်း အာဏာသိမ်းအစိုးရအောက်မှာ ဘယ်လောက်ကြာမယ်မှန်း မသိ ဖြစ်နေပါတယ်။ ၁၉၆၂ အာဏာသိမ်းမှုမှာ ဗိုလ်ချုပ်ကြီး နေဝင်းနဲ့ စစ်ဗိုလ်တစု ကြံစည်လုပ်ဆောင်တယ်ဆိုပြီး အစဉ်အဆက် ပြောစမှတ်ရှိပေမယ့် ဒီသိမ်းပွဲမှာ စစ်ဗိုလ်နဲ့ အရပ်သားတွေရဲ့ ပူးပေါင်းပါဝင်မှုတွေ ရှိခဲ့ပါတယ်။
ပြည်တော်သာနဲ့ လိုင်စင်သူဌေးများ
မြန်မာနိုင်ငံဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း လက်ဝဲနဲ့ စစ်နိုင်ငံရေးလွှမ်းမိုးမှု များလာခဲ့တဲ့အတွက် လွတ်လပ်ရေးခေတ်မှာ ဆိုရှယ်လစ်နိုင်ငံထူထောင်မယ် ဆိုတဲ့ အသံတွေ မြည်လာခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဆိုရန်တိုဗီလာညီလာခံဟာ ပြန်လည်ထူထောင်ရေးအတွက် အစပျိုးမှု ဖြစ်ပြီး လွတ်လပ်ပြီး ခေတ်မှာတော့ ပြည်တော်သာစီမံကိန်း ပေါ်ထွက်လာခဲ့ပါတယ်။ လူတကိုယ် အိမ်တလုံး ကားတစီး လခရှစ်ရာ ဆိုတဲ့ ပြည်တော်သာကြွေးကြော်သံဟာ လူလတ်တန်းစား ပေါ်ထွန်းရေးနဲ့ နိုင်ငံခေတ်မီရေးအတွက် ဦးတည်ခဲ့ပေမယ့်လည်း ပြည်တွင်းစစ်ဒဏ်ကြောင့် သေချာ မဖော်ဆောင်နိုင်ခဲ့ပါဘူး။
နောက် ပါလီမန်ဒီမိုကရေစီခေတ်မှာ အကျင့်ပျက်ခြစားမှုနဲ့ လိုင်စင်ခံစီးပွားရေးစနစ်မှာ အာဏာရအဝန်းအဝိုင်းက လူတွေ ကောင်းစားမှုတွေကြောင့်လည်း ဖဆပလအစိုးရရဲ့ ဆိုရှယ်လစ်စီမံကိန်းတွေကို လက်ဝဲပိုဆန်တဲ့ ပမညတနဲ့ တခြားကွန်မြူနစ်အနွယ်တွေက မေးငေါ့ခဲ့ကြပါတယ်။ ဒဂုန်တာရာရဲ့ ဆယ်နွေ ဆယ်မိုး ဝတ္ထုတိုနဲ့ ကြာပန်းရေစင် ဝတ္ထုရှည်တွေမှာ ဒီလိုင်စင်ရလူတန်းစားနဲ့ သာမန်ပျံကျအလုပ်သမားတွေ၊ ကျေးလက်က စစ်ဒဏ်ခံပြည်သူတွေ ကြား ကွာခြားမှုကို လှစ်ပြခဲ့ပါတယ်။
ဒီလိုအခြေအနေ နောက်ခံမှာ ၁၉၅၆ ရွေးကောက်ပွဲရောက်တော့ ပမညတတွေ မဲပိုရလာတဲ့အတွက် အာဏာရ ဖဆပလအဖွဲ့ချုပ်ကို အုပ်စီးထားတဲ့ ဆိုရှယ်လစ်ပါတီထဲမှာ ရိုက်ခတ်လာပါတယ်။ ဆိုရှယ်လစ်တပ်မှူးတွေ ကြီးစိုးတဲ့ တပ်မတော်မှာလည်း နိုင်ငံအတွက် အမျိုးသားရေးဝါဒ ရှိမှသင့်မယ် ဆိုပြီး နှီးနှောကြံဆတာတွေ ရှိလာပါတယ်။ နောက် ဒီဝါဒဟာ ထိုင်းနဲ့ အင်ဒိုနီးရှား စတဲ့ အိမ်နီးချင်း တပ်မတော်တွေနဲ့မတူတဲ့ လက်ဝဲဝါဒ ဖြစ်ပါတယ်။ ဒီဝါဒကို ဖော်ထုတ်သူတွေ ကတော့ တပ်မတော် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံးက စာရေးဆရာတွေနဲ့ တပ်မှူးကြီးတွေ ဖြစ်ကြပါတယ်။
နာမရူပအစ ပြည်သူ့စာပေတိုက်က
နာမရူပဝါဒကနေ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဖြစ်လာတဲ့ ဒီဝါဒသဘောတရားကို ပင်တိုင်ရေးဆွဲသူအဖြစ် ကိုကိုမောင်ခေါ် မောင်ချစ်လှိုင်ကို သိကြပါတယ်။ တကယ်က နာမရူပဟာ စင်ပြိုင်ကွန်မြူနစ်ပါတီ မဖွဲ့လိုက်ရတဲ့ သခင်ကျော်စိန်ရဲ့ ပြည်သူ့စာပေတိုက် လှုပ်ရှားမှုမှာ မြစ်ဖျားခံနေပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းရဲ့ တရုတ်ကွန်မြူနစ်ဆီ စစ်ကူတောင်းတဲ့ခရီးမှာ မလိုက်ဖြစ်ခဲ့တဲ့ သခင်ကျော်စိန်ဟာ သခင်စိုး၊ သခင်ဗဟိန်းတို့နဲ့အပြိုင် ကွန်မြူနစ် ပါတီဖွဲ့ဖို့ ဒုတိယကမ္ဘာစစ်မဖြစ်ခင်က ကြံစည်ခဲ့သူ ဖြစ်ပြီး စစ်အတွင်းမှာ ဂျပန်ဆန့်ကျင်ရေးတွေ ခပ်ရမ်းရမ်းလုပ်လာလို့ ကွန်မြူနစ်တွေ လုပ်ကြံခံရပေမယ့် အသက်မသေ လွတ်မြောက်ခဲ့တယ်လို့ ရဲနီကျော်ဝင်းက မြန်မာ့နိုင်ငံရေးသမိုင်းထဲမှ အလံနီ စာအုပ်မှာ ရေးပါတယ်။ တက္ကသိုလ်ကျောင်းသားဘဝထဲက စာဖတ်များသူ ဖြစ်တဲ့ သခင်ကျော်စိန်ဟာ လွတ်လပ်ပြီးခေတ် ကွန်မြူနစ် တွေ တောခိုချိန် ရန်ကုန်မြို့ပေါ်မှာ စာအုပ်တိုက်ထောင်ပြီး သဘောတရားရေး လေ့လာမှုတွေ လုပ်ခဲ့ ပါတယ်။
ဒီဆွေးနွေးပွဲတွေကို ဦးဗဆွေ၊ ဒဂုန်တာရာ၊ ဗိုလ်မှူးချုပ်အောင်ကြီး စတဲ့ ရန်ကုန်မှာ ရှိတဲ့ နိုင်ငံရေးနဲ့ စာပေလောကက လက်ဝဲသန်သူတွေ တက်ကြတယ်လို့ ပြည်သူ့စာပေကော်မတီ လက်ဝဲညီညွတ်ရေးအတွက် လမ်းခင်းပေးခဲ့ ဆောင်းပါးမှာ ကိုသန်း (ကြည်မြင့်တိုင်)က ရေးပါတယ်။ အာဏာရ ဆိုရှယ်လစ်ပါတီမှာ မာ့က်စ်ဝါဒ သန်သူ ဦးကိုကိုကြီးကို ဥက္ကဋ္ဌနေရာက ဖယ်ရှားပြီးနောက် ဆိုရှယ်ဒီမိုကရက်အုပ်စုက ဦးကျော်ငြိမ်း၊ ဗိုလ်ခင်မောင်ကလေးတို့ သြဇာတက်လာပါတယ်။ ဒါပေမဲ့ ဦးဗဆွေနဲ့ တခြားလက်ဝဲ ပိုကျသူတွေလည်း ပါတီမှာ ရှိနေသေးတဲ့အတွက် တောခိုသွားတဲ့ ကွန်မြူနစ်တွေနဲ့ အင်အားပြိုင်ရာမှာ လက်ဝဲဝါဒ သေချာလေ့လာဖို့ လိုတယ်လို့ ယူဆကြတဲ့အတွက် ဒီလို စာအုပ်တိုက် ဖွဲ့ပြီး လေ့လာကြတာ ဖြစ်ပါတယ်။
ပါရီ၊ မြဝတီနဲ့ တပ်မတော်ဝါဒ
ဝန်ကြီးချုပ်ဖြစ်သူ သခင်နုကိုယ်တိုင် မာ့က်စ်ဆီဇင်းမ်လို လက်ဝဲစာအုပ်တွေ ပြုစုနေချိန်ဖြစ်လို့ ဥရောပကို လက်ဝဲဝါဒပညာသင် စေလွှတ်ဖို့ ဆိုရှယ်လစ် ပါတီက စဉ်းစားပါတယ်။ ဝန်ကြီးသခင်သာခင်ရဲ့ ယောက်ဖ အလံနီ ကွန်မြူနစ်ဟောင်း ကိုကိုမောင်ခေါ် မောင်ချစ်လှိုင်ကို ဆိုဗီယက်လွှတ်ဖို့ စီစဉ်ပြီးမှ ရုရှားဘက်က လက်မခံလို့ ပါရီရောက်သွားခဲ့ပါတယ်။ အစက ဦးဗဆွေအစီအစဉ်နဲ့ လွှတ်တာဖြစ်ပေမယ့် နောက်ပိုင်းမှာ ဗိုလ်ချုပ်ကြီး နေဝင်းထောက်ပံ့မှုနဲ့ မြန်မာ့တပ်မတော်ရဲ့ ပညာသင် ဖြစ်လာပါတယ်။
ကမ္ဘောဒီးယားမှာ ခမာနီလမ်းစဉ်ကို ထူထောင်ခဲ့တဲ့ ပိုပေါ့၊ ဒေါက်တာခယူဆမ်ဖန်တို့နဲ့ ခေတ်ပြိုင် ပါရီက ဆော်ဘွန်းတက္ကသိုလ်မှာ နိုင်ငံရေးစာပေ လေ့လာခဲ့တဲ့ ကိုကိုမောင် မြန်မာပြည်ပြန်လာချိန်မှာ ပါရီမှာ သောင်တင်ခဲ့စဉ်က၊ မဟာအချစ်ခရီးသည်၊ အာကာကိုလွှာပုံပြု၍ စတဲ့ မြဝတီမဂ္ဂဇင်းက ဆောင်းပါး ရှည်တွေနဲ့ ကျော်ကြားလာပါတယ်။ တခြားဘက်မှာတော့ ကိုကိုမောင်နဲ့ တခြားမြဝတီကလောင်ရှင်တွေဟာ နာမည်မျိုးစုံနဲ့ ဆိုရှယ်လစ် ဝါဒဖြန့် စာပေတွေ ရေးခဲ့ကြသလို ကွန်မြူနစ်ဆန့်ကျင်ရေးနဲ့ အနောက်အရင်းရှင်ဝါဒတိုက်ဖျက်ရေး ဆောင်းပါးတွေ ရေးကြပါတယ်။
၁၉၅၈ အိမ်စောင့်အစိုးရတက်တဲ့ခေတ်မှာပဲ ဆိုရှယ်လစ်အခြေခံ တပ်မတော်ဝါဒ ပေါ်လာသလို မြဝတီမှာ သန္ဓေတည်ခဲ့တဲ့ နာမရူပဝါဒဟာလည်း ၁၉၆၂ မှာတော့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ဖြစ်လာပါတယ်။ တပ်မတော်က ဆိုရှယ်လစ်ရေးအတွက် အားစိုက်နေသလို တခြားဘက်ကလည်း ဘီအီးဒီစီလို တပ်ပိုင် စီးပွားရေးလုပ်ငန်းတွေကို ထူထောင်ပြီး တပ်ကို ထူထောင်ခဲ့ပါတယ်။ ဗိုလ်မှူးချုပ်မောင်မောင် စီမံမှုနဲ့ စစ်တက္ကသိုလ်၊ စစ်ရုံးနဲ့ စစ်တိုင်းတွေကို ပုံစံတကျ ဖွဲ့စည်း လည်ပတ်စေလို့ ခေတ်မီတပ်ကြီး ဖြစ်လာပါတယ်။ ဒီအတွက် စစ်ရန်ပုံငွေတိုးချဲ့ရေးကိုလည်း ဆိုရှယ်လစ်ပါတီနဲ့ ဖဆပလခေါင်းဆောင် တွေက သဘောတူခဲ့ကြပါတယ်။ အမေရိကန်နဲ့ ဗြိတိန် စတဲ့ အနောက်နိုင်ငံတွေကလည်း မြန်မာပြည် ကွန်မြူနစ်အုပ်စုထဲ မရောက်ဖို့ တပ်မတော် အရာရှိတွေ လေ့ကျင့်ရေးနဲ့ တခြားအခွင့်အရေးတွေ ပေးခဲ့ကြပါတယ်။
ဆိုရှယ်လစ်ကျူရှင်ပေးတဲ့ ဝန်ကြီးဟောင်း
၁၉၅၈ ဖဆပလအကွဲမှာ အိမ်စောင့်အစိုးရဖွဲ့ပြီး နိုင်ငံအုပ်ချုပ်ရေးသင်တန်းဆင်းခဲ့ကြတဲ့ တပ်မတော် ခေါင်းဆောင်တွေဟာ ၁၉၆ဝ မှာ ဦးနု ပြန်တက် လာပြီးနောက် အာဏာပြန်လည်ရယူရေးအတွက် စိုင်းပြင်းလာကြ ပါတယ်။ ပျော့ညံ့ပြီး နိုင်ငံကို မထိန်းနိုင်သူ၊ ဗေဒင်နဲ့ နတ်ကိုးကွယ်သူ၊ ဘာသာရေး ဗန်းပြပြီး နိုင်ငံရေးလုပ်သူလို့လည်း ဦးနုကို တပ်က ရှုမြင်ပါတယ်။ ဒီလိုယူဆချက်ကိုလည်း တော်လှန်ရေး၏အရင်းအမြစ်များ ဆိုပြီး ဗိုလ်မှူးကြီးဟောင်း ဘသန်း (ဓမ္မိက) ၁၉၆၂ မှာ အင်္ဂလိပ်လို ရေးတဲ့ စာအုပ်မှာ စောင်းပါးရိပ်ခြည် ဖော်ပြခဲ့ပါတယ်။ ဒီအချိန်မှာပဲ ရန်ကုန်တက္ကသိုလ် လူမှုရေး သိပ္ပံဌာန စာကြည့်တိုက်က ဘောဂဗေဒစာအုပ်တွေကို တပ်က အမျိုးသမီးဗိုလ်ကြီးတယောက်ကို လွှတ်ပြီး ဗိုလ်မှူးချုပ်တင်ဖေက ငှားခိုင်းတယ်လို့လည်း သံအမတ်ဟောင်း ဦးသက်ထွန်းက ရေးပါတယ်။
တကယ်တော့ ဒီစာအုပ်တွေဟာ ဗိုလ်ချုပ်တင်ဖေ ဖတ်ဖို့ထက် သူ့ဆရာ ဦးကိုကိုကြီး ဖတ်ဖို့ ဖြစ်ပါတယ်။ ဗိုလ်တင်ဖေ၊ ဗိုလ်ဘသန်းတို့နဲ့ ကမ္ဘာစစ်မဖြစ်ခင် ကတည်းက ဘုံဘေဘားမားကုမ္ပဏီမှာ အတူတူ အလုပ်လုပ်ခဲ့တဲ့ ဦးကိုကိုကြီးဟာ လွတ်လပ်ရေးရစမှာပဲ ဆိုရှယ်လစ်ပါတီတွင်း အာဏာလုပွဲမှာ ဘေးလွင့် ပြီး ဝရမ်းပြေးဖြစ်ခဲ့ရပါတယ်။ ကုန်သွယ်ရေးဝန်ကြီးဘဝမှာ သိန်းလေးဆယ် လာဘ်စားတယ်ဆိုပြီး စွပ်စွဲခံရပြီးနောက် ဆယ်နှစ်လောက် လူမြင်ကွင်းက ပျောက်သွားကာ ၁၉၅၇ မှာ အဖမ်းခံရပြီး ထောင်ကျခဲ့ပါတယ်။ ထောင်ထဲမှာ ရှိနေစဉ်ကတည်းက ဗိုလ်ချုပ်ကြီးနေဝင်း ခွင့်ပြုချက်နဲ့ ဗိုလ်ချုပ်တင်ဖေက ဦးကိုကိုကြီးနဲ့ ပြန်ဆက်သွယ်ခဲ့တယ်လို့ ဦးကိုကိုကြီးရဲ့မြေး ဒေါက်တာကျော်ဇောဝင်းက ဦးကိုကိုကြီး၏ အတ္ထုပ္ပတ္တိမှာ ရေးပါတယ်။ ထောင်က လွတ်ပြီး နောက် ဆိုရှယ်လစ် သဘောတရားတွေကို ဗိုလ်ချုပ်တင်ဖေ ဦးကိုကိုကြီးဆီက ဆည်းပူးခဲ့သလို ၁၉၆၂ အာဏာသိမ်းပြီးနောက်ပိုင်း လက်ဝဲစွန်း ကျတဲ့ စီးပွားရေးမူ တွေကို ချမှတ်ခဲ့သူ အဖြစ်လည်း ဗိုလ်ချုပ်တင်ဖေ ထင်ရှားလာခဲ့ပါတယ်။
ဦးကိုကိုကြီးဟာ နောက်ပိုင်းမှာ ဗိုလ်ချုပ်တင်ဖေသာမက ဗိုလ်မှူးကြီးကျော်စိုး၊ ဗိုလ်မှူးကြီးသန်းစိန် စတဲ့ ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ လက်စွဲ တပ်မှူးကြီး တွေကို ဆိုရှယ်လစ်သင်တန်းပေးခဲ့ရပါတယ်။ ဒီတပ်မှူးတွေ ရာထူး အဆင့်ဆင့်နဲ့ နိုင်ငံကို အုပ်ချုပ်သွားပေမယ့် ဦးကိုကိုကြီးကတော့ ရာထူးရာခံ တခုမှ မရဘဲ ဗိုလ်ချုပ်နေဝင်းနဲ့ လမ်းခွဲခဲ့ပါတယ်။ ဗိုလ်နေဝင်းရဲ့ တလွဲတချော် ဆိုရှယ်လစ်အမှားတွေကို ဦးကိုကိုကြီး စိတ်ဆိုးပြီး ဆိုဗီယက် သံရုံး ဧည့်ခံပွဲမှာ ဆဲဆိုပြောဆိုတာတွေ ဖြစ်ခဲ့တာပါ။ ၁၉၆၉ မှာ ဗိုလ်မှူးချုပ်တင်ဖေ ရာထူးပြုတ်သွားပေမယ့် ဗိုလ်ချုပ်ကြီးနေဝင်းကတော့ ဆိုရှယ်လစ်ရထားကြီးကို ဆက်ခုတ်မောင်းခဲ့ပါတယ်။
နေရာမရတဲ့ မီဒီယာတွန်းအား
ဒီရထားကြီး စထွက်ချိန်မှာ အားပေးခဲ့သူတွေထဲမှာ ဝါရင့် ကွန်မြူနစ်တွေလည်း ပါပါတယ်။ ဒီထဲက အထင်ရှားဆုံးကတော့ ဗိုလ်ချုပ်အောင်ဆန်း၊ သခင် နုတို့နဲ့ ခေတ်ပြိုင် ဦးသိန်းဖေမြင့် ဖြစ်ပါတယ်။ ၁၉၄၆ မှာ ဗြိတိသျှ အင်ပါယာရဲ့ ပထမဆုံး ကွန်မြူနစ်ဝန်ကြီး ဖြစ်ခဲ့တဲ့ ဦးသိန်းဖေမြင့်ဟာ ၁၉၄၈ ဗကပ တောခိုရာမှာ ပါမသွားဘဲ တကိုယ်တော်ကွန်မြူနစ်လုပ်ခဲ့သလို ဆိုရှယ်နီနဲ့ တခြား လက်ဝဲအဖွဲ့တွေ ပူးပေါင်းတည်ထောင်တဲ့ ပမညတ အဖွဲ့မှာလည်း သဘာပတိအဖွဲ့ဝင် ဖြစ်ခဲ့ပါတယ်။ သခင်သန်းထွန်းနဲ့ သခင်စိုး ကွန်မြူနစ်နှစ်ပါတီ တောခိုမှုကို မထောက်ခံတဲ့ ဦးသိန်းဖေမြင့်ဟာ ဦးနု၊ ဦးဗဆွေ၊ ဦးကျော်ငြိမ်းရဲ့ ဖဆပလနိုင်ငံရေးကိုလည်း မထောက်ခံ ခဲ့ပါဘူး။ ၁၉၅၈ စစ်တပ်က အာဏာသိမ်းချိန်မှာတော့ ပမညတခေါင်းဆောင်အများစု အဖမ်းခံ ရပေမယ့် သူနဲ့ ဦးဘညိမ်ကတော့ လွတ်နေပြီး ကိုကိုးကျွန်းရောက်မှာစိုးလို့ လူထုစည်းရုံးရေးတွေ ပစ်ထားတယ်လို့ ဗိုလ်ချုပ်အစ်ကို ဦးအောင်သန်းက ၁၆ နှစ် နိုင်ငံရေး အတွေ့အကြုံများ စာအုပ်မှာ ဝေဖန်ပါတယ်။ နောက် ၁၉၆ဝ ရွေးကောက်ပွဲမှာ ဦးနုအစိုးရတက်လာပြီးနောက်လည်း ပါလီမန်ဒီမိုကရေစီ ထိန်းသိမ်းရေး ဆိုပြီး ဦးသိန်းဖေမြင့်တို့ ဦးနုနဲ့ တတွဲတွဲလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
၁၉၆၂ အာဏာသိမ်းချိန်မှာတော့ သူပိုင် ဗိုလ်တထောင်သတင်းစာတိုက်ကို အာဏာသိမ်း တော်လှန်ရေး ကောင်စီ အတွင်းရေးမှူး ဗိုလ်မှူးကြီး စောမြင့်က ဖုန်းဆက်ပြီး ဆိုရှယ်လစ်ရေးအတွက် ကူညီဖို့ ဗိုလ်ချုပ်ကြီးနေဝင်းက တောင်းဆိုခိုင်းတယ်လို့ ပြောကြောင်း ဗိုလ်တထောင် အယ်ဒီတာဟောင်း တက္ကသိုလ် မြတ်သူက စာပေစာနယ်ဇင်းဘဝ ကြုံရ သမျှ စာအုပ်မှာ ရေးပါတယ်။ အဲဒီ အချိန်က စပြီး ဦးသိန်းဖေမြင့်ရဲ့ ကလောင်ဟာ စစ်ဆိုရှယ်လစ်နိုင်ငံရေး စင်မြင့်မှာ ရှေ့ဆုံးက ပွဲထွက်လာသလို သူ့အရေးအသားနဲ့ သြဇာကြောင့်လည်း ဗိုလ်ချုပ်ကြီးနေဝင်း အစိုးရဟာ အနှစ် ၂ဝ ကျော် အသက်ဆက်သွားခဲ့တယ် လို့ ဟံသာဝတီ ဦးဝင်းတင်က ခေတ်ဝန်ကိုထမ်း၍ ခေတ်လမ်းကို လျှောက်ခြင်းမှာ မှတ်ချက်ချခဲ့ပါတယ်။
ဒီလို အားတက်သရောထောက်ခံပေမယ့် စစ်ကောင်စီမှာ နေရာပေး မြှောက်စားတာတော့ မခံခဲ့ရပါဘူး။ တော်လှန်ရေးအစိုးရရဲ့ အကြံပေးအဖွဲ့ ဥက္ကဋ္ဌ နေရာမှာ အရွေးခံတော့လည်း သူ့လို နာမည်မရှိတဲ့ မန္တလေးက စာရေးဆရာ ဦးကြည်မြကိုရှုံးပြီး ဒုတိယဥက္ကဋ္ဌပဲ ရခဲ့ပါတယ်။ တခါ လမ်းစဉ်ပါတီရဲ့ ရွေးချယ် တင်မြှောက်ပွဲတွေမှာ ဦးသိန်းဖေမြင့် နေရာမရအောင် အုပ်စုဖွဲ့ကြံစည်တာတွေ ရှိသလို သမ္မတဝတ်လဲတော်စရိတ်ကြီးတာကို ဝေဖန်တဲ့ဆောင်းပါးကြောင့်လည်း နိုင်ငံပိုင် သတင်းစာတွေမှာ ရေးခွင့်အပိတ်ခံခဲ့ရပါတယ်။
ပြည်သူပိုင်နဲ့ သူခိုးတွေ
ဗိုလ်ချုပ်ခေတ်မှာ ဦးသိန်းဖေမြင့် နေရာသေချာမရခဲ့ပေမယ့် နောက်မုံရွာသား ပမညတခေါင်းဆောင် ဦးဘညိမ်ကတော့ ရခဲ့ပါတယ်။ သြစတြေးလျမှာ ဘီစီအက်စ်ဝမ်းတက်လာတဲ့ ဦးဘညိမ်ကို တော်လှန်ရေး ကောင်စီဝင်နဲ့ ဝန်ကြီးရာထူးတွေအထိ ပေးခဲ့တာ ဖြစ်ပါတယ်။ လက်ဝဲဝါဒသဘောကျတဲ့ ဦးဘညိမ်ဟာ ဦးနုအစိုးရမှာ အတွင်းဝန်ဖြစ်ပြီးမှ ရာထူးကထွက်ပြီး ပမညတထဲ ဝင်ခဲ့သူပါ။ အတိုက်အခံဘဝ စည်းရုံးရေးဆင်းရင်း စစ်သားက စတင်းဂန်းသေနတ်နဲ့ ပစ်တာ ခံခဲ့ရတဲ့ ဦးဘညိမ်ဟာ ရွှေတောင်ကြားအိမ်ထိ စစ်တပ်က လုပ်ကြံဖို့ လူလွှတ် စေခိုင်းတာလည်း ကြုံခဲ့ရတယ်လို့ ဆိုပါ တယ်။ ဒါပေမဲ့ ၁၉၆၂ တော်လှန်ရေးကောင်စီတက်ပြီးနောက် ထောက်ခံတဲ့ လက်ဝဲသမားတွေအထဲ သူပါလာခဲ့ပါတယ်။
သခင်တင်မြ၊ ဒေါ်စောမြ၊ ဗိုလ်ရဲထွဋ် ၊ ဗိုလ်လှမြိုင်စတဲ့ တောပြန်ကွန်မြူနစ်ပေါင်းစုံ ထောက်ခံမှုတွေအထဲ ဦးဘညိမ်ရဲ့ ထောက်ခံမှုကြောင့် မြန်မာ့ စီးပွားရေးကို အကြီးအကျယ် ရိုက်ခတ်ခဲ့ပါတယ်။ တော်လှန်ရေးအစိုးရရဲ့ စီးပွားရေးအကြံပေးအဖွဲ့မှာ ဦးဘညိမ်နဲ့ တူဖြစ်သူ အောက်စဖို့ဒ်ပြန် ဦးချစ်မောင်တို့ရဲ့ ဝဲစွန်းမူတွေကို ဦးသက်ထွန်းနဲ့ တခြားစီးပွားရေးပညာရှင်တွေက ဆန့်ကျင်ခဲ့ကြပေမယ့် ဗိုလ်မှူးချုပ်တင်ဖေရဲ့ ထောက်ခံမှုကြောင့် ဦးဘညိမ်ပဲ အရေးသာခဲ့တာပါ။ ပြည်သူပိုင်သိမ်းရေးအပါအဝင် တခြားလက်ဝဲစွန်းမူတွေကြောင့် နိုင်ငံစီးပွားရေး ထိုးကျသွားပြီး ဆယ်စုနှစ်တွေနဲ့ချီ နလံမထူ ဖြစ်ခဲ့ပါတယ်။ ဒီလိုအလွန်အကျွံဖြစ်နေတာတွေ ရပ်ဖို့ ဗြိတိသျှ ဝန်ကြီးချုပ် ဟားရိုးဝီလ်ဆင်နဲ့ ရွှေတိုက်စိုးဝန်ကြီး၊ ယူဂိုဆလားဗီးယားသမ္မတ တီးတိုးတို့ ဗိုလ်ချုပ်ကြီးနေဝင်းဆီ စာရေးကြပေမယ့် မအောင်မြင်ခဲ့ဘူးလို့လည်း ကြည်ဝင်းစိန်က တော်လှန်ရေးကောင်စီ ဗိုလ်ချုပ်ကြီးများနဲ့ ကျွန်တော် စာအုပ်မှာ ရေးပါ တယ်။
တဘက်မှာတော့ ဦးဘညိမ်ကိုယ်တိုင် သူ့စီးပွားရေးမူတွေကို တလွဲအကောင်အထည်ဖော်နေတဲ့ စစ်ဗိုလ်တွေနဲ့ အဆင်မပြေဖြစ်လာပြီး လေဆိပ်မှာ စိုက်ပျိုးရေးဝန်ကြီး ဗိုလ်မှူးကြီးသောင်းကြည် နဲ့ ထိုးလားကြိတ်လား ဖြစ်မတတ် ငြင်းခုန်တာတွေ ဖြစ်ခဲ့တယ်လို့ တက္ကသိုလ်စိန်တင်က ဖလားဝါး ဂျာနယ်ပါ မင်္ဂလာဒုံလေဆိပ်မှ သန်းခေါင်ယံ နိုင်ငံရေး လက်သီးထိုးပွဲ ဆောင်းပါးမှာ ရေးပါတယ်။ နောက်ဆုံး သမဝါယမညီလာခံမှာ သဘာပတိ မိန့်ခွန်းပြောရာကနေ ဦးဘညိမ်က ပရိသတ်ကို လက်ညှိုးထိုးပြီး သူခိုးတွေ၊ ခင်ဗျားတို့အားလုံး သူခိုးတွေ ဆိုပြီး ကြိမ်းဝါးတဲ့အထိ ဖြစ်တယ်လို့ လမ်းစဉ်ပါတီ လူငယ်ရေးရာမှာ တာဝန်ယူခဲ့တဲ့ ဦးမင်းထွေးက ပြောပြခဲ့ပါတယ်။ ၁၉၇၄ ဆိုရှယ်လစ်နိုင်ငံ ပေါ်ထွန်းလာချိန်မှာတော့ လုပ်ငန်းစိစစ်ရေး အဖွဲ့ဝင်ဘဝ ဦးဘညိမ် ရောက်သွားသလို သူ့တူဦးချစ်မောင်လည်း စီမံဘဏ္ဍာ ဒုဝန်ကြီးဘဝက အနားယူပြီး ရှေ့နေလိုက်တယ်လို့ ဦးသက်ထွန်းက ရေးပါတယ်။ နိုင်ငံစီးပွားရေး ကျနေတာကို ပြန်ဖေးမဖို့ ဂျပန်နဲ့ အနောက်နိုင်ငံတွေက စီးပွားရေး အကူအညီတွေ ကမ်းလှမ်းခဲ့သလို လမ်းစဉ် ပါတီမှာလည်း ဦးစန်းယုတို့ ဆိုဗီယက်ဂိုဏ်း တန်ခိုးမှိန်လာပြီး ဦးလွင်တို့ ဂျပန်အုပ်စု နေရာရလာတယ်လို့ အနောက်တိုင်းက ခေတ်ပြိုင်သုတေသီတွေက ရေးသားကြပါတယ်။
တံခါးမဖွင့်တဲ့ တပ်နဲ့ ဆိုရှယ်လစ်အလွန်
၁၉၇၇ ပါတီညီလာခံမှာ တောပြန် ဗကပဟောင်းအုပ်စု ဖယ်ရှားခံရပြီးနောက် လမ်းစဉ်ပါတီဟာ တပ်ပါတီပုံစံ ပိုရောက်သွားပြီး ဦးနေဝင်းသြဇာ ပိုတက် လာပါတယ်။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ကို အစပျိုးခဲ့တဲ့ ဦးချစ်လှိုင်လည်း ပါတီ သုတေသနအရာရှိချုပ်ကနေ နားပြီး ပါတီမှာ မူဝါဒရေးရာ သြဇာညောင်း သူလည်း မရှိ ဖြစ်လာပါတယ်။ ၁၉၇၈ တရုတ်ပြည်မှာ တံခါးဖွင့် စီးပွားရေးစနစ် စမ်းသပ်လာပေမယ့်လည်း မြန်မာဘက်မှာ မရိုက်ခတ်ခဲ့ဘဲ ၁၉၈၇ မှာ ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံစာရင်းထိ ရောက်ခဲ့ပါတယ်။ ၁၉၈၈ ဆန္ဒပြပွဲတွေ ဖြစ်ပြီးနောက် ပါတီစုံစနစ်သွားမလား၊ တပါတီစနစ် ဆက်ကျင့်သုံး မလား ဦးနေဝင်းက မဲခွဲခိုင်းရာမှာလည်း တပါတီစနစ်ဆက်ကျင့်သုံးဖို့ပဲ ဗဟိုကော်မတီက ဆန္ဒပြုခဲ့ပါတယ်။
အစကတည်းက အရပ်သားနိုင်ငံရေးသမားတွေ ထူထောင်တာမဟုတ်ဘဲ တပ်ခေါင်းဆောင်တွေအမိန်နဲ့ စစ်ဗိုလ်တွေ ကျောရိုးပြု ထူထောင်ထားတဲ့ လမ်းစဉ်ပါတီဟာ အာဖရိကက စစ်ခေါင်းဆောင်တချို့ ထူထောင်တဲ့ ဆိုဗီယက်သြဇာခံ ဆိုရှယ်လစ်နိုင်ငံတွေလိုပဲ စီးပွားရေး ချွတ်ခြုံကျမှုနဲ့ နိုင်ငံရေးဖိနှိပ်မှု တွေကြောင့် လူထုထောက်ခံမှု မရဘဲ ဆန္ဒပြပွဲတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ၁၉၆၂၊ ၁၉၆၅၊ ၁၉၆၇၊ ၁၉၆၉၊ ၁၉၇ဝ၊ ၁၉၇၄၊ ၁၉၇၅၊ ၁၉၇၆ နဲ့ ၁၉၈၇၊ ၁၉၈၈ ဆန္ဒပြပွဲတွေမှာ အစိုးရဘက်က အင်အားသုံး ဖြိုခွဲပေမယ့် ငြိမ်မသွားဘဲ တငွေ့ငွေ့နဲ့ အစပျိုးပြီး နောက်တမီးဆက်လောင်တာပဲ ဖြစ်ခဲ့ပါတယ်။ အထက် အောက် အမိန့်နာခံတဲ့ စနစ်နဲ့သွားတဲ့ တပ်မတော်က ထောင်တဲ့ လမ်းစဉ်ပါတီအုပ်စုဟာ တပ်ကို ထိန်းသလိုမျိုး နိုင်ငံကို ထိန်းဖို့ ကြိုးစားပေမယ့် အစ ကတည်းက ပြည်တွင်းစစ်နဲ့ လက်နက်ကိုင်ထကြွမှုတွေ ကြီးစိုးတဲ့ နိုင်ငံကို ထိန်းချုပ်မရဘဲ စစ်မီးပိုရှည်သွားခဲ့ပါတယ်။
နောက်ဆုံး ၁၉၈၈ မှာ ပါတီစုံစနစ်သွားမလား ၊ တပါတီစနစ် ဆက်ကျင့်သုံးမလား ဦးနေဝင်းက မဲခွဲခိုင်းချိန်ထိ ပြုပြင်ပြောင်းလဲရေး လုပ်လို့မရ ဖြစ်နေတဲ့ လမ်းစဉ်ပါတီဟာ ဆန္ဒပြလူလှိုင်းကြီးရဲ့ အရှိန်နဲ့ ပြိုကွဲပြီး တပ်က အာဏာပြန်ယူတာပဲ ဖြစ်ခဲ့ပါတယ်။ ဦးနေဝင်းနဲ့ ပါတီလူကြီးတွေ နောက်ဆုတ် သွားပေမယ့် တပ်ခေါင်းဆောင်မျိုးဆက်သစ်က နိုင်ငံကို ဆက်ပြီး အနှစ် ၂ဝ ကျော် ထိန်းချုပ်ခဲ့ကြပါတယ်။ ဗိုလ်ချုပ်မှူးကြီး စောမောင်နဲ့ သန်းရွှေဟာ လမ်းစဉ် ပါတီ လူကြီးတွေဖြစ်ပြီး ဗိုလ်ချုပ်သန်းရွှေဟာ ဦးချစ်လှိုင်ရဲ့ စိတ်ဓာတ်စစ်ဆင်ရေး ကျောင်းဆင်း ဖြစ်ပါတယ်။ ဆိုရှယ်လစ်နဲ့ တပ်မတော်နိုင်ငံရေး လုပ်နည်းကို နောကျေလာကြတဲ့ ဒီဗိုလ်ချုပ်ကြီးတွေဟာ အမျိုးသားရေး၊ ဘာသာရေးနဲ့ လူထုကို လွှမ်းမိုးဖို့ ကြံခဲ့သေးတယ်လို့လည်း လမ်းစဉ်ပါတီခေတ်နဲ့ နီးစပ်သူများဆီက သိရပါတယ်။ ၁၉၈၈ အရေးအခင်း ကာလမှာပဲ အခု မဘသပုံစံမျိုး အစွန်းရောက် အမျိုးသားရေးကို ဖော်ဖို့ သာသနာရေးဌာနက လူပြန်တော် စာရေးဆရာတယောက်နဲ့ ဦးနေဝင်း ကြံစည်ခဲ့ကြတယ်လို့လည်း ဆိုပါတယ်။ ဦးချစ်လှိုင်အပြင် စာရေးဆရာ ဘယ်နှယောက်ကို ဦးနေဝင်း အသုံးချခဲ့လဲ၊ ဗိုလ်ချုပ် သန်းရွှေနဲ့ ဆက်ခံသူတွေကရော ဘယ်ပညာရှင်တွေကို လက်ကိုင်ပြုခဲ့ပြုနေသလဲ ဆိုတာကတော့ ဆက်လက်လေ့လာရမယ့် ကိစ္စတွေ ဖြစ်ပါတယ်။
၁၉၆၄ ကနေ ၁၉၆၆ ထိ ပြန်ကြားရေး၊ သမဝါယမနဲ့ အမျိုးသားစီမံကိန်းမှာ အထူးအရာရှိလုပ်သွားတဲ့ မောင်စူးစမ်းခေါ် ဦးချမ်းအေးကတော့ ၂ဝဝ၈ ဖွဲ့စည်းပုံ စည်းဝိုင်းမှာ ဝင်ကစားကြဖို့ နိုင်ငံရေးပါတီတွေကို ဒလစပ် တိုက်တွန်းသွားခဲ့ပြီး ကျော်ဝင်းနဲ့ ဒေါက်တာနေဝင်းမောင် စတဲ့ တခြား စာရေးဆရာ သတင်းသမားတွေလည်း ထောက်ခံခဲ့ကြတာကို ၂ဝ၁ဝ တဝိုက်က တွေ့ခဲ့ရပါတယ်။ ၂ဝ၂၁ မှာ အာဏာသိမ်းပြီးနောက် လုပ်မယ်ဆိုတဲ့ ရွေးကောက်ပွဲနဲ့ စည်းဝိုင်းကို ပြန်ဝင်ရေး ဘယ်သူတွေ နှိုးဆော်ကြမလဲဆိုတာကလည်း စိတ်ဝင်စားစရာ ဖြစ်ပါတယ်။