ဒေါက်တာညီညီ၊ ပညာရေးတရားခံလား၊ သားကောင်လား

    • ရေးသားသူ, ဘိုဘို
    • ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း

အမေရိကန်ပြည် နယူးယော့မြို့ အထက်ဘက်ဆီက စကာဒေးလ်စ် တောင်ပေါ်မြို့ကလေးမှာ မြန်မာပြည်က အငြိမ်းစားပညာရှင်တယောက် နေထိုင်ခဲ့ပါတယ်။ ၂ဝ၂၁ ခုနှစ် ဒီဇင်ဘာလ အသက် ၉၁ နှစ် မပြည့်ခင်မှာ ကွယ်လွန်သွားတဲ့ ဒေါက်တာညီညီဟာ ဇနီးဖြစ်သူမရှိတဲ့နောက် တယောက် တည်း အဲဒီမြို့ကလေးမှာ ဆယ်နှစ်ကျော် နေသွားခဲ့ပါတယ်။

ဒေါက်တာညီညီဟာ ဗိုလ်ချုပ်ကြီးနေဝင်းခေတ်မှာ ရန်ကုန်နဲ့ မန္တလေးတက္ကသိုလ်တွေကို ခွဲစိတ်ပြီး သိပ္ပံ ဦးစားပေး ပညာရေးကို ထူထောင်ခဲ့တယ်ဆိုပြီး လူသိ များသလို မြန်မာပြည် ပညာရေးကို နိမ့်ကျအောင် လုပ်ခဲ့သူ ဆိုပြီး စွပ်စွဲ ဝေဖန်ခံခဲ့ရသူလည်း ဖြစ်ပါတယ်။ သူ ပညာရေးအတွင်းဝန်ဘဝမှာ အကြံပြုခဲ့တဲ့ စာမတတ်သူ ပပျောက်ရေး အသုံးလုံးလှုပ်ရှားမှုကတော့ အစိုးရစရိတ်နဲ့မဟုတ်ဘဲ လုပ်တဲ့ နိုင်ငံအနှံ့ လှုပ်ရှားမှုကြီးအဖြစ် ပေါ်ပေါက် ခဲ့ပါတယ်။

၃၁ နှစ်နဲ့ ပါမောက္ခဖြစ်သူ

ဒေါက်တာညီညီဟာ ပညာထူးချွန်သူဖြစ်လို့ ဒုတိယကမ္ဘာစစ်ပြီးခေတ်မှာ ထူထောင်ခဲ့တဲ့ ဘူမိဗေဒဌာနမှာ ထူးချွန်ကျောင်းသား ဖြစ်ခဲ့ပြီး ဗြိတိန်ကို ၁၉၅၁ မှာ ပါရဂူဘွဲ့ယူဖို့ စေလွှတ်ခံခဲ့ရပါတယ်။ လန်ဒန်တက္ကသိုလ် အင်ပီရီယယ်ကောလိပ်မှာ ပညာသင်ခဲ့တဲ့ ဒေါက်တာညီညီဟာ သမိုင်းပါမောက္ခ ဒေါက်တာ သန်းထွန်းနဲ့ ခေတ်ပြိုင် လန်ဒန်မှာ ပညာသင်ခဲ့သူ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်လုံး ကျောင်းသားဘဝက လက်ဝဲကျောင်းသား လှုပ်ရှားမှုတွေမှာ ခေါင်းဆောင်ခဲ့ကြသူတွေ ဖြစ်လို့ ပညာသင်ဆုကို ဖဆပလအစိုးရက မကြည်ဖြူဘဲ ရခဲ့ကြပါတယ်။ ၁၉၆၂ နောက်ပိုင်း လမ်းစဉ်ပါတီဝင်ဖို့ စည်းရုံးလို့ မရခဲ့တဲ့ ဒေါက်တာသန်းထွန်းနဲ့ မတူတာက ဒေါက်တာ ညီညီကို ဗိုလ်ချုပ်ကြီးနေဝင်းက အရေးပေးပြီး လုပ်ပိုင်ခွင့်တွေပြုခဲ့တာ ဖြစ်ပါတယ်။

လန်ဒန်က ပြန်လာပြီးနောက် အသက် ၂၅ နှစ်လောက်ကတည်းက တက္ကသိုလ်ပညာရေး အစည်းအဝေးတွေမှာ ပါမောက္ခကိုယ်စား တက်ခဲ့ရတဲ့ ဒေါက်တာ ညီညီဟာ ၃၁ နှစ်အရွယ်မှာ ဆရာရင်း ဒေါက်တာသာလှ ပါမောက္ခချုပ်ဖြစ်သွားတဲ့အတွက် ဘူမိဗေဒဌာနရဲ့ ပါမောက္ခဖြစ်လာပါတယ်။ အာဏာမသိမ်းခင် တနှစ် ၁၉၆၁ က ထုတ်တဲ့ ရန်ကုန်တက္ကသိုလ်နှစ်လည်မဂ္ဂဇင်းမှာ ဒေါက်တာညီညီရေးတဲ့ ရန်ကုန်တက္ကသိုလ် အနှစ် ၄ဝ ခရီး စာတမ်းမှာတော့ စစ်ပြီးခေတ် တဟုန်ထိုးတိုးပွားလာတဲ့ ကျောင်းသားဦးရေကြောင့် တက္ကသိုလ်တွေ ဝန်ပိပြီး မနိုင်မနင်းဖြစ်ရပုံကို ရေးသားခဲ့ပါတယ်။ ဝန်ကြီးချုပ် ဦးနုလက်ထက် တက္ကသိုလ်ပြုပြင်ပြောင်းလဲရေးအတွက် အဖွဲ့ဖွဲ့ရာမှာလည်း ကော်မတီတခုမှာ သူ အတွင်းရေးမှူးလုပ်ခဲ့ကြောင်း၊ အဲဒီကတည်းက တက္ကသိုလ်မှာ မြန်မာလို သင်ဖို့ ကြိုးစားခဲ့ကြကြောင်း ဒေါက်တာညီညီက ပြောပြခဲ့ပါတယ်။ ၁၉၅၇ က ရန်ကုန်တက္ကသိုလ် ဒုတိယ အဓိပတိ ဒေါက်တာဘိုကြီးရဲ့ တက္ကသိုလ် လိုတောင်းကော်မတီမှာ ဒေါက်တာညီညီပါဝင်ကြောင်း ၂ဝ ရာစု မြန်မာပြည် နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေးထိပ်သီးများ စာတမ်းမှာ သံအမတ်ကြီးဟောင်း ဦးသက်ထွန်းက ရေးပါတယ်။

ဆိုရှယ်လစ်ပညာရေး ဗိသုကာလော

၁၉၆၂ အာဏာသိမ်းပြီးနောက် ကြေညာတဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်မှာ သိပ္ပံဦးစားပေးမည်လို့ ပါရှိပါတယ်။ အသက်မွေးဝမ်းကျောင်းကို အထောက် အကူ မဖြစ်တဲ့ လက်ရှိပညာရေးကို ပြောင်းလဲပြီး စာရိတ္တမြင့်မားမှုကို အခြေခံတဲ့ ပညာရေးစနစ်သစ်ကို တည်ထောင်မယ်ဆိုပြီး ပါရှိပါတယ်။ အာဏာ သိမ်းပြီး ငါးလအကြာမှာ ဖြစ်တဲ့ ဆဲဗင်းဇူလိုင်အရေးအခင်းကြောင့် ကျောင်းသားတွေ အသက်ဆုံးပြီး သမဂ္ဂအဆောက်အအုံ ဖြိုခွဲခံရပြီး နောက် ကျောင်းတွေ လရှည်ပိတ်ပြီးနောက် ၁၉၆၃ မှာ ပြန်ဖွင့်ချိန်မှာတော့ မေဂျာတွေကို အိုင်အယ်လ်အေခေါ် အမှတ်နဲ့ခွဲတဲ့ စနစ် စခဲ့ပါတယ်။

ဒီစနစ်သစ်အရ ဆေး၊ စက်မှုကျောင်းတွေကို အမှတ်အများဆုံးရသူတွေကို ပထမနှစ်ကစပြီး တက်ခွင့်ပြုတာ ဖြစ်ပါတယ်။ တက္ကသိုလ်မှာ ကျောင်းသားတွေ စုပြုံမနေစေဖို့ အသက်မွေးဝမ်းကျောင်းပညာတွေကို အားပေးတဲ့ သဘောနဲ့ ဒီလိုအမှတ်ခွဲတာတွေ စခဲ့ပေမယ့် ဝိဇ္ဇာဘာသာတွေကို အားမပေးတဲ့သဘော ဖြစ်ခဲ့ပြီး သမိုင်း၊ မြန်မာစာ၊ အင်္ဂလိပ်စာ၊ ဒဿနိကဗေဒ စတဲ့ ပညာရပ်တွေ ဆုတ်ယုတ်သွားခဲ့ပါတယ်။ လူ့ဘောင်သစ် ထူထောင်မယ် ဆိုပြီး ဆိုဗီယက်၊ တရုတ် စတဲ့ အရှေ့အုပ်စုနိုင်ငံတွေ ပုံစံ သိပ္ပံနဲ့ အသက်မွေးဝမ်းကျောင်းပညာတွေကို အားပေးတဲ့ ပညာရေးကို မြန်မာပြည်မှာ လိုက်လုပ်တာ ဖြစ်ပါတယ်။ နောက်ပြီး မြန်မာလို သင်တာကို အားပေးမယ် ဆိုပြီး သင်ရိုးညွှန်းတမ်းတွေကို မြန်မာလို ပြန်ဆိုတာနဲ့ တက္ကသိုလ်တွေမှာ အင်္ဂလိပ်လို သင်ကြားတဲ့ အလေ့ကို အားမပေးတာတွေကြောင့် မြန်မာပညာတတ်တွေရဲ့ အင်္ဂလိပ်စာ အဆင့်အတန်းဟာ ဆိုရှယ်လစ်ခေတ်မှာ ထိုးကျ သွားခဲ့တယ်ဆိုပြီး ဝေဖန်ခံ ခဲ့ရပါတယ်။

ဒီအချိန်မှာ ဒေါက်တာညီညီ ပညာရေးဝန်ကြီးဌာနဘက် ကူးပြောင်းလာခဲ့ပါတယ်။ သူ့အစ်ကိုဟာ ဗိုလ်ချုပ်နေဝင်းရဲ့ တပ်ရင်း ၄ က တပ်ကြပ်တယောက် ဖြစ်ခဲ့တဲ့အတွက် ဗိုလ်ချုပ်ကြီးနဲ့ရော ဗိုလ်မှူးချုပ်အောင်ကြီးနဲ့ပါ ခင်မင်သူ ဖြစ်တယ်လို့ ဒေါက်တာညီညီက ပြောပါတယ်။ ဒီလို လူခံရှိတဲ့အပြင် တက္ကသိုလ်မှာ မာ့က်စ်ဝါဒလေ့လာရေးအဖွဲ့နဲ့ တိုးတက်ကျောင်းသားအုပ်စု တွေမှာ ပါဝင်ခဲ့တဲ့ ဒေါက်တာညီညီကို ဆိုရှယ်လစ် ပညာရေးမှာ အသုံးချဖို့ ဗိုလ်နေဝင်း မျက်စိကျခဲ့ပါတယ်။ ပညာရေးနဲ့ ကျန်းမာရေး နှစ်ဌာနကို တာဝန်ခံ အဖြစ် အုပ်ချုပ်နေရတဲ့ ဗိုလ်မှူးကြီးလှဟန်ကလည်း သူ့ကို ပညာရေး ဌာနမှာ လွတ်လွတ်လပ်လပ် လုပ်ပိုင်ခွင့် ပေးကြောင်း ဒေါက်တာညီညီက ပြောပါတယ်။ ဒါကြောင့် အသုံးလုံးလှုပ်ရှားမှုနဲ့အတူ သိပွံအထူးပြုတဲ့ ပညာရေး တွေ၊ ဆိုရှယ်လစ်မူတွေ ရိုက်သွင်းတဲ့ သင်ရိုးတွေ ပေါ်လာခဲ့ပါတယ်။ ဒီလို လှုပ်ရှားမှုတွေ ဖြစ်တာဟာ ဆိုရှယ်လစ်ကမ္ဘာမှာ ဖြစ်ခဲ့တဲ့ လှိုင်းတွေနဲ့ ထပ်တူနီးပါး ကျတာမို့ ဒေါက်တာညီညီက ပညာရေးစနစ်သစ်ကို ထူထောင်တယ် ဆိုတာထက် ဆိုရှယ်လစ်ပညာရေးမှာ ဒေါက်တာညီညီကို အသုံးပြုခဲ့တယ်လို့ ဆိုတာက ပိုနီးစပ်နိုင်ပါတယ်။

ငွေကြေးဆင်းရဲတဲ့အပြင် လူရင်းမြစ်ပါ ချို့တဲ့တဲ့ မြန်မာပြည်မှာတော့ လူတန်းစားအောက်လွှာတွေ အရင်ကထက် ပညာပိုသင်လာနိုင်တာကလွဲပြီး ဆိုဗီယက်နိုင်ငံတွေနဲ့ အဆင့်တူလိုက်နိုင်တဲ့ ပညာရေး မဖြစ်ထွန်းခဲ့ပါဘူး။ တခါ အိန္ဒိယနဲ့တရုတ်နွယ်ဖွားတွေကို အသက်မွေးဝမ်းကျောင်းပညာတွေ သင်ခွင့်မှာ ကန့်သတ်မှုကြောင့် လူမျိုးခွဲခြားမှုတွေ ပိုပြင်းထန်လာပါတယ်။ သိပ္ပံအရေးပေးပေမယ့် စမ်းသပ်စရာ ဓာတ်ခွဲပစ္စည်း မလုံလောက်မှု ကလည်း မြန်မာလို ဖွံ့ဖြိုးမှုနောက်ကျတဲ့နိုင်ငံတခုမှာ မထူးဆန်းတဲ့ ပြဿနာ ဖြစ်ခဲ့ပါတယ်။ နောက်ပြီး ကျောင်းသားတွေရဲ့ တွေးခေါ်မှုပိုင်း လွတ်လပ်ခွင့်မှာလည်း တခြား ကွန်မြူနစ်နိုင်ငံတွေလိုပဲ မြန်မာပြည်မှာ ဆုံးရှုံး ခဲ့ပါတယ်။ အသုံးလုံးပညာရေးကြောင့် စာတတ်သူတွေ များလာပြီး မိုဟာမက်ရီဇာပါလဗီဆုကို ယူနက် စကိုမှာ ဆွတ်ခူးနိုင်ခဲ့ပေမယ့် ဒီလှုပ်ရှားမှုမှာ စာရင်းလိမ်တာ၊ အောက်ခြေလူထုကို ခြိမ်းခြောက်စာသင်ခိုင်းတာတွေ ဖြစ်ခဲ့တယ်ဆိုပြီး လူထု ဒေါ်အမာက ရေးပါတယ်။

မစ္ဆရိယကြောင့် လွင့်ခဲ့သူ

ဒေါက်တာညီညီဟာ ပညာရေးဌာနမှာ ဆယ်နှစ်နီးပါးထမ်းဆောင်ပြီးနောက် ၁၉၇၄ ဆိုရှယ်လစ်နိုင်ငံ ထူထောင်ချိန်မှာ သတ္တုတွင်းဝန်ကြီး ဖြစ်လာပါတယ်။ အဲဒီနှစ် ဇူလိုင်လမှာပဲ တိုင်းမဂ္ဂဇင်းရဲ့ အာရှအနာဂတ် ခေါင်းဆောင် ၇ဝ မျက်နှာဖုံးမှာ မြန်မာပြည်ကိုယ်စားပြုပြီး ပါလာပါတယ်။ ဒီမဂ္ဂဇင်းမြင်လိုက်တဲ့အခါ ငါ့ပုံနဲ့တူသား ဆိုပြီး ကြည့်လိုက်တော့ သူ့ပုံဖြစ်နေတယ်လို့ ဒေါက်တာညီညီက ပြန်ပြောင်းပြောပြပါတယ်။ ဇနီး ဖြစ်သူကိုလည်း အထုပ်ပြင်ချင်ပြင်ထား၊ အခြေအနေမကောင်းဘူး ဆိုပြီး ပြောခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနေ့က ဝန်ကြီးအဖွဲ့အစည်းအဝေးမှာ ဒီမဂ္ဂဇင်းအကြောင်း ဘယ်သူမှ စကားမဟဘဲ ရေသောက်သွားတုန်း ခဏမှာသာ ဝန်ကြီး ဗိုလ်မှူးကြီးဟောင်း ဗန်ကူးက ဆရာ၊ ကွန်ဂရက်ကျူးလေးရှင်း လို့ တီးတိုးပြောသွားပါတယ်။

မကြာခင်မှာပဲ ဒေါက်တာညီညီရဲ့အဘိုးက တရုတ်ပြည်ပေါက်ဆိုပြီး ပြောဆိုသံတွေ ထွက်လာပါတယ်။ သူတရုတ်သွေးပါမှန်း သမ္မတဦးနေဝင်း အစ ကတည်းက သိပေမယ့် အဲဒီအကြောင်း တခွန်းမှ မဟဘဲ မင်းလည်း တောက်လျှောက်လုပ်နေတာ အပြင်သွားနားပါအုန်း ဆိုပြီး ခေါ်ပြောတယ်လို့ ဆိုပါ တယ်။ ဒီလောက် လုပ်ပေးထားတာကို မစ္ဆရိယစိတ်များတဲ့ဆီ မနေချင်ဘူးဆိုပြီး ဒေါက်တာညီညီ သံအမတ်ရာထူးလက်ခံပြီး သြစတြေးလျ ထွက်ခဲ့ ပါတယ်။ သားသမီး တွေ ကျောင်းကောင်းထားနိုင်အောင် နိုင်ငံခြားထွက်ခဲ့တာလို့လည်း ပြောပါတယ်။ သူနဲ့အတူ တနှစ်တည်း သံအမတ်နဲ့ စေလွှတ် ခံရသူတွေထဲမှာ အောက်စဖို့ဒ်မဟာဘွဲ့ရ စီမံကိန်းနဲ့ ဘဏ္ဍာရေး ဒုဝန်ကြီး ဦးချစ်မောင်လည်းပါပြီး အနောက်ဂျာမနီ လွှတ်ခံရပါတယ်။

ဒီလို အဝေးရောက်ခဲ့ပေမယ့် မြန်မာပြည် တံခါးပိတ်ထားတဲ့ခေတ်မှာ အပြင်ကလာတဲ့ ကိုယ်စားလှယ်အဖွဲ့တွေကို မကြောက်မရွံ့ လက်ခံတွေ့ခဲ့တဲ့ အကျင့် ကြောင့် ဒေါက်တာညီညီမှာ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်း အဆက်အသွယ်တွေ များပါတယ်။ ဒါကြောင့် အသက် ၅ဝ မပြည့်ခင်မှာပဲ သံအမတ် ကနေ နားပြီး ကုလသမဂ္ဂကို ရွှေ့ပြောင်းနိုင်ခဲ့ပါတယ်။ အဲဒီခေတ်က နိုင်ငံခြားကို ထွက်ရခက်တဲ့ခေတ်ဖြစ်လို့ စစ်ဗိုလ်သံအမတ် တချို့ လည်း ကုလသမဂ္ဂမှာ ထမ်းဆောင်ချင်ကြပါတယ်။ ဒါပေမဲ့ မြန်မာပြည်မှာသာ စစ်ဗိုလ်အရည်အချင်းက အရေးပါပြီး နိုင်ငံခြားမှတော့ ငြိမ်းချမ်းရေးတပ်ဖွဲ့လို နေရာမှာသာ အသုံးဝင်လို့ စစ်ဗိုလ်တွေ ကုလသမဂ္ဂ မရောက်နိုင် ကြဘူးလို့ ဒေါက်တာညီညီက ရှင်းပြခဲ့ပါတယ်။

ပြည်တော်မပြန်နဲ့ ဝေဖန်သံ

ဒီလို နိုင်ငံခြားရောက်သွားချိန်မှာ ဒေါက်တာညီညီ မြန်မာသီချင်းကို သုံးနှစ်နားမထောင်ဘဲ နေခဲ့တယ်လို့ တပည့်ဖြစ်သူ ဦးတင်မြင့်က ရေးပါတယ်။ ယူနီဆက်မှာ တာဝန်ယူစဉ် ကလေးသူငယ်တွေ ကာကွယ်ဆေး ထိုးပေး မှုကို ၁၅ ရာခိုင်နှုန်းကနေ ၈ဝ ရာခိုင်နှုန်းထိ လွှမ်းခြုံနိုင်အောင် ဆောင်ရွက်ခဲ့တယ် လို့လည်း ဆိုပါတယ်။ ဒါပေမဲ့ သူချစ်တဲ့ မြန်မာပြည်အတွက်တော့ ဒေါက်တာညီညီ ထိထိရောက်ရောက် ကူညီနိုင်တာ မရှိတော့ပါဘူး။ ကုလသမဂ္ဂက အငြိမ်းစားယူပြီးနောက် လွတ်လပ်တဲ့ အာရှအသံမှာ ရွှေဥသြ ကလောင်နဲ့ ပြုပြင်ရေး ဆောင်းပါးတွေ ရေးတာ၊ ၂ဝ၁ဝ နောက်ပိုင်း မြန်မာပြည်က မဂ္ဂဇင်း တွေမှာ တက္ကသိုလ်ပြုပြင်ရေး ဆောင်းပါးတွေကို နာမည်ရင်းနဲ့ ရေးတာတွေပဲ လုပ်နိုင်ခဲ့ပါတယ်။

မြန်မာပြည်တံခါး ဆယ်နှစ်ပွင့်ချိန်မှာ စာပေလွတ်လပ်ခွင့်ရလာတဲ့အပြင် အင်တာနက်လွတ်လပ်မှုလည်း အတော်ရှိခဲ့တဲ့အတွက် ဒေါက်တာညီညီကို ပညာရေးဖျက်ဆီးမှု တရားခံအဖြစ် ရေးသားမှုတွေ အတော်ရှိခဲ့ပါတယ်။ အထူးသဖြင့် လမ်းစဉ်ပါတီခေတ်မှာ နိုင်ငံတကာနဲ့ တန်းတူပညာရေးကို လက်လှမ်းမမီခဲ့သူတွေ၊ မိမိသင်လိုတဲ့ ဘာသာရပ်ကို ယူခွင့်မရခဲ့သူတွေနဲ့ မြန်မာပြည်ပြင်ဘက်မှာ အင်္ဂလိပ်စာနဲ့ စကားကို သုံးပြီး ဆက်သွယ်လုပ်ကိုင် ရာမှာ အဆင်မပြေဖြစ်ခဲ့သူတွေဆီက ဒီလိုဝေဖန်မှုကို အများဆုံး ကြားရပါတယ်။

ဒါပေမဲ့ ဒေါက်တာညီညီဟာ ဒီပညာရေးစနစ်သစ်ကို စိတ်တိုင်းကျ ထူထောင်နိုင်ခဲ့သူမဟုတ်ဘဲ ငွေအား လူအားချို့တဲ့တဲ့ ဆိုရှယ်လစ်မဖြစ်သေးတဲ့ အဆင့် နိုင်ငံတနိုင်ငံမှာ ဓားမဦးချလမ်းဖောက်ခဲ့ရတဲ့ ပညာရေး သစ်ခုတ်သမားသာ ဖြစ်ပါတယ်။ အကယ်၍ ၁၉၆၂ မှာ အာဏာမသိမ်းဘဲ ဦးနုက တက္ကသိုလ်မှာ မြန်မာလို သင်နည်းကို အကောင်အထည်ဖော်ခဲ့ရင်၊ ကျောင်းသား တသောင်းခွဲလောက်ဖြစ်နေတဲ့ တက္ကသိုလ်ကြီးနှစ်ခုမှာ ဆန္ဒပြပွဲတွေ တခြိမ့်ခြိမ့်နဲ့ ဆက်ပြီး လည်ပတ်နေရင် ၊ သိပ္ပံနဲ့ အသက်မွေးဝမ်းကျောင်းပညာသင်ကျောင်းတွေကို အားမပေးဘဲ ဝိဇ္ဇာအလုပ်လက်မဲ့တွေကို ဆက်မွေးထုတ်ပေးနေမယ် ဆိုရင် တိုင်းပြည်ရဲ့ နိုင်ငံရေးစီးပွားရေးမှာ ဘယ်လိုရိုက်ခတ်မလဲ၊ လူထုကရော ဒါကို ရေရှည်မှာ လက်ခံမှာလား ဆိုတာက စဉ်းစားစရာ ဖြစ်ပါတယ်။

နောက်ပြီး ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ အာဏာသိမ်းပွဲက ဆိုရှယ်လစ်ဘက်မယိမ်းဘဲ ၁၉၅၈ ကလို အရင်းရှင်ပြုပြင်ရေးလမ်းကြောင်းဆက်လိုက်မယ် ဆိုရင်ရော ဒီလို အကြမ်းစားပညာရေးပြောင်းလဲမှုတွေ ဖြစ်လာမလား စဉ်းစားစရာ ဖြစ်ပါတယ်။ ၁၉၅၉ မှာတော့ ဒေါက်တာလှမြင့်ကို အောက်စဖိုဒ့်က ခေါ်ပြီး ရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ်ခန့်ကာ ပြုပြင်ဖို့ ကြိုးစားပေမယ့် နိုင်ငံရေးကျောင်းသားတွေရဲ့ အံတုမှု၊ နိုင်ငံရေး ရှုပ်ထွေးမှု တွေကြောင့် မအောင်မြင်ဘဲ စစ်မဖြစ်ခင်ခေတ် တက္ကသိုလ်ပညာရေးစံချိန်ကို ပြန်မရောက်နိုင်ခဲ့ပါဘူး။ မြန်မာပြည်နိုင်ငံရေးမှာ ကျောင်းသားတွေရဲ့ ခေါင်းဆောင်မှုကြီးခဲ့တဲ့အတွက် လွတ်လပ်ရေး ရပြီး နောက်ပိုင်း ပြည်တွင်းစစ် ကာလမှာလည်း ကျောင်းသားနိုင်ငံရေးက အရေးကြီးတဲ့အခန်းမှာ ဆက်ရှိခဲ့ပါတယ်။ ဒါကြောင့် ပညာရေး ဘက် အာရုံစိုက်တဲ့ တက္ကသိုလ်တွေ ထူထောင်ရေးမှာ နိုင်ငံရေးဂယက်က အမြဲရှိနေခဲ့ပါတယ်။ ကျောင်းသားဘက်ကလည်း စည်းကမ်းတင်းကျပ် တာကို မကြိုက်သလို ဦးနုကအစ အာဏာပိုင်အဆက်ဆက်ကလည်း ကျောင်းသားတွေရဲ့ အမြဲမပြတ် တောင်းဆိုမှုတွေကို သည်းမခံနိုင်ပါဘူး။

ဒါကြောင့် ဆဲဗင်းဇူလိုင် အရေးအခင်းနောက်ပိုင်း စစ်အစိုးရအဆက်ဆက်နဲ့ ကျောင်းသားတွေကြား တင်းမာမှု၊ မယုံကြည်မှုတွေ ပိုဆိုးလာပြီး ကျောင်းပိတ် တာတွေ ပိုများလာသလို ပညာရေးဖိနှိပ်မှုကလည်း ကြီးလာ ပါတယ်။ တချိန်တည်းမှာပဲ ဆိုရှယ်လစ်ပညာရေးကို တည်ဆောက်တဲ့အတွက် ပညာရေး လွတ်လပ်မှုနဲ့ တက္ကသိုလ်တွေရဲ့ သီးခြားဖြစ်တည်မှုတွေ ပျောက်ဆုံးပြီး အစိုးရယန္တရားအောက်ကို ကျရောက်ခဲ့ပါတယ်။ ဘာသာရပ် တွေကို မြန်မာလို သင်မယ်ဆိုပြီး ဒလကြမ်းပြောင်းခဲ့ပေမယ့်လည်း ဘာသာပြန်နိုင်တဲ့ ပညာရှင်ချို့တဲ့မှုကြောင့် မအောင်မြင်ခဲ့သလို ပညာရေးကဏ္ဍအဆင့်ဆင့်မှာ စစ်ဗိုလ် တွေနဲ့ မဆလအာဏာပိုင်တွေ စွက်ဖက်မှုကြောင့် လည်း ယိုယွင်းမှုတွေ ရှိခဲ့ပါတယ်။ အမှန်က ဦးနုလက်ထက်ကတည်းက ငါးတန်းမှစပြီး အင်္ဂလိပ်လို သင်တဲ့စနစ်ကို အစိုးရကျောင်းတွေမှာ သတ်မှတ်ခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီးနေဝင်းခေတ်မှာ သာသနာပြု ကျောင်းတွေကို ပြည်သူပိုင်သိမ်းလိုက်တဲ့အတွက် ကျောင်းအားလုံး တပြေးညီ အင်္ဂလိပ်စာ သင်ကြားရေး ညံ့ဖျင်းသွားတာ ဖြစ်ပါတယ်။

ဒီလိုနိုင်ငံရေးနောက်ခံမှာ ဒေါက်တာညီညီ ပညာရေး ဒုဝန်ကြီး ဖြစ်ခဲ့တာပါ။ တက္ကသိုလ်မှာ တိုးတက်ကျောင်းသားအုပ်စုအဖြစ် သူနဲ့အတူ လက်တွဲခဲ့ကြတဲ့ ဦးဘကောင်း၊ ဦးလှဝင်း စတဲ့ ပညာရေး အရာရှိတွေနဲ့အတူ အသုံးလုံး၊ လူရည်ချွန် စတဲ့ စီမံကိန်းတွေမှာ ဒေါက်တာညီညီ လက်တွဲညီခဲ့ပါတယ်။ ဒါပေမဲ့လည်း ကျွန်းဆွယ်အရေးအခင်း၊ တက္ကသိုလ်ရွှေရတု၊ အလုပ်သမားအရေးအခင်းနဲ့ ဦးသန့် အရေးအခင်း စတဲ့ ကျောင်းသား ဆန္ဒပြပွဲပေါင်းစုံကို ဒေါက်တာ ညီညီ ပညာရေးဌာနမှာ တာဝန်ယူတုန်း ကြုံတွေ့ခဲ့ပါတယ်။ ဆဲဗင်းဇူလိုင်မှာ သမဂ္ဂအဆောက်အအုံကို ဗုံးခွဲခဲ့တာကိုတော့ ကြွက်မနိုင် ကျီမီးရှို့တဲ့ လုပ်ရပ်ပဲ ဆိုပြီး ဒေါက်တာညီညီက ပြန်ပြောင်း မှတ်ချက်ချခဲ့ပါတယ်။ ဒီလို သဘောထား ရှိပေမယ့် အာဏာပိုင်တွေရဲ့ ပညာရေး စနစ်သစ်မှာ တက္ကသိုလ် တွေ ခွဲခြားပစ်ဖို့ သူ အကြံပေးခဲ့တဲ့အတွက် ပညာရေးစနစ်မှားရဲ့ တရားခံဆိုပြီး သူ့ကို ရှုမြင်ကြတာ ဖြစ်ပါတယ်။ တကယ်တော့ ပညာရေး စနစ်မှားတာဟာ နိုင်ငံရေးအမှားက လာသလို ဒီအမှားတွေ ပြန်ပြင်ဖို့အတွက် ဝေဖန်ရဲသူမရှိတဲ့ စစ်တပ်ခေတ်ဖြစ်တဲ့အတွက်လည်း အမှားတွေ ဆက်တိုက် ဖြစ်ခဲ့တာပါ။ နောက်ပြီး အရပ်သားပညာရှင်တွေကို အထင်သေးတဲ့ စစ်ဗိုလ်ချုပ်ကြီးအစိုးရမှာ လုပ်ခဲ့ရတဲ့အတွက် အင်ဒိုနီးရှားက အမေရိကန် ဘာကလေ တက္ကသိုလ်ပြန် ပညာရှင်ဝန်ကြီးတွေရဲ့ အောင်မြင်မှုမျိုး ဒေါက်တာညီညီ မရနိုင်ခဲ့ပါဘူး။

ဒေါက်တာညီညီဟာ သူ့လက်ထက်မှာ ဖြစ်ခဲ့တဲ့ အမှားနဲ့ ပျော့ညံ့ချက်တွေကို အငြိမ်းစားဘဝမှာ ပြန်လည်တည့်မတ်ပေးဖို့ ကြိုးစားခဲ့ပါတယ်။ နိုင်ငံတကာ ပညာရေး၊ ကျန်းမာရေး ကိစ္စတွေမှာ ပတ်သက်လုပ်ဆောင် ခဲ့ရတဲ့ အတွက် အမြင်ရှုထောင့်ကလည်း မြန်မာစစ်အစိုးရအောက်မှာ လုပ်ခဲ့တာထက် ပိုပြီး ကျယ်ပြောလာခဲ့ပုံ ရပါတယ်။ ဒါကြောင့် တက္ကသိုလ်အရည်အသွေး ထိန်းသိမ်းရေး၊ ပညာရေးလွတ်လပ်ခွင့်နဲ့ ဒါသင် ဒါကျက် ဒါမေး ဒါဖြေ စနစ်ဖျက်ဖို့ လိုတဲ့အကြောင်း ဆောင်းပါးတွေ ရေးခဲ့ပါတယ်။ မြန်မာနဲ့ အင်္ဂလိပ်နှစ်ဘာသာညှပ်သင်ကြားရေးနဲ့ သက်မွေးဝမ်းကျောင်းပညာရေး အားပေးမှုမှာတော့ သူ့သဘောထား မပြောင်းမလဲ ရှိခဲ့ပါတယ်။ ကျောင်းသားတွေ လွတ်လပ်စွာ တွေးခေါ်ခွင့် အားပေးဖို့ သူ အာဏာရတဲ့အချိန်ကတည်းက တိုက်တွန်းခဲ့ ပေမယ့် အောက်ခြေမှာ မလိုက်နာခဲ့ကြဘူးလို့လည်း ဆိုပါတယ်။ အသက် ၈ဝ ကျော်ထိ ဒီလို ရေးသားတိုက်တွန်း သွားပေမယ့်လည်း ပြည်ပမှာ အနှစ် ၃ဝ ကျော် နေလာပြီး မြန်မာပြည် အာဏာရ လောကနဲ့ မနီးစပ်တော့တဲ့အတွက် ဒေါက်တာညီညီရဲ့အသံကို တံခါးဖွင့် အစိုးရနှစ်ဆက်က အရေးတယူမရှိခဲ့ဘဲ တကယ်တမ်း ပညာရေး ပြုပြင်ရေးဟာလည်း နိုင်ငံရေးလှိုင်းလုံးအောက်မှာ မြုပ်သွားခဲ့ပါတယ်။

ဒေါက်တာညီညီရဲ့ အကြီးဆုံးအမှားကတော့ လူထုထောက်ခံမှု မရဘဲ တက်လာတဲ့ စစ်အစိုးရ၊ ကျောင်းသားတွေကို သတ်ဖြတ်နှိမ်နင်းတတ်တဲ့စစ်တပ်၊ ပြည်သူပိုင်သိမ်းပြီး လက်ဝဲအလွန်အကျွံဇာတ်ကိုခင်းနေတဲ့ စစ်ဆိုရှယ်လစ်အုပ်စုနဲ့ ပေါင်းသင်းမိခဲ့တာ ဖြစ်ပါတယ်။