ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
တက္ကသိုလ်နဲ့အတူ မွေးဖွားလာကြသူများ- ဦးဘတုတ်၊ မြဇင်၊ ဦးသန်းဦး၊ ဒေါက်တာကြူကြူဆွေ၊ ဒေါက်တာညီညီ
- ရေးသားသူ, ဘိုဘို
- ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း
၁၉၄၂ ခုနှစ် ဧပြီလ နွေလယ်နေ့တစ်နေ့မှာ မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးမြို့လယ်မှာ လူငယ်တစ်ယောက် စက်ဘီးတစီးနဲ့ မော်တော်ကားတစ်စီးနောက်ကို အပြေးလိုက်နေပါတယ်။ သူ့နာမည် က မောင်ဘတုတ်၊ (၂၂) နှစ် ရှိပါပြီ။ ကမ္ဘာစစ် ဖြစ်ခါနီးမှာ ရန်ကုန်တက္ကသိုလ် သင်္ချာဂုဏ်ထူးတန်းကို ပါမောက္ခ ဦးအောင်လှရှိရာ ပြည်မြို့မှာ သွားရောက်ဖြေဆိုပြီး အောင်စာရင်းစောင့်နေသူ ဖြစ်ပါတယ်။
သူအမီလိုက်နေတဲ့ကားက တက္ကသိုလ်သင်္ချာကထိက ဦးကာရဲ့ ကားပါ။ ဈေးချိုတော် နာရီစင်နား (၂၆) ဘီလမ်းမှာ တွေ့လိုက်လို့ အပြေးနောက်ကလိုက်ရင်း ဒါးတန်းမှာ မီသွားပါတယ်။ စစ်ပြေးရင်း မန္တလေးရောက်နေတဲ့ ဆရာဦးကာက မောင်ဘတုတ် ဂုဏ်ထူးတန်းမှာ ပထမအဆင့်က အောင်ကြောင်း အသိပေးရင်း ကောလိပ် ကျောင်းအုပ်ကြီး ဦးဖေမောင်တင်နဲ့ ငွေစာရင်းအရာရှိ ဦးလှဖော်ဦးဆီမှာ အောင်လက်မှတ်ထုတ်ဖို့ ပြောပါတယ်။
မန္တလေး အရှေ့တောက လမိုင်းကြီးမှာ စစ်ပြေးရင်း ရောက်နေတဲ့ မောင်ဘတုတ် လက်မှတ်ထုတ်ဖို့ ချိန်းတဲ့နေ့မှာ မြို့ဘက် စက်ဘီးနဲ့ထွက်လာတော့ မြို့ထဲမှာ ဂျပန်ဗုံးတွေ အကြီးအကျယ်ချတာကိုတွေ့ရလို့ မန္တလေးတောင် ကနေ လှည့်ပြန်ခဲ့ ရပါတယ်။ ဆရာတွေ ဘေးလွတ်ပါစေကြောင်းနဲ့ လက်မှတ်မီးထဲ ပါမသွားဖို့ဘဲ ဆုတောင်းနေခဲ့ရပါတယ်။
အဲဒီနောက် တောင်ပြုံးဘက်ကို သွားရင်း ဦးလှဖော်ဦး ကပိုင်မှာ ရှိတယ်ကြားလို့ လိုက်သွားပြီး အောင်စာရင်းနဲ့ ထောက်ခံစာယူရပါတယ်။ နောက် ဂျပန်ခေတ် နိုင်ငံခြားရေးရုံးမှာ ဒီဘွဲ့နဲ့ အလုပ်လျှောက်ပြီး ဒီဘွဲ့နဲ့ပဲ စစ်ပြီးခေတ်မှာ ဂေဇက်ရ အရာရှိ ဖြစ်လာခဲ့ပါတယ်။ ဦးကာနဲ့သူကတော့ ရန်ကုန်တက္ကသိုလ်မှာ ဆရာအဖြစ် ပြန်ဆုံကြသလို ဦးကာ ပညာရေးဝန်ကြီးဖြစ်ချိန်မှာ သူက သင်္ချာ ပါမောက္ခအဖြစ် ပြန်တွေ့ကြပြန်ပါတယ်။
ပေါက်မြိုင်ကျောင်းသား အကောင်းစား
၁၉၂ဝ ၊ ဒီဇင်ဘာလ ၂၆ ရက်၊ ရှမ်းပွဲရပ်မှာ မွေးတဲ့ မောင်ဘတုတ်ဟာ လူချမ်းသာမိဘက ဆင်းသက်လာသူမဟုတ်ပါဘူး။ မူလတန်းပညာကို မန္တလေးတောင်ပြင်က ပေါက်မြိုင် ကျောင်းတိုက်မှာ သင်ယူခဲ့ရသူ ဖြစ်ပါတယ်။ ငယ်ကတည်းက ပညာထူးချွန်လို့ ပညာသင်ဆုတွေရခဲ့ပြီး ဥပစာကောလိပ်ကို ရောက်လာခဲ့ပါတယ်။ နိုင်ငံရေး စိတ်ဝင်စားသူဖြစ်လို့ ဥပစာကောလိပ်သမဂ္ဂ ဥက္ကဋ္ဌအဖြစ် တတိယ ကျောင်းသား သပိတ်အတွင်း မန္တလေး သပိတ်စခန်း သိမ်းပြီးတဲ့အထိ ဦးဆောင် ပါဝင်ခဲ့တယ်ဆိုပြီး တပည့်ဖြစ်သူ တက္ကသိုလ်မောင်သင်္ချာက ရေးခဲ့ပါတယ်။
ငယ်ကတည်းက ဆရာကောင်းတွေနဲ့ တွေ့ဆုံခဲ့ရတဲ့ မောင်ဘတုတ်ဟာ ကောလိပ် မှာလည်း ဆရာကောင်းတွေ ကြုံခဲ့ရပါတယ်။ ပထမဆုံး မြန်မာထဲက သင်္ချာ ပါမောက္ခ ဖြစ်တဲ့ ဦးအောင်လှနဲ့ လည်း မန္တလေးရော ရန်ကုန် မှာပါ စာသင်ခဲ့ ရပါတယ်။ ဦးအောင်လှဟာ ကိန်းဘရစ်တက္ကသိုလ်က မဟာသိပ္ပံဘွဲ့ရပြီး ကမ္ဘာကျော် နိုဘယ်ဆုရ အိုင်စတိုင်းနဲ့ ဘာထရန်ရပ်ဆဲ စတဲ့ ပညာရှင်တွေဆီမှာ သင်ယူခဲ့သူ ဖြစ်ပါတယ်။
မောင်ဘတုတ်ရဲ့ ပညာဆည်းပူးမှုနဲ့ ပတ်သက်ပြီး ဦးအောင်လှကိုယ်တိုင်က ငြိမ်သက် ရိုးသားပြီး ကျေပွန်တိကျသူလို့ ထောက်ခံပေးခဲ့ဖူးပါတယ်။ ကျောင်းအုပ်ကြီး ဦးဖေမောင်တင်ကတော့ အားကစားနဲ့ လူမှုရေး လိုက်စားသူ၊ အင်းဝဆောင်မှာ ခြင်းလုံးခတ် နာမည်ကြီးသူဆိုပြီး မောင်ဘတုတ်ကို ထောက်ခံခဲ့ပါတယ်။
လခနည်းတဲ့အလုပ်ပြောင်း
စစ်ပြီးမှာ အမျိုးသားစီမံကိန်းဌာန စာရင်းအင်းအရာရှိအဖြစ် ကိုဘတုတ်ဆောင်ရွက်နေရင်း လစာနည်းတဲ့ သင်္ချာနည်းပြဘဝကို ကူးပြောင်းခဲ့ပြန်ပါတယ်။ ရာထူးနိမ့်ရုံသာမက လစာ ၉ဝ ကျပ်ပါလျော့ပြီး ရမှာ ဖြစ်ပါတယ်။ အင်္ဂလိပ်ခေတ်က မောင်ဘတုတ်လို သင်္ချာဂုဏ်ထူးတန်း ပထမရတဲ့ ကျောင်းသားတွေဟာ အိုင်စီအက် ပဋိညာဉ်တန်း အရာရှိတွေအဖြစ် အရွေးခံရနိုင်ပြီး ဗြိတိန်က ပြန်လာရင် ရာထူးရာခံ တွေရပြီး ချမ်းသာနိုင်ပါတယ်။ စစ်ပြီးခေတ်မှာလည်း ဒီလို လခကောင်းတဲ့ အလုပ်တွေ ရဖို့လမ်းရှိရက်နဲ့ တက္ကသိုလ်မှာ စာသင်ဖို့ ဦးကာက ခေါ်လို့ ကိုဘတုတ် ကလေးတယောက် အဖေ အိမ်ထောင်သည် ဘဝမှာ နည်းပြဖြစ်ခဲ့ပြန်ပါတယ်။
အဲဒီနောက် မန္တလေးနဲ့ ရန်ကုန်တက္ကသိုလ်တွေမှာ ကိုဘတုတ် ပြောင်းရွှေ့အမှုထမ်းရင်း သင်္ချာဌာနမှာ (၃၄) နှစ် ကျင်လည်ခဲ့ပါတယ်။ တဘက်မှာလည်း ဆရာဘဝနဲ့ သူ မဟာသိပ္ပံရအောင် သင်ခဲ့ရပါတယ်။ ရန်ကုန်မှာ သူသင်ရတဲ့ သင်္ခန်းစာတွေကို ကူးပြီး မန္တလေးယူနီဗာစီတီကောလိပ်က မဟာသိပ္ပံကျောင်းသား ဆရာဦးနက်ဆီကို ပို့ပေးရပါတယ်။ တချိန်တည်းမှာပဲ ဂုဏ်ထူးတန်းကျောင်းသားထဲက စာတော်သူတွေ သူ့ဆီ ညနက် သန်းခေါင်ထိ သင်္ချာလာတွက်ကြ တာကိုလည်း စေတနာဆရာအဖြစ် သင်ပေးခဲ့ပြန်ပါတယ်။ ဒီနည်းနဲ့ ကိုဘတုတ် မဟာဘွဲ့ရပြီးနောက် ဟားဗတ်တက္ကသိုလ်မှာ နောက်ထပ် မဟာဘွဲ့ယူဖို့ အခွင့်ပေါ် လာခဲ့ပါတယ်။
အမေရိကန်မှာ ပညာရှာ
ကလေးခြောက်ယောက်အဖေဘဝနဲ့ အမေရိကန်ကို ကိုဘတုတ် ပညာသင်သွားခဲ့တာ ဖြစ်ပါတယ်။ သူနဲ့အတူ စိတ်ပညာဌာနက ကိုစိန်တူနဲ့ ယုတ္တိဗေဒ ဆရာမ ကက်သလင်းချန်းတို့ အတူသွားကြပါတယ်။ ဟားဗတ်မှာ ဒြပ်မဲ့ အက္ခရာသင်္ချာ နာမည်ကြီးတဲ့ပါမောက္ခတွေနဲ့ သူစာသင်ခဲ့ရပြီး မြန်မာပြည်ကို ဒြပ်မဲ့သင်္ချာ သဘောတရားတွေ ယူဆောင်လာခဲ့ပါတယ်။ အင်္ဂလိပ်လိုသာမက ပြင်သစ်ဘာသာနဲ့ သင်္ချာစာအုပ်တွေ ဖတ်နိုင်တဲ့အထိ သင်ကြား ခဲ့ရတာပါ။
အစက ပါရဂူဘွဲ့ရတဲ့အထိ သင်ဖို့ ကိုဘတုတ်ရည်မှန်းခဲ့ပေမယ့် ကလေးတွေ သံယောဇဉ်နဲ့ တခေါက်အလည်ပြန်လာပြီးနောက် ထပ်မသွားဖြစ်တော့ပါဘူး။ ၁၉၅၈ မှာ ဆရာရင်း ဦးအောင်လှ အနားယူ ပြီးနောက် သူ သင်္ချာ ပါမောက္ခ ဖြစ်လာပါတယ်။
သူဌာနမှူး ဖြစ်လာပြီးနောက် ခေတ်သစ်အက္ခရာသင်္ချာကို မိတ်ဆက်ပြီး သင်္ချာလောကကို ချဲ့ထွင်ခဲ့ပါတယ်။ မြန်မာပြည်အဝှမ်း တိုးချဲ့မယ့် တက္ကသိုလ်ကောလိပ်ကျောင်းတွေအတွက် သင်္ချာဆရာ မျိုးဆက် ရှိအောင် ပြည်ပကို ပညာသင်တွေ ထပ်လွှတ်ဖို့ ကြိုးစားခဲ့ပါတယ်။ နောက် မြန်မာပြည်မှာ နက္ခတ္တဗေဒ လေ့လာရေးစခန်း ဆောက်မယ်ဆိုပြီး ကိုဘမင်းနဲ့ ကိုစိုးမင်းဆိုတဲ့ ကျောင်းသား နှစ်ယောက် ကို အမေရိကန်နဲ့ ဗြိတိန်သွားပြီး နက္ခတ္တဗေဒ ပညာသင်စေ တဲ့အထိ ဦးဘတုတ် ရည်မှန်းချက် ကြီးခဲ့ပေမယ့် ၁၉၆၂ အစိုးရ အပြောင်းအလဲ နောက်ပိုင်း သူ့အိပ်မက်တချို့ ပျောက်ပျက်ခဲ့ရပါတယ်။
ပါမောက္ခချုပ် သုံးနှစ်တာ
သူ့လုပ်ရည်ကိုင်ရည် သဘောကျတဲ့အတွက် အာဏာသိမ်းအစိုးရက မန္တလေးတက္ကသိုလ် ပါမောက္ခချုပ်အဖြစ် ဦးဘတုတ်ကို ၁၉၆၆ မှာ ခန့်အပ်ခဲ့ပါတယ်။ လုပ်ကိုင်ရတာ အဆင်ပြေပေမယ့် တက္ကသိုလ် တက်နေတဲ့ သားသမီး ရှစ်ယောက်နဲ့ ရန်ကုန်၊ မန္တလေး နှစ်မြို့ခွဲနေရတာ အဆင်မပြေတဲ့အတွက် ရာထူးပြန်ဆင်းပြီး ရန်ကုန်စက်မှုတက္ကသိုလ် သင်္ချာပါမောက္ခအဖြစ် ပင်စင်ယူတဲ့အထိ ဆောင်ရွက်ခဲ့ပါတယ်။
မြန်မာပညာရေးသမိုင်းမှာ ရာထူးအဆင့်ဆင့်တက်ဖို့ပဲ ကြိုးစားကြတဲ့ အစဉ်အလာရှိပေမယ့် ဦးဘတုတ်ကတော့ စာသင်ရတဲ့အလုပ်ကိုပဲ ပိုကြိုက်သူမို့ ပါမောက္ခဘဝ ပြန်သွားခဲ့တာ ဖြစ်ပါတယ်။ သူ့အတွက် အရင်က စက်မှု တက္ကသိုလ်မှာ မရှိတဲ့ သင်္ချာပါမောက္ခရာထူးကို ဖန်တီးပေးခဲ့တယ်လို့လည်း ဆိုပါတယ်။ ပါမောက္ခချုပ်ဘဝနဲ့လည်း မန္တလေးမှာ ပါမောက္ခ ဦးနက်ကို ခွင့်တောင်းပြီး သင်္ချာဝင်သင် ခဲ့ပါသေးတယ်။ စက်မှုတက္ကသိုလ် မှာတော့ ပါမောက္ခလုပ်ရင်းနဲ့ ရန်ကုန် ဝိဇ္ဇာ သိပ္ပံတက္ကသိုလ်ဘက်သွားပြီး စာကူသင်ပေးပါတယ်။
ထိုင်းမှာ ပါမောက္ခ
ရန်ကုန် စက်မှုတက္ကသိုလ်က အနားယူပြီးနောက် မိန်းဘက်မှာ အချိန်ပိုင်းကထိကအဖြစ် မဟာတန်းကို ၁၉၈၈ ထိ ကူသင်ပေးတာမျိုး ဦးဘတုတ် လုပ်နေခဲ့ပါတယ်။ ၁၉၉၃ မှာတော့ ဇနီး ဒေါ်ခင်မကြီးကို ဘန်ကောက်မှာ ဆေးသွားကုရင်း အဆက်အသွယ်ရပြီး အေဘက် တက္ကသိုလ်မှာ ပါမောက္ခဖြစ်ခဲ့ပြန်ပါတယ်။
အေဘက်မှာ စာသင်နေတဲ့ မြန်မာပြည်က ပါမောက္ခတွေကို သွားတွေ့ရင်း သူ့ကို ခေါ်ထားလိုက်ကြတာ ဖြစ်ပါတယ်။ အေဘက်ရဲ့ သင်ရိုးကို အာရ်အိုင်တီလို ခေတ်မီအောင် ဦးဘတုတ် ပြုပြင်ပေးခဲ့တယ် လို့လည်း တက္ကသိုလ် မောင်သင်္ချာက သင်္ချာပါမောက္ခ ဦးဘတုတ် ဖြတ်ကျော်ခဲ့သော ခရီး စာအုပ်မှာ ရေးပါတယ်။ အေဘက် အင်ဂျင်နီယာ သင်္ချာဌာနရဲ့ ဒုတိယဌာနမှူးအဖြစ် ဆောင်ရွက်ရင်း ၁၉၉၉ မှ အငြိမ်းစားယူခဲ့ပါတယ်။
သက်ရှည်ကျန်းမာ
၂ဝဝ၁ မှာ ဇနီးကွယ်လွန်သွားပေမယ့် ဦးဘတုတ်က ယခုထိ သက်ရှည်ကျန်းမာစွာ ရှိနေပါတယ်။ ဦးဘတုတ်ဟာ ငယ်စဉ်ကတည်းက အားကစားနဲ့ ဘာသာရေးလိုက်စားပြီး ၁၉၆၄ တိုကျိုအိုလံပစ်မှာ မြန်မာအဖွဲ့ကို အုပ်ချုပ်သွားရောက်ခဲ့သူ ဖြစ်သလို တက္ကသိုလ် ဘောလုံးပွဲတွေကိုလည်း ကြီးမှူးကျင်းပပေးခဲ့ပါတယ်။ နာမည်ကျော် စိုးမြင့်နဲ့ အောင်ခင် စတဲ့ ကျွန်းဆွယ်ပွဲနဲ့ အာရှအိုလံပစ် ရွှေတံဆိပ်ရ ဘောလုံးသမားတွေကိုလည်း သူနဲ့ ဆရာငြိမ်း၊ ဒေါက်တာလှသွင်တို့ပါတဲ့ တက္ကသိုလ်ဘောလုံးအသင်းက မွေးထုတ်ပေးခဲ့တာ ဖြစ်ပါတယ်။
၁၉၆၂ ဇူလိုင် ၇ ရက် အရေးအခင်းမှာ ကျောင်းပိတ်လို့ အိမ်ပြန်ရတဲ့ ကျောင်းသားတွေအတွက် သေတ္တာနဲ့ အိပ်ရာလိပ်တွေကို သူ့ကားလေးနဲ့ အခေါက်ခေါက် သယ်ပေးခဲ့တယ်လို့ သမီးဖြစ်သူ ဒေါ်သင်းသင်း က ရေးပါတယ်။ သူ့ဖခင်ဟာ စည်းကမ်းကြီးပြီး အလုပ်နဲ့ ပတ်သက်ရင် နှုတ်လုံသူလို့လည်း ဆိုပါတယ်။ သူ့သားသမီးတွေ ဆယ်တန်းအောင်စာရင်းကိုလည်း သူများနဲ့တန်းတူ တရားဝင်ထွက်မှပဲ သိစေပါတယ်။ သူတို့ခေတ် ရွှေတကျပ်သား နှစ်ရာကျပ်လောက် တန်ချိန်မှာ ပါမောက္ခလစာ ၁၄ဝဝ ကျပ်ရတယ်လို့လည်း မောင်သင်္ချာက ရေးပါတယ်။
သူနဲ့ခေတ်ပြိုင် ပါမောက္ခတွေထဲ ထင်ရှားသူတွေကတော့ ရန်ကုန်တက္ကသိုလ် မီးယပ် သားဖွားပညာပါမောက္ခ ဒေါ်ခင်စီ (၁၉၁၉- ၂ဝ၁၃ ) ၊ ရန်ကုန်တက္ကသိုလ် အရှေ့တိုင်းရာဇဝင် ပါမောက္ခ ဒေါက်တာ ကျော်သက် (၁၉၂၁-၂ဝဝ၈) ၊ ရန်ကုန် စီးပွားရေး တက္ကသိုလ် ပါမောက္ခချုပ်နဲ့ ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါက်တာအေးလှိုင် (၁၉၂၁-၁၉၉၄) ၊ မန္တလေး တက္ကသိုလ် သမိုင်းပါမောက္ခ ဒေါက်တာ သန်းထွန်း (၁၉၂၃-၂ဝဝ၅) ၊ မန္တလေး တက္ကသိုလ် စိတ္တဗေဒ ပါမောက္ခ ဒေါက်တာစိန်တူ (၁၉၂၉-၂၀၀၇) ၊ ရန်ကုန် တက္ကသိုလ် ဘူမိဗေဒ ပါမောက္ခနဲ့ သတ္တုတွင်းဝန်ကြီး ဒေါက်တာညီညီ (၁၉၃ဝ မွေး) စတဲ့သူတွေ ဖြစ်ကြပါတယ်။
တက္ကသိုလ်နဲ့အတူ မွေးဖွားလာကြသူများ
မြဇင်
စာရေးဆရာ မြဇင်ခေါ် ဝဏ္ဏကျော်ထင် ဦးဝင်းဖေဟာ ဟားဗတ်တက္ကသိုလ်က ပြည်သူ့အုပ်ချုပ်ရေး မဟာဘွဲ့ရတဲ့ ညွှန်ကြားရေးမှူးချုပ်ဟောင်း ဖြစ်ပြီး ၁၉၂၇ က မွေးပါတယ်။ ၁၉၅ဝ ပြည့်လွန်နှစ်တွေ ကတည်းက ဂါးဒီးယန်း၊ လုပ်သားပြည်သူ့နေ့စဉ် (အင်္ဂလိပ်)၊ ဖော်ဝပ် စတဲ့ အင်္ဂလိပ်ဘာသာထုတ် စာနယ်ဇင်းတွေမှာ ရေးသားခဲ့ပြီး ကဗျာ့နရီနဲ့ နိမိတ်ပုံ၊ မြကန် စတဲ့ ကဗျာသဘောတရား၊ ကဗျာ ဘာသာပြန် စာအုပ်တွေနဲ့ ထင်ရှားပါတယ်။ ရုပ်ရှင်မင်းသမီး မေဝင်းမောင်ရဲ့ ယောက္ခမလည်း ဖြစ်ပါတယ်။
ဦးသန်းဦး
မြန်မာနိုင်ငံစာတတ်မြောက်ရေး လှုပ်ရှားမှုအတွက် ပြင်သစ်နိုင်ငံပဲရစ်မြို့မှာ ၁၉၇၁ က ယူနက်စကိုက ချီးမြှင့်တဲ့ မိုဟာမက်ရီဇာ ပါလဗီဆုယူခဲ့တဲ့ ဦးသန်းဦးကတော့ ၁၉၂၈ ခုမွေးသူ ဖြစ်ပါတယ်။ ကျောင်းသားဘဝ ကတည်းက လူထုသတင်းစာနဲ့ တခြားစာစောင်တွေမှာ ပြည်စိုးမင်း အမည်နဲ့ နိုင်ငံရေးဆောင်းပါးတွေ ရေးခဲ့သလို တက္ကသိုလ်မှာ မာ့က်စ်ဝါဒလေ့လာရေးအတွက် ဒုဝန်ကြီးချုပ် ဦးဗဆွေ အစီအစဉ်နဲ့ ပေးတဲ့ သင်တန်း ကိုလည်း တက်ရောက်ခဲ့ပါတယ်။ ၁၉၆၃ မှာ ဟာဝိုင်ယီတက္ကသိုလ်က ပညာရေးမဟာဘွဲ့ရရှိပြီး ပညာရေးဌာနမှာ အခြေခံပညာဦးစီးဌာနညွှန်ကြားရေးမှူးချုပ်အထိ ထမ်းဆောင်ခဲ့ပါတယ်။
မြန်မာနိုင်ငံပညာရေးဆိုင်ရာသမိုင်း စာအုပ်နဲ့ ၁၉၉၉ မှာ အမျိုးသားစာပေဆု ရရှိခဲ့ပြီး ဝိဇ္ဇာနဲ့သိပ္ပံပညာရှင်အဖွဲ့ ဥက္ကဋ္ဌလည်း လုပ်ခဲ့ပါတယ်။
ဒေါက်တာမောင်ရှိန်
ကမ္ဘာ့ဘဏ် အမှုဆောင်အရာရှိ ဖြစ်ခဲ့တဲ့ ဒေါက်တာမောင်ရှိန်ဟာ ၁၉၂၈ ခုနှစ်မွေးသူ ဖြစ်ပါတယ်။ ကိန်းဘရစ်တက္ကသိုလ်က ဘောဂဗေဒပါရဂူဘွဲ့ကို ၁၉၅၉ က ရရှိပြီး ပါမောက္ခ၊ စီမံကိန်းနဲ့ ဘဏ္ဍာရေး ဒုဝန်ကြီး၊ ပြည်သူ့ လုပ်ငန်း စိစစ်ရေး အဖွဲ့ဝင် စတဲ့တာဝန်တွေ ယူခဲ့ပါတယ်။ ဒေါက်တာ မောင်ရှိန်ဟာ မြန်မာနိုင်ငံသုတေသနအသင်းမှာလည်း တွဲဖက် အယ်ဒီတာ တာဝန်ယူခဲ့ပြီး ပုဂံဆောင် အဆောင်မှူး လည်း ဖြစ်ခဲ့ပါတယ်။ ဒေါက်တာ မောင်ရှိန်ဟာ မဆလခေတ် မြန်မာနိုင်ငံကြွေးမြီတွေ လျှော်ပေးရေးမှာ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံအဆင့် လျှောက်စရာမလိုဘူးလို့ ယူဆတဲ့ စီးပွားရေး ပညာရှင်အုပ်စုက ဖြစ်ပါတယ်။
ရန်ကုန်တက္ကသိုလ် ဘောဂဗေဒပါမောက္ခ ဒေါက်တာ ခင်ညိုညိုကတော့ ၁၉၂၉ ခုနှစ် မွေးသူလို့ သိရပါတယ်။
ဒုတိယဗိုလ်ချုပ်ကြီး မောင်မောင်ခင်
နဝတခေတ်မှာ ဒုဝန်ကြီးချုပ် ဖြစ်ခဲ့တဲ့ ရေတပ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး မောင်မောင်ခင်ဟာလည်း ရန်ကုန်တက္ကသိုလ်မှာ ဥပစာတန်းထိ သင်ယူခဲ့ပြီး ယူဂိုစလားဗီးယားမှာ ရေတပ်လေ့ကျင့်ရေး သင်တန်းတွေ တက်ခဲ့ ပါတယ်။ ၁၉၂၉ မှာမွေးပြီး ရခိုင်နိုင်ငံရေးသမား ဦးမောင်ဦးကျော်ရဲ့သမီး မီးယပ်သားဖွားပါမောက္ခ ဒေါက်တာဒေါ်နန်းဦးနဲ့ လက်ထပ်ခဲ့ပါတယ်။
ဒေါက်တာ ကြူကြူဆွေ
ဒေါက်တာ ကြူကြူဆွေဟာ နဝတ တက်ခါစက ကျန်းမာရေးဝန်ကြီး ဗိုလ်မှူးကြီး ဖေသိန်းရဲ့ ဇနီးဖြစ်ပြီး ဆေးတက္ကသိုလ် သားဖွားမီးယပ် ပါမောက္ခ ဌာနမှူး လုပ်ခဲ့သလို မိခင်နဲ့ ကလေးအသင်း ဥက္ကဋ္ဌ လည်း ဖြစ်ခဲ့ ပါတယ်။ ဗြိတိန်မှာ ပညာသင်ခဲ့ပြီး ၁၉၂၉ ခုနှစ်မွေးသူဖြစ်ပါတယ်။ ဆေးပညာစာတမ်းတွေကိုလည်း အင်္ဂလိပ်ဘာသာနဲ့ ပြုစုခဲ့ပါတယ်။
ဒေါက်တာ ခင်ကြည်ကြည်
ရန်ကုန် ဆေးတက္ကသိုလ် (၁) အဏုဇီဝဗေဒ ပါမောက္ခ ဒေါက်တာ ခင်ကြည်ကြည်ဟာ ၁၉၂၉ မှာ မွေးပြီး လန်ဒန်တက္ကသိုလ်ကနေ ၁၉၇ဝ မှာ ပါရဂူဘွဲ့ ရရှိခဲ့ပါတယ်။ ငပိမှာ ရှိသော ဘက်တီးရီးယားပိုးများ အကြောင်း တက္ကသိုလ်ပညာပဒေသာ စာစောင်မှာ ရေးခဲ့ပြီး ဆေးပညာ စာတမ်းတွေကို ၁၉၅၉ ကတည်းက စရေးခဲ့သူ ဖြစ်ပါတယ်။
ဒေါက်တာချစ်မောင်
မန္တလေးဆေးတက္ကသိုလ် ဇီဝဓာတုပါမောက္ခ ဒေါက်တာချစ်မောင်ဟာ ဆရာဝန်မဟုတ်ဘဲ ဓာတုဗေဒ ဆရာအဖြစ် မန္တလေးတက္ကသိုလ်ကောလိပ်မှာ ၁၉၅၃ ကတည်းက စာသင်ခဲ့သူ ဖြစ်ပါတယ်။ ဒဗ္ဗလင် တက္ကသိုလ်က ပါရဂူဘွဲ့ကို ၁၉၇ဝ မှာ ရရှိခဲ့ပြီး မြန်မာဆေးဘက်ဝင်အပင်တွေကို အထူးပြု လေ့လာခဲ့ပါတယ်။ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်ရဲ့ ဖခင်လည်း ဖြစ်ပါတယ်။
ဒေါက်တာညီညီ
၁၉၆၄ ပညာရေး ပြောင်းလဲမှုမှာ အဓိက အခန်းက ပါခဲ့တဲ့ ဒေါက်တာညီညီဟာ ကျောင်းသားလှုပ်ရှားမှုမှာလည်း ထင်ရှားခဲ့တဲ့ လက်ဝဲခေါင်းဆောင်တစ်ယောက် ဖြစ်ပါတယ်။ ၁၉၃ဝ မှာ မွေးတဲ့ ဒေါက်တာ ညီညီဟာ လန်ဒန် တက္ကသိုလ်ကနေ ဘူမိဗေဒပါရဂူဘွဲ့ကို ၁၉၅၆ မှာ ရရှိခဲ့ပြီး ၁၉၆ဝ ကတည်းက ပါမောက္ခ ဖြစ်ခဲ့ပါတယ်။ ၁၉၆၂ အာဏာသိမ်းပြီးနောက်ပိုင်း ပညာရေး ဒုဝန်ကြီး၊ သတ္တုတွင်း ဝန်ကြီး၊ သံအမတ်နဲ့ ယူနီဆက် ဒါရိုက်တာ ရာထူးတွေ ထမ်းဆောင်ခဲ့ပါတယ်။
ဦးလှသိန်း
လန်ဒန်တက္ကသိုလ်က သမိုင်းမဟာဝိဇ္ဇာဘွဲ့ရခဲ့တဲ့ ဦးလှသိန်းဟာ ၁၉၃ဝ ပြည့်မွေးသူဖြစ်ပါတယ်။ မြန်မာနိုင်ငံ သမိုင်းကော်မရှင်နဲ့ သမိုင်းအဖွဲ့တွေမှာ တာဝန်ယူခဲ့ပြီး သုတေသနစာတမ်းတွေရေးသားခဲ့သလို မြန်မာ့အသံ ကနေ ပို့ချခဲ့ပါတယ်။ မြန်မာပြည်နဲ့ ဥရောပသားများ စာမူနဲ့ ထွန်းဖောင်ဒေးရှင်း အင်္ဂလိပ်စာမူဆုကိုလည်း ၂ဝ၁ဝ က ရခဲ့သလို အင်္ဂလိပ်-ပြင်သစ်နှင့် မြန်မာတို့၏ နိုင်ငံရေး စစ်ရေးတိုက်ပွဲ နဲ့ တခြားစာအုပ်တွေကို လည်း ရေးသားခဲ့ပါတယ်။