ပထမဆုံး လွတ်လပ်ရေး အစိုးရနဲ့ စစ်အာဏာရေသောက်မြစ်များ

    • ရေးသားသူ, ဘိုဘို
    • ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း

၁၉၄၈ လွတ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံမှာ ပထမဆုံး တက်လာတဲ့ အစိုးရကို ဖဆပလအစိုးရ၊ ယာယီအစိုးရ၊ သခင်နု အစိုးရ စသဖြင့် သိကြပါတယ်။ ဒီအစိုးရဟာ ပြည်ထောင်စုအစိုးရ အာဏာကို ပထမဆုံး ကျင့်သုံးနိုင်တဲ့ အစိုးရ ဖြစ်ပေမဲ့ သူ့ရှေ့က ဗိုလ်ချုပ်အောင်ဆန်းနဲ့ ကျဆုံးလေပြီးသော အာဇာနည်ဝန်ကြီးများရဲ့ အစိုးရက ဖုံးလွှမ်းထားတဲ့အတွက် ဒီအစိုးရမှာ ဘယ်သူတွေ ပါတယ်၊ ဘာလုပ်ခဲ့တယ် ဆိုတာကို သတိမူမိသူ နည်းပါတယ်။ တနည်းအားဖြင့် မျက်မှောက်ခေတ် မြန်မာပြည် အနေအထားကို ဖန်တီးပေးခဲ့တဲ့ အစိုးရဟာ အာဏာကျင့်သုံးနည်းကို မြေစမ်းခရမ်းပျိုး ကနေ စခဲ့ရပြီး စစ်တပ်နဲ့ မကင်းနိုင်တဲ့ မြန်မာပြည် နိုင်ငံရေးစနစ်သစ်ကြီးကို ပုံဖော်ခဲ့တာ ဖြစ်ပါတယ်။

ပထမ ပြည်ထောင်စု အစိုးရ

ဒီအစိုးရဟာ ဗိုလ်ချုပ်အောင်ဆန်းကျဆုံးပြီးနောက် အမြန်ပြန်ဖွဲ့ရတဲ့ အစိုးရကို ဆက်ခံချဲ့ထွင်တဲ့ အစိုးရ ဖြစ်တဲ့အတွက် ဖဆပလ ဒုတိယတန်း ခေါင်းဆောင်များနဲ့ ပြည်နယ် ခေါင်းဆောင်များ ပါဝင်တဲ့ အစိုးရ ဖြစ်ပါတယ်။ တဖက်က ကြည့်မယ် ဆိုရင် မြန်မာပြည်မှာ တခါမှ မရှိဖူးတဲ့ မြန်မာနဲ့ တောင်ပေါ် လူမျိုးစုတွေ ပူးတွဲ အုပ်ချုပ်တဲ့ စနစ်ကို စတင်ကျင့်သုံးတဲ့ အစိုးရ ဖြစ်ပါတယ်။ ပဒေသရာဇ်ခေတ် အဆက်ဆက် တောင်ပေါ် လူမျိုးစု ခေါင်းဆောင်တွေနဲ့ မြေပြန့်က မြန်မာဘုရင်၊ မွန်ဘုရင်၊ ရခိုင်ဘုရင်တွေရဲ့ ဆက်ဆံရေးဟာ ကန်တော့ခံ ဆက်ဆံရေး၊ စစ်ပွဲရှိရင် စစ်သားဆင့်ခေါ်တဲ့ ဆက်ဆံရေး သာသာပဲ ရှိခဲ့တာပါ။ ဗြိတိသျှခေတ်မှာလည်း တောင်ပေါ် ဒေသတွေကို သီးခြားခွဲထားတဲ့ နယ်မြေတွေအဖြစ် ပြည်မကနေ ခွဲပြီး တဆင့်ခံ အုပ်ချုပ် ခဲ့တဲ့အတွက် နိုင်ငံရေး၊ စီးပွားရေးမှာ မြေပြန့်နဲ့ ကွာဟတဲ့ အဖြစ် ရောက်ခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်မတိုင်မီက မြန်မာအစိုးရတွေမှာ ကရင်၊ မွန်၊ ရခိုင်နဲ့ တရုတ်ဝန်ကြီးတချို့ ပါခဲ့ပေမဲ့ တောင်ပေါ်ဒေသတွေကို ကိုယ်စားပြုခဲ့တာ မဟုတ်ပါဘူး။ ၁၉၄၇ ဗိုလ်ချုပ်အောင်ဆန်းအစိုးရကစပြီး တောင်တန်း ဒေသအတိုင်ပင်ခံ ဝန်ကြီးအဖြစ် မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်းနဲ့ သူ့ရဲ့ လက်ထောက် ကချင်နဲ့ ချင်း အတိုင်ပင်ခံတွေအဖြစ် ဆမားဒူးဝါးဆင်ဝါးနောင်နဲ့ ဦးဝမ်ကိုဟောတို့ကို ခန့်အပ်ခဲ့ပါတယ်။ တစ်နိုင်ငံလုံး ကိုယ်စားပြုတဲ့ အစိုးရကိုတော့ ၁၉၄၈ မှ စတင်ဖွဲ့စည်းနိုင်တာပါ။

ဒါကြောင့် ရာစုနှစ်တွေအတွင်း ပထမဆုံးအကြိမ် ဗဟိုအစိုးရတစ်ခုတည်းက အုပ်ချုပ်တဲ့ စနစ်ကို ကျင့်သုံးရာမှာ အခက်အခဲ၊ မယုံကြည်မှုနဲ့ အမြင်ကွာခြားမှု တွေနဲ့ ရင်ဆိုင်ခဲ့ရသလို ပြည်တွင်းစစ်နဲ့လည်း တိုးခဲ့ရတဲ့အတွက် ဒီမိုကရေစီစနစ်ကို ဖော်ဆောင်လို့ မရနိုင်အောင် ဖြစ်ခဲ့ပါတယ်။ ဒီအတွက် ပြည်ထောင်စု စစ်စစ်လို့ ဆိုတဲ့ ဖက်ဒရယ်မူတွေ အခြေခိုင်ရေး နှောင့်နှေးခဲ့သလို ပြည်တွင်းစစ်လည်း အနှစ် ၇ဝ ကျော်တဲ့ထိ သက်ဆိုးရှည်သွား ခဲ့ပါတယ်။ ဒီစစ်ပွဲတွေ အတွင်း အစိုးရတပ်တွေကို ချဲ့ထွင်ခဲ့ရတဲ့အတွက် မြန်မာ စစ်ဗိုလ်ချုပ်တွေ အင်အားကြီး လာပြီး အနှစ် ၆ဝ နိုင်ငံအာဏာကို တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက် ယူတဲ့အထိလည်း ဖြစ်ခဲ့ပါတယ်။

ပထမဆုံး အစိုးရ ဝန်ကြီးများ

ဒီအစိုးရမှာ နိုင်ငံ အထွတ်အထိပ် ယာယီ သမတအဖြစ် တိုင်းပြည်ပြု လွှတ်တော် ဥက္ကဋ္ဌ ဖြစ်တဲ့ ညောင်ရွှေစော်ဘွားကြီး စဝ်ရွှေသိုက်ကို တင်မြှောက် ထားပါတယ်။ နောက် အာဏာအရှိဆုံး ဖြစ်တဲ့ နန်းရင်းဝန် လို့ ခေါ်တဲ့ ဝန်ကြီးချုပ် ရာထူးကို သခင်နုခေါ် ဦးနုက ရယူထားပြီး သူ့လက်ထောက်အဖြစ် ဗိုလ်လက်ျာက ဒုတိယနန်းရင်းဝန်နဲ့ ကာကွယ်ရေး ဝန်ကြီး ဖြစ်ခဲ့ပါတယ်။ နိုင်ငံခြားရေး ဌာနကိုတော့ အိန္ဒိယ ပဋိညာဉ်ခံ အရာရှိဟောင်း ဦးတင်ထွဋ်က တာဝန်ယူပါတယ်။ အာဏာရ ဖဆပလအဖွဲ့ချုပ်မှာ ကွန်မြူနစ်တွေ မရှိတဲ့နောက် အင်အားအကြီးဆုံး ဖြစ်တဲ့ ဆိုရှယ်လစ်ပါတီက ဦးကျော်ငြိမ်းက ပြည်ထဲရေး ဝန်ကြီး၊ ဦးကိုကိုကြီးက ကူးသန်း ရောင်းဝယ် ရေး၊ ထောက်ပံ့ရေးနဲ့ သယ်ယူပို့ဆောင်ရေး၊ သခင်တင်က စိုက်ပျိုးရေးနဲ့ သစ်တော တာဝန်တွေ ယူခဲ့ကြပါတယ်။ တခြား အင်အားစုတွေထဲက အာဇာနည် လုပ်ကြံမှုမှာ အသက်လွတ်ပြီး ကျန်ရစ်ခဲ့တဲ့ ဗမာနိုင်ငံလူငယ်များအစည်းအရုံး ဥက္ကဋ္ဌ ပုဂံဦးဗဂျမ်းနဲ့အတူ ပြည်သူ့ရဲဘော် ခေါင်းဆောင် ဗိုလ်ဖိုးကွန်း၊ ဗိုလ်စိန်မှန်တို့လည်း ဝန်ကြီးနေရာတွေ ယူခဲ့ကြပါတယ်။ ဖဆပလထဲက လုပ်ငန်းရှင်နဲ့ စီးပွားရေး သမားကြီးတွေ ဖြစ်တဲ့ မြန်မာ့အလင်း ဦးတင်နဲ့ ဟင်္သာတ ဦးမြတို့လည်း ဘဏ္ဍာရေးနဲ့ အခွန်၊ အမျိုးသားစီမံကိန်း၊ စက်မှုလက်မှုနဲ့ သတ္တုတွင်း ဌာနတွေကို ခွဲဝေ တာဝန်ယူခဲ့ကြပါတယ်။

ဒီ ပြည်ထောင်စု အစိုးရမှာ မြန်မာတွေသာမက ကရင် လူနည်းစု ထဲက မန်းဝင်းမောင်လည်း ဝန်ကြီး အဖြစ် ပါဝင်ပြီး နောင်မှာ သူ့ကို တတိယမြောက် သမတ အဖြစ် တင်မြှောက်ခဲ့ပါတယ်။ တခါ အာဇာနည် လုပ်ကြံမှုက မသေဘဲ ကျန်ရစ်ခဲ့တဲ့ ဝန်ကြီးဦးအောင်ဇံဝေရဲ့ ညီငယ် ဖက်ဆစ် တော်လှန်ရေး ခေတ်က ရခိုင် ပြောက်ကျားခေါင်းဆောင် ဦးညိုထွန်းလည်း ပြန်ကြားရေးဝန်ကြီး ဖြစ်ခဲ့ပါတယ်။

ဒီအစိုးရမှာ အရေးကြီးတဲ့ ရှမ်းပြည်နယ် ဝန်ကြီး အဖြစ် ပင်လုံစာချုပ် လက်မှတ်ထိုးရာမှာ ပါဝင်ခဲ့တဲ့ လင်းခေးဦးထွန်းမြင့်ခေါ် ဦးထွန်းမြင့်ကြီးက ပါဝင်ပြီး ကချင်ဝန်ကြီး အဖြစ် ဆမားဒူးဝါးဆင်ဝါးနောင်၊ ချင်းရေးရာ ဝန်ကြီးအဖြစ် ဦးဝမ်းသူးမောင်နဲ့ ကရင်နီဝန်ကြီး အဖြစ် စဝ်ဝဏ္ဏတို့ ပါဝင်ပါတယ်။ ဦးထွန်းမြင့်ကြီးကို ခန့်ထားပြီး မကြာခင်မှာ စော်ဘွားတွေရဲ့ ကန့်ကွက်မှုကြောင့် ဦးထွန်းမြင့်ကို စက်မှုလက်မှု ဝန်ကြီး နေရာပေးပြီး သူ့နေရာမှာ မိုးမိတ် စော်ဘွား စဝ်ခွန်ချိုကို ပြောင်းခန့်ခဲ့ပါတယ်။ အာဇာနည် မိုင်းပွန်စော်ဘွားကြီးရဲ့ သမီးယောက်ဖ ဖြစ်တဲ့ စဝ်ခွန်ချိုဟာ ဦးနုနဲ့ ရင်းနှီးသူလည်း ဖြစ်တဲ့ အတွက် ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ အိမ်စောင့်အစိုးရ ခေတ်ကလွဲပြီး ၁၉၄၈ ကနေ ၁၉၆၂ ခုနှစ်ထိ ရှမ်းပြည်နယ် ဝန်ကြီးနဲ့ ရှမ်းအစိုးရ ခေါင်းဆောင် ဖြစ်ခဲ့ပါတယ်။ ရှမ်းနဲ့ ကယားပြည်နယ်တွေမှာ ရိုးရာအရ အုပ်ချုပ်ခဲ့တဲ့ စော်ဘွားတွေဟာ ၁၉၄၇ အခြေခံဥပဒေက ပေးတဲ့ အခွင့်အရေးတွေနဲ့ ဆက်လက်ကြီးစိုးပြီး ချင်းဝိသေသတိုင်းမှာ တောင်အုပ်စနစ်ကို ဖျက်သိမ်းခဲ့တဲ့အတွက် တောင်ပေါ်ပြည်နယ်တွေရဲ့ နိုင်ငံရေးစနစ်ဟာ အရှေ့နဲ့ အနောက် မတူဘဲ ကွဲပြားခဲ့ပါတယ်။ မဖွဲ့စည်းရသေးတဲ့ ကရင်ပြည်နယ်အတွက် ကရင်ရေးရာဝန်ကြီးနေရာမှာတော့ စောစံဘိုးသင်ကို ခန့်အပ်ခဲ့ပါတယ်။

ယာယီ လွှတ်တော် ဥက္ကဋ္ဌအဖြစ် ပျော်ဘွယ်ဦးမြကို ခန့်ပါတယ်။ ဦးမြဟာ သူ့ရဲ့ ယောက်ဖဝမ်းကွဲ ဗိုလ်ချုပ်အောင်ဆန်း အစိုးရကို လုပ်ကြံမှုမှာ မသေဘဲ ကပ်လွတ်သွားခဲ့တဲ့ ဝန်ကြီးတယောက်လည်း ဖြစ်ပါတယ်။ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားဝန်ကြီးချုပ် အဖြစ် ဗြိတိသျှခေတ်မှာ တရားဝန်ကြီး လုပ်ခဲ့တဲ့ ဆာဘဦးကို ခန့်ထားပါတယ်။ ၁၉၅၂ မှာ ဆာဘဦး သမ္မတ ဖြစ်လာပြီးနောက် ဆာဘွဲ့ကို စွန့်လွှတ်ပြီး ရန်ကုန် တက္ကသိုလ်က ဂုဏ်ထူးဆောင်ပေးတဲ့ ဥပဒေပါရဂူဘွဲ့ကို ခံယူတဲ့အတွက် ဒေါက်တာဘဦးလို့ လူသိများပါတယ်။ ဟိုက်ကုတ် တရားလွှတ်တော် ဝန်ကြီးချုပ်အဖြစ် ဝါရင့် နိုင်ငံရေး ခေါင်းဆောင်နဲ့ ဗြိတိသျှခေတ် ရှေ့နေချုပ် ဟောင်း ဦးသိမ်းမောင်ကို ခန့်အပ်ခဲ့ပါတယ်။

ပြည်တွင်းစစ်နဲ့ အာဏာလွန်ဆွဲပွဲ

ဒီအစိုးရသက်တမ်းဟာ အစက တိုင်းပြည်ပြုလွှတ်တော် ယာယီပါလီမန်ကို ဖျက်သိမ်းပြီး ရွေးကောက်ပွဲပြန်လုပ်နိုင်တဲ့ထိ တစ်နှစ်ခွဲသာ ရှိပေမယ့် ၁၉၄၈ မတ်လမှာ ကွန်မြူနစ်တွေ တောခိုပြီး ပြည်တွင်းစစ် စဖြစ်လာတဲ့ အတွက် ရွေးကောက်ပွဲ နောက်ဆုတ်ခဲ့ရပါတယ်။ ၁၉၅၁-၅၂ ကျမှ ရွေးကောက်ပွဲ သုံးသုတ်ခွဲ ကျင်းပနိုင်ခဲ့ပါတယ်။ ဒီမတိုင်ခင်မှာ နိုင်ငံရေး ရှုပ်ထွေးလာတဲ့အတွက် ဝန်ကြီးတွေ ထွက်တာ၊ အစိုးရ ပြန်ဖွဲ့တာတွေ ဖြစ်ခဲ့ ပါတယ်။ ကွန်မြူနစ်၊ ဆိုရှယ်လစ်၊ ပြည်သူ့ရဲဘော်တွေအကြားမှာ လက်ဝဲညီညွတ်ရေး တည်ဆောက်မှု မအောင်မြင်တဲ့အဆုံးမှာ တပ်ထဲက ကွန်မြူနစ်အနွယ်တွေနဲ့ ရဲဘော်ဖြူတွေ ၁၉၄၈ ခုနှစ် ဇူလိုင်နဲ့ သြဂုတ်မှာ ပုန်ကန်ကြ ပါတယ်။ အဲဒါတွေ မဖြစ်ခင်မှာ အစိုးရအဖွဲ့နုတ်ထွက်ပြီး ပါလီမန်မစခင် အာဏာကို ထိန်းထားဖို့ တိုင်းစောင့်အစိုးရ ဖွဲ့ခဲ့ပါတယ်။

၁၉၄၉ ဖေဖော်ဝါရီမှာတော့ ကရင်လက်နက်ကိုင်ပုန်ကန်မှု ပေါ်ပေါက်လာပြီး မွန်နဲ့ ပအိုဝ်း ပုန်ကန်မှုတွေ ဖြစ်ခဲ့ပါတယ်။ ရခိုင်မှာတော့ လွတ်လပ်ရေးမရခင်ကတည်းက အလံနီကွန်မြူနစ်တွေက စင်ပြိုင် အစိုးရ ထောင်ပြီး ပုန်ကန်နေကြသလို ၁၉၄၈ မှာလည်း မူဂျာဟစ် ပုန်ကန်မှု ပေါ်ပေါက်ခဲ့ပါတယ်။ ၁၉၄၉ တရုတ်ပြည်မှာ ကွန်မြူနစ်တက်လာပြီးနောက် တရုတ်ဖြူတပ်တွေ မြန်မာနဲ့ လာအိုဘက်ကို ဝင်လာကြပြီး ရှမ်း၊ ကယားနဲ့ တနင်္သာရီဘက်ကို ထိုးဖောက်လာပါတယ်။ ဒီအတွက် ကုလသမဂ္ဂမှာ တိုင်ကြားပေမဲ့ ထိရောက်တဲ့ ကူညီမှု မရတဲ့အတွက် စစ်တပ်ကို တိုးချဲ့ပြီး တိုက်ထုတ်ခဲ့ရပါတယ်။ ၁၉၄၉ တဝိုက်က ပြည်တွင်းသူပုန်တပ်တွေရဲ့ အင်အားက လေးသောင်းခွဲကျော်တယ်လို့လည်း မြန်မာသမိုင်းအဖွဲ့ဝင် ဦးကျော်ငြိမ်း က ၁၉၄၈- ၁၉၅၈ မြန်မာ့နိုင်ငံရေး စာအုပ်မှာ ရေးပါတယ်။

ဒီလို နိုင်ငံရေးအလှည့်အပြောင်းနဲ့ ဖိအားတွေ များတဲ့အတွက် ရာထူးက ထွက်သူ၊ လုပ်ကြံခံရသူ၊ တောခိုသူ ဝန်ကြီးတွေလည်း ရှိလာသလို ဝန်ကြီး အသစ်တွေလည်း ရှိလာပါတယ်။ သခင်နု နေရာကို ဆက်ခံမယ်လို့ မျှော်မှန်းထားကြတဲ့ ဗိုလ်လက်ျာ ဆိုရှယ်လစ်တွေနဲ့ မတည့်လို့ ထွက်ပေးရသလို ဗိုလ်ဖိုးကွန်းလည်း ရဲဘော်ဖြူတွေနဲ့ တောထဲ လိုက်သွားရပါတယ်။ ရဲဘော်ဝါ ခေါင်းဆောင် ဗိုလ်စိန်မှန်ကတော့ ဖဆပလဘက်က ဝင်တိုက် ရင်း သာယာဝတီမှာ ကျဆုံးလို့ အာဇာနည်ကုန်းမှာ သင်္ဂြိုဟ် ခဲ့ပါတယ်။ နိုင်ငံခြားရေးဝန်ကြီး ဦးတင်ထွဋ်ကတော့ အစိုးရကနေ ထွက်ပြီး သောင်းကျန်းမှု နှိမ်နင်းရေးတပ်သစ်ထောင်ကာ ကွန်မြူနစ်တွေကို တိုက်ဖို့ လုံးပန်း နေတုန်း ကားဗုံးထောင် လုပ်ကြံခံခဲ့ရပါတယ်။ ဦးဗဂျမ်း၊ ဦးအောင်ဇံဝေ၊ ဦးညိုထွန်းတို့ ရာထူးက ထွက်ကြပြီး စောစံဘိုးသင် ၁၉၅ဝ မှာ အဖမ်းခံ ရပြီးနောက် ပြန်လွတ်ချိန်မှာ တောခိုခဲ့ပါတယ်။ ဆိုရှယ်လစ်ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီးကိုတော့ လာဘ်စားမှုနဲ့ စွပ်စွဲပြီး ဖယ်ရှားခဲ့ကြပါတယ်။

၁၉၄၉ မှာတော့ စစ်သေနာပတိချုပ် ဗိုလ်နေဝင်းနဲ့ တရားလွှတ်တော်ချုပ် တရားဝန်ကြီး ဒေါက်တာဧမောင်တို့ကို အမတ်မဟုတ်တဲ့ ဝန်ကြီးများ အဖြစ် ဒုဝန်ကြီးချုပ်၊ ကာကွယ်ရေးနဲ့ နိုင်ငံခြားရေး၊ တရားရေး၊ ကျန်းမာရေး စတဲ့ နေရာတွေ ခြောက်လ ကိုင်စေခဲ့ ပါတယ်။ ရဲဘော်ဝါထဲက ဗိုလ်မှူးအောင်နဲ့ ဗိုလ်လှအေး၊ ဆိုရှယ်လစ်ထဲက ဦးအုန်း၊ ဦးကျော်မြင့်ကလေးနဲ့ သခင်လွင်၊ ကရင်ထဲက မန်းဘဆိုင်တို့ ဝန်ကြီးအသစ်တွေ ဖြစ်လာသလို ဦးဝင်း၊ ဦးထွန်းဖေ စတဲ့ လွတ်လပ်ရေး လှုပ်ရှားမှု မှာ မပါခဲ့တဲ့ ဖဆပလအမတ်တွေကိုလည်း ကာကွယ်ရေး၊ ပြည်ထဲရေး၊ ပညာရေးနဲ့ ပြန်ကြားရေး ဝန်ကြီးနေရာတွေ ပေးခဲ့ပါတယ်။

ပြောင်းလဲသွားတဲ့ အစိုးရမြင်ကွင်း

၁၉၅၂ မှာ လွှတ်တော်နှစ်ရပ်ပါဝင်တဲ့ ပါလီမန်အသစ်က အစိုးရသစ်ကို တင်မြှောက်ပြီးချိန်မှာတော့ ဖဆပလအစိုးရမှာ ဆိုရှယ်လစ်တွေ အဓိက ကြီးစိုးထားတာကို တွေ့ရပါတယ်။ အချိန်ခွဲကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ ဘက်လိုက် သတ်ဖြတ်တာတွေ အများအပြား ဖြစ်ခဲ့ကြောင်း ဦးကျော်ငြိမ်းက ၁၉၄၈- ၁၉၅၈ မြန်မာ့နိုင်ငံရေး စာအုပ်မှာ ရေးပါတယ်။ ဆိုရှယ်လစ်ထဲက လက်ဝဲပိုယိမ်းတဲ့ ဆိုရှယ်နီတွေ ခွဲထွက်ပြီး ပါတီသစ် ထောင်ကာ တခြားပါတီငယ်တွေနဲ့ ပေါင်းပြီး အတိုက်အခံ အင်အားစုတရပ် ပမညတ ဆိုပြီး ဖြစ်လာခဲ့ပါတယ်။ တစ်နှစ်အတွင်း ငြိမ်းချမ်းရေး ဆိုပြီး ၁၉၄၉ မှာ ကြေညာကာ ပုန်ကန်မှုတွေ ချုပ်ငြိမ်းဖို့ ဖဆပလက ကြိုးစားခဲ့ပါတယ်။ အဲဒီနောက် ငြိမ်းချမ်းရေးမှ တည်တံ့ခိုင်မြဲရေးသို့ ဆိုပြီး ကြွေးကြော်ခဲ့ပြန်ပါတယ်။ ဒီစစ်ဆင်ရေးတွေအတွင်း ကျေးလက်က အရပ်သားတွေရဲ့ အသက်အိုးအိမ်တွေ ထိခိုက်ဆုံးရှုံးခဲ့ရသလို ရောင်စုံလက်နက်ကိုင်တွေကြား မနေရဲကြတဲ့အတွက် မြို့တွေကို ပြေးလာ သူတွေနဲ့ စျေးပေါတဲ့ အလုပ်သမားစျေးကွက်ကြီး ပေါ်လာခဲ့ပါတယ်။ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ဆွေးနွေးပွဲတွေ အကြိမ်ကြိမ် လုပ်ခဲ့ကြပြီး လက်နက်ချတာတွေ ရှိခဲ့တာတောင် ပြည်တွင်းစစ် အမြစ်ပြတ်မသွားဘဲ အနှစ် ၇ဝ ကျော် ဆက်ရှိနေသလို ဖဆပလ နှစ်ခြမ်းကွဲသွားပြီးနောက် အိမ်စောင့်အစိုးရ တက်လာချိန်ကစပြီး စစ်တပ်ရဲ့အာဏာက နိုင်ငံမှာ ပိုကြီးလာပါတယ်။ ၁၉၆၂ မှာ ဖက်ဒရယ်မူ အကြောင်းပြ အာဏာသိမ်းလိုက်ပြီးနောက် အရပ်သား နိုင်ငံရေးသမားတွေ လက်ထဲ အာဏာအပြည့် ပြန်မရောက်တော့ဘဲ စစ်ခေါင်းဆောင် ငါးယောက် ပြောင်းလွှဲအုပ်ချုပ်ခဲ့ကြပါတယ်။

တခြားဘက်မှာတော့ ပြည်တော်သာစီမံကိန်းကို ဖော်ဆောင်ပြီး ဗိုလ်ချုပ်အောင်ဆန်း ချမှတ်ခဲ့တဲ့ ဆိုရန်တိုဗီလာအိပ်မက်ကို ဆက်အသက်သွင်း ခဲ့ကြ ပါတယ်။ ကိုရီးယားစစ်ပွဲအတွင်း ဆန်ရောင်းလို့ရတဲ့အမြတ်ငွေနဲ့ လူမှု စီးပွားရေးလုပ်ငန်းကြီးတွေ မတည်ခဲ့ကြသလို အမေရိကန်၊ ဆိုဗီယက်၊ တရုတ် စတဲ့ နိုင်ငံစုံက အကူအညီတွေယူပြီး နိုင်ငံ ပြန်လည်ထူထောင်ဖို့ ကြိုးစားပါတယ်။ ၁၉၆၂ နောက်ပိုင်း ပြည်သူပိုင်သိမ်းတာနဲ့အတူ နိုင်ငံ စီးပွားရေး ဖရိုဖရဲ ဖြစ်လာတဲ့အတွက် ဖဆပလခေတ်က ကြိုးပမ်းမှုတွေ ပျက်ခဲ့ရပါတယ်။ ဘာသာရေးဘက်က ဆဋ္ဌသင်္ဂါယနာတင်တာ၊ နိုင်ငံတော်ဘာသာပြဋ္ဌာန်းတာ စတာတွေကြောင့် ကချင်လက်နက်ကိုင် ပုန်ကန်မှု ဖြစ်လာပြီး စော်ဘွားတွေ အာဏာစွန့်ပြီးနောက် ရှမ်းလက်နက်ကိုင်အဖွဲ့လည်း ပေါ်လာခဲ့ပါတယ်။

ပြည်တွင်းစစ်ရှည်ကြာမှု အကျိုးဆက်အဖြစ် တပ်ချုပ်ရာထူးကို ဗိုလ်ချုပ်ကြီးနေဝင်းက ဆယ်နှစ်ကျော် ယူထားပြီးနောက်မှာ သူ့ကို ဖယ်ရှားပြီး နောက်တပ်ချုပ် တင်ဖို့ ခက်လာပါတယ်။ သူပုန်နှိမ်နင်းရေးအတွက် ဖွဲ့ထားတဲ့ ကာကွယ်ရေးနဲ့ ပြူစောထီး စတဲ့ နိုင်ငံရေးခါးပိုက်ဆောင် တပ်တွေကိုလည်း အိမ်စောင့်ခေတ်မှာ ရှင်းလင်းထားတဲ့အတွက် ၁၉၆ဝ နောက်ပိုင်း မြေပြန့်ဒေသတွေမှာ တပ်ရဲ့အာဏာက ပိုခိုင်သွားပါတယ်။ ဒါကြောင့် ၁၉၆၂ အာဏာသိမ်းပြီးနောက် စစ်အစိုးရကို ခုခံနိုင်တဲ့ မြန်မာသူပုန်အဖြစ် ပဲခူးရိုးမက ဗကပတပ်တွေသာ ကျန်ရစ်ပြီး သူတို့ကိုလည်း ဖြတ်လေးဖြတ်နဲ့ ချေမှုန်း ခဲ့ပါတယ်။ နိုင်ငံရေးခေတ် ၁၄ နှစ်မှာ ခြစားမှု၊ အာဏာအလွဲသုံးမှု၊ စစ်တပ်ကို လက်ကိုင်ပြုပြီး နယ်တွေမှာ ဖိနှိပ်ခဲ့မှုတွေနဲ့ နာမည်ပျက်ခဲ့တဲ့ ဖဆပလနဲ့ ပထစ နိုင်ငံရေးသမားတွေလည်း နိုင်ငံရေး ပြန်မထူနိုင်တော့ဘဲ ဦးနုရဲ့ ပြည်ပြေးလှုပ်ရှားမှုလည်း အရှုံးနဲ့ ချုပ်ငြိမ်းခဲ့ပါတယ်။

၁၉၄၈ ပထမ အစိုးရထဲက ဗိုလ်ချုပ်ကြီးနေဝင်းခေတ်ထိ ပါလာသူ တစ်ယောက်ကတော့ လင်းခေးဦးထွန်းမြင့်ဖြစ်ပြီး ၁၉၇၄ မှာ နိုင်ငံတော်ကောင်စီဝင် ဖြစ်ခဲ့ပါတယ်။ နောက် ဦးနုနဲ့ သဘောကွဲပြီး အစိုးရထဲက ထွက်ခဲ့တဲ့ ဦးထွန်းဖေလည်း ရာထူးဝန် ဖြစ်ခဲ့ပါတယ်။ ၁၉၄၈ မှာ တောခိုခဲ့တဲ့ ဗိုလ်ဖိုးကွန်းကို စစ်အစိုးရခေတ်မှာ သံအမတ်အဖြစ် မော်စကိုကို လွှတ်ခဲ့သလို ၁၉၆၂ မှာ သမတ မဖြစ်လိုက်တဲ့ ဆမားဒူးဝါး ကိုလည်း တရုတ်ပြည် သံအမတ် ခန့်ခဲ့ပြီး ဦးညိုထွန်းကိုတော့ သြစတြေးလျနဲ့ ဖိလစ်ပိုင်ကို စေလွှတ်ခဲ့ပါတယ်။ လာဘ်စားမှုနဲ့ ထွက်ခဲ့ရတဲ့ ဦးကိုကိုကြီးကတော့ ဗိုလ်မှူးချုပ်တင်ဖေ၊ ဗိုလ်မှူးကြီး ကျော်စိုးတို့ရဲ့ သဘောတရားရေးဆရာအဖြစ် ၁၉၆၂ နောက်ပိုင်းမှာ ပေါ်လာခဲ့ပါတယ်။

တဖက်မှာတော့ စစ်တပ်နဲ့ မပြေလည်တဲ့ သမတဟောင်း စဝ်ရွှေသိုက် အကျဉ်းထောင် ထဲမှာ ကွယ်လွန်သလို ဒုဝန်ကြီးချုပ်ဟောင်း ဗိုလ်လက်ျာ တောထဲ မှာ လုပ်ကြံခံ ခဲ့ရပါတယ်။ ဦးဝင်းကတော့ ဦးနု တော်လှန်ရေးကို ပူးပေါင်းဖို့ ၁၉၆၉ မှာ လိုက်အသွား လမ်းမှာ နှလုံးရောဂါနဲ့ ကွယ်လွန်ခဲ့ပါတယ်။ မြောက်ပိုင်းသားတွေ ကြီးစိုးတဲ့ ချင်းနိုင်ငံရေးမှာ နေရာမရခဲ့တဲ့ ဦးဝမ်းသူးမောင်ကတော့ တော်လှန်ရေး ကောင်စီတက်စမှာ ရပ်ရွာလုပ်ငန်းတွေကို ကူညီပေးရင်း ကားမှောက် ကွယ်လွန်ခဲ့ပါတယ်။

၁၉၄၈ -၁၉၅၂ ကြားက လွတ်လပ်ရေးအစိုးရဟာ ပြည်တွင်းစစ်မုန်တိုင်းကို ကျော်နိုင်ခဲ့ပေမယ့် အဲဒီနောက်ဆက်တွဲ စစ်အရာရှိ လူတန်းစား ရဲ့ အာဏာတက်လာမှုကိုတော့ မခုခံနိုင်ခဲ့ပါဘူး။ လူမျိုးစုတွေနဲ့ အာဏာညှိနှိုင်းအုပ်ချုပ်မှုဟာလည်း ခေါင်းဆောင်ချင်း ရင်းနှီးမှုကို အခြေခံတဲ့အဆင့်က မတက်ခဲ့လို့ ပြည်ထောင်စုပုံစံ မဖော်ဆောင် နိုင်ခဲ့သလို စစ်တပ်ခေတ်မှာလည်း သစ္စာရှိ လူမျိုးစု ခေါင်းဆောင်လူတန်းစားကို မွေးထုတ် ပြီး အုပ်ချုပ်တာကို ယခုထိ တွေ့ရဆဲ ဖြစ်ပါတယ်။