ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဝန်ကြီးတွေ ဆေးတံသောက်တဲ့လွှတ်တော်၊ ဘက်ဂျက်နဲ့ အာဏာလုပွဲ
- ရေးသားသူ, ဘိုဘို
- ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း
ဂျပန်က ဒိုင်းယက်၊ ဗြိတိန်က ပါလီမန်၊ အမေရိကန်က ကွန်ဂရက်၊ အစ္စရေးက ခနက်ဆက်၊ နယ်သာလန်က စတိတ် ဂျင်နရယ်၊ ထိုင်းက ရဋ္ဌသဘာ စတဲ့ နိုင်ငံတကာက ဥပဒေပြုအဖွဲ့အစည်းတွေလိုပဲ မြန်မာပြည်မှာလည်း လွှတ်တော်ဆိုတဲ့ သီးခြားနာမည် တမျိုးနဲ့ ခေါ်ဆိုတာ တွေ့ရပါတယ်။
လွှတ်တော်ဇာစ်မြစ်
ဒီစကားလုံးက မြန်မာဘုရင်ခေတ်က လွှတ်ရုံးငါးရပ်မှာ ပါဝင်တဲ့ လွှတ်တော်က လာတာဖြစ်ပေမယ့် နဂိုမူလလွှတ်တော်နဲ့ ပုံစံဟန်ပန် ကွဲပြားပါတယ်။ ဘုရင်ခေတ်က လွှတ်တော်ဟာ ဥပဒေပြုရေးထက် အုပ်ချုပ်ရေး၊ တရားစီရင်ရေးတွေကို အဓိကလုပ်ရတဲ့ အမြင့်ဆုံး ရုံးကြီးဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံရဲ့ အမြင့်ဆုံး ဥပဒေပြုရေးနဲ့ တရားရေးရုံးတွေကို လွှတ်တော်အမည်နဲ့ တွဲပြီခေါ်တာကို ၁၉၆၂ ထိ တွေ့ခဲ့ရသလို ၂ဝ၁၁ နောက်ပိုင်းမှာလည်း ပြည်ထောင်စု လွှတ်တော်၊ ပြည်ထောင်စုတရားလွှတ်တော် စတဲ့ အမည်တွေသုံးတာ တွေ့ရပါတယ်။
လွှတ်တော်ကို ပျူစောထီးလက်ထက်က စတယ်၊ နားတောင်းများမင်းလက်ထက်စတယ် ဆိုပြီး ရွှေဘုံနိဒါန်း စတဲ့ ကျမ်းတွေက ဆိုပေမယ့် ကုန်းဘောင် ခေတ်မှ အခိုင်အမာ ပေါ်လာတာလို့ မောင်သန်းဆွေ (ထားဝယ်)က ရေးပါတယ်။ ပုဂံခေတ်ကျောက်စာတွေမှာ လွှတ်တော် စကားလုံး မတွေ့ဘဲ ကွန်ပြောက်၊ ကွန်သာယာ၊ ကွန်မြင်၊ ကွန်စင်ကြယ် စတဲ့ ရုံးမှာ အုပ်ချုပ်ရေးကိစ္စတွေ စီမံခန့်ခွဲခဲ့တယ်လို့ ဒေါက်တာ သန်းထွန်းက ပုကံခေတ် အုပ်ချုပ်ရေးစာတမ်းမှာ ဆိုပါတယ်။
လွှတ်ဆိုတဲ့ စကားလုံးဟာ အသက်လွှတ်တာ၊ ခွင့်ပေးတာ၊ ထုတ်ပြန်တာ စတဲ့ ကိစ္စတွေမှာ သုံးတဲ့စကားဖြစ်ပြီး ဘုရင့်အမိန့်နဲ့ အုပ်ချုပ်ရေး ကိစ္စတွေ ဆောင်ရွက်ခွင့်ပြုတဲ့ နေရာလို့ အဓိပ္ပာယ်ရပါတယ်။ တခါ ဘုရင်ကို ဆက်သတဲ့ အခွန်အတုပ်တွေပေးတဲ့နေရာလို့ သက်ရောက် ကြောင်းလည်း မြန်မာ့စွယ်စုံကျမ်းက ဖော်ပြပါတယ်။ ရှေးမြန်မာလွှတ်တော်ရဲ့ မူလတာဝန်ကိုးရပ်ကနေ ဘကြီးတော်ဘုရားလက်ထက်မှာ နိုင်ငံခြားရေး တိုးပြီး အားလုံး ဆယ်မျိုးရှိတယ်လို့လည်း သိရပါတယ်။ ဒီတာဝန်တွေကတော့ ဥပဒေပြုရေး၊ ရာထူးခန့်ရေး၊ သာသနာရေး၊ စစ်ရေး၊ တရားရေး၊ အခွန်အတုပ်၊ လယ်ယာဌာန၊ ဆောက်လုပ်ရေးနဲ့ စာပေးစာယူ ကိစ္စတွေလို့ ဆိုပါတယ်။
လွှတ်ရုံးငါးရပ်
ဗြဲတိုက်၊ ရှေ့ရုံး၊ နောက်ရုံး၊ တရားရုံး စတဲ့ တခြားရုံးတွေနဲ့ စုပေါင်းပြီး လွှတ်ရုံးငါးရပ်အဖြစ် သတ်မှတ်ရာမှာ လွှတ်တော်က အမြင့်ဆုံး ဖြစ်ပါတယ်။ လွှတ်တော်ဝန်ကြီးလေးပါးဟာ ဘုရင်နဲ့ အိမ်ရှေ့မင်းအောက်မှာ အာဏာ အရှိဆုံး အရာရှိတွေ ဖြစ်သလို စစ်ဘက် အရပ်ဘက် နှစ်မျိုးလုံး ပူးတွဲ ထမ်းဆောင်ကြသူတွေ ဖြစ်ပါတယ်။ ဒီဝန်ကြီးတွေ လမ်းထွက်ရင် လွှတ်တော်ရှေ့လိုက် အမှုထမ်းတွေက ရှေ့ကနေပြီး ဝဲယာကြိမ်တွေ ထောင်ပြီး ကိုင်လိုက်ရတယ်လို့ ဆိုပါတယ်။
ဒီလွှတ်တော်အဆောက်အဦဟာ မန္တလေးနန်းတွင်း မြေနန်းတော်ရဲ့ အရှေ့ တံခါးနီပြင်ဘက် တောင်မျက်နှာမှာ တည်ရှိပြီး ပျောက်ကွယ် သွားပြီ ဖြစ်ပါတယ်။ ဒီလွှတ်တော်မှာ ထားရှိတဲ့ သီဟာသနပလ္လင်ကိုတော့ အိန္ဒိယကို ပို့လိုက်တဲ့အတွက် မပျက်မစီးကျန်ရစ်ပြီး လွတ်လပ်ရေး ရပြီးနောက် မြန်မာနိုင်ငံကို ပြန်လည်လွှဲအပ်ပေးခဲ့ပါတယ်။ အရင်က သမ္မတအိမ်တော်မှာ ထားခဲ့ပြီး အခု ရန်ကုန် အမျိုးသား ပြတိုက်မှာ ပြသထားပါတယ်။ ဒီပလ္လင် ကို သီပေါမင်းနဲ့ စုဘုရားလတ်တို့ လွှတ်တော်ထွက်ပြီး တရားစီရင်ရာမှာ သုံးခဲ့ကြကြောင်းလည်း ဦးမောင်မောင်တင်ရဲ့ ကုန်းဘောင်ဆက် မဟာရာဇဝင်တော်ကြီး က ဖော်ပြခဲ့ပါတယ်။
ဘုရင်လွှတ်တော်မှာ ဝန်ကြီးနဲ့ အဆင့်မြင့်အရာရှိတွေသာ ကွမ်းထွေးပေါက် ထားခွင့်ပြုပြီး သူတို့အစေအပါးတွေက ကြမ်းပေါက်ကနေ ဆေးတံထိုးပေးရတယ်လို့ ဆိုပါတယ်။ လွှတ်တော်ဝန်ကြီးတွေဟာ အဂ္ဂမဟာသေနာပတိ ရာထူးနဲ့ စစ်ဘက်တာဝန်တွေကိုလည်း ထမ်းဆောင်ရတတ်ပြီး ဗိုလ်မှူးဝန်ကြီးအဆင့် သတ်မှတ်ခံရသူတွေ ဖြစ်ပါတယ်။ ကင်းဝန်မင်းကြီး၊ တိုင်တားမင်းကြီး၊ ခန်းပတ်မင်းကြီး၊ လောင်းရှည်ဝန်ကြီးနဲ့ ရေနံချောင်းမင်းကြီး စသူတွေဟာ မင်းတုန်းမင်းနဲ့ သီပေါမင်းခေတ်က လွှတ်တော်ဝန်ကြီးတွေ ဖြစ်ကြပါတယ်။
ရခိုင်ပြည်မှာ ဘုရင်သီးခြားအုပ်ချုပ်စဉ်က အလားတူ အမတ်ကြီးလေးပါးနဲ့ အုပ်ချုပ်ပြီး ကိုယ်ရံကြီး၊ ပြည်စိုးကြီး၊ ဆင်ကဲကြီး၊ ဓားပိုင်ကြီး စသဖြင့် အာဏာရှိကြတယ်လို့ ပုဂံဝန်ထောက်ဦးတင်က ဆိုပါတယ်။
သီပေါမင်း ပါတော်မူပြီးနောက် ကာနယ်စလေဒင်ကြီးမှူးပြီး လွှတ်တော်ကနေ အထက်မြန်မာနိုင်ငံကို ၁၈၈၆ မတ်လထိ အုပ်ချုပ်ခဲ့တယ် လို့လည်း ဒေါ်ကြန်ရဲ့ မြန်မာနိုင်ငံအခြေအနေ( ၁၈၈၅ -၁၈၈၆)မှာ ပါရှိပါတယ်။ ၁၈၈၆ ဖေဖော်ဝါရီမှာ မန္တလေးလာတဲ့ အိန္ဒိယ ဘုရင်ခံချုပ်ဆီကို လွှတ်တော်ဝန်ကြီး ဝန်ထောက်တွေ စုရုံးပြီး ဗိုလ်ချုပ်ကြီးပရင်ဒါဂတ်ရဲ့ကတိနဲ့အညီ မြန်မာမင်းရိုးနဲ့ နိုင်ငံကို ပြန်အုပ်ချုပ်ခွင့်ပေးဖို့ တောင်းဆိုပြီးနောက် လွှတ်တော် ဖျက်သိမ်းခံရတာ ဖြစ်ပါတယ်။ ၁၈၆၆ ခုနှစ် မြင်ကွန်းမြင်းခုံတိုင် ပုန်ကန်မှု ဖြစ်စဉ်က လွှတ်တော်ဝင်စီးခံရပေမယ့် လွှတ်တော်နောက်ဘက်လှေကားကနေ နန်းတော်ကို ဝင်လို့ရတာကို မသိတဲ့ သူပုန်တွေကြောင့် နန်းတော် အစီးမခံရဘဲ မင်းတုန်းမင်း အသက်ဘေးက လွတ်သွားခဲ့ပါတယ်။ လွှတ်တော်တိုင်တွေမှာ မြင်ကွန်းဘက်သားတွေရဲ့ ကျည်ဆန်ရာတွေ ရှိခဲ့တယ် လို့လည်း ပုဂံဝန်ထောက်ဦးတင်က မြန်မာမင်းအုပ်ချုပ်ပုံ စာတမ်းမှာ ဖော်ပြခဲ့ပါတယ်။
မင်းတိုင်ပင် လွှတ်တော်
မြန်မာဘုရင်ခေတ်က လွှတ်တော်ဟာ အာဏာရှိတယ်ဆိုပေမယ့် ဘုရင်ကို ဖီဆန်နိုင်တဲ့ အာဏာနည်းပါတယ်။ လွှတ်တော် ရာထူးခန့်ထား ရေးမှာ ဘုရင်က ဝင်မစွက်နိုင်တာမျိုး ရှိပေမယ့် အခုခေတ်လွှတ်တော်လို ပြည်သူ့ ကိုယ်စားလှယ်တွေနဲ့ လည်ပတ်တဲ့ အဖွဲ့အစည်း မဟုတ်ပါဘူး။ ဒါကြောင့် ဗြိတိသျှခေတ် ၁၈၉၇ မှာ စတင်ဖွဲ့စည်းတဲ့ ဘုရင်ခံခန့် ဥပဒေပြုကောင်စီဝင်တွေကို မင်းတိုင်ပင်အမတ်လို့ ခေါ်ရာကနေ လွှတ်တော်တခေတ် ပြန်စခဲ့ ပါတယ်။ ဒီကောင်စီမှာ ကင်းဝန်မင်းကြီး၊ ရွှေတိုက်အတွင်းဝန်စတဲ့ မြန်မာဘုရင်ခေတ်က အရာရှိဟောင်းတွေ ပါဝင်တာကို တွေ့ရသလို အိန္ဒိယဥပဒေပြုလွှတ်တော်ထိ သွားရောက်ထမ်းဆောင်ကြတာကိုလည်း တွေ့ရ ပါတယ်။ ဒီကောင်စီဟာ မင်းတိုင်ပင်ဆိုပေမယ့် ဘုရင်ခံ ငါးမိနစ်လောက်ဖတ်ပြတဲ့ မိန့်ခွန်းကို နားထောင်ပြီး ပြန်ကြတာတွေ ရှိတယ်လို့လည်း သတင်းထောက် ဦးမောင်မောင်ခင်က လူထုဦးလှကို ပြောပြခဲ့ပါတယ်။
၁၉၂၂ ဒိုင်အာခီအုပ်ချုပ်ရေးနဲ့ လုပ်တဲ့ ရွေးကောက်ပွဲမှာ မင်းတိုင်ပင်အမတ်တွေကို ရွေးကောက်တင်မြှောက်တဲ့စနစ် ပေါ်လာပါတယ်။ အခွန်မပေးနိုင်သူတွေ မဲပေးခွင့်မရတဲ့အပြင် ဒီရွေးကောက်ပွဲတွေကို ဝံသာနုဂျီစီဘီအေ က သပိတ်မှောက်တဲ့အတွက် ပထမဆုံး မြန်မာ ရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိတဲ့လူဦးရေရဲ့ ၆ ရာခိုင်နှုန်းဖြစ်တဲ့ လူတသိန်းကျော်ပဲ မဲထွက်ပေးတယ်လို့ မြန်မာ့နိုင်ငံရေးသမိုင်း ၁၉၀၆- ၁၉၃၀ ကရေးပါတယ်။ လှိုင်ပုကျော် ဂျီစီဘီအေအဖွဲ့က သူ့ထောက်ခံသူတွေကို ရွေးကောက်ပွဲ မဲပေးရင် အဝီစိမှ မလွတ်ဘဲ ရှိပါစေသား ဆိုပြီး သစ္စာဆိုခိုင်းခဲ့ပါတယ်။ ဒီလိုသပိတ်မှောက်တဲ့အတွက် ဗြိတိသျှဘက်သား ရွှေတောင်ကြားပါတီနဲ့ ဗြိတိသျှ၊ တရုတ်နဲ့ အိန္ဒိယကုန်သည်ကြီးတွေ လွှတ်တော်မှာ ကြီးစိုးတဲ့ နိုင်ငံရေးဖြစ်လာပါတယ်။
နောက် လွှတ်တော်မှာ နယ်က မလယ်မဝယ်အမတ်တွေကို မြို့ပေါ်က နိုင်ငံရေးခေါင်းဆောင်တွေက သိမ်းသွင်းပြီး လူမွေးတတ်တဲ့ အကြောင်းကိုလည်း သိန်းဖေမြင့်ရဲ့ မင်းတိုင်ပင် ဝတ္ထုတိုမှာ ပါရှိပါတယ်။ ရွှေဘိုနယ် ဘက်က မြေပိုင်ရှင် သူဌေးတယောက် ကတော့ သူ့လယ်မှာ လုပ်တဲ့ လယ်သမားတွေကို မောင်မင်းတို့ နာခံရမည် ဆိုပြီး တရားဟောတတ်တယ်လို့လည်း ဆိုပါတယ်။ တက္ကသိုလ်နွယ်စိုးရဲ့ အငတ်သင်းပါဘိ အမတ်မင်းကိုယ်စားလှယ်တို့ အစချီတဲ့ ကဗျာဟာ အဲဒီခေတ်က ရာထူးယူနိုင်ငံရေး လွှတ်တော်ရဲ့ မြင်ကွင်းဖြစ်ပါတယ်။
၁၉၃၇ အိန္ဒိယက မြန်မာပြည်ကို သီးခြားအုပ်ချုပ်ရေးပေးပြီးနောက် လွှတ်တော်ထဲမှာ သခင်ပါတီက အမတ်သုံးယောက် ရောက်လာ ပါတယ်။ သခင်မြနဲ့ အမတ်တစု ရောက်လာတာကလွဲပြီး သခင်အောင်ဆန်း၊ သခင်နု၊ သခင်သန်းထွန်းစတဲ့ လွတ်လပ်ရေး ခေါင်းဆောင် ဖြစ်လာမယ့် သခင်လူငယ်တွေဟာ လွှတ်တော်နိုင်ငံရေးကို အတိုက်အခံအဖြစ် အကျွမ်းတဝင်မရှိခဲ့ဘဲ ပြင်ပက လှုပ်ရှားခဲ့ကြပါတယ်။
ပြည်ထောင်စုပါလီမန်
ဒုတိယ ကမ္ဘာစစ်ပြီးစ ၁၉၄၇ မှာ ကျင်းပတဲ့ ရွေးကောက်ပွဲကနေ တိုင်းပြည်ပြုလွှတ်တော်ပေါ်လာပြီး အခြေခံဥပဒေ ရေးဆွဲခဲ့ပါတယ်။ အပြီးမသတ်ခင်မှာ ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရတဲ့အတွက် လွှတ်တော်ဥက္ကဋ္ဌ သခင်နုက နန်းရင်းဝန်အဖြစ် ဆက်ခံရပါတယ်။ လွတ်လပ်ရေးရပြီးနောက် ဒီလွှတ်တော်ကို ဖျက်ပြီး ပါလီမန်ရွေးကောက်ပွဲတွေ လုပ်ဖို့ ရှိပေမယ့် ပြည်တွင်းစစ်ကြောင့် နှစ်တွေချီပြီး နောက်ဆုတ်ခဲ့ရပါတယ်။ အမတ်တချို့ တောခိုတာတွေ ဖြစ်သလို ပညာတတ်ဖို့မလိုဘူး၊ သူပြောသလို မဲပေးတတ်သူကိုသာရွေးပေးပါ ဆိုပြီး ဗိုလ်ချုပ်အောင်ဆန်းတင်ခဲ့တဲ့ စစ်ပြန်အမတ်တွေ များလို့ ခေါင်းပေါင်းမပါတဲ့အမတ်တွေနဲ့ တော်လှန်ရေးလွှတ်တော် လို့ ပမညတ ဦးဘညိမ်က ရေးပါတယ်။ လွှတ်တော်အသစ် မရွေးနိုင်ခင်မှာ ဒီလက်ကျန်လွှတ်တော်ကို စတိလောက်ပဲ ကျင်းပတယ်လို့လည်း ဆိုပါ တယ်။
၁၉၅၂ မှာ ပေါ်လာတဲ့ လူမျိုးစုနဲ့ ပြည်သူ့လွှတ်တော်နှစ်ရပ်ပေါင်းကို ပြည်ထောင်စုပါလီမန်အဖြစ် သတ်မှတ်ခဲ့ပါတယ်။ လွှတ်တော် နှစ်ရပ်ပေါင်း အမတ် ၃၇၅ ယောက်ရှိခဲ့ပြီး လူမျိုးစုက ၁၂၅ ယောက်နဲ့ ပြည်သူ့လွှတ်တော်က ၂၅ဝ ရှိပါတယ်။
ဒီပါလီမန်ဟာ ဥပဒေပြုရေး အာဏာပိုင် ဆိုပေမယ့် အစိုးရအဖွဲ့ကို စစ်ဆေးခွင့်၊ ဘက်ဂျက်ခန့်ခွဲခွင့်၊ လက်နက်ကိုင်အဖွဲ့တွေ ဖွဲ့စည်းခွင့်၊ စစ်ကြေညာခွင့်စတဲ့ တခြားအာဏာတွေလည်း ရှိတယ်လို့ ဒေါက်တာအေးမောင်က မြန်မာ့စွယ်စုံကျမ်းမှာ ရေးပါတယ်။ ဗြိတိသျှ ဒီမိုကရေစီစနစ်ကို အခြေခံတဲ့အတွက် ပြည်သူ့လွှတ်တော်က ရွေးချယ်တဲ့ ဝန်ကြီးချုပ်၊ ပါလီမန်က တင်မြှောက်တဲ့ သမ္မတနဲ့ တရား ဝန်ကြီးများ စတဲ့ လွှတ်တော်ရဲ့ အခန်းကဏ္ဍ က ကြီးမားတာကို တွေ့ရပါတယ်။
ဖဆပလခေတ် ပါလီမန်ဟာ အစပိုင်းမှာ ပါတီတခုက ကြီးစိုးပြီး အစိုးရကလည်း လွှတ်တော်ကို ဂရုမစိုက်ရှိခဲ့ပေမယ့် ၁၉၅၆ ရွေးကောက်ပွဲကစပြီး အတိုက်အခံ ပမညတအမတ်တွေ များလာတဲ့အတွက် လွှတ်တော်နဲ့ ပိုတူ လာပါတယ်။ ၁၉၅၈ ခုနှစ် ဖဆပလ နှစ်ခြမ်းကွဲချိန်မှာတော့ အစိုးရကို အယုံအကြည်မရှိ အဆိုတင်သွင်းခံရတဲ့အထိ လှုပ်ရှားလာခဲ့ပါတယ်။
ဒီတင်သွင်းမယ့်ရက်မတိုင်ခင်မှာ အမတ်တွေကို ပြန်ပေးဆွဲသလို လိုက်ပြီး သိမ်းသွင်းတာတွေ ရှိခဲ့တယ်လို့ ၁၉၅၈ -၁၉၆၂ မြန်မာ့နိုင်ငံရေး သမိုင်းမှာ ဖော်ပြပါတယ်။ တန့်ဆည်အမတ်ဦးမိုးပေါက်ကို နု-တင်အုပ်စုက လေယာဉ်နဲ့ခေါ်လာပြီး အင်းစိန်မှာ ဝှက်ထားကာ သူတို့အုပ်စု ထောက်ခံသူအဖြစ် သတင်းစာက ကြေညာခဲ့တယ်လို့ ဆိုပါတယ်။ အမတ်တွေ အသက်အန္တရာယ်အတွက် အကူအညီပေးဖို့ ဝန်ကြီးချုပ် ဦးနုက ခရိုင်ဝန်တွေ ဆီကို ညွှန်ကြားချက်ထုတ်ပေမယ့် မထိရောက်ဘူးလို့လည်း ဆိုပါတယ်။ နောက်ဆုံး အတိုက်အခံ ပမညတအမတ်တွေ အသက်ဘေးစိုးရိမ်ရလို့ သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ရပါတယ်။ အမတ်တွေကို ဆွေငြိမ်းအုပ်စုက အတင်းဆွဲခေါ်ဖမ်းဆီးတာ၊ အမတ်တွေ ကို တသိန်းပေးပြီး စည်းရုံးလို့မရရင် သတ်ပစ်မယ်လို့ ခြိမ်းခြောက်တာတွေ ဖြစ်တယ်လို့ သိရပါတယ်။ တခြားဘက်မှာတော့ အမတ်တွေ ကို ဝန်ကြီး၊ အတွင်းဝန်ရာထူးတွေနဲ့ စည်းရုံးတယ်လို့ စွပ်စွဲတာတွေ ရှိပါတယ်။
၁၉၅၈ ခုနှစ် ဦးနုဖဆပလအစိုးရကို ဦးဗဆွေတို့အုပ်စုက အယုံအကြည်မရှိအဆိုတင်တဲ့နေ့မှာ ပါလီမန်ကနေ တိုက်ရိုက်အသံလွှင့်ပေးလို့ မနက် ၁၁ နာရီကနေ ည ၇ နာရီကျော်ထိ တနိုင်ငံလုံး စောင့်နားထောင်ခဲ့ရပါတယ်။ ဦးနုအစိုးရ ဒီအဆိုကို ကျော်နိုင်ပေမယ့် ဘက်ဂျက်ကိစ္စ မှာတော့ လွှတ်တော်အတည်မပြုဘဲ သမ္မတအမိန့်နဲ့ ထုတ်ခဲ့လို့ ဖွဲ့စည်းပုံကို ချိုးဖောက်တယ်ဆိုပြီး ဦးဗဆွေအုပ်စုနဲ့ နီးစပ်တဲ့ တပ်အရာရှိတွေ မကျေမနပ်ဖြစ်ရာ ကနေ ၁၉၅၈ မှာ တပ်ကို အာဏာလွှဲပေးရတဲ့အထိ နိုင်ငံရေးပြင်းထန်ခဲ့ပါတယ်။
ဝိဓူရဒီမိုကရေစီ
အိမ်စောင့်အစိုးရဖွဲ့စည်းသူ ဗိုလ်ချုပ်ကြီးနေဝင်းက အခြေခံဥပဒေနဲ့ ပါလီမန်စနစ်ကို ချန်မထားဘဲ လုံးဝဖျက်ပစ်စေလိုတယ်လို့ ဝင်ဒါမီယာ အာဏာသိမ်းပွဲမှာ ပါဝင်ခဲ့တဲ့ ဗိုလ်မှူးချုပ်မောင်မောင်က ရေးပါတယ်။ တချက်ထဲနဲ့ ကိစ္စပြတ်သွားအောင် မလုပ်နိုင်ခဲ့ဘူးလား ဆိုပြီး ဗိုလ်မှူးချုပ်မောင်မောင်ကို ကြိမ်းမောင်းတယ်လို့လည်း ဆိုပါတယ်။ ပါလီမန်ချည်မန်းကွင်းနဲ့ အစွပ်ခံရတဲ့ ဗိုလ်ချုပ်ကြီး အစိုးရခေတ်မှာ အတိုက်အခံ တွေကို ဖိနှိပ်တာ၊ သတင်းစာတွေကို ချိတ်ပိတ်တာတွေ လုပ်ပါတယ်။ ပမညတအမတ်တွေ ထောင်ထဲကနေ ပါလီမန်လာတက်ရတဲ့ခေတ်ဖြစ်တဲ့အတွက် ဝိဓူရအမတ်ကြီး တောင်ကမ်းပါးယံမှာ ပုဏ္ဏကမြင်းမြီးဆွဲပြီးလိုက်ရတာနဲ့ တူတယ်လို့ တင်စားပြောခဲ့တဲ့ သခင်ချစ်မောင်ကို ဝိဓူရလို့ တင်စားခေါ်ဆိုခဲ့ကြပါတယ်။
ဒီအိမ်စောင့်ခေတ်မှာပဲ ဗိုလ်ချုပ်ကြီးနေဝင်းကို အမတ်မဟုတ်သူ ဝန်ကြီးတာဝန်ထမ်းဆောင်နိုင်တဲ့ ခြောက်လ သက်တမ်းထက် ကျော်လွန် ထမ်းဆောင်နိုင်ဖို့ အတွက် ပါလီမန်က ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၁၁၆ ကို ပြင်ဆင် အတည်ပြုပေးခဲ့ရပါတယ်။ ဗိုလ်ချုပ် အောင်ဆန်း ထားခဲ့တဲ့ အခြေခံဥပဒေကို မထိန်းနိုင်ရင် ဗိုလ်ချုပ်ပြောခဲ့တဲ့ ဖာနိုင်ငံဖြစ်သွားမယ်ဆိုပြီး ပမညတအမတ်တွေက ကန့်ကွက်တဲ့ ကြားက ပြင်ဆင်ခဲ့ကြတာ ဖြစ်ပါတယ်။ အိမ်စောင့်အစိုးရလက်ထက်မှာပဲ ရှမ်းပဒေသရာဇ်စော်ဘွားတွေ အာဏာစွန့်ရေး အတွက် တပ်ခေါင်းဆောင်တွေ စီစဉ်ရာမှာလည်း လွှတ်တော်ကို ထည့်သွင်းဆွေးနွေးမှု မရှိခဲ့တာကို တွေ့ရပါတယ်။
သာဓုလွှတ်တော်ရဲ့သင်္ခါရ
အဲဒီနောက် ဘက်လိုက်ခြိမ်းခြောက်မှုတွေကြားက ဦးနုရဲ့ ပထစအစိုးရတက်လာပါတယ်။ ဦးနုလက်ထက် ပါတီတွင်း တိုက်ပွဲတွေကြောင့် နိုင်ငံရေး မတည်ငြိမ်ခဲ့သလို ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာ ပြဋ္ဌာန်းရေး မှာလည်း နိုင်ငံတော်ဘာသာဥပဒေကို ဗုဒ္ဓဘာသာမဟုတ်တဲ့ အမတ်တွေနဲ့ ခေါင်းဆောင်တွေ ကန့်ကွက်သလိုပဲ ဗုဒ္ဓဘာသာ ဖြစ်တဲ့ သမ္မတဟောင်း ညောင်ရွှေစော်ဘွားကိုယ်တိုင် လူမျိုးစု လွှတ်တော် မှာ ကန့်ကွက်အဆိုတင်သွင်း ပါတယ်။ ဒီလိုကန့်ကွက်ပေမယ့် ဦးနုရဲ့ ရွေးကောက်ပွဲကတိနဲ့အညီ နိုင်ငံတော်ဘာသာပြဋ္ဌာန်းမှုကို အခြေခံ ဥပဒေ တတိယပြင်ဆင်ချက်အဖြစ် မဲခွဲဆုံးဖြတ်ခဲ့ပါတယ်။ ဒီလိုပြဋ္ဌာန်းတဲ့နေ့က လွှတ်တော်ထဲမှာ သာဓုခေါ်သံတွေ လွှမ်းခဲ့တယ်လို့ ထွန်းနေ့စဉ် ဦးထွန်းဖေက အဘယ်ကြောင့် ပါလီမန်ဒီမိုကရေစီကျဆုံးရသလဲ စာအုပ်မှာ ရေးသားခဲ့ပါတယ်။
အဲဒီနောက်ဆက်တွဲ စတုတ္ထပြင်ဆင်ချက်ဖြစ်တဲ့ ကျောင်းမှာ အသက်မပြည့်သူတွေကို မိဘခွင့်ပြုချက်မရဘဲ မိဘကိုးကွယ်တဲ့ ဘာသာ မဟုတ်တဲ့ မည်သည့်ဘာသာမှ မသင်စေရ ဆိုတဲ့ ပြဋ္ဌာန်းချက်သတ်မှတ်ရေး မှာတော့ သံဃာအဖွဲ့တွေရဲ့ ကန့်ကွက်မှုနဲ့ ကြုံခဲ့ရသလို မဲမခွဲမီည လွှတ်တော်နှစ်ရပ်ဥက္ကဋ္ဌတွေနဲ့ ဝန်ကြီးတွေ၊ ပါလီမန်အမတ်တွေ လွှတ်တော်ထဲ ပုန်းအိပ်ရတဲ့အထိ ဂယက်ရိုက်ခဲ့ပါတယ်။
၁၉၆၁ စက်တင်ဘာလ ၂၅ ရက် ဒီပြင်ဆင်ချက်ဥပဒေ မဲခွဲမယ့်နေ့မနက်မှာတော့ လွှတ်တော်ရှိတဲ့ အတွင်းဝန်ရုံးနားတဝိုက်မှာ ဘုန်းကြီးတွေ အုပ်လိုက်ဝိုင်းပြီး အင်အားပြပါတယ်။ အမတ်တွေပါတယ်ထင်တဲ့ကားတွေကို သံဃာတွေက ရပ်ခိုင်းပြီး ဒီဥပဒေကို လက်မှတ်မထိုးကြောင်း ခံဝန်ချက်ထိုးခိုင်းပါတယ်။ ဒါကြောင့် ပထစပါတီက အမတ်တွေကို မနက် ၄ နာရီမတိုင်ခင်ကတည်းက လွှတ်တော်ထဲ ရောက်အောင် ခေါ်ထားပါတယ်။ အမတ်တွေ တိုက်ပုံတောင် ဝတ်မလာရဲဘဲ စပို့ရှပ်အင်္ကျီတို၊ ချည်လုံချည် အဟောင်းတွေ ဝတ်ပြီး လွှတ်တော်ထဲကျမှ တိုက်ပုံဝတ်ရတယ်လို့ မြန်မာ့နိုင်ငံရေးသမိုင်း ၁၉၅၈-၁၉၆၂ စာအုပ်မှာ ဖော်ပြပါတယ်။ ရန်ကုန်မြို့ထဲမှာ လည်း စျေးတွေ၊ ကျောင်းတွေပိတ်ပြီး ရဲအင်အား သုံးထောင်ချထားရပါတယ်။ ဒီလိုကန့်ကွက်မှုတွေကြားက ကန့်ကွက်သူမရှိ စတုတ္ထပြင်ဆင်ချက်ကို အတည်ပြုနိုင်ခဲ့ပါတယ်။
၁၉၆၁ ကစတဲ့ ဖက်ဒရယ်မူကိစ္စမှာတော့ အမတ်တွေသာမက အတိုက်အခံခေါင်းဆောင်တွေနဲ့ လူမျိုးစုကိုယ်စားလှယ်အစုံအညီပါတဲ့ ဖက်ဒရယ်မူဆွေးနွေးပွဲတွေ ကျင်းပခဲ့ပါတယ်။ ဒီလိုကျင်းပတုန်း အာဏာသိမ်းခံခဲ့ရ တာပါ။ အာဏာသိမ်းတဲ့နေ့ လွှတ်တော်တက်ဖို့လာတဲ့ အမတ်တွေရဲ့ ကားတွေကို အတွင်းဝန်ရုံးပေါက်ကနေ ရဲက ပါလီမန်မရှိဘူး ပြန် ဆိုပြီး ပြန်လွှတ်ခဲ့တာ ဖြစ်ပါတယ်။
ပါလီမန်မဲ့တဲ့ အနှစ် ၅ဝ
၁၉၆၂ ကနေ ၂ဝ၁၁ ကြား ရာစုတဝက်ကြာအောင် မြန်မာပြည်ရဲ့ နိုင်ငံရေးမှာ ပါတီစုံလွှတ်တော်စနစ် ပျောက်ကွယ်ခဲ့ပါတယ်။ ၁၉၇၄ ကနေ ၁၉၈၈ ကြား အုပ်ချုပ်ခဲ့တဲ့ လမ်းစဉ်ပါတီခေတ်မှာလည်း ရွေးချယ်တင်မြှောက်ပွဲ ဆိုတာတွေဟာ ဆိုရှယ်လစ် တပါတီပုံစံ အပေါ်က ရွေးပေးသူကို အဖြူအမည်း မဲပုံးထည့် ရွေးရတဲ့စနစ်ဖြစ်ပါတယ်။ စနစ်ပြောင်းမြန်မာ့နိုင်ငံရေး ၁၉၆၂-၁၉၇၄ စာအုပ်မှာ ဖော်ပြသလိုပဲ ဒီမဲရွေးပွဲဟာ အဖြူပုံးထဲ ထည့်ဟဲ့ ထည့်ဟဲ့ ဆိုလို့ ထည့်ရတယ်၊ အမည်းပုံးထဲ ထည့်တာတွေလည်း အဖြူဖြစ်ကုန်တယ် ဆိုတဲ့ အမည်ခံ ရွေးချယ်ပွဲတွေ ဖြစ်ပါတယ်။
တင်မြှောက်လိုက်တဲ့ ကိုယ်စားလှယ်တွေကလည်း ဆရာဝန်၊ စစ်အရာရှိ၊ ကျောင်းဆရာ၊ နိုင်ငံရေးသမားဟောင်း၊ ပါတီကောင်စီလူကြီး စတဲ့ အာဏာပိုင်တွေနဲ့ သင့်မြတ်တဲ့၊ ရပ်ရွာကလည်း လက်ခံလောက်တဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီကိုယ်စားလှယ်တွေဟာ အစိုးရထုတ်စျေးနဲ့ ပစ္စည်းကောင်းတွေကို ဝယ်ဖို့ပဲ စိတ်ဝင်စားကြပြီး လွှတ်တော်ထဲမှာ ဘာမှ ဝင်ဆွေးနွေးပိုင်ခွင့်ရှိသူတွေ မဟုတ်ဘူးလို့ ဦးသောင်းရဲ့ ဘီလူးတို့ရွာ စာအုပ်မှာ ပါရှိပါတယ်။ ဒါကြောင့် လွှတ်တော်ထဲမှာ ကိုယ်စားလှယ်တွေ ဝယ်လာတဲ့ ပဒုမ္မာစောင်ပုံတွေပေါ် ထပ်ထိုင်ကြတဲ့အတွက် နဂိုက ခုံမြင့်ကြီးနဲ့ ထိုင်တတ်တဲ့ သမ္မတကြီး ဦးနေဝင်းအရပ် ပုဝင်သွားတယ်ဆိုပြီး အောင်ဗလခေါ် ဦးသောင်းက ဟာသနှော ရေးခဲ့ပါတယ်။
၁၉၈၈ နိုင်ငံရေး အုံကြွမှုတွေနောက်ပိုင်း ၁၉၉ဝ မှာတော့ အနှစ် ၃ဝ အတွင်း ပထမဆုံး ပါတီစုံ ရွေးကောက်ပွဲ ကျင်းပ ပပါတယ်။ ပါတီ ၉ဝ ကျော် ဝင်ပြိုင်ကြတဲ့ ဒီရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်း စုကြည်ရဲ့ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က အပြတ်အသတ် နိုင်ပေမယ့် လွှတ်တော်ခေါ်ခွင့် မရခဲ့ပါဘူး။ အာဏာရ နဝတ စစ်အစိုးရက အမိန့်အမှတ် ၁/၉ဝ ကို ကြေညာပြီး NLD က လွှတ်တော်ခေါ်တာ၊ အခြေခံဥပဒေရေးတာတွေကို ကန့်ကွက်ပါတယ်။
အဲဒီနောက် NLD အမတ်တွေ နယ်စပ်ထွက်ပြေးပြီး အမျိုးသားညွန့်ပေါင်းအစိုးရဖွဲ့ပါတယ်။ ပြည်တွင်းမှာ ကျန်ခဲ့သူတွေ ဖမ်းဆီးခံရတာတွေ ရှိသလို ဖိအားပေးနုတ်ထွက်ခိုင်းတာတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒီအတော အတွင်း စစ်အစိုးရက အခြေခံဥပဒေသစ်ဆွဲဖို့ အမျိုးသားညီလာခံခေါ်ပြီး အရွေးချယ်ခံအမတ်တွေကို အရွေးချယ်ခံ ကိုယ်စားလှယ်အစုအဖွဲ့အဖြစ် တက်စေပါတယ်။ ၁၉၉၅ မှာ နေအိမ်အကျယ်ချုပ်ကျနေတဲ့ ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာပြီးနောက် NLD အမတ်တွေကို ညီလာခံက ပြန်ခေါ်ခဲ့ပါတယ်။ အဲဒီကစပြီး နှစ်ဘက်ပြေလည်ဖို့ နိုင်ငံတကာ ညှိနှိုင်းမှု မပြေလည်ခဲ့ဘဲ နိုင်ငံရေးအကျပ်အတည်းက ဆယ်နှစ်ကျော် ကြာရှည်ခဲ့ပါတယ်။ NLD မပါတဲ့ ညီလာခံကနေ ဖွဲ့စည်းပုံအတည်ပြုပြီး ၂ဝ၁ဝ မှာ ရွေးကောက်ပွဲ ကျင်းပတော့လည်း NLD က သပိတ်မှောက်ပြီး NLD က ခွဲထွက်တဲ့ NDF ပါတီဝင်အရွေးခံပါတယ်။
နေပြည်တော်က ပြည်ထောင်စုလွှတ်တော်
၂ဝ၁ဝ မှာ ရွေးကောက်ပွဲနိုင်တဲ့ တပ်ခေါင်းဆောင်ဟောင်းတွေနဲ့ဖွဲ့တဲ့ ကြံ့ခိုင်ရေးပါတီက သမ္မတသစ် ဦးသိန်းစိန်လက်ထက် NLD နဲ့ ပြေလည်မှု တချို့ ရရှိပြီးနောက် ၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်း စုကြည်နဲ့ NLD ကိုယ်စားလှယ်တချို့ ဝင်အရွေးခံပါတယ်။ အဲဒီနောက် ၂ဝ၁၅ ရွေးကောက်ပွဲမှာ NLD အနိုင်ရပြီး တပ်ကိုယ်စားလှယ်တွေနဲ့ပေါင်းကာ အစိုးရဖွဲ့ပါတယ်။ ၂ဝ၂ဝ ရွေးကောက်ပွဲမှာတော့ NLD အနိုင်ရပေမယ့် ကြံ့ခိုင်ရေးက မဲစာရင်းမသမာမှုတွေရှိတယ်ဆိုပြီး ကန့်ကွက်ပါတယ်။ နောက်ပိုင်းမှာ တပ်မတော်က ဝင်လာပြီး ဒီမဲစာရင်းတွေ ပြန်စစ်ဖို့နဲ့ လွှတ်တော်ရွှေ့ဆိုင်းဖို့ တောင်းဆိုရာက မပြေမလည်ဖြစ်ပြီး ၂ဝ၂၁ ဖေဖော်ဝါရီ ၁ ရက်မှာ အာဏာသိမ်းပါတယ်။ ၂ဝဝ၈ အခြေခံဥပဒေအရ ကာကွယ်ရေး ဦးစီးချုပ်က နိုင်ငံကို တနှစ်တာဝန်ယူထိန်းသိမ်းမယ်၊ မဲစာရင်းတွေ ပြန်စိစစ်ပြီး ရွေးကောက်ပွဲ ပြန်ကျင်းပမယ်လို့ ကြေညာထားပါတယ်။
၂ဝ၁ဝ နောက်ပိုင်း အမျိုးသားနဲ့ ပြည်သူ့လွှတ်တော်အပြင် တိုင်းနဲ့ပြည်နယ်လွှတ်တော်တွေ ပေါ်ထွန်းလာပြီး ဒေသန္တရအစိုးရတွေ ဖွဲ့စည်းပေးပါတယ်။ တပ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းပါဝင်ပြီး လွှတ်တော်ထဲမှာ ပါဝင်တဲ့ အင်ဒိုနီးရှားပုံစံ ပူးတွဲလွှတ်တော်စနစ်ကလည်း ဒိုင်အာခီအုပ်ချုပ်ရေးကို ပြန်ပြောင်း သတိရစေပါတယ်။ ၂ဝ၁ဝ နောက်ပိုင်း တတိယသမ္မတနိုင်ငံခေတ်မှာတော့ ပြည်ထောင်စုတရားလွှတ်တော်နဲ့ တိုင်းနဲ့ပြည်နယ် တရား လွှတ်တော်တွေလည်း ပေါ်လာပါတယ်။
နောက် အနှစ် ၅ဝ မှာ တခါပြန်ပေါ်လာတဲ့ ပါတီစုံလွှတ်တော်မှာ အရင် လွတ်လပ်ရေးခေတ်ကလိုပဲ ပါလီမန်အဆောင်အယောင် ကျိုင်းကို ထားတာ၊ လွှတ်တော်ဥက္ကဋ္ဌ ဝတ်ရုံတွေ ဝတ်ဆင်တာတွေ ရှိလာ ပါတယ်။ ဒီကျိုင်းပုံစံဟာ မြန်မာဘုရင်ခေတ်က အရာရှိတွေရဲ့ နောက်လိုက်တွေ ကိုင်တဲ့ ကျိုင်းနဲ့ အမည်တူပေမယ့် ဗြိတိသျှပါလီမန်က ကျိုင်းပုံစံကို ယူတာ ဖြစ်ပါတယ်။
ဒီလို တပ်နဲ့အရပ်ပူးတွဲအုပ်ချုပ်တဲ့ လွှတ်တော်စနစ်မှာ ဒီမိုကရေစီ ဘယ်လောက်ရှင်သန်နိုင်သလဲ၊ ပြီးခဲ့တဲ့ ဆယ်နှစ်အတွင်းက လွှတ်တော်မြင်ကွင်း၊ အစိုးရယန္တရားနဲ့ မကြာခင်က ဖြစ်ပွားတဲ့ ဖွဲ့စည်းပုံမဖျက်ဘဲ သိမ်းတဲ့ အာဏာသိမ်းပွဲတွေက ပြနေပါတယ်။ နောက် အသစ်ပေါ်လာမယ့် လွှတ်တော်ရဲ့ ပါတီပါဝင်မှု အနေအထားကလည်း လူစိတ်ဝင်စားတဲ့ အကြောင်းအရာ ဖြစ်ပါတယ်။