ဒီပဲယင်းမှာစစ်တပ်စစ်ကြောင်းက လူ ၁၃ ဦးကိုသတ်ဖြတ်

ဓာတ်ပုံ ရင်းမြစ်, ပေးပို့
ဒီဆောင်းပါးမှာစိတ်မချမ်းမြေ့စရာစာစုများပါတယ်ဆိုတာကိုကြိုတင်အသိပေးပါရစေ။
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ထဲကို ပြီးခဲ့တဲ့တစ်ပတ်အတွင်း စစ်ကောင်စီတပ်ကစစ်ကြောင်းထိုးပြီး အရပ်သားအပါအဝင် ၁၃ ဦးကို သတ်ဖြတ်ခဲ့တယ်လို့ စစ်ရှောင်အရေးကူညီသူတွေနဲ့ ဒေသခံအချို့ကပြောပါတယ်။အဲဒီထဲကသေဆုံးသူအချို့ဟာ ဆိုးရွားတဲ့ပုံစံတွေနဲ့သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံတွေကဓာတ်ပုံမှတ်တမ်းတွေနဲ့ ထုတ်ပြောလာပါတယ်။
ဖမ်းဆီးသတ်ဖြတ်ခံရသူ ၁၃ ဦးထဲမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ၅ ဦးပဲ ပါဝင်ပြီး ကျန်တဲ့ ၈ ဦးဟာ အရပ်သား အမျိုးသားနဲ့ အမျိုးသမီးတွေဖြစ်တယ်လို့လည်း သိရပါတယ်။
စစ်ကောင်စီတပ်ဟာ ဒီပဲယင်းမြို့နယ် အနောက်ဘက်ခြမ်းကျေးရွာတွေကို ရေဦးမြို့နယ်ဘက်ခြမ်းဆီကနေ အောက်တိုဘာလ ၁၈ ရက်ကစပြီး အင်အား ၁၃၀ နီးပါးနဲ့ စစ်ကြောင်းထိုးလှည့်လည်ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။
အောက်တိုဘာလ ၁၈ ရက်မှာ ရေဦးနဲ့ ဒီပဲယင်းနယ်စပ်က မစိုးရိမ်ကျေးရွာမှာ ညအိပ်ပြီး နောက်တစ်နေ့ မနက်မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ မိုင်းဆွဲ တိုက်ခိုက်တာခံခဲ့ရပါတယ်။
စစ်ကောင်စီတပ်ဟာ အဲဒီလိုတိုက်ခိုက်ခံရတာကြောင့် ထိခိုက်ကျဆုံးမှုရှိခဲ့ပြီးစစ်တပ်ဘက်ကသေဆုံးတဲ့အလောင်း ၅ လောင်းကို မစိုးရိမ်ရွာထဲမှာ ဆိုင်ကယ်တွေနဲ့အတူ မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီမှာ နယ်မြေရှင်းလင်းဖို့ဝင်တဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကို စစ်ကောင်စီဘက်ကတိုက်ခိုက်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ဦး လက်နက်ကြီးထိမှန်သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ဒီပဲယင်းညီနောင်များ
အဲဒီစစ်ကြောင်းဟာ အောက်တိုဘာလ ၂၁ ရက်ကနေ ကနေ ၂၉ ရက်အတွင်း ဆပ်ပြာကျင်း၊ အိုးထိန်းကွင်း၊ ဘုတ်ထမ်း၊ ကျွန်းတော၊ သိမ်ဘာ၊ ပန်းပု၊ ထောက်ရှာ၊ ကံပြား၊ အင်းကုန်း၊ မင်းတဲကုန်းကျေးရွာတွေကို ရွာစဥ်လှည့်ဝင်ခဲ့ပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
လမ်းတစ်လျှောက်မှာ ဖမ်းဆီးထိန်းသိမ်းခံရတဲ့ ဒေသခံ ၂၀ ကျော်အထိရှိပြီး အဲဒီထဲက အမျိုးသား ၂ ဦး သတ်ဖြတ်ခံရတယ်ဆိုတာကို နောက်ပိုင်းမှာရုပ်အလောင်းတွေပြန်တွေ့မှဒေသခံတွေကအတည်ပြုနိုင်ခဲ့ပါတယ်။
သူတို့ရဲ့ အလောင်းတွေကိုတော့ သိမ်ဘာကျေးရွာနဲ့ ရွာအနီးမှာ အခြားအလောင်း ၂ လောင်းနဲ့အတူတွေ့ခဲ့ရတာလို့ မေးမြန်းခွင့်ရတဲ့ဒေသခံနှစ်ဦးထက်မနည်းက ဘီဘီစီကို ပြောပါတယ်။
‘‘သိမ်ဘာရွာမှာတွေ့တဲ့ အလောင်း ၄ လောင်းထဲမှာ ၂ လောင်းက ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦးပါတယ်။ ကိုအောင်နိုင်နဲ့ နောက်တစ်ဦးပါ။ နောက်ထပ် အမျိုးသား ၂ ဦးကတော့ ခေါင်းဖြတ်သတ်ထားတယ်။ ဗိုက်တွေ ခွဲ၊ အူတွေ ထုတ်ထားတယ်။ ခန္ဓာကိုယ်တွေက မပီသတော့ဘူး။ အစောပိုင်းမှာ ဘယ်သူတွေဆိုတာ ခွဲခြားဖို့ ခက်ခဲ့တယ်။ နောက်ပိုင်း သူတို့ဝတ်ထားတဲ့အဝတ်အစားနဲ့ ဖိနပ်တွေကိုကြည့်ပြီး ကျွန်းတောကြီးရွာကနေ စစ်ကောင်စီဖမ်းသွားတဲ့သူ ၂ ဦးဆိုတာ အတည်ပြုနိုင်ခဲ့တယ်’’ လို့ ကူညီကယ်ဆယ်ရေးပြုလုပ်တဲ့ ဒီပဲယင်းညီနောင်များအဖွဲ့က ဘီဘီစီကို ပြောပါတယ်။
‘‘အောက်တိုဘာလ ၂၁ ရက်တုန်းက သိမ်ဘာရွာထဲကို ဝင်တဲ့အချိန်တုန်းက မြေဖြူနဲ့ ဘီလူးစစ်ကြောင်းဆိုပြီး ရေးထားခဲ့တာတွေ့ခဲ့ရတယ်။ အခုသတ်ဖြတ်တဲ့ပုံစံက မုံရွာဘက်မှာ နာမည်ကြီးခဲ့တဲ့ ခြေဖြတ်၊ လက်ဖြတ်၊ ခေါင်းဖြတ်တာတွေလုပ်ခဲ့တဲ့ ဘီလူးစစ်ကြောင်းရဲ့ ပုံစံတွေနဲ့တူတယ်။ ဖြစ်စဥ်တူတယ်၊ နာမည်တူနေတာမျိုးရှိတယ်’’ လို့ သူက ဆက်ပြောပြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ပေးပို့
သတ်ဖြတ်ခံရသူ နောက်ထပ် ၄ ဦးဟာ ဘုတ္ထန်းကျေးရွာက ဦးကြည်ဝင်း၊ ရှမ်းတောကျေးရွာမှာ ပန်းပုရွာက အသက် ၃၉ နှစ်အရွယ် ကိုငြိမ်းမင်းဦး၊ ကံပြားကျေးရွာက အသက် ၄၃ နှစ်အရွယ် ကိုကျန်ထွန်း၊မင်းတည်းကုန်းကျေးရွာက အသက် ၆၀ နှစ်အရွယ် ဦးညိုဝင်းတို့ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဦးကြည်ဝင်းဟာ ထန်းပင်ပေါ်မှာ ပစ်ခတ်ခံရပြီးနောက် သေဆုံးခဲ့တာဖြစ်ပြီး ကိုငြိမ်းမင်းဦးနဲ့ ဦးညိုဝင်းတို့ဟာ ခေါင်းဖြတ်သတ်ဖြတ်ခံရတာလို့ ဒေသခံတွေဆီကနေ သိရပါတယ်။ကိုကျန်ထွန်းကိုတော့ ဓားဒဏ်ရာတွေနဲ့ သေဆုံးလျက်အနေအထားပြန်တွေ့ရတာလို့ဆိုပါတယ်။
အဲဒီနောက်အောက်တိုဘာလ ၃၀ ရက်ညပိုင်းမှာလည်းစစ်ကောင်စီတပ် စစ်ကြောင်းဟာ ရေဦးနဲ့ ဒီပဲယင်းနယ်စပ်ကအစပ်က မစိုးရိမ်ကျေးရွာကို ညအချိန်ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တာကြောင့် ဒေသခံ ၄ ဦး သေဆုံးခဲ့ပါတယ်။
‘‘ရေဦးမြို့ထဲက တိုင်းရင်းဆေးရုံကို ပြန်သွားတဲ့ စစ်ကောင်စီတပ်က မုတ်ဆီရွာမှာ နောက်ချန်အင်အား ၃၀၊၄၀ လောက် ချန်ထားခဲ့ရတယ်။ ဒါကိုမသိတဲ့ မစိုးရိမ်ရွာခံတွေက ရွာထဲညပြန်အိပ်ကြတာ။အဲဒီမှာ စစ်တပ်ကဝင်ပြီး ပစ်တာ။ ကာကွယ်ရေး ရဲဘော် ၂ ဦးပါတယ်။ ကာကွယ်ရေးတပ်ကနှစ်ဦးမှာတစ်ဦးကခေါင်းဖြတ်သတ်ခံရတာ၊နောက်၂ ယောက်ကတော့အရပ်သားတွေ’’ လို့ မြေပြင်အခြေအနေသိရှိသူက ဘီဘီစီကိုပြောပါတယ်။
မစိုးရိမ်ကျေးရွာဟာ ဒီပဲယင်းအနောက်ဘက်ခြမ်းကို စစ်ကောင်စီ ဝင်ရောက်ချိန်မှာ ပထမဆုံးညအိပ်ခဲ့တဲ့ကျေးရွာဖြစ်ပါတယ်။
အခုတော့ ဒီပဲယင်းအနောက်ဘက်ခြမ်းကို ဝင်သွားတဲ့စစ်ကောင်စီတပ်ဟာ ရေဦးမြို့နယ်ထဲကို ပြန်ရောက်နေပြီဖြစ်ပေမဲ့ မနေ့ညပိုင်းက စစ်ကောင်စီတပ် စီးနင်းမှုကြောင့်ထွက်ပြေးတဲ့မစိုးရိမ်ရွာသူ ရွာသား ၃၀၀ ကျော်အပါအဝင်ထောင်နဲ့ချီတဲ့ဒေသခံတွေဟာ စစ်ဘေးရှောင်နေကြရတုန်းဖြစ်ပါတယ်။
စစ်ကောင်စီတပ်ဘက်ကတော့ ဒီပဲယင်းအနောက်ဘက်ခြမ်းက အခြေအနေတွေနဲ့ ပတ်သက်လို့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
ဒါပေမဲ့ စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့တွေရဲ့သတင်းတွေကို ပုံမှန်ဖော်ပြနေတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၆ ရက်တစ်ရက်တည်းမှာတင် ဘုတ်ထမ်းကျေးရွာနဲ့ ရှမ်းတောကျေးရွာတွေမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ချိန် PDF အလောင်း ၄ လောင်းနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းမိခဲ့တယ်လို့ပြောပါတယ်။
ဒီပဲယင်းနယ်ထဲမှာဘာကြောင့် ရက်ရှည်စစ်တပ်စစ်ကြောင်းထိုးနေလဲဆိုတာကို ဒေသခံတွေအနေနဲ့ တိတိကျကျသိရှိတာမရှိပေမဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရှိမယ်ဆိုတဲ့ယူဆချက်နဲ့ နယ်မြေရှင်းလင်းရေးလုပ်တာဆိုတဲ့သုံးသပ်ချက်တွေလည်းရှိနေပါတယ်။










