ဇန်နဝါရီ ၇ ရက် ထိပ်တန်းသတင်းများ- ပုသိမ်အကျဥ်းထောင်ဖြစ်စဥ်မှာ အချုပ်သား ကိုဝေယံဖြိုး သေဆုံး
ပုသိမ်အကျဥ်းထောင်ဖြစ်စဥ်မှာ အချုပ်သား ကိုဝေယံဖြိုး သေဆုံး၊ ဖြစ်စဥ်အပြီး သီးခြား ချုပ်နှောင်ခံထားရသူ ၆၀ ရှိတယ်လို့ သိရ

ဓာတ်ပုံ ရင်းမြစ်, Myanmar Army
ဧရာဝတီတိုင်းပုသိမ်အကျဥ်းထောင်မှာ မနေ့ ဇန်နဝါရီ ၆ ရက်က ဖြစ်ပွားခဲ့တဲ့ အကျဥ်းထောင်တွင်း အဓိကရုဏ်းဖြစ်စဥ်အတွင်း သေဆုံးခဲ့သူဟာ စစ်ကောင်စီက အကြမ်းဖက်ပုဒ်မ ၃ ခုနဲ့ တရားစွဲဆိုထားတဲ့ ကိုဝေယံဖြိုး ဖြစ်ပြီး သေဆုံးကြောင်း မိသားစုက အတည်ပြုတယ်လို့ နီးစပ်သူတွေက ဘီဘီစီကိုပြောပါတယ်။
ဒီဖြစ်စဥ်မှာ သေဆုံးသူနောက်ထပ်တစ်ဦးရှိနေတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်နေပေမဲ့လည်း အတည်မပြုနိုင်သေးဘူးလို့ သိရပါတယ်။
“အခုသိရသလောက်က သေဆုံး ၂ ဦးပေမဲ့ ကိုဝေယံဖြိုးကိုတော့မိသားစုဆီက အတည်ပြုချက်ရတယ်လို့သိရပါတယ်။ နောက်တစ်ဦးကတော့ အတည်မပြုနိုင်သေးဘူး။ စိုးရိမ်ရတဲ့အဆင့် ၄ ဦးလို့ သိရပါတယ်။ နောက် ၆ ဦးကတော့ ဓာတ်မှန်ရိုက်ရတယ်လို့ သိရပါတယ်။ အခု သီးခြား ချုပ်နှောင်ထားတာက ၆၀ လို့သိရပါတယ်”လို့ ဖြစ်စဥ်ကိုသိရှိတဲ့ နီးစပ်တဲ့သတင်းရင်းမြစ်က ဘီဘီစီကိုပြောပါတယ်။
ကိုဝေယံဖြိုးဟာ အကြမ်းဖက်မှုပုဒ်မ ၅၀ (ည) ၊ ၅၁ (ဂ) နဲ့ ၅၂ (က) တို့နဲ့ တရားစွဲဆိုခံထားရပြီး ချောင်းသာဇာတိဖြစ်တယ်လို့ သိရကာ အမှုတွေရင်ဆိုင်နေဆဲအခြေအနေဖြစ်တယ်လို့ မိသားစုနဲ့နီးစပ်သူတွေထံက သိရပါတယ်။
ကိုဝေယံဖြိုးရဲ့ ရုပ်အလောင်းကိုမိသားစုက ဇန်နဝါရီ ၇ ရက် မွန်းလွဲပိုင်းထိ ကြည့်ခွင့်မရသေးဘူးလို့သိရပြီး ဒီနေ့ ညနေ ၃ နာရီမှာ သင်္ဂြိုဟ်ဖို့ ထောင်ဘက်က စီစဥ်နေတယ်လို့လည်း သတင်းတွေထွက်ပေါ်နေပါတယ်။
ကိုဝေယံဖြိုးဟာ ချောင်းသာ ပီဒီအက်ဖ်တပ်ဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဇွန်လ ၁၁ ရက်နေ့က ပန်းတနော်မြို့နယ်မှာ ဖမ်းဆီးခံခဲ့ရပြီးနောက် စစ်ကြောရေးမှာ လအနည်းငယ်ကြာအပြီးမှာ အကြမ်းဖက်ပုဒ်မ ၃ ခုနဲ့ တရားစွဲဆိုခံရပြီး ပုသိမ်အကျဥ်းထောင်ကိုရောက်ရှိခဲ့တယ်လို့ နီးစပ်သူက ပြောပါတယ်။
“ကိုဝေယံဖြိုးက ပုသိမ်အခြေစိုက် PWDF (Pathein Western Defense Force) ရဲ့ တပ်ဖွဲ့ဝင်တစ်ဦးပေ့ါ။ ပန်းတနော်မှာ အဖမ်းခံရတယ်။ အဲဒီကနေ တောင်ပေါ် စစ်ကြောရေးမှာ သုံးလလောက်ကြာတယ်။ အဲဒီကနေမှ ပုသိမ်ထောင်ကိုရောက်တာပါ”လို့ နီးစပ်သူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
ပုသိမ်အကျဥ်းထောင်ဖြစ်စဥ်နဲ့ပတ်သက်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ရာမှာ ဇန်နဝါရီ ၅ ရက်ညပိုင်းက အကျဥ်းသားတစ်ဦးထံကနေ ကီးပတ်ဖုန်းတစ်လုံးသိမ်းဆည်းရမိတာကြောင့် အရေးယူဆောင်ရွက်နေတဲ့ဖြစ်စဥ်ကိုမကျေနပ်လို့ စတင်ဖြစ်ပေါ်တာလို့ ဆိုပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ပုသိမ်ထောင်မှာ ဇန်နဝါရီ ၅ ရက်နေ့ ညပိုင်းတည်းက အကျဥ်းသား ၈ ဦးကို ထောင်အာဏာပိုင်တွေက ခေါ်ထုတ်သွားတာဖြစ်ကြောင်း၊ အကျဥ်းသား ၇ ဦးကိုသာပြန်ပို့ခဲ့တဲ့နောက် ကိုဝင်းမင်းထက် ခေါ် ကိုမဲကြီးဟာ အဲဒီနေ့ညတည်းက ပျောက်သွားပြီး အလောင်းလည်း ပြန်မရတာကြောင့် ပုသိမ်နိုင်ငံရေးအသိုင်းအဝိုင်းကတော့ ကိုဝင်းမင်းထက်ကိုလည်း သေဆုံးသွားပြီလို့ သုံးသပ်ကြောင်း ပြောကြားတာတွေရှိနေပါတယ်။
အသက် ၃၁ နှစ်အရွယ် ကိုဝင်းမင်းထက်ခေါ် ကိုမဲကြီးဟာ ပုသိမ်ဇာတိဖြစ်ပြီး အကြမ်းဖက်ပုဒ်မ ၅၀ (က) နဲ့ ထောင်ငါးနှစ်ချမှတ်ခံထားရသူဖြစ်တယ်လို့ သိရပါတယ်။
မနေ့ ဇန်နဝါရီ ၆ ရက်မနက်ပိုင်းမှာ အကျဥ်းထောင်အိပ်ဆောင်တစ်ခုက အကျဥ်းသား အချုပ်သား ၇၀ ခန့်က အိပ်ဆောင်တံခါးတွေကို ချိုးဖျက်ပြီး အကျဥ်းဦးစီးဌာန ဝန်ထမ်းတွေကို ရန်မူဖို့ ကြိုးစားလာသလို နောက်ထပ်အိပ်ဆောင်တစ်ခုက အကျဥ်းသားအချုပ်သားတွေကပါ ပူးပေါင်းပါဝင်လာခဲ့ကာ ရန်မူတိုက်ခိုက်လာတာကြောင့် အဓိကရုဏ်းနှိမ်နင်းရေးလက်နက်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ စစ်ကောင်စီက ဆိုထားပြီး အကျဥ်းသားအချုပ်သားအချင်းချင်း ခိုက်ရန်ဖြစ်ပွားထိုးကြိတ်တာတွေလည်းရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒီဖြစ်စဥ်အတွင်း ရဲနှစ်ဦး၊ အကျဥ်းဦးစီးဌာန ဝန်ထမ်း၉ ဦး ဒဏ်ရာရခဲ့ပြီး အချုပ်သားတစ်ဦးမှာ အချင်းချင်းရိုက်နှက်မှုကြောင့် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ပုသိမ်အကျဥ်းထောင်ဖြစ်စဥ်နဲ့ပတ်သက်လို့ ဇန်နဝါရီ ၅ ရက် ညပိုင်းမှာ ပုသိမ်အကျဥ်းထောင်တွင်း ထောင်ဝန်ထမ်းနဲ့ ရဲဝန်ထမ်းအင်အားအများအပြားက နိုင်ငံရေးအကျဥ်းသားတွေကို ပြင်းထန်စွာ ညှဥ်းပန်းနှိပ်စက်ခဲ့တယ်လို့ ကြားသိရပြီး ဇန်နဝါရီ ၆ ရက်နေ့မှာလည်း ဆက်လက် ရိုက်နှက်နှိပ်စက်ခဲ့ကြောင်းနဲ့ နိုင်ငံရေးအကျဥ်းသားတစ်ဦး သေဆုံးသွားကြောင်း ၊ ၈ ဦးမှာ ပုသိမ်ဆေးရုံမှာ ဆေးကုသမှုခံယူနေရပြီး စိုးရိမ်ရကြောင်း၊ အခုလို ညှဥ်းပန်းနှိပ်စက်ခြင်းဟာ အလွန်ပြင်းထန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်တယ်လို့ နိုင်ငံရေးအကျဥ်းသားဟောင်းများကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ထားပါတယ်။
မြိတ်အကျဥ်းထောင်မှာ ဒေါက်တာမင်းထက်ပိုင်ကို လွတ်ငြိမ်းနဲ့လွှတ်ပြီးမှ ပြန်ဖမ်း

ဓာတ်ပုံ ရင်းမြစ်, Social Media
စစ်အာဏာသိမ်းမှုဆန့်ကျင်တဲ့ အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာပါဝင်ခဲ့လို့ ပုဒ်မ ၅၀၅-က နဲ့ ထောင် ၃ နှစ်ချမှတ်ခံထားရတဲ့ ဒေါက်တာမင်းထက်ပိုင်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးနေ့က လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာပေမဲ့ ထောင်ဘူးဝအရောက်မှာပဲ ပြန်အဖမ်းခံရပြီး ထောင်တွင်းပြန်လည်ခေါ်ဆောင်သွားခြင်းခံရတယ်လို့ ဒေါက်တာမင်းထက်ပိုင်နဲ့ နီးစပ်တဲ့နိုင်ငံရေးအကျဥ်းသားဟောင်းတစ်ဦးက ဘီဘီစီကိုအတည်ပြုပါတယ်။
“ထောင်ထဲမှာ ပုံစံအင်္ကျီဝတ်ရတယ်။ အဲဒီအင်္ကျီကိုချွတ်ပြီးတော့ အရပ်ဝတ်တောင်လဲခိုင်းပြီးပြီ။ ထောင်ဘူးဝကိုရောက်နေပြီ။ အဲဒီဘူးဝကိုကျော်ရင်လွတ်ပြီ။ အဲဒီအချိန် ရဲက စစ်ချက်လာယူတယ်။ နောက်မှု ကပ်တယ်ဆိုပြီး ပြောပါတယ်။ ဘာအမှုဆိုတာတော့ သေသေချာချာရှင်းရှင်းမသိရဘူးခင်ဗျ”လို့ သူကပြောပါတယ်။
ဒေါက်တာမင်းထက်ပိုင်ဟာ စစ်တပ်က အာဏာမသိမ်းမီက မြိတ်မြို့နယ်ပြည်သူ့ဆေးရုံမှာ လက်ထောက်ဆရာဝန်အဖြစ်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး အာဏာသိမ်းပြီးနောက် CDM မှာ ပါဝင်ခဲ့လို့ စစ်ကောင်စီက သူ့ကို ၂၀၂၁ ခုနှစ်မတ်လမှာ ၅၀၅ ပုဒ်မတပ်ပြီး ဖမ်းဝရမ်းထုတ်ခဲ့ပါတယ်။
အဲဒီနောက် ၂၀၂၁ ခုနှစ်ဧပြီလမှာ မြိတ်မြို့အထွက် တံတားနားမှာ ဖမ်းဆီးခံခဲ့ရပြီး ထောင် ၃ နှစ်ချမှတ်ခံခဲ့ရတာဖြစ်ပါတယ်။
ဒေါက်တာမင်းထက်ပိုင်ဟာ ၅၀၅-က အမှုနဲ့ ထောင် ၃ နှစ်ချခံထားရပေမဲ့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် အောက်တိုဘာလအတွင်း ပုဒ်မ ၅၀၅-က အမှုတွေကို ပြစ်ဒဏ်လွတ်ငြိမ်းနဲ့ပြန်လွှတ်ပေးတဲ့အထဲမှာလည်းမပါဝင်ခဲ့တာကိုတွေ့ရပါတယ်။
ပတ်စ်ပို့သက်တမ်းကုန်နေတဲ့ ထိုင်းရောက်မြန်မာလုပ်သားထောင်ဂဏန်းကျော် ရက်ချိန်းတိုကင်ယူဖို့ တန်းစီနေ

ဓာတ်ပုံ ရင်းမြစ်, MK

ဓာတ်ပုံ ရင်းမြစ်, MK

ဓာတ်ပုံ ရင်းမြစ်, MK
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က မြန်မာသံရုံးရှေ့မှာနိုင်ငံကူးလက်မှတ်- ပတ်စ်ပို့အနီရောင်သက်တမ်းကုန်နေတဲ့ မြန်မာလုပ်သားထောင်ချီ ဟာ သက်တမ်းတိုးရက်ချိန်းတိုကင် ရယူဖို့ တန်းစီစောင့်ဆိုင်းနေရတဲ့မြင်ကွင်းပဲဖြစ်ပါတယ်။
ထိုင်းစံတော်ချိန် မနက်ခင်းပိုင်းတည်းက သံရုံးရှေ့မှာသွားရောက်စောင့်ဆိုင်းနေကြတာဖြစ်ပြီး တန်းစီသူများပြားလွန်းလို့ မူးလဲသူတချို့လည်း ရှိတယ်လို့ သွားရောက်တန်းစီကြသူတွေထံက ဘီဘီစီက သိရှိရပါတယ်။
ဒီနေ့ ဇန်နဝါရီ ၇ ရက်က စလို့ ပြန်လည်စတင်ကာရက်ချိန်း ပေးတာဖြစ်ပြီး အပတ်စဉ်စနေနေ့တိုင်း ရက်ချိန်းတိုကင် ပေးသွားမယ်လို့ သိရကြောင်းအလုပ်သမားတွေကပြောပါတယ်။
" ဒီလိုရက်ချိန်းပေးပြီး လူအုပ်ကြီးအဖြစ်ခံမယ့်အစား တကယ်စေတနာရှိရင် လအလိုက် သက်တမ်းကုန်နေသူတွေကို အသုတ်လိုက်ခေါ်လိုက်ပြီး တခါတည်း စာအုပ်လုပ်ပေးရင် ကျူအာလည်းယူစရာမလို ဒီလိုလည်း တန်းစီကြရမှာမဟုတ်ဘူး။ အခုက တမင်လူများအောင်နဲ့ အလုပ်သမားတွေအလုပ်ရှုပ်အောင်လုပ်သလိုပဲ" လို့ မြန်မာလုပ်သားအရေးဆောင်ရွက်သူတစ်ယောက်ကပြောပါတယ်။
ပတ်စ်ပို့သက်တမ်းကုန်မယ့်သူတွေကို ကျူအာနဲ့ ရက်ချိန်းတွေ ဇန်နဝါရီ ၇ ရက်မှာ ပြန်ပေးမယ်ဆိုပြီး သံရုံးက ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၉ ရက်မှာ ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပြီး ဒီနေ့မှာတော့ ၂၀၂၂ မှာ သက်တမ်းကုန်ပြီးသားသူတွေနဲ့ အခုဖေဖော်ဝါရီ သက်တမ်းကုန်ခါနီးသူတွေ တန်းစီကြသလို တစ်နှစ်ကျော်နှစ်နှစ်နီးပါး သက်တမ်းကျန်သူတွေပါ လာရောက်တန်းစီကြလို့ သံရုံးရှေ့မှာ လူထောင်ဂဏန်းလောက် ရှိသွားတယ်လို့ ကူညီပေးနေသူတွေထံက သိရပါတယ်။
ဒါပေမဲ့သံရုံးဘက်ကတော့ သက်တမ်းအများကြီးကျန်နေတဲ့သူတွေကို ကျူအာရက်ချိန်း ထုတ်ပေးမှာမဟုတ်ကြောင်း မနက်ပိုင်းကတည်းက ဆော်ဩပြီးကြေညာခဲ့တယ်လို့သိရပါတယ်။
တရားလက်လွတ် ဖမ်းဆီးမှုတွေ ရပ်ဖို့ မြန်မာစစ်တပ်ကို ကုလလူ့အခွင့်အရေးမဟာမင်းကြီးတောင်းဆို

ဓာတ်ပုံ ရင်းမြစ်, CJ
မြန်မာစစ်တပ်အနေနဲ့ တရားလက်လွတ်ဖမ်းဆီးထိန်းသိမ်းမှုတွေကို ချက်ချင်းရပ်တန့်ဖို့ ကုလသမဂ္ဂ လူ့ အခွင့်အရေးဆိုင်ရာမဟာမင်းကြီး ဂျယ်ရမီ လောရန့်စ်က ဇန်နဝါရီလ ၆ ရက်မှာ တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
မြန်မာစစ်တပ်က လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အနေနနဲ့ နိုင်ငံရေး အကျဥ်းသား ၃၀၀ ပါအဝင် အကျဥ်းသားထောင်ချီကို ပြန်လွှတ်ပေးခဲ့တာဟာ တရားမဲ့ထိန်းသိမ်းခံရသူတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေအတွက် သက်သာရာရစေစေမဲ့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်လို့ ဖမ်းဆီးထိန်းသိမ်းခံရသူတွေအားလုံးကို ပြန်လွှတ်ပေးဖို့ တောင်းဆိုတယ်လို့လည်း သူက ပြောပါတယ်။
''မြန်မာ့အကျပ်အတည်းဟာ လူတွေကို ထောင်ထဲထည့်ထားရုံနဲ့ မဖြေရှင်းနိုင်ပါဘူး။ သူတို့တွေကို နိုင်ငံရေးအလုပ် ထိထိရောက် ရောက်လုပ်နိုင်ဖို့ လွတ်လွတ်လပ်လပ်ခွင့်ပြုမှသာ ဖြစ်နိုင်ပါတယ်'' လို့လည်း မဟာမင်းကြီးက ပြောပါတယ်။ မဟာမင်းကြီးကတော့ လွတ်လပ်ရေးနေ့မှာ လွတ်ငြိမ်းချမ်းသာခွင့်ပေးတာတွေရှိနေပေမဲ့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်မှုနဲ့ ဖမ်းဆီးခံရတဲ့သတင်းတွေထွက်ပေါ်နေတုန်းပဲလို့လည်း ပြောထားပါတယ်။
ကုလသမဂ္ဂလူ့အခွင့်အရေးကြေညာချက်ဟာ အခုနှစ်မှာ ၇၅ နှစ်ပြည့်မြောက်ပြီဖြစ်ပြီး မြန်မာနိုင်ငံဟာ အဲဒီကြေညာစာတမ်းမှာ အစောဆုံးပါတင်လက်မှတ်ထိုးခဲ့တဲ့နိုင်ငံတွေထဲက တစ်နိုင်ငံလည်းဖြစ်ပါတယ်။
စစ်ကိုင်းတိုင်း ဒီပဲယင်းကွဲကျေးရွာမှာသီတဂူစာချဆရာတော်တစ်ပါး အပါအဝင် ၄ ဦးသတ်ဖြတ်ခံရ

ဓာတ်ပုံ ရင်းမြစ်, CJ
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ဒီပဲယင်းကွဲကျေးရွာမှာ ဇန်နဝါရီ ၆ရက် မနက်ခင်းပိုင်းက သီတဂူ စာချဆရာတော်တစ်ပါးနဲ့ အမျိုးသမီးတစ်ဦးနဲ့ ဒေသခံအမျိုးသားနှစ်ဦး ပစ်သတ်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
"မနက် ၆ နာရီမှ ာဖြစ်တာပါ။ ဆရာတော်က သီရိလင်္ကာက ပြန်ကြွလာတာမကြာသေးဘူး။ သီတဂူဗုဒ္ဓတက္ကသိုလ်က စာချဆရာတော်ပါ။ မန္တလေးမှာ ကျောင်းထိုင်တယ်လို့သိရပါတယ်။ သူက သူ့အစ်ကိုကျောင်းကို ဇန်နဝါရီ ၃ ရက်က ရောက်လာတာ။ သူက နယ်ခံမဟုတ်တော့ ကျောင်းက မြေအောက်ခန်းထဲဝင်ပြေးတာ။ သူက ဘုန်းကြီးကိုလည်းလုပ်မယ်မထင်ဘူးလို့ ထင်မှာပေ့ါ။ ဟိုက မြေအောက်ခန်းတွေပါ ဝင်မွှေတော့ ဘုန်းကြီးကိုတွေ့တော့ ပစ်သတ်သွားတာ"လို့ ဒေသခံက ပြောပါတယ်။
ဒါ့အပြင် စစ်ကိုင်းမှာ မြေဝယ်ဖို့ ပါလာတဲ့ အမျိုးသမီးတစ်ဦးလည်း ပစ်ခတ်သတ်ဖြတ်ခံလိုက်ရတယ်လို့ သိရပြီး ပီဒီအက်ဖ် ရဲဘော်တစ်ဦးနဲ့ ဒီပဲယင်းကွဲရွာမှာ ကင်းစောင့်နေတဲ့ အရပ်သားတစ်ဦးကိုတို့လည်း ပစ်ခတ်သတ်ဖြတ်ခံခဲ့ရတယ်လို့ သူက ဆက်ပြောပါတယ်။
ဒီပဲယင်းကွဲကျေးရွာက နေအိမ်တွေ မီးရှို့သွားလို့ နေအိမ် အလုံးပေါင်း ၉၀ ကျော်လောက် မီးလောင်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီဖြစ်စဥ်နဲ့ပတ်သက်လို့ ဒေသခံ PDF အဖွဲ့တွေက ကြွယ်ပုံ ပျူစောထီးနဲ့ စစ်ကောင်စီပူးပေါင်းတပ်တို့ လက်နက်ကြီးနဲ့ရွာထဲပစ်ခတ်ဝင်ရာက်ပြီး ရွှေဂူကျောင်းတိုက်ထဲမှာ ဆရာတော်ကိုသတ်ဖြတ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီရဲ့သတင်းတွေကို ဖော်ပြလေ့ရှိတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ စစ်ကိုင်းတိုင်း ဒီပယင်းကွဲရွာမှာ သံဃာတစ်ပါးကို ပီဒီအက်ဖ်တွေက သတ်ဖြတ်သွားတယ်လို့ ဖော်ပြတာတွေရှိနေပါတယ်။ အခုလိုနှစ်ဖက်အပြန်အလှန်စွပ်စွဲချက်နဲ့ပတ်သက်လို့ ဘီဘီစီက သီးခြားအတည်မပြုနိုင်သေးပါဘူး။
ဒီဖြစ်စဥ်နဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာမရှိသေးသလို ဘီဘီစီကလည်း ဆက်သွယ်မေးမြန်းဖို့ကြိုးစားနေပါတယ်။
ဒါ့အပြင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ပြောခွင့်ရ ဦးအေးလှိုင်ထံလည်း ဆက်သွယ်မေးမြန်းခဲ့ပေမဲ့အဆက်အသွယ်မရသေးပါဘူး။
ဒီပဲယင်းကွဲကျေးရွာဟာ အိမ်ခြေထောင်ချီရှိတဲ့ ကျေးရွာကြီးဖြစ်ပြီးတရုတ်နိုင်ငံကိုတောင် သရက်သီးတင်ပို့တဲ့အထိ စီးပွားရေးကောင်းတဲ့ရွာကြီးဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။စစ်ကြောင်းဟာ ရွာထဲကို လက်နက်ကြီးတွေနဲ့ ကြွယ်ပုံရွာဘက်ကနေ ဒီပဲယင်းကွဲကျေးရွာကို ပစ်ခတ်ဝင်ရောက်လာတာဖြစ်ပြီး နောက်ဘက်ကနေ လက်နက်ကြီးနဲ့ပစ်ကာအရှေ့ဘက်ကနေ ခြေလျင်စစ်ကြောင်းထိုးဝင်ရောက်လာတာဖြစ်တယ်လို့ ဆိုပါတယ်။ ကြွယ်ပုံနဲ့ ဒီပဲယင်းကွဲဟာ ရွာချင်းကပ်ရက်ဖြစ်ပြီး မနှစ်က နှစ်ကြိမ်စစ်ကြောင်းဝင်ရောက်ရာမှာ နေအိမ် ၂၁ လုံး မီးလောင်သွားခဲ့ပြီး အခုတစ်ခေါက်မှာတော့ အိမ်အလုံး ၉၀ ပါသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။








