“ကျွန်မတို့ အဆိပ်ပင်ကို ရေလောင်းခဲ့ကြတယ်”

စစ်အာဏာသိမ်း၊ စစ်ကြောင်းထိုး၊ မီးရှို့၊ ဒီပဲယင်း၊ မူးကမ်းကြီး

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, ဒီပဲယင်းမြို့နယ်၊ မူးကမ်းကြီး ကျေးရွာ၊ ၂၀၂၂ ခုနှစ် ဩဂုတ်လက မီးရှို့ခံရပြီးမြင်ကွင်း

မီးလောင်ထားတဲ့ ရက်ကန်းစင်တွေကြား အိမ်လို့ အမည်တပ်ထားတဲ့ တဲသာသာနေရာလေးမှာနေရတာ အေးလွန်းချမ်းလွန်းလှပါတယ်။

ဒါပေမဲ့ သူတို့ရင်ထဲမှာတော့ အပူမီးတွေကြောင့် ချမ်းအေးတာကို ဂရုမထားနိုင်တော့ပါ။

ဒေါ်အေးမြ (အမည်လွှဲ) က အသက် ၄၅ နှစ် အရွယ်ပါ။ ပြီးခဲ့တဲ့ရက်ပိုင်းကအထိ သူက ရက်ကန်းစင်ပိုင်ရှင်တစ်ယောက် ဖြစ်ပါတယ်။

အခုတော့ သူရဲ့ ရက်ကန်းစင် ၄ စင်အပါအဝင် တစ်ရွာလုံးမီးရှို့ခံရပြီးတော့ သူ အခြေအနေမဲ့ တစ်ယောက် ဖြစ်ခဲ့ရပါတယ်။

ဒေါ်အေးမြတို့ မိသားစုနေထိုင်တဲ့ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ မူးကမ်းကြီးကျေးရွာကို စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးပြီးနောက် ရွာလုံးကျွတ်နီးပါး မီးရှို့ခံရတဲ့အထဲမှာ ဒေါ်အေးမြရဲ့နေအိမ်သာမက သူတည်ထောင်ထားတဲ့ စက်ရက်ကန်းစင် ၄ စင်လည်း မီးထဲပါသွားခဲ့တာဖြစ်ပါတယ်။။

“ ကျွန်မ ရက်ကန်းအစကို လက်ရက်ကန်းကနေ စသင်တော့ အသက် ၁၈ နှစ်ပဲရှိသေးတယ်။ သူများဆီမှာ အလုပ်လုပ်ရင်းနဲ့ ကိုယ်ပိုင်လုပ်ငန်းလေး စနိုင်ဖို့ကို နှစ် ၂၀ လောက် မြှုပ်နှံခဲ့ရတာ”လို့ ‌ သူက ပြောပါတယ်။

အဆိပ်ပင်ရေလောင်းမိခဲ့တဲ့ ဒေါ်အေးမြ

ရက်ကန်းစင်၊ မီးရှို့ခံရ

ဓာတ်ပုံ ရင်းမြစ်, My Day ဆိပ်ခွန်ထည်ပင်ရင်း

ဓာတ်ပုံ ပုံစာ, နာမည်ကြီးဆိပ်ခွန်တံဆိပ်ရက်ကန်းစင်တွေ မီးလောင်ခံခဲ့ရ

ဒေါ်အေးမြတို့ မိသားစုမှာ မောင်နှမ ၆ ယောက်ရှိပြီး အဲဒီအထဲက မောင် ၃ ယောက်ဟာ ငယ်ငယ်ကတည်းက တော်ပြီး ထူးချွန်ခဲ့တဲ့သူတွေဖြစ်တယ်လို့ ပြောပါတယ်။

မိဘတွေက ထူးချွန်တဲ့ သားဖြစ်သူတွေကို စစ်တပ်ထဲကို ဝင်စေခဲ့ပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

“အဖေက မသိလို့ တပ်ထဲထည့်ခဲ့တာတဲ့။ ကျွန်မတို့ဒေသမှာ တော်လှန်ရေး မပြင်းထန်ခင်တုန်းက အဖေက သူ့သားတွေကို ပြန်ထွက်လာဖို့ ခေါ်တယ်။ တစ်မိသားစုတည်းက ထွက်လာတဲ့သူတွေမို့လို့ နေမှာပေါ့ သူတို့သုံးယောက်ကလည်း သူတို့ခံယူထားတဲ့စိတ်ကို လက်မလွှတ်ဘူး။ ပြန်မလာကြဘူး။ အဲဒီကတည်းက အဖေက ပြတ်ပြီဆိုပြီး ထားလိုက်တော့တာ” လို့ သူ့မိသားစုအခြေအနေကို ပြောပြပါတယ်။

တကယ်တော့ ဒေါ်အေးမြရဲ့ ရက်ကန်းသမ နှစ် နှစ်ဆယ်ဝန်းကျင် လုပ်အားခထဲက ၁၀ နှစ်စာဟာ သူ့မောင်တွေကို ထောက်ပံ့ပေးခဲ့ရတာပါ။

“ ကျွန်မ အသက် ၁၈ နှစ်၊ လှ ချင် ပ ချင်၊ ပျော်ချင်တဲ့အချိန်မှာတောင် ရက်ကန်းခတ်ပြီး သူတို့လိုအပ်တာတွေကို ဖြည့်ဆည်းပေးခဲ့တာ။ ကျွန်မတို့ မိသားစုက အရမ်းဆင်းရဲခဲ့တဲ့ကြားကနေ လုပ်ပေးခဲ့ကြတာ”လို့ ပြောပါတယ်။

ဒါပေမဲ့ ဒီပဲယင်းမှာ စစ်ကြောင်းထိုးပြီး တော်လှန်ရေးကာလ စတင်ချိန်မှာ မိခင်ဖြစ်သူ သေဆုံးသွားတာတောင် စစ်တပ်ထဲက မောင် သုံးယောက်ကို အသိမပေးခဲ့ကြပါဘူး။

“အဖေကပြောတယ်၊ ငါတို့တွေက အဆိပ်ပင်ကို ရေလောင်းခဲ့ကြတာတဲ့”

စစ်တပ်ထဲရောက်နေတဲ့ မောင်တွေရဲ့ တပ်ရင်း ရာထူး အဆင့်တွေနဲ့ ပတ်သက်လို့ ဒေါ်အေးမြက ဘီဘီစီကို ထုတ်ဖော်ပြောဆိုတာတော့ မရှိပါဘူး။

သူတို့နဲ့ စိတ်နာလွန်းလို့ အဆက်အသွယ် မလုပ်တော့ဘူး လို့လည်း ဒေါ်အေးမြက ပြောပါတယ်။

စစ်ကြောင်းထိုး၊ မီးရှို့၊ ရက်ကန်းစင်၊ မီးရှို့ခံရ

ဓာတ်ပုံ ရင်းမြစ်, S&C မီးဘေး၊စစ်ဘေး၊ပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့

ဓာတ်ပုံ ပုံစာ, နေအိမ်တွေနဲ့အတူ မီးရှို့ခံခဲ့ရတဲ့ ရွှေဘိုမြို့၊ ထူးကြီးကျေးရွာက စက်ရက်ကန်းများ

ဒေါ်အေးမြရဲ့ ကိုယ်ပိုင်ရက်ကန်းစင်ကို သူ့ရဲ့အသက် ၄၀ ရောက်မှ စတည်ထောင်နိုင်ခဲ့တာပါ။ သူဝယ်တုန်းက စက်ရက်ကန်းစင် တစ်စင်ဈေးနှုန်းဟာ ၂၇ သိန်းရှိပေမဲ့ အထည်ရက်လုပ်နိုင်ဖို့ ပြင်ဆင်စရိတ်တွေ အားလုံးပေါင်းရင် သိန်း ၅၀ ဝန်းကျင် ကုန်ကျခဲ့ပါတယ်။

သူ့ရဲ့ကြိုးစားမှုကြောင့် နောက်ထပ် ၂ နှစ် ၃ နှစ်လောက်မှာ စက်ရက်ကန်းစင် ၃ လုံး ထပ်ဝယ်နိုင်ခဲ့ပါတယ်။

“စက်ရက်ကန်း တစ်စင်ကနေ တစ်နှစ်ကို ၂၄ သိန်းကျော်လောက်ရတယ်။ သမီးတစ်ယောက်ရှိတယ်။ အခုဆို ၁၁ နှစ်ရောက်ပြီ။ ရက်ကန်းတွေအကြောင်း သင်နေပြီ၊ သူ့ကိုယ်ပိုင်ဝင်ငွေတောင် တစ်ရက် ၁၅၀၀ ရနေပြီ၊ ကျွန်မက သမီးကို ဒီလုပ်ငန်းတွေကို အမွေပေးဖို့ထိ ရည်ရွယ်ခဲ့တာ”လို့ ပြောပါတယ်။

ဒေါ်အေးမြတို့လို ရက်ကန်းလုပ်ကိုင်သူတွေဟာ အိမ်တွင်းစီးပွားရေးအနေနဲ့သာမက နိုင်ငံရဲ့ ယဉ်ကျေးမှု၊ ရိုးရာဓလေ့ကို ထိန်းသိမ်းနေကြသူတွေအဖြစ် ဂုဏ်ယူနေကြတာဖြစ်ပါတယ်။

ဒါပေမဲ့လည်း မီးရှို့ခံရပြီးနောက် အဲ့ဒီ ကျေးရွာက လက်ရက်ကန်း ထောင်ချီဟာပြာအဖြစ်ပြောင်းသွားပြီး စက်ရက်ကန်း ၂၀၀ ဝန်းကျင်ကတော့ ပြန်သုံးမရတဲ့အထိ ဖြစ်သွားပါပြီ။

ဒေါ်အေးမြတို့ မူးကမ်းကြီးကျေးရွာဟာ ဆိပ်ခွန်ထည်တွေ ရက်လုပ်တဲ့ကျေးရွာတစ်ခုဖြစ်တာကြောင့် မိန်းကလေးရှိတဲ့‌ နေအိမ်တိုင်းမှာ ရက်ကန်းစင်ရှိကြပါတယ်။

သူတို့ အဓိက ပို့ရတဲ့နေရာက ရွှေဘိုမြို့နယ်က ဆိပ်ခွန်ကျေးရွာက အထည်ဒိုင်တွေဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ အထင်ကရ နာမည်ကြီးတံဆိပ်ဖြစ်တဲ့ ဆိပ်ခွန်ထည်တွေကို ရွှေဘိုမြို့နယ်အတွင်းက ကျေးရွာတွေအပြင် ဒီပဲယင်း၊ ခင်ဦး၊ ဝက်လက် စတဲ့ မြို့နယ်တွေမှာလည်း ရက်လုပ်ကြတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၀၊ ၂၁၊ ၂၂ ရက်တွေမှာ စစ်ကြောင်းထိုးခံရတဲ့ ရွှေဘိုမြို့နယ်ထဲက နေအိမ် ၆၀၀ ကျော်ရှိတဲ့ ထူးကြီးကျေးရွာမှာလည်း နေအိမ် ၄၀၀ ကျော်အပြင် စက်ရက်ကန်း၊ လက်ရက်ကန်းစင်တွေ ၂၀၀ လောက် မီးရှို့ခံခဲ့ရတယ်လို့ S&C မီးဘေး၊ စစ်ဘေး၊ ပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့ဆီကနေ သိရပါတယ်။

“လက်ရက်ကန်းတွေက သစ်သားနဲ့လုပ်တာဆိုတော့ အကုန်ပြာဖြစ်သွားတယ်။ စက်ရက်ကန်းတွေကျတော့လည်း မီးအပူရှိန်ကြောင့်မို့ ဒလိမ့်တုံးတွေ ပိန်ချိုင့်ကုန်တယ်ဆိုတော့ ပြန်ပြင်သုံးလို့ ရနိုင်မယ် မထင်ဘူး။ တော်တော်ဆိုးဆိုးရွားရွားဖြစ်သွားတာ။ သူတို့တွေ တော်တော်နဲ့ စီးပွားရေး ပြန်စနိုင်တော့မယ်မထင်ဘူး”လို့ S&C အဖွဲ့ဝင်တစ်ယောက်က ပြောပါတယ်။

ဆိပ်ခွန်ထည်တွေ အဓိကရက်လုပ်တဲ့ ကျေးရွာကြီးတွေ မီးရှို့ခံရတာဟာ ဒေသတွင်း စီးပွားရေးကို ပျက်စီးရုံသာမက နိုင်ငံရဲ့ ယဉ်ကျေးမှု၊ ရက်ကန်းဓလေ့တွေကိုလည်း ဖျက်ဆီးရာရောက်တယ်လို့ ပြောကြပါတယ်။

မြန်မာတစ်နိုင်ငံလုံးကို ဆိပ်ခွန်အထည်တွေ ဖြန့်ချိတဲ့ ဆိပ်ခွန်ကျေးရွာ မီးရှို့ခံရမှာကိုလည်း စိုးရိမ်နေကြရပါတယ်။

ဆိပ်ခွန်ထည်တွေရက်လုပ်တဲ့ ကျေးရွာတွေက ရက်ကန်းစင်တွေ ဘယ်လောက်များများ မီးရှို့ခံရတဲ့အထဲ ပါဝင်သွားလဲဆိုတာကတော့ ရွှေဘို၊ ဒီပဲယင်း၊ ခင်ဦး၊ ဝက်လက် မြို့နယ်တွေမှာ စစ်ကြောင်းတွေ ဆက်တိုက်ထိုးခံနေရတဲ့အတွက် စာရင်းကောက်ယူနိုင်တာ မရှိကြသေးပါဘူး။

ပြာပုံကြားကနေ ပြန်ရုန်းကန်မယ့် ‌ဒေါ်အေးမြ

ဆိပ်ခွန်ထည်၊ စစ်ကြောင်းထိုး၊ ရက်ကန်းစင်၊ မီးရှို့ခံရ

ဓာတ်ပုံ ရင်းမြစ်, Aung Ko ကချင်လုံချည်

ဓာတ်ပုံ ပုံစာ, မြန်မာနိုင်ငံ နာမည်ကြီးဆိပ်ခွန်ပုဆိုး

အခုချိန်မှာတော့ ဒေါ်အေးမြတစ်ယောက် မီးလောင်ခံထားရတဲ့ ရက်ကန်းစင် ၄ စင်ကို ဒီအတိုင်း ထား ထားရပါတယ်။ ဒီစင်တွေကို ပြန်ပြင်မယ်ဆိုရင် တစ်စင်ကို ကုန်ကျနိုင်တဲ့ ငွေ ၂၈ သိန်းလောက်ကို ထပ်ပြီးရင်းနှီးစရာလည်း မရှိတော့ပါဘူး။ အသစ်ပြန်ဝယ်ရင်လည်း သိန်း ၇၀ ဝန်းကျင်ရှိနေတဲ့အတွက် ဝယ်ဖို့လည်း စိတ်မကူးနိုင်သေးပါဘူး။

“ပြန်လည်းမစနိုင်သေးဘူး၊ ပြန်လည်းမစရဲသေးဘူး၊ တကယ်လို့ ပြန်လုပ်မယ်ဆိုရင်တောင် နောက်ထပ်မီးရှို့ခံရဦးမလား မသေချာတဲ့အခြေအနေမှာ ဘာမှ မလုပ်ရဲသေးဘူး”လို့ ပြောပါတယ်။

ဒါပေမဲ့ နိုင်ငံရေးကောင်းမွန်လာပြီး ပုံမှန်အခြေအနေ ပြန်ရောက်လာရင်တော့ ရိုးရာ၊ ယဉ်ကျေးမှု ၊ ဓလေ့သာမက အသက်မွေးလုပ်ငန်းတစ်ခုဖြစ်တဲ့ ဒီရက်ကန်းလုပ်ငန်းကို ပြန်လုပ်ကိုင်ပြီး သမီးဖြစ်သူကို အမွေပေးမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဒီလို နေအိမ်တွေ၊ စီးပွားရေးလုပ်ငန်းတွေ မီးရှို့ခံရတာကို စစ်တပ်ထဲက မောင်ဖြစ်သူတွေ သိကြမလားဆိုတဲ့ မေးခွန်းကိုတော့ “မောင်တွေနဲ့ပတ်သက်ပြီး မစဉ်းစားထားဘူး၊ ဆုံမှာလည်း မဟုတ်တော့ဘူး။ ဆုံစရာလည်း အကြောင်းမရှိတော့ဘူး။ သူတို့ဘက်က တွေ့ချင်ပါတယ်ဆိုရင်တောင် မဆုံစေရဘူး၊ ဘယ်လောက်ပဲ သွေးသားအရင်းဖြစ်နေပါစေ အစ်မတို့က သတ္တဝါတစ်ခု ပျက်စီးစေတဲ့ အကြောင်းတရားကို ဖန်တီးခဲ့တဲ့သူတွေ မဟုတ်ဘူးလေ”လို့ ဒေါ်အေးမြက ပြောပါတယ်။

အသက်ရှင်သန်နေတဲ့ ဘဝတစ်ဝက်စာလောက် ရင်းနှီးမြုပ်နှံခဲ့ရတဲ့ လုပ်ငန်းတွေဟာ သူတို့အပင်ပန်းခံ ထောက်ပံ့ပေးထားတဲ့ မောင်တွေရှိတဲ့ စစ်တပ်က မီးရှို့ဖျက်ဆီးသွားတာကို ဒေါ်အေးမြ နှမြောပေမဲ့လည်း ဖခင်ဖြစ်သူရဲ့စကားနဲ့ အားယူနေရတယ်လို့ ပြောပါတယ်။

“အဖေကတော့ ပြောပါတယ် အဆိပ်ပင်ကို ရေလောင်းမိတဲ့အတွက် ဒီအပင်တွေက ကြီးထွားသွားပြီး ဒီဒုက္ခတွေ ခံစားရတယ်။ အဲဒီဒဏ်တွေက အဆိပ်ပင်ကို ရေမလောင်းမိတဲ့သူတွေတောင် ခံစားနေရတာ အဆိပ်ပင်ရေလောင်းမိတဲ့ သူ့အတွက် မခံစားနိုင်ဘူးပေါ့နော်။ ဒါပေမဲ့ အဖေရော ကျွန်မရော ဘာသာရေးအပေါ် တအားယုံကြည်တယ်။ အဖေတို့က ပြုတဲ့သူမဟုတ်ဘူး။ သေသွားရင်လည်း ဘာမှပါသွားတာမဟုတ်ဘူး၊ လက်ရှိ ရုပ်ဝတ္ထုပျက်စီးပေမဲ့ သံသရာမှာ မကောင်းမှုကို လုပ်တဲ့သူမဟုတ်ဘူးလို့ ဖြေကြတာပေါ့။"