ဒီဇင်ဘာ ၅ရက် ထိပ်တန်းရောက်သတင်းများ

ခင်ဦးနဲ့ ရွှေဘို မှာ စစ်ရှောင်ပြည်သူ ၃၀‌ခန့် စစ်ကြောင်းနဲ့တိုးလို့ဖမ်းဆီးခံရ
ခင်ဦးကနေ ဒီပဲယင်းအရှေ့ခြမ်းသွားတဲ့စစ်ကြောင်းတစ်လျှောက် ဖမ်းဆီး ခေါ်ဆောင်သွားပြီး ဒီကနေ့ ဒီဇင်ဘာ ၅ရက်အထိ ပြန်လွှတ်ပေးတာမရှိသေးဘူးလို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Khin U local Guerrilla Force

စစ်ကိုင်းတိုင်း ၊ ဒီပဲယင်းမြို့နယ် အရှေ့ခြမ်းမှာစစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်တွေဟာ ခင်ဦးမြို့နယ် တာတိုင်ရွာနဲ့ ရွှေဘိုနယ်က သပွတ္တောရွာတွေက စစ်ဘေးရှောင်ပြည်သူ အယောက် ၃၀ ကို ဒီဇင်ဘာ ၄ရက် မှာ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

ခင်ဦးကနေ ဒီပဲယင်းအရှေ့ခြမ်းသွားတဲ့စစ်ကြောင်းတစ်လျှောက် ဖမ်းဆီး ခေါ်ဆောင်သွားပြီး ဒီကနေ့ ဒီဇင်ဘာ ၅ရက်အထိ ပြန်လွှတ်ပေးတာမရှိသေးဘူးလို့ ဆိုပါတယ်။ ဖမ်းဆီးခံရသူတွေထဲ အသက်၁၃ နှစ်အရွယ် ယောက်ျားလေးကလေးငယ်၂ ပါသွားတယ်လို့ ပြောကြပါတယ်။

''ဖမ်းခံရတယ်ဆိုတာက စစ်ကြောင်း လာပြီ လက်နက်ကြီးထုပြီဆို ဝေးသေး‌ရင်မပြေးကြသေးဘူး။ ရသလောက်အိမ်မှာနေချင်ကြသေးတာ။ အဲလိုဆိုတော့ ကပ်ပြေးတော့ စစ်ကြောင်းနဲ့တိုးတာပေါ့ '' လို့ ဒေသခံတစ်ဦးက ဖမ်းဆီးခံရတဲ့ အခြေအနေကို ပြောပြပါတယ်။

ဒါ့အပြင် ဒီဇင်ဘာ ၃ရက် မနက်ပိုင်းကလည်း စစ်ရှောင်ကြတဲ့ ရွှေဘိုနယ် သပွတ္တောရွာက ဒေသခံအချို့ဟာ စစ်ရှောင်ဖို့ ဝဲကြီး -မူးမြစ်ကူး သစ်သားနဲ့ဝါးအသုံးပြုယာယီတံတား ကို ဖြတ်ကူးချိန် တံတားကျိုးကျလို့ ဒေသခံ၅ဦး ရေထဲမျောပါခဲ့ပြီး ၂ဦးကိုသာကယ်ဆယ်နိုင်ခဲ့ပြီး ၃ဦးကို ဒီကနေ့ အထိရှာမရသေးဘူးလို့ စစ်ရှောင်တွေကိုကူညီပေးနေသူအချို့ကပြောပါတယ်။ ပျောက်ဆုံးနေသူ ၃ဦးဟာ သပွတ္တော အနောက်ရွာကတစ်အိမ်တည်းနေ မိသားစုဝင်တွေလို့သိရပါတယ်။

အခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်တွေဟာ ခင်ဦး၊ ရွှေဘို၊ ကန့်ဘလူ၊ ကသာ၊ ဒီပဲယင်းနဲ့ ယင်းမာပင်ခရိုင်တွေက ကျေးရွာ တွေကိုဆက်တိုက်စစ်ကြောင်းထိုးဝင်ရောက်နေတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီစစ်ကြောင်းက ရွာတွေကို ဆက်တိုက်ပစ်ခတ်ဝင်ရောက်နေလို့လက်နက်ကြီး အန္တရာယ် အထူးသတိပြုဖို့ကြဖို့နဲ့ စစ်ကြောင်းသံကြားတာနဲ့ ကြိုတင်တိမ်းရှောင်ကြဖို့ ကိုလည်း စစ်ရှောင်ကူညီရေးလုပ်ဆောင်သူတွေက သတိပေးနေကြပါတယ်။

မုဒုံမြို့နယ် မြို့မ ၂ရပ်ကွက်မှာ ပေါက်ကွဲမှုဖြစ်၊ ရာအိမ်မှူးသေဆုံး၊ ဒဏ်ရာရသူတွေရှိခဲ့
ပေါက်ကွဲမှုကြေင့် ရုံးမှာရှိနေတဲ့ ရာအိမ်မှူးတစ်ဦး သေဆုံးခဲ့ကာ အခြား ၃ ဦးထိခိုက်ဒဏ်ရာရရှိ

ဓာတ်ပုံ ရင်းမြစ်, Mudon Information

မွန်ပြည်နယ်၊ မုဒုံမြို့နယ်ထဲက မြို့မ ၂ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ ဒီဇင်ဘာလ ၅ရက်၊ မနက်ပိုင်း ၁၁နာရီလောက်မှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ မုဒုံဒေသခံတွေထံကသိရပါတယ်။

ပေါက်ကွဲမှုကြေင့် ရုံးမှာရှိနေတဲ့ ရာအိမ်မှူးတစ်ဦး သေဆုံးခဲ့ကာ အခြား ၃ ဦးထိခိုက်ဒဏ်ရာရရှိပြီး အဲဒီထဲက ၂ ဦးက ပြင်းထန်တဲ့ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။

ဒဏ်ရာပြင်းထန်တဲ့ ၂ ဦးကို မုဒုံမြို့နယ်အတွင်းက စစ်ဆေးရုံတစ်ခုမှာ‌ ဆေးကုသမှုပေးနေတယ်လို့ မုဒုံသတင်းတွေကိုဖော်ပြနေတဲ့ Mudon Information ထံကသိရပါတယ်။ အုပ်ချုပ်ရေးမှူးဖြစ်သူကတော့ ပေါက်ကွဲချိန်မှာမရှိတဲ့အတွက် ထိခိုက်မှုမရှိခဲ့ဘူးလို့ သိရပါတယ်။

Mudon Information နဲ့ ဒေသခံအချို့ရဲ့ ပြောပြချက်အရ အုပ်ချုပ်ရေးမှူးနဲ့အခြား အဖွဲ့ဝင်တွေကြောင့် အပြစ်မဲ့တဲ့ အရပ်သားအများအပြားဖမ်းဆီးခံရတဲ့ဖြစ်စဉ်တွေ အဲဒီရပ်ကွက်အတွင်းမှာ ဖြစ်နေသလို၊ ငွေရေးကြေးရေးတောင်းယူမှုတွေလည်း မကြာခဏဆိုသလို ရှိနေတာကြောင့် အခုလို ပစ်မှတ်ထားတိုက်ခိုက်တာမျိုးဖြစ်နိုင်တယ်လို့ ယူဆပြောဆိုကြပါတယ်။

ဒေသခံတွေရဲ့ ပြောကြားချက်နဲ့ပတ်သတ်ပြီး ဘီဘီစီက သီးခြားအတည်ပြုနိုင်တာမရှိသေးပါဘူး။ အခုလိုတိုက်ခိုက်မှုနဲ့ ပတ်သတ်ပြီး ဘယ်အဖွဲ့က လုပ်ဆောင်တယ်ဆိုတာကိုတော့ လက်ရှိအချိန်ထိ ထုတ်ပြန်တာမျိုးမရှိသေးဘူးလို့ သိရပါတယ်။

ထီးချိုင့်က ရွာတွေ မှာ မီးရှို့ခံရတာတွေဆက်ဖြစ်နေ
မပြေးနိုင်သူ သက်ကြီးရွယ်အိုအပါအဝင် ပဲခင်းကဒေသခံ ၃၀လောက်ကို ဘုန်းကြီးကျောင်းတွေမှာ စစ်တပ်က ထိန်းသိမ်းထား

ဓာတ်ပုံ ရင်းမြစ်, Tigyaing Revolution

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်ထဲက ပဲခင်း၊ ရွှေချောင်းနဲ့ ဘိုတဲကုန်းရွာတွေမှာဒီဇင်ဘာ ၅ရက် ဒီကနေ့ မနက် ၉နာရီကတည်းက စစ်ကြောင်းတွေ ရွာအတွင်း ပစ်ခတ်ဝင်ရောက်ပြီး မီးရှို့တာတွေလုပ်နေတယ်လို့ ထွက်ပြေးလာရတဲ့ အဲဒီကဒေသခံတွေထံကသိရပါတယ်။

စစ်ကြောင်းဟာ အင်းတော်ဘက်ကနေ ကျောင်းကုန်း၊ အဲဒီကနေတဆင့် အခု ထီးချိုင့်နယ်ထဲကို လာတာ ဖြစ်ပြီး တိုက်ပွဲဖြစ်ပွားတာမျိုးမရှိဘဲ ပစ်ခတ်ဝင်ရောက်လာပြီးနောက် မီးရှို့တာတွေကိုလုပ်နေတာလို့ ထွက်ပြေးလာရတဲ့ ပဲခင်းဒေသခံက ဘီဘီစီကိုပြောပါတယ်။

“တပတ်ကျော်ရှိနေပြီ တရက်မှကိုမပြတ်တော့ဘူး၊ စစ်တပ်တွေက ဝင်မွှေနေတာ၊ အခုလည်း အိမ်ခြေက များနိုင်ပေမယ့် ရွာနားကို မကပ်နိုင်လို့ မီးလောင်ပြာကျတဲ့အတိအကျကိုတော့ မသိရဘူး။ ပဲခင်းရော၊ ရွှေချောင်းရော၊ ဘိုတဲကုန်းရော အဲဒီရွာတွေကိုမီးရှို့တာကို လှမ်းမြင်နေရတယ်” လို့ ဒေသခံ တစ်ဦးက ဘီဘီစီကိုပြောပါတယ်။

အဲဒီလို ပစ်ခတ်ပြီးရွာထဲကို ဝင်လာချိန်မှာ မပြေးနိုင်သူ သက်ကြီးရွယ်အိုအပါအဝင် ပဲခင်းကဒေသခံ ၃၀လောက်ကို ဘုန်းကြီးကျောင်းတွေမှာ စစ်တပ်က ထိန်းသိမ်းထားတာကို ဒေသခံတွေအကြားဆက်သွယ်သိရှိထားရတယ်လို့ ပြောကြပါတယ်။

အခုစစ်ကြောင်းတွေကြောင့် ပဲခင်း၊ ရွှေချောင်း၊ ဘိုတဲကုန်း၊ ဆားတွင်း အပါအဝင် ကျေးရွာ ၆ရွာလောက်က ဒေသခံထောင်ချီလည်း စစ်ဘေးရှောင်ထွက်ပြေးနေရတယ်လို့ သိရပါတယ်။ ထီးချိုင့်ထဲမှာ အရင်ကတည်းကရှိတဲ့ စစ်ကြောင်းတွေကလည်း ဆားတွင်းရွာကို မနေ့က မီးရှို့တာတွေရှိခဲ့ တယ်လို့ ဒေသခံတွေထံကသိရပါတယ်။

လှည်ကူးမြို့နယ်၊ ငွေနံ့သာစံပြကျေးရွာမှာ သေဆုံးနေတဲ့ အလောင်းတွေတွေ့ရှိ
လှည်ကူးမြို့နယ်၊ ငွေနံ့သာစံပြကျေးရွာမှာ သေဆုံးနေတဲ့ အလောင်းတွေတွေ့ရှိ

ဓာတ်ပုံ ရင်းမြစ်, Hlegu Development Township Page

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ငွေနံ့သာ စံပြကျေးရွာ၊ ငွေနံ့သာလမ်းအနီးမှာ သေဆုံးနေတဲ့ အလောင်း ၁၃လောင်းကို တွေ့ရှိခဲ့ရတယ်လို့ သေဆုံးနေတဲ့အလောင်းတွေကို သွားရောက်ကြည့်ရှုကြတဲ့ ဒေသခံတွေထံကသိရ ပါတယ်။

သေဆုံးနေသူတွေက အသက် ၁၃နှစ်ကနေ ၁၅နှစ်အရွယ်ရှိတဲ့ အမျိုးသား ၁၃ဦး ဖြစ်တာကို ဖြစ်စဥ်ဖြစ်ပွားရာမှာ သတင်းအချက်အလက်ကောက်ယူနေသူတွေရဲ့ ရေတွက်သိရှိရတဲ့အချက်အလက်တွေ ကို တွေ့မြင်ခဲ့ရသူဒေသခံတွေကကိုးကားကာ ဘီဘီစီကို အတည်ပြုပြောကြပါတယ်။

“သူတို့ပုံစံလေး တွေက မြန်မာလူမျိုးပုံစံတော့မဟုတ်ဘူး။ သေဆုံးတဲ့ကလေးတွေမှာတော့ ဒဏ်ရာ၊ ဒဏ်ချက်တွေရှိတာမျိုးလည်း မတွေ့ ရဘူး” လို့ မျက်မြင်တွေ့ရှိခဲ့သူ ဒေသခံက ဘီဘီစီကိုပြောပါတယ်။

သေဆုံးသူတွေဟာ ဘယ်သူဘယ်ဝါဆိုတာနဲ့၊ ဘာကြောင့်သေဆုံးတယ်ဆိုတဲ့ အတိအကျကို ဘီဘီစီက ထပ်မံအတည်ပြုနိုင်ရေး ကြိုးပမ်းနေပါတယ်။

စစ်ကောင်စီကတော့ ရန်ကုန်တိုင်း၊ ဘားလားကျေးရွာအုပ်စု၊ ငွေနံ့သာကျေးရွာမှ အမှတ် ၇ လမ်းမကြီဂနဲ့ ဆက်သွယ်ထားတဲ့ လမ်းဘေးမှာ သေဆုံးနေတဲ့ အမျိုးသားအလောင်း ၁၃လောင်းကို ဒီကနေ့ နံနက် ၇နာရီလောက်မှာ ‌ကျေးရွာအုပ်ချုပ်ရေးမှူးသတင်းပေးချက်အရ တွေ့ရှိခဲ့ရတယ်လို့ ထုတ်ပြန်လာပါတယ်။

တွေ့ရှိထားတဲ့ အလောင်းတွေကို ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ကာ စစ်ဆေးမှုတွေလုပ်နေသလို၊ ဖြစ်စဥ်မှန်ပေါ်‌‌ပေါက်ရေး သေမှူသေခင်းဖွင့်ကာ ဆက်လက်လုပ်ဆောင်နေတယ်လို့လည်း စစ်ကောင်စီက ဒီနေ့နေ့ခင်းပိုင်းမှာ ထုတ်ပြန်ပါတယ်။ သေဆုံးသူတွေဟာ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကိုတော့ ထုတ်ပြန်တာမရှိသေးပါဘူး။

KBC ဥက္ကဋ္ဌ (ငြိမ်း) သိက္ခာတော်ရဆရာ ဒေါက်တာခလမ်ဆမ်ဆွန်ဖမ်းဆီးခံရ
KBC အသင်းတော် တာဝန်ရှိသူတွေက စစ်ကောင်စီကို မေးမြန်းတာတွေလုပ်နေပေမယ့် တိတိကျကျ ပြန်လည် သိရှိရတာမရှိသေးဘူး

ဓာတ်ပုံ ရင်းမြစ်, CJ

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ဥက္ကဋ္ဌ (ငြိမ်း) သိက္ခာတော်ရဆရာ ဒေါက်တာခလမ်ဆမ်ဆွန်ကို ဒီကနေ့ ဒီဇင်ဘာ၅ရက် မနက် ၉နာရီခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကဖမ်းဆီးခဲ့တယ်လို့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC တာဝန်ရှိသူအချို့ထံက သိရှိရပါတယ်။

ထိုင်းနိုင်ငံကိုဆေးသွားကုဖို့ မန္တလေးလေးအပြည်ပြည်ဆိုင်ရာလေဆိပ်‌ရောက်နေတဲ့ဒေါက်တာခလမ်ဆမ်ဆွန်ကို စစ်​ဆေး​မေးမြန်စရာရှိတယ်ဆိုပြီးဖမ်းဆီးခဲ့တာဖြစ်တယ်လို့သိရပါတယ်။

KBC ရဲ့ အထူးအကြံပေးပုဂ္ဂိုလ်ကို စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားရတဲ့ အကြောင်းအရင်းနဲ့ ဖမ်းဆီးထိန်းသိမ်းထားခံထားရတဲ့ အခြေအနေအတိအကျကို သိရှိနိုင်ဖို့ KBC အသင်းတော် တာဝန်ရှိသူတွေက စစ်ကောင်စီကို မေးမြန်းတာတွေလုပ်နေပေမယ့် တိတိကျကျ ပြန်လည် သိရှိရတာမရှိသေးဘူးလို့ ပြောကြပါတယ်။

ဒေါက်တာခလမ်ဆမ်ဆွန်နဲ့ အတူ အခြား ၂ ဦးလည်း စစ်ဆေးမေးမြန်းခံရတာတွေလည်း ရှိတယ်လို့ဒေသတွင်းမီဒီယာတွေကရေးသားနေ ပါတယ်။

အဲဒီ ၂ဦးက KBC လူငယ် တာဝန်ခံ‌ဟောင်းဖြစ်သူ ဂွမ်ကရောင်ခန်နော်နဲ့ ဆရာတော် ခမ်းဝါတို့ ဖြစ်တယ်လို့သိရပါတယ်။ သူတို့ကိုတော့ လေဆိပ်ကနေ ထွက်ခွာခွင့်ပြုလိုက်ပြီလို့ အခြေအနေသိရှိသူ နီးစပ်သူတွေက ဘီဘီစီကိုပြောပါတယ်။

သိက္ခာတော်ရဆရာ ဒေါက်တာ ခလမ်ဆမ်ဆွန် ဟာ KBC ရဲ့ အထွေထွေ အတွင်းရေးမှုးချုပ်နဲ့ ဥက္ကဋ္ဌ တာဝန်တွေကို ယူခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့အောက်တိုဘာလက ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် " KBC ရဲ့ အထူးအကြံပေးပုဂ္ဂိုလ် " အဖြစ် ခန့်အပ်ခံထားရတာဖြစ်ပါတယ်။

သိက္ခာတော်ရဆရာ ဒေါက်တာ ခလမ်ဆမ်ဆွန် ဟာ ၂၀၁၉ ခုနှစ်က လူနည်းစုတိုင်းရင်းသားတွေအပေါ် မြန်မာစစ်တပ်က ဘာသာရေးလွတ်လပ်ခွင့်ဖိနှိပ်မှုနဲ့ ပတ်သက်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တင်ပြခဲ့သူဖြစ်ပြီးအဲဒါကြောင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က အရာရှိတစ်ဦးက တရားစွဲဆိုခံခဲ့ရပြီးနောက်ပိုင်းမှာအမှုရုတ်သိမ်းပေးခဲ့တာဖြစ်ပါတယ်။

မင်းသားဖိုးချစ်နဲ့ တေးရေး၊တေးဆို သျှန်ထွဏ်း ( မြန်မာစာ) တို့ ဖမ်းဆီးခံထားရ
'' ကိုဖိုးချစ်ရဲ့ ‌ဘေးမှာ အမြဲရှိတဲ့ လူယုံလိုအစ်ကိုရယ်။ နောက် ကိုသျှန်ထွဏ်းကျတော့ သူ့ညီမနဲ့ အတူဖမ်းခံရတယ်လို့ သိရတယ်။ စုစုပေါင်း ၄ယောက်လို့ကြားရပါတယ်။ ကို

ဓာတ်ပုံ ရင်းမြစ်, ဖိုးချစ်ဖေ့ဘွတ်ခ်

နာမည်ကျော် ဇာတ်မင်းသားဖိုးချစ်နဲ့ တေးရေး၊တေးဆိုသျှန်ထွဏ်း ( မြန်မာစာ) တို့ ၂ဦးအပါအဝင် ၄ ဦး ကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၃၀ရက် မှာစစ်ကောင်စီကဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့ နီးစပ်သူတွေက ဘီဘီစီကိုအတည်ပြုပါတယ်။

ဖိုးချစ်ရဲ့ အစ်ကိုဖြစ်သူကလည်းသူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ '' အစစအရာရာအဆင်ပြေပါစေသူတော်ကောင်းနဲ့ တွေ့ပါစေ'' လို့ ဇာတ်မင်းသားဖိုးချစ်ဖမ်းခံရတဲ့နေ့က ရေးသားထားသလို သူ့ပို့စ်အောက်မှာလည်း မိတ်ဆွေတွေက ဘေးကင်း‌ပါစေဆိုပြီးရေးသားကွန့်မန့်ပေးထားကြပါတယ်။ ဖိုးချစ်ရဲ့ လူမှုကွန်ရက်မှာလည်း သဘင်အသိုင်းအဝိုင်းက ဘေးကင်းစေဖို့နဲ့ အမြန်ပြန်လည်လွတ်မြောက်ဖို့ ဆုတောင်းရေးသားနေကြပါတယ်။

'' ကိုဖိုးချစ်ရဲ့ ‌ဘေးမှာ အမြဲရှိတဲ့ လူယုံလိုအစ်ကိုရယ်။ နောက် ကိုသျှန်ထွဏ်းကျတော့ သူ့ညီမနဲ့ အတူဖမ်းခံရတယ်လို့ သိရတယ်။ စုစုပေါင်း ၄ယောက်လို့ကြားရပါတယ်။ ကိုသျှန်ထွန်းနဲ့ သူ့ညီမကိုတော့ ပုဂံကိုသွားတဲ့အချိန် အမြန်လမ်းပေါ်မှာ ဖမ်းတာလို့သိရပါတယ်။ ကိုဖိုးချစ်ကိုတော့ ခြံထဲမှာ လာခေါ်သွားတာလို့ပြောပါတယ်။ အခုတော့ မိသားစုတွေကစစ်မေးစရာရှိလို့ ခေါ်သွားတဲ့သဘောလို့ ယူဆကြတာပဲ '' လို့ ဖိုးချစ်ဇာတ်သဘင်နဲ့ နီးစပ်သူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

လက်ရှိမှာ ဖ်ိုးချစ်အပါအဝင် ၄ ဦးဘာကြောင့်ဖမ်းဆီးခံရတယ်ဆိုတာကို တိတိကျကျသိရှိရတာမရှိဘူးလို့ နီးစပ်သူတွေကပြောပါတယ်။

ဖိုးချစ်ဖမ်းဆီးခံထားရတယ်ဆိုတာနဲ့ပတ်သက်လို့ ဘီဘီစီက ထပ်မံအတည်ပြုနိုင်ဖို့ ၎င်းရဲ့အစ်ကိုဖြစ်သူထံ ဆက်သွယ်မေးမြန်းနိုင်ဖို့ကြိုးစားနေပါတယ်။

စစ်ကောင်စီထောက်ခံသူတွေရဲ့ တယ်လီဂရန်ချန်နယ်တွေမှာတော့ ဖိုးချစ်နဲ့ သျှန်ထွန်း(မြန်မာစာ)တို့ ဟာ PDF တွေကိုထောက်ပံ့တယ်ဆိုပြီး ‌စွပ်စွဲရေးသားဖော်ပြနေကြတာတွေ့ရပါတယ်။

စစ်ကောင်စီဘက်ကိုလည်း ဒီဖမ်းဆီးခံရတယ်ဆိုတဲ့ ပြောဆိုချက်တွေနဲ့ပတ်သက်ပြီး အတည်ပြုနိုင်ဖို့ ဆက်သွယ်မေးမြန်းနေပါတယ်။

အင်းတော်မှာလက်နက်ကြီးထိမှန်တဲ့ သားအမိ ၂ဦးကို ဆေးရုံလွှဲပြောင်းကုသနေရ
လက်နက်ကြီး ထိမှန်တဲ့ လေးဦးထဲမှာ ၄ နှစ်အရွယ်မိန်းကလေး တစ်ဦး၊ အသက် ၁၆ နှစ် နဲ့ အသက် ၁၄ နှစ်အရွယ်ယောက်ျားလေး ၂ဦး ၊ မိခင်ဖြစ်သူ အသက် ၄၀ အရွယ်တို့ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Indaw Revolution-IR

အင်းတော်ရဲစခန်းဘက်ကပစ်လိုက်တဲ့လက်နက်ကြီးထိမှန်ခဲ့တဲ့ သားအမိ၄ဦးထဲက မိခင်ဖြစ်သူနဲ့ ကလေးငယ်တစ်ဦး ဟာ ဒဏ်ရာပြင်းထန် လို့ ကသာဆေးရုံမှာ လွှဲပြောင်းကုသပေးနေရတယ်လို့ ဒေသခံအချို့ကပြောပါတယ်။

ဒီဇင်ဘာ ၃ရက်က စစ်ကိုင်းတိုင်းဒေသကြီး၊အင်းတော်မြို့နယ် နတ်မဟုတ်ကြီးကျေးရွာဘက်ကို အင်းတော်ရဲ စခန်းက ပစ်လိုက်တဲ့လက်နက်ကြီး ကျရောက်ပေါက်ကွဲထိမှန်လို့ လယ်တောမှာရှိနေတဲ့ သားအမိ ၄ ဦး ထိခိုက်ဒဏ်ရာရခဲ့တာပါ။ ပေါက်ကွဲတဲ့ ဒဏ်ရာပြင်းထန်လို့ ၁၄နှစ်အရွယ်ကလေးငယ်တစ်ဦး‌ကတော့ ဆေးရုံသွားရာလမ်းမှာ သေဆုံးခဲ့တာဖြစ်ပါတယ်။

လက်နက်ကြီး ထိမှန်တဲ့ လေးဦးထဲမှာ ၄ နှစ်အရွယ်မိန်းကလေး တစ်ဦး၊ အသက် ၁၆ နှစ် နဲ့ အသက် ၁၄ နှစ်အရွယ်ယောက်ျားလေး ၂ဦး ၊ မိခင်ဖြစ်သူ အသက် ၄၀ အရွယ်တို့ဖြစ်ပါတယ်။

'' အခုက အမေနဲ့ သားအကြီးဆုံး ၁၆နှစ် သား ဆေးရုံရောက်တယ်။ကလေးမလေးက တော့ရှပ်ထိတာမျိုး၊ အမေက ပေါင်မှာ အသားတွေပဲ့ထွက်တယ်။ ကောင်လေးက ခြေမျက်စိမှာ အရိုးတွေထိတဲ့အထိ ဒဏ်ရာရတယ်။ နောက် ကောင်းလေးကတော့ဆုံးတာပေါ့။ အဖေက တစ်ယောက်တည်း ဘာလုပ်လုပ်လို့လုပ်ရမလဲတောင်မသိဖြစ်တာ'' လို့ ဒေသခံတစ်ဦးကပြောပြပါတယ်။

အင်းတော်မြို့နယ်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင် စစ်ကောင်စီနဲ့ ‌ဒေသကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေရှိခဲ့ပြီး စပါးရိတ်ချိန်နဲ့တိုက်နေလို့ ဒေသခံတွေအနေနဲ့ အသက်အန္တရာယ်စိုးရိမ်ကြတာတွေရှိနေတယ်လို့ ပြောဆိုကြပါတယ်။

မိုဘိုင်းဆင်းမ်ကတ် မှတ်ပုံတင်ဖို့ စစ်ကောင်စီတိုက်တွန်းနေ
မှတ်ပုံတင်တစ်ခုကို ဆင်းမ် ကတ် ၂ ကတ်သာ မှတ်ပုံတင်ခွင့်ပြုထားတဲ့အတွက် တခြား မှတ်ပုံတင်ထားတဲ့ ဆင်းမ်ကတ် တစ်ကတ်ဝယ်ပြီး ပြန်မှတ်ပုံတင်မယ်ဆိုရင်လည်း အဆင်မပြေတာတွေရှိနေ

ဓာတ်ပုံ ရင်းမြစ်, Getty

နည်းပညာနဲ့ လုံခြုံရေးအခက်အခဲကြောင့် ပြည်သူတွေ စိုးရိမ်

စစ်ကောင်စီ လက်အောက်ခံ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက ဖုန်းဆင်းမ်ကတ်သုံးသူတွေရဲ့ မှတ်ပုံတင်တာကို ပြန်လည်စစ်ဆေးမယ်လို့ ထုတ်ပြန်ခဲ့ပြီးနောက်ပိုင်း ရက်ခြားလိုလို ဆက်သွယ်ရေးအော်ပရေတာတွေကနေ မှတ်ပုံတင်ဖို့ စာတိုတွေပေးပို့နေ့သလို၊ စစ်ကောင်စီထိန်းချုပ်သတင်းစာတွေကလည်း ဒီဇင်ဘာလဆန်းကစလို့ အလားတူထုတ်ပြန်လာနေပါတယ်။

မှတ်ပုံတင်ထားတဲ့ ဆင်းမ်ကတ်တွေကို လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနမှာရှိတဲ့ အချက်လက်တွေနဲ့ တိုက်ဆိုင်စစ်ဆေးပြီး မှန်ကန်မှုမရှိရင် ပိတ်သိမ်းမှာဖြစ်တဲ့အတွက် ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၃၁ ရက် နောက်ဆုံးထားပြီး ပြန်လည်ပြင်ဆင်ကြဖို့ ပေးပို့နေကြတာပါ။

တဖက်မှာလည်း သုံးစွဲသူတစ်ချို့က အသက်အရွယ်ကြောင့် နည်းပညာပိုင်း မကျွမ်းကျင်တာ၊ အော်ပရေတာဆိုင်ခွဲတွေကို သွားဖို့အခက်ခဲရှိတာနဲ့ မှတ်ပုံတင်ပြီးသုံးတဲ့ဆင်းမ်ကတ်တွေကတဆင့် လုံခြုံရေးအရ စောင့်ကြည့်မှုတွေရှိလာနိုင်မယ်ဆိုတဲ့ စိုးရိမ်မှုတွေကြောင့် မှတ်ပုံတင်ဖို့ အခက်အခဲရှိနေကြသူတွေလည်းရှိနေပါတယ်။

စစ်ကောင်စီလက်ရှိမှတ်ပုံတင်ခိုင်းတဲ့အစီအစဥ်မှာ သုံးစွဲသူရဲ့ အမည်၊ နိုင်ငံသားအမျိုးအစား၊ မှတ်ပုံတင်နံပါတ်အမှတ် အဲဒါအပြင် မှတ်ပုံတင်ကို ‌အရှေ့အနောက်ရိုက်ထားတဲ့ ဓာတ်ပုံတွေကိုပေးရမှာဖြစ်ပါတယ်။

နောက်ပြီး မှတ်ပုံတင်တစ်ခုကို ဆင်းမ် ကတ် ၂ ကတ်သာ မှတ်ပုံတင်ခွင့်ပြုထားတဲ့အတွက် တခြား မှတ်ပုံတင်ထားတဲ့ ဆင်းမ်ကတ် တစ်ကတ်ဝယ်ပြီး ပြန်မှတ်ပုံတင်မယ်ဆိုရင်လည်း အဆင်မပြေတာတွေရှိနေတယ်လို့ သုံးစွဲသူတစ်ချို့က ပြောပါတယ်။

ဆင်းမ်ကတ်မှတ်ပုံတင်ထားတဲ့ အချက်လက်တွေနဲ့ မကိုက်ညီရင်လည်း လက်ရှိသုံးနေတဲ့ ဆင်းမ်ကတ်တွေ အပိတ်သိမ်းခံရမှာဖြစ်တဲ့အတွက် အဆက်သွယ်တွေ ပြတ်တောက်သွားမှာကို စိုးရိမ်နေကြရတာပါ။

စစ်ကောင်စီက ဒီလိုတင်းကြပ်လာတာတွေဟာ လူထုအပေါ် လုံခြုံရေးကျိုးပေါက်တဲ့ ဆိုးကျိုးသာဖြစ်ပေါ်စေတဲ့အပြင် ပိတ်သိမ်းခံရတဲ့ ဖုန်းကတ်တွေမှာ ရှိနေတဲ့ လက်ကျန်ငွေတွေကိုလည်း သိမ်းဆည်းခံရမှာဖြစ်တဲ့အတွက် လူထုကသာ နစ်နာမှာဖြစ်တယ်လို့ နည်းပညာကျွမ်းကျင်သူတွေက သုံးသပ်ပြောပြထားပါတယ်။

လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနက အသိအမှတ်ပြုကတ်တစ်မျိုးမျိုး ကိုင်ဆောင်သူ ၅၂ သန်းကျော်ကို National Database တည်ဆောက်ပြီး စာရင်းသွင်းထားတာကြောင့် အဲ့ဒီအချက်လက်တွေနဲ့ တိုက်ဆိုင်စစ်ဆေးမှာဖြစ်တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ထားပါတယ်။

အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု အန္တရာယ်အရှိဆုံး ၃နိုင်ငံမှာ မြန်မာပါဝင်လာ
မြန်မာနိုင်ငံမှာလက်ရှိအချိန်အထိ ကို လူအစုလိုက်အပြုံလိုက်သတ်ဖြတ်မှု အသစ်တွေဖြစ်ပေါ်နိုင်တဲ့ လက္ခဏာတွေကို ဆက်လက်ပြသနေတယ်

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, စစ်ကိုင်းတိုင်းအတွင်းက မီးရှို့ခံထားရတဲ့ အရပ်သားလူနေအိမ်အချို့

၂၀၂၂ခုနှစ် ဒါမှမဟုတ် ၂၀၂၃ ခုနှစ်တွေမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု အန္တရာယ်ရှိနိုင်တဲ့နိုင်ငံများ စာရင်းရဲ့ ထိပ်ဆုံးမှာ ပါကစ္စတန်၊ ယီမင်နဲ့ မြန်မာနိုင်ငံတို့ ရှိနေတယ်လို့ အမေရိကန်ပြည်ထောင်စုက The United States Holocaust Memorial Museum ရဲ့ Early Warning Project နောက်ဆုံးနှစ်အလိုက် အန္တရာယ် အကဲဖြတ်မှုစာရင်း အရသိရပါတယ်။

မြန်မာနိုင်ငံဟာ ၁၉၄၅ ခုနှစ်နောက်ပိုင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု အမျိုးစား ၃ခု တပြိုင်နက်ထဲ ဖြစ်ပေါ်နိုင်ငံတဲ့ အန္တရာယ်ရှိတဲ့ နိုင်ငံများစာရင်းမှာ ပထမဆုံးမှတ်တမ်းဝင်တဲ့ နိုင်ငံတစ်နိုင်ငံအဖြစ် ပါဝင်နေ တယ်လို့ လည်းဖော်ပြပါတယ်။

အဲဒါတွေက ၂၀၂၁ခုနှစ် မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ သံသယရှိသူ၊ တိုက်ပွဲဝင်သူတွေ မဟုတ်တဲ့ အရပ်သားတွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်တာ၊ ရိုဟင်ဂျာတွေအပေါ် အစုလိုက်အပြုံ လိုက်သတ်ဖြတ်ခြင်း၊ ကရင်၊ ကချင်၊ တအာင်း၊ မွန်၊ လီဆူနဲ့ ရှမ်း အပါအဝင် လူနည်းစု တိုင်းရင်းသားတွေ အပေါ် ဆယ်စုနှစ်များစွာကပင် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု စတာတွေက ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းအထိ ဖြစ်ပွားနေတယ်လို့ ဖော်ပြပါရှိပါတယ်။

လွန်ခဲ့တဲ့နှစ်များစွာကတည်းက ကြိုတင်အသိပေးမှုတွေရှိခဲ့ပေမယ့်လည်း မြန်မာနိုင်ငံမှာလက်ရှိအချိန်အထိ ကို လူအစုလိုက်အပြုံလိုက်သတ်ဖြတ်မှု အသစ်တွေဖြစ်ပေါ်နိုင်တဲ့ လက္ခဏာတွေကို ဆက်လက်ပြသနေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာသတင်းဖော်ပြချက်မှာ ထည့်သွင်းရေးသားထားပါတယ်။

အာဏာသိမ်းမှုမဖြစ်မီ မြန်မာနိုင်ငံရဲ့ အဆင့်သတ်မှတ်ချက်က ကမ္ဘာ့နိုင်ငံပေါင်း ၁၆၀ ကျော်အတွင်းမှာ အဆင့် ၁၇နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။ အာဏာသိမ်းပြီးနောက်တော့ အရပ်သားတွေကို ကျယ်ကျယ် ပြန့်ပြန့် စနစ်တကျအကြမ်းဖက်မှုတွေဖြစ်ပေါ်လာပြီး အခုလိုဆိုးဝါးတဲ့ အခြေအနေတွေကို ရောက်လာတာပါ။

မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက်ပိုင်း လုံခြုံရေးတပ်ဖွဲ့နဲ့ သူတို့ရဲ့ ပူးပေါင်းအဖွဲ့တွေရဲ့ သတ်ဖြတ်မှုကြောင့် အနည်းဆုံး အရပ်သား ၁၆၀၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ ကုလသမဂ္ဂရဲ့တွေ့ရှိချက်တွေကို ကိုးကားကာ အစီရင်ခံစာမှာဖော်ပြပါတယ်။

မြန်မာနိုင်ငံဟာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ၊ ကိုယ်ပိုင် ကာကွယ်ရေးတပ်ဖွဲ့‌တွေနဲ့ လူထုဆန္ဒ ပြပွဲတွေ အပါအဝင် ပိုမိုရှုပ်ထွေးတဲ့ ပဋိပက္ခအခင်းအကျင်းကို ကြုံတွေ့နေရတယ်လို့လည်း ပါဝင်ပါတယ်။