မတ် ၁၀ ရက် နိုင်ငံတဝန်းထူးခြားသတင်းများအနှစ်ချုပ်

ဖယ်ရှားခံရတဲ့အိမ်တွေက ပစ္စည်းတွေသယ်ထုတ်နေကြရပါတယ်

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, ဖယ်ရှားခံရတဲ့အိမ်တွေက ပစ္စည်းတွေသယ်ထုတ်နေကြရပါတယ်

လောက်ကိုင်မြို့က ဗမာတန်းကို သုံးရက်အတွင်းဖျက်ဖို့ MNDAA ပြော

ကိုးကန့်တပ်(MNDAA) ထိန်းချုပ်ထားတဲ့ လောက်ကိုင်မြို့မှာ မြို့သာယာလှပဖို့နဲ့ ယာဥ်ကြော ကျပ်တည်းတဲ့နေရာတွေကို လမ်းချဲ့ဖို့ဆိုပြီး ဗမာတန်းလို့သိကြတဲ့ ပေါင်ဖုန်းလမ်းက အိမ်ခြေ ၆၀ ကျော်ကို MNDAA က ဖျက်ခိုင်းတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မတ် ၉ ရက် မနေ့က လာပြောတာဖြစ်ပြီး ဖယ်ရှားပေးဖို့ အချိန် သုံးရက်သာပေးတယ်လို့ သိရပါတယ်။

ပေါင်ဖုန်းလမ်း ဗမာတန်းက အိမ်ခြေ ၆၃ အိမ်မှာ ဗမာလူမျိုးပိုင် အိမ် ၅ အိမ်ခန့်သာရှိပေမဲ့ ဖျက်သိမ်းခံရမယ့်အိမ်ခြေ ၆၀ ကျော်မှာ ဗမာဆိုင်တွေ အများစုဖွင့်ထားတာဖြစ်ပါတယ်။

အဖျက်ခံရလို့ အဲဒီအိမ်တွေသာမရှိတော့ရင် လောက်ကိုင်မှာ ဗမာတန်းဆိုတဲ့ နေရာရှိတော့မှာမဟုတ်ဘူးလို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

“ပစ္စည်းတွေ သယ်ပြီးရွှေ့ခိုင်းတယ်၊ သယ်ချင်တဲ့နေရာသယ်လေ။ မယူချင် ထားခဲ့ပေါ့။ သူတို့ကတော့ ဘတ်ဟိုးနဲ့ ကုတ်ပစ်မှာပဲလေ။ ကျွနော်တို့တွေကတော ကိုယ့်ချွေးနဲစာလေ ဘယ်ထားရက်မလဲ၊ ဖြစ်နိုင်ရင် ဖိနပ်လေးတစ်ရံတောင် မရွှေ့ချင်ကြဘူး။ လမ်းကအကျယ်ကြီးဆိုတာ လောက်ကိုင်နေတဲ့သူတိုင်း သိပါတယ်။ လမ်းချဲ့ဖို့ဆိုတဲ့ စကားတစ်ခုနဲ့ ပြည်သူတွေရဲ့အိမ်တွေ ပျောက်ရတော့မလား။ မဖယ်ရင်လည်း သူတို့က လာထိုးရင် အကုန်ပါမှာကြောက်တော့ ချွေးနဲစားလေးတွေ သိမ်းကြရတာပဲ၊ ဘယ်သူမှ မကယ်နိုင်ဘူးထင်ပါတယ်” လို့ ဒေသခံတစ်ယောက်က ဘီဘီစီကို ပြောပြပါတယ်။

ကိုးကန့်မှာ လဝက ရုံးနဲ့ တခြား စစ်ကောင်စီ ခန့်အုပ်ချုပ်ရေးယန္တရားအဆောက်အဦတချို့ကို ဖြိုချဖယ်ရှားတဲ့ရုပ်သံဖိုင်တချို့လည်း လူမှုကွန်ရက်မှာတွေ့နေရပါတယ်။

ကိုးကန့်တပ်ပြောခွင့်ရ လီကျားဝင်းကတော့ “လူမျိုးရေးကြောင့် ဗမာတန်းကိုဖျက်တယ်ဆိုတာ လုံးဝမဟုတ်ပါဘူး။ ဗမာတန်းတစ်ခုတည်းကိုမဟုတ်ဘဲ တခြားလမ်းက အဆောက်အဦလည်း လမ်းနဲ့မလွတ်လို့ ဖျက်တယ်။ လူအရမ်းစည်ပြီး လမ်းကျဉ်းတဲ့နေရာတွေ လမ်းချဲ့တယ်၊ လမ်းချဲ့တဲ့နေရာတွေမှာ မဖြစ်မနေ ဖျက်ရပါတယ်”လို့ ပြောပါတယ်။

စီးပွားရှာလို့အဆင်ပြေပြီး ဝင်ငွေကောင်းတဲ့ လောက်ကိုင်မြို့ကို စစ်ပွဲတွေ ငြိမ်သက်သွားတဲ့အခုချိန်မှာ ပြန်သွားချင်ကြတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေလည်း ရှိနေတာပါ။

လက်ရှိမှာ ကိုးကန့်မှတ်ပုံတင် ၁၃/လကန ကိုင်ဆောင်တဲ့ ကိုးကန့်ဒေသခံတစ်ယောက်က အာမခံပေးမှသာ မြန်မာနဲ့တခြားတိုင်းရင်းသား ရွှေ့ပြောင်းလုပ်သားတွေကိုဝင်ရောက်ခွင့်ပြုသလို ကိုးကန့်ဒေသခံမဟုတ်သူတွေကိုတော့ နေထိုင်ခွင့်လက်မှတ်ပြုလုပ်နေထိုင်စေတယ်လို့ ကိုးကန့်ဒေသခံတွေကဘီဘီစီကိုပြောပါတယ်။

Skip လောက်ကိုင် - တိုက်ပွဲတွေဝန်းရံနေတဲ့မြို့ and continue readingလောက်ကိုင် - တိုက်ပွဲတွေဝန်းရံနေတဲ့မြို့

End of လောက်ကိုင် - တိုက်ပွဲတွေဝန်းရံနေတဲ့မြို့

Skip လောက်ကိုင်ကိုပြန်ချင်သူတွေ and continue readingလောက်ကိုင်ကိုပြန်ချင်သူတွေ

End of လောက်ကိုင်ကိုပြန်ချင်သူတွေ

တိုက်ပွဲကာလအတွင်း နေအိမ်ရာချီ မီးလောင်ပြာကျခဲ့ပါတယ်

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, တိုက်ပွဲကာလအတွင်း နေအိမ်ရာချီ မီးလောင်ပြာကျခဲ့ပါတယ်

တာမခန်က စစ်တပ် အခြေစိုက်စခန်းကို ပူးပေါင်းတပ်ဖွဲ့တွေသိမ်း၊ နေအိမ်ရာချီ မီးလောင်ပြာကျ

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်က တာမခံမြို့သစ်မှာ အခြေချနေတဲ့ စစ်ကောင်စီတပ်ရဲ့ အမှတ် ၁၁၉ ခြေမြန်တပ်ရင်းကို ကချင်လွတ်လပ်ရေးတပ်(ကေအိုင်အေ)နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက သိမ်းပိုက်လိုက်ပြီလို့ ဘီဘီစီက သိရပါတယ်။

ပူးပေါင်းတပ်တွေက တာမခံမြို့သစ်မှာရှိတဲ့ ရဲစခန်းနဲ့ ခမရ ၁၁၉ ခြေမြန်တပ် တပ်ထိုင်ထားတဲ့ စခန်းကုန်းတို့ကို ဖေဖော်ဝါရီလ ၂၆ ရက်ကတည်းက တိုက်ခိုက်နေတာဖြစ်ပါတယ်။

အဲဒီနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စခန်းကို စွန့်ခွာသွားတာကြောင့် မနေ့ မတ်လ ၉ ရက်မှာ စခန်းသိမ်းလိုက်နိုင်တာလို့ မြေပြင်စစ်ရေးသိရှိတဲ့ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။

တာမခံ စခန်းသိမ်းတိုက်ပွဲအတွင်းမှာ တိုက်ပွဲအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲမှုတွေနဲ့ မီးလောင်မှုတွေကြောင့် မြို့သစ် ရပ်ကွက် ၃ ခုခန့်က နေအိမ် အလုံးရေ ၃၆၀ ကျော် မီးထဲပါသွားခဲ့တယ်လို့ ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။

ဒေသခံတွေက လှုမှုကွန်ရက်မှာ ရေးသားပြောဆိုချက်တွေ၊ ပျံ့နှံ့နေတဲ့ရုပ်သံနဲ့ ဓာတ်ပုံတွေမှာတော့ မတ်လ ၃ ရက်မှာ မီးထဲပါသွားခဲ့တဲ့နေရာတွေဟာ အားပြင်းတဲ့မီးကြောင့် တိုက်အိမ်တွေဆိုရင် အုတ်ပုံတွေပဲ ကျန်ခဲ့တော့တဲ့အထိ ဖြစ်သွားပါတယ်။

‘‘အိမ်ခြေတစ်ထောင်လောက်ရှိတဲ့ မြို့သစ်ထဲက ရွာလမ်းမကြီး ၄ လမ်းထဲမှာ ၃ လမ်းက အိမ်တွေပါသွားတာပေါ့။ ကျောက်ဝိုင်းဘက်တွေ၊ ရပ်မိရပ်ဖ ဦးမောင်ငယ်တို့ လမ်း၊ စာသင်ကျောင်းနားက အိမ်တွေအကုန်ပါသွားတယ်။ ဒေသခံတွေကတော့ ဒီနေ့အထိ စစ်ရှောင်နေကြရတုန်းပါပဲ’’ လို့ တာမခံ စစ်ရှောင်တွေအရေး အကူအညီပေးနေသူက ဘီဘီစီကို ပြောပါတယ်။

တာမခံတိုက်ပွဲမှာ စစ်ကောင်စီတပ်က ဖားကန့်မြို့ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တာအပြင် လေကြောင်း တိုက်ခိုက်တာတွေပါ ပြုလုပ်ခဲ့ပါတယ်။

သီတင်းနှစ်ပတ်ကျော်ဖြစ်ပွားတဲ့တိုက်ပွဲအတွင်း တာမခံကို အင်အားဖြည့်တဲ့စစ်ကောင်စီတပ် အင်အားဆယ်ချီကို ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တဲ့ မတ်လ ၃ ရက်တိုက်ပွဲဟာ အပြင်းထန်ဆုံးဖြစ်ခဲ့ပါတယ်။

ဝက်လက်မှာ စစ်ရှောင်တွေကို ကုသဖို့ ဆေးမရှိလို့ ကုသမှု ရပ်နားထားရ

ကျန်းမာရေးမကောင်းဖြစ်နေတဲ့ ဝက်လက်မြို့နယ် စစ်ဘေးရှောင်အမျိုးသမီး

ဓာတ်ပုံ ရင်းမြစ်, ရွှေဘိုမြို့နယ် လွတ်လပ်သောထောက်ပို့ရေးအဖွဲ့

ဓာတ်ပုံ ပုံစာ, ကျန်းမာရေးမကောင်းဖြစ်နေတဲ့ ဝက်လက်မြို့နယ် စစ်ဘေးရှောင်အမျိုးသမီး

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်က ကျေးရွာ ၇ ရွာမှာ မကျန်းမာသူတွေကို ဆေးကုလို့အပြီး ဆေးမလောက်တော့တာကြောင့် ဆေးကုတဲ့အစီအစဉ်တွေကို ခဏရပ်နားထားရတယ်လို့ ရွှေဘိုမြို့နယ် လွတ်လပ်သောထောက်ပို့ရေးအဖွဲ့က ဘီဘီစီကို ပြောပါတယ်။

စစ်ဘေးရှောင်တာ နှစ်ချီကြာနေပြီဖြစ်တဲ့ ဝက်လက်မြို့နယ်ထဲက ရှိမ်းမကားကျေးရွာ၊ သဲဘုတ်ကြီးကျေးရွာ၊ ရွာသစ်ရွာ၊ အင်ဒေါင်းရွာတွေကစစ်ဘေးရှောင် အယောက် ၄၀၀ နီးပါးကို မတ် ၈ ရက်နဲ့ မတ် ၉ ရက်မှာ ဆေးကုပေးခဲ့တာပါ။

အဲ့ဒီစစ်ဘေးရှောင်တွေမှာ အဟာရမပြည့်ဝတာ၊ ဖျားနာတာ၊ သွေးတိုးရောဂါတွေအပြင် အနာကြီးရောဂါ ခံစားရတဲ့ဝေဒနာသည်တွေကို ကုသပေးခဲ့ရတယ်လို့ သိရပါတယ်။

“ကလေးတွေဆိုရင်လည်း အဟာရ မပြည့်ဝတာတွေ၊ ကိုယ်ဝန်ဆောင်ဆိုရင်လည်း ပုံမှန်ဆေးကုသခွင့်မရတာတွေ၊ အသက်ကြီးတဲ့သူတွေဆိုရင်လည်း သွေးအားနည်းတာတွေ တွေ့ရတယ်။ ကလေးအမေတစ်ယောက်ဆိုရင် ထမင်းကို နေ့လယ် ၁ နာရီမှ စားတယ်တဲ့။ ဘာလို့ဆိုတော့ ညနေစာပါ ပေါင်းစားဖြစ်အောင်လို့တဲ့။ သူတို့ကို ကုနေတုန်းမှာ နောက်ထပ်ရွာတွေကလည်း လာကုပေးဖို့ ခေါ်ကြတယ်။ ကျနော်တို့မှာ ၁၀ ယောက်စာလောက်ပဲ ဆေးကကျန်တော့ မသွားဘဲ ရပ်ထားရတယ်”လို့ ရွှေဘိုမြို့နယ် လွတ်လပ်သောထောက်ပို့ရေးအဖွဲ့ တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။

စစ်ဘေးရှောင်တွေဟာ ကျေးရွာတွေမီးရှို့ခံရတာကြောင့် ပြန်စရာအိမ်မရှိတော့ဘဲ တောတွေထဲမှာ၊ မြစ်ကမ်းနံဘေးတွေမှာ တဲထိုးပြီးနေကြရတဲ့အတွက် ရာသီဥတုဒဏ်တွေခံစားရပြီး ဖျားနာတဲ့သူတွေ များတယ်လို့လည်း သူက ဆက်ပြောပါတယ်။

အဲဒီကျေးရွာတွေမှာ စစ်ဘေးရှောင်ဦးရေ နှစ်ထောင်ဝန်းကျင်လောက်ရှိနေပြီး ဆေးဝါးအပြင် ၊ စားနပ်ရိက္ခာတွေလည်း ပြတ်တောက်နေတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်သားတွေ ဖမ်းသွားတဲ့အရပ်သားတွေကို ကယ်တင်ခဲ့တယ်လို့ အေအေပြော

မင်းပြားမြို့ကအမှတ် ၉ တပ်တော်လေ့ကျင့်ရေးသင်တန်းကျောင်း

ဓာတ်ပုံ ရင်းမြစ်, AA Info Desk

ဓာတ်ပုံ ပုံစာ, မင်းပြားမြို့ကအမှတ် ၉ တပ်တော်လေ့ကျင့်ရေးသင်တန်းကျောင်း

ရခိုင်ပြည်နယ်၊ မင်းပြားမြို့၊ အမှတ် ၉ တပ်မတော်လေ့ကျင့်ရေးသင်တန်းကျောင်းကို စွန့်ခွါတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လမ်းတလျှောက်ကျေးရွာတွေက အရပ်သား အယောက် ၂၀ ကျော်ကို ဖမ်းဆီးသွားတာကို ကယ်ခဲ့တယ်လို့ ရက္ခိုင့်တပ်တော်(အေအေ)က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ကျောက်တော်မြို့၊ တပ်မဌာနချုပ်နဲ့ မင်းပြားမြို့၊ ကမ်းနီရွာနားက အမှတ် ၉ တိုင်းဗဟိုလေ့ကျင့်ရေး သင်တန်းကျောင်းအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို အေအေက နေ့တိုင်း ဖမ်းဆီးရမိနေတယ်လို့လည်း သိရပါတယ်။

အရပ်သားတွေကို ဖမ်းဆီးသွားတဲ့ တိုင်းဗဟို ၉ အုပ်ချုပ်ရေးဌာနမှူးဖြစ်တဲ့ ကြည်း/၃၁၀၄၆ ဒုတိယဗိုလ်မှူးကြီး ရဲထွဋ်ဝင်းနဲ့ အခြားစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မတ် ၈ ရက် မနက်ပိုင်းက အသေဖမ်းဆီးရမိတယ်လို့လည်း အေအေက ဆိုပါတယ်။

ရက္ခိုင့်တပ်တော်အနေနဲ့ သတ်မှတ်ထားတဲ့ စစ်ရေးပစ်မှတ်တွေကို ထိုးစစ်ဆင်နေချိန်မှာ စခန်းလက်လွှတ်လိုက်ရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက တောတောင်တွေထဲမှာ အုပ်စုငယ်အနေနဲ့ဖြစ်ဖြစ်၊ တစ်ယောက်ချင်းဖြစ်ဖြစ် ရှိနေနိုင်တာကြောင့် ပြည်သူတွေအနေနဲ့ နေ့ရောညပါ သွားလာချိန်တွေမှာ လုံခြုံရေး သတိထားဖို့ကိုလည်း အေအေက အသိပေးထားပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့လည်း အလံဖြူထောင်၊ လက်နက်ချဖို့ အေအေက သတိပေးပြောဆို ထားပါတယ်။

စစ်တွေနဲ့ မြဝတီမှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲကျင်းပဖို့ စစ်ကောင်စီပြင်ဆင်

၂၀၂၁ ခုနှစ်၊ ဇွန်လတုန်းက စစ်တွေမြို့မှာပြုလုပ်တဲ့ တက္ကသိုလ်ဝင်တန်း စာမေးပွဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၂၁ ခုနှစ်၊ ဇွန်လတုန်းက စစ်တွေမြို့မှာပြုလုပ်တဲ့ တက္ကသိုလ်ဝင်တန်း စာမေးပွဲ

စစ်ရေးတင်းမာနေတဲ့ ဒေသတွေဖြစ်တဲ့ ရခိုင်ပြည်နယ်မြို့တော် စစ်တွေ နဲ့ ကရင်ပြည်နယ်၊ မြဝတီ တို့မှာ မနက်ဖြန် မတ်လ ၁၁ ရက်မှာစတင်မယ့် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွေကို ပုံမှန်အတိုင်း ကျင်းပဖို့ စစ်ကောင်စီပြည်နယ်အုပ်ချုပ်ရေးအဖွဲ့တွေက ကြိုးစားနေပါတယ်။

မနေ့ မတ်လ ၉ ရက်နေ့တုန်းကဆိုရင် စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနဲ့ အဖွဲ့ဟာ စာမေးပွဲဖြေဆိုမယ့် အမှတ် ၄ အထက်တန်းကျောင်းကိုသွားစစ်ဆေးခဲ့ပြီး ဒေသအခြေအနေတွေကြောင့် စစ်တွေမှာ စာမေးပွဲဖြေဆိုမယ့်ကျောင်းသားတွေရှိနေတယ်လို့ ပြောခဲ့ကြောင်း ဒီကနေ့ထုတ်သတင်းစာတွေမှာဖော်ပြပါတယ်။

အဲဒီလိုကြည့်ရှုစစ်‌ဆေးခဲ့တဲ့ မတ်လ ၉ ရက် ညပိုင်းမှာတင် စစ်တွေမြို့ပေါ် အောင်မင်္ဂလာရပ်ကွက်ထဲကို လက်နက်ကြီးကျခဲ့တာကြောင့် သေဆုံးသူအရေအတွက် ၇ ဦးအထိမြင့်တက်နေပြီလည်း ဖြစ်ပါတယ်။

"စစ်တွေမှာမနေတော့ဘဲ အခြားနေရာရွှေ့တဲ့သူတွေလည်းရှိတယ်။ ဒါပေမဲ့ စာမေးပွဲအတွက် နယ်ကနေလာဖြေမယ့်သူတွေလည်းရှိတော့ စာမေးပွဲကလုပ်မှာပါ။ လူမှုကူညီရေးအသင်းတွေ ရောလုံခြုံရေးတွေရောရှိနေမှာပါ" လို့ စစ်တွေဒေသခံတစ်ဦးက ပြောပါတယ်။

အလားတူ မြဝတီမြို့ပေါ်က စာမေးပွဲစစ်ဆေးမယ့်နေရာတွေမှာ လုံခြုံရေးပေးမယ့်အခြေအနေတွေကို စစ်ဆေးဆောင်ရွက်နေတယ်ဆိုပြီး ဒီကနေ့ထုတ်သတင်းစာတွေမှာ ဖော်ပြလာပါတယ်။

ဒါပေမဲ့ ကရင်ပြည်နယ်၊ မြဝတီမြို့၊ သင်္ဃန်းညီနောင်အနီးမှာ စစ်ကောင်စီရဲ့ အမှတ် ၃၅၅ ခြေမြန်တပ်ရင်း စခန်းနဲ့ ရဲစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်း တပ်ဖွဲ့ (PDF) ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်ပြီးနောက် ဒီရက်ပိုင်း နှစ်ဖက်စစ်ရေးတင်းမာနေပါတယ်။

အခုလိုစစ်ရေးတင်းမာနေတဲ့ ဒေသတွေမှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲကျင်းပမယ့်အပေါ် လုံခြုံရေး စိုးရိမ်ချက်ရှိကြောင်း ဒေသခံတွေကြားပြောဆိုချက်အချို့ရှိနေပေမဲ့ စစ်ကောင်စီကတော့ ၂၀၂၄ ခုနှစ်အတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို လာမယ့် မတ်လ ၁၁ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ ပုံမှန်အတိုင်းကျင်းပသွားဖို့ရှိနေပါတယ်။

စစ်တွေမှာ လူနေလူထပ်တဲ့ ရပ်ကွက်ထဲ လက်နက်ကြီးကျလို့ သေဆုံးသူ ၇ ဦးအထိရှိလာ

 စစ်တွေမြို့က ပြည်နယ်ကောင်စီရုံးအနီးမှာ လုံခြုံရေးတင်းကျပ်ထားတာကို ၂၀၂၃ ခုနှစ်၊ ဇွန်လတုန်းကမြင်တွေ့ ရတာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Western News

ဓာတ်ပုံ ပုံစာ, စစ်တွေမြို့က ပြည်နယ်ကောင်စီရုံးအနီးမှာ လုံခြုံရေးတင်းကျပ်ထားတာကို ၂၀၂၃ ခုနှစ်၊ ဇွန်လတုန်းကမြင်တွေ့ ရတာဖြစ်ပါတယ်

ရခိုင်ပြည်နယ်မြို့တော် စစ်တွေက ‌အောင်မင်္ဂလာရပ်ကွက်ထဲကို မတ်လ ၉ ရက်ညပိုင်းမှာ လက်နက်ကြီးကျခဲ့တာကြောင့် သေဆုံးသူ ၇ ဦးအထိမြင့်တက်လာတယ်လို့ သိရပါတယ်။

မွတ်ဆလင်အများဆုံးနေထိုင်ပြီး လူနေထူထပ်တဲ့အဲဒီရပ်ကွက်ထဲကို မနေ့ည ၁၁ နာရီမှာ လက်နက်ကြီးကျချိန်တုန်းကတော့ သေဆုံးသူ ၅ ဦးအထိရှိခဲ့ပါတယ်။

ဒီနေ့မနက်ပိုင်းမှာတော့ သေဆုံးသူ ၇ ဦးအထိ မြင့်တက်လာပြီး ဒဏ်ရာပြင်းထန်လို့ ဆေးကုသမှုခံယူနေရသူ ၁၀ ဦးကျော်အထိ ရှိတယ်လို့လည်း သိရပါတယ်။

''ထိခိုက်သူတွေထဲမှာ ကလေးတွေလည်း ပါနိုင်တယ်။ အဲဒီလိုလက်နက်ကြီး ကျရောက် ပေါက်ကွဲတာမျိုးဆိုရင် သူတို့(စစ်တပ်)က ချက်ချင်းလာပြီး ပိတ်ဆို့သွားလို့ သွားကြည့်လို့ မရဘူး။ အဖမ်းခံရမှာကိုလည်း စိုးရိမ်ကြတယ်လေ''လို့ စစ်တွေမြို့ခံတစ်ဦးကပြောပါတယ်။

အဲဒီကျည်ဟာ ဘယ်နေရာက ပစ်လိုက်တယ်ဆိုတာ အတိအကျမသိရပေမဲ့ စစ်တွေတက္ကသိုလ်အနီး ဘုမေရပ်ကွက်ထဲမှာရှိတဲ့ ရဲတပ်ရင်းဘက်က လာတာဖြစ်နိုင်တယ်လို့ ဒေသခံတွေက ယူဆ ပြောဆိုကြပါတယ်။

ဒီပြောဆိုချက်နဲ့ပတ်သက်ပြီး ဘီဘီစီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

မနေ့ညပိုင်းတုန်းကတော့ ရဲနဲ့ စစ်သားတွေ ပူးပေါင်းပြီး စစ်တွေမြို့ကို လှည့်လည်သွားလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ လှုပ်ရှားမှုကိုတွေ့လာရတယ်လို့ မြို့ခံတွေက ဘီဘီစီကို ပြောပါတယ်။

တစ်ချိန်တည်းမှာပဲ မြို့တွင်းတွေနေရာတွေကို လက်နက်ကြီးတွေ မကြာခဏ ကျရောက်ပေါက်ကွဲမှုကြောင့်လည်း ဒေသခံတွေက လုံခြုံရေးစိုးရိမ်နေကြပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီတပ်ဟာ စစ်တွေမြို့ပတ်လည်မှာ ကင်းစခန်းတွေ အပြည့်ချထားပြီး လက်နက်ကြီးတွေ တိုးချဲ့တပ်ဆင်မှုတွေလုပ်ထားတယ်လို့ ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။

ဒေသခံတွေဟာ မြို့တွင်းနေရာတွေမှာ သွားလာလို့ရပေမယ့် မြို့တွင်းနဲ့မြို့ပြင်ကို သွားလာခွင့်တွေ အပိတ်ထားတယ်လို့လည်း သိရပါတယ်။

အောင်မင်္ဂလာရပ်ကွက် လက်နက်ကျရောက်ပေါက်ကွဲမှုနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က တစုံတရာ ထုတ်ပြန်တာ မရှိသေးပါဘူး။

ဗီဒီယို ပုံစာ, ရခိုင်မှာ အခြေအနေပိုဆိုးလာလို့ ကုလပြော