ဩဂုတ် ၂၄ ရက် နိုင်ငံတဝန်းသတင်းများ အနှစ်ချုပ် - ဖားကန့်မှာ စစ်တပ်နဲ့ ရှမ်းနီ (SNA) ပူးပေါင်းအဖွဲ့ တိုက်ခိုက်ခံရ

ဓာတ်ပုံ ရင်းမြစ်, Tarlin Mg
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ထဲကို စစ်ကြောင်းထိုးနေတဲ့ စစ်တပ်နဲ့ ရှမ်းနီတပ်(SNA) ပူးပေါင်းတပ်ကို ကချင်လွတ်လပ်ရေးတပ်(KIA)နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) တို့က ကြားဖြတ်တိုက်ခိုက်မှုအတွင်း ကားနဲ့ ဒရုန်းတွေ ဖမ်းမိခဲ့တယ်လို့ KIA နဲ့ နီးစပ်တဲ့စစ်ရေးသတင်းရင်းမြစ်တစ်ဦးကပြောပါတယ်။
မနေ့ ဩဂုတ် ၂၃ ရက်က စစ်တပ်ရဲ့ တပ်ဖွဲ့ဝင်တွေနဲ့ SNA တပ်ဖွဲ့ဝင်တချို့လိုက်ပါလာတဲ့ကားကို နမ့်မဖြစ်ရွာနားမှာ KIA/PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့တာလို့ သူက ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုကနေ ကား ၁ စီးနဲ့ ဒရုန်း ၅ စီး KIA ဘက်က သိမ်းဆည်းရမိခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။
ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် နှစ်ဖက်တိုက်ပွဲရှိခဲ့ပေမဲ့ "စစ်တပ်က ပြန်ဆုတ်သွားတယ်" လို့ မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။
မနေ့ တစ်ရက်တည်းမှာပဲ ဖားကန့်၊ လုံးခင်းကျေးရွာထဲကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်က လုံးခင်းရွာထဲက ဝပ်ရှော့ဆိုင်မှာ အလုပ်လုပ်ကိုင်နေတဲ့ အရပ်သား ၆ ဦးကို ဖမ်းဆီးသွားတယ်လို့ ဖမ်းဆီးခံရသူတချို့နဲ့ နီးစပ်သူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
"အဖမ်းခံရတဲ့သူတွေကို ဒီနေ့(ဩဂုတ် ၂၄ ရက်)အထိ ပြန်မလွှတ်ပေးသေးဘူး" လို့ မြေပြင်အခြေအနေသိတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
လက်ရှိမှာလည်း စစ်တပ်က ဖားကန့်မြို့နယ်ထဲက လုံးခင်း၊ မလန်နဲ့ ထွယ်ဆန်ယန် ရွာတကြောမှာ စစ်တပ်က တပ်စွဲနေရာယူထားပြီး KIA ထိန်းချုပ်ထားတဲ့ တခြားရွာတွေဘက်ကို စစ်ကြောင်းထိုးနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ဆိုပါတယ်။
လုံးခင်းက အခြေအနေတွေနဲ့ ပတ်သက်ပြီး ဘီဘီစီက KIA သတင်းပြန်ကြားရေးအဖွဲ့ဆီ မှတ်ချက် တစုံတရာရဖို့ ဆက်သွယ်နေဆဲဖြစ်ပါတယ်။
စစ်တပ်ဘက်ကတော့ လုံးခင်းက အခြေအနေနဲ့ပတ်သက်ပြီး သတင်းမထုတ်ပြန်သေးပါဘူး။
စစ်ကော်မရှင်က ရုရှားကို အမျိုးသမီး လုပ်သား ၅၀ ဦးဝန်းကျင် စလွှတ်မယ်

ဓာတ်ပုံ ရင်းမြစ်, MOI
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
မြန်မာကနေ ရုရှားနိုင်ငံကို ပထမဦးဆုံးအကြိမ်အဖြစ် အမျိုးသမီးလုပ်သား ၅၀ ဦးဝန်းကျင် စတင်စေလွှတ်မယ်လို့ စစ်ကော်မရှင်ရဲ့ အလုပ်သမားဝန်ကြီးဌာနနဲ့ နီးစပ်တဲ့ ဘီဘီစီသတင်းရင်းမြစ်က ပြောပါတယ်။
ရုရှားကိုအမျိုးသမီးလုပ်သားပို့ဖို့အတွက် အလုပ်သမားဝန်ကြီးဌာနနဲ့ ရုရှားကုမ္ပဏီတွေကြား သဘောတူညီမှုရထားပေမယ့် အစိုးရနှစ်ရပ်ကြား နားလည်မှုစာချွန်လွှာ (MOU) ထိုးထားတဲ့အခြေအနေလိုမျိုး မဟုတ်ဘူးလို့ သူက ဆက်ပြောပါတယ်။
ရုရှားနိုင်ငံက ဆေးသုတ်လုပ်ငန်းတွေနဲ့ ဈေးဝယ်စင်တာတွေမှာ သန့်ရှင်းရေးဝန်ထမ်းအဖြစ် လုပ်ကိုင်ဖို့ စက်တင်ဘာလနောက်ပိုင်းကစပြီး စေလွှတ်သွားမယ်လို့ သူက ဆိုပါတယ်။
"ဆေးသုတ်ကတော့ လစာ တစ်လကို ကန်ဒေါ်လာ ၂,၀၀၀ (ပြင်ပ ငွေလဲနှုန်းပေါက်ဈေး ကျပ်သိန်း ၉၀ ဝန်းကျင်)လောက်ပေးမယ်။ သန့်ရှင်းရေးဝန်ထမ်းကတော့ ဒေါ်လာ ၈၀၀ (ပြင်ပ ငွေလဲနှုန်းပေါက်ဈေး ကျပ်သိန်း ၄၀ ဝန်းကျင်) လောက်ပဲ ရမယ်" လို့ သတင်းရင်းမြစ်က ပြောပါတယ်။
ရုရှားကို စေလွှတ်မယ့် အမျိုးသမီး ၅၀ ဦးဝန်ကျင်ကို အခုလကစပြီး ရုရှားဘာသာနဲ့သက်ဆိုင်တဲ့ အခြေခံသင်တန်းတွေ ပေးနေတယ်လို့ သူက ထပ်ပြောပါတယ်။
"သင်တန်းကာလက ၂ လလောက်ပါပဲ။ သင်တန်းပြီးရင် ရုရှားကို လွှတ်တော့မှာ" လို့ သူက ဆိုပါတယ်။
ပြည်တွင်းကနေ လူရှာပေးဖို့အတွက် ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီ ၄ ခုကို ဝန်ကြီးဌာနက တာဝန်ပေးထားတယ်လို့ဆိုပြီး "တိမ်ပန်းချီနဲ့့ လက်ခွဲ ကုမ္ပဏီ၊ သဒ္ဒါဦးနဲ့ အေးလင်းလက်ထွဋ် ကုမ္ပဏီ" ဖြစ်တယ်လို့ သူက ဆက်ရှင်းပြပါတယ်။
စစ်ကော်မရှင်ကတော့ ရုရှားကို အမျိုးသမီးလုပ်သားစေလွှတ်မယ့် အခြေအနေနဲ့ပတ်သက်လို့ သတင်းမထုတ်ပြန်သေးပါဘူး။
နောင်ချိုက ကမ္ဘာကျော် ဂုတ်ထိပ်တံတား မိုင်းခွဲဖျက်ဆီးခံရ

ဓာတ်ပုံ ရင်းမြစ်, တယ်လီဂရန်
ကျောက်မဲမြို့နယ်ထဲ တိုက်ပွဲပြင်းထန်
ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နဲ့ ကျောက်မဲမြို့အစပ်မှာရှိတဲ့ နာမည်ကျော် ဂုတ်ထိပ်တံတားဟာ ဒီနေ့ ဩဂုတ် ၂၄ ရက် မနက်ပိုင်းမှာပဲ မိုင်းခွဲဖျက်ဆီးခံလိုက်ရတယ်လို့ မြေပြင်အခြေအနေသိသူတချို့က ပြောပါတယ်။
စစ်တပ်ထောက်ခံတဲ့ တယ်လီဂရန်ချန်နယ်တွေမှာတော့ ဂုတ်ထိပ်တံတား မိုင်းခွဲခံရမှုကြောင့် ကျောက်မဲဘက်ခြမ်းအပိုင်းမှာ တံတားအလျား ပေ ၃၀ ကျော်ပျက်စီးသွားတယ်လို့ ဓာတ်ပုံနဲ့အတူ ဖော်ပြထားပါတယ်။
တံတားကို ဘယ်အဖွဲ့က မိုင်းခွဲဖျက်ဆီးခဲ့တယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးသလို ဘယ်အဖွဲ့က လုပ်ဆောင်တယ်ဆိုတာလည်း ပြောဆိုတာမရှိသေးပါဘူး။
ဂုတ်ထိပ်တံတားဟာ မန္တလေး-လားရှိုး ရထားလမ်းမ ပေါ်မှာရှိပြီး နောင်ချိုဘူတာကနေ ၇ မိုင်ကွာဝေးပါတယ်။
လက်ရှိမှာတော့ ဂုတ်ထိပ်တံတားအနီးက ဂုတ်ထိပ်ရွာထဲမှာ စစ်တပ်က တပ်စွဲထားပြီး ဂုတ်ထိပ်ရှုခင်းသာဘက်မှာတော့ တအာင်းတပ် (TNLA) နဲ့ ပူးပေါင်းတပ်တွေက နေရာယူထားတယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
ဂုတ်ထိပ်တံတား မိုင်းခွဲဖျက်ဆီးခံရမှုနဲ့ ပတ်သက်လို့ TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဉီးကတော့ စစ်တပ်က ဒရုန်းနဲ့ မိုင်းခွဲဖျက်ဆီးခဲ့တာလို့ စွပ်စွဲပြောဆိုပါတယ်။
"စစ်တပ်က TNLA တပ်ဖွဲ့ဝင်တွေရှိတဲ့နေရာကို ဒရုန်းနဲ့ ကြဲချတိုက်ခိုက်တာမျိုးတွေရှိပါတယ်။ စစ်တပ်ရဲ့ ဒရုန်းကနေ ကြဲလိုက်တဲ့ ဗုံးက TNLA တပ်သားတွေဆီ ကျရောက်ပေါက်ကွဲတာမဟုတ်ဘဲ ဂုတ်ထိပ်တံတားပေါ်ကို ကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပါတယ်" လို့ လွေးယေဦးက ညနေ ၄ နာရီဝန်းကျင်မှာ ပြန်လည်ဖြေကြားပါတယ်။
နောင်ချို-ကျောက်မဲမြို့ကြားက နောင်ပိန်ကျေးရွာမှာလည်း စစ်တပ်နဲ့ TNLA ပူးပေါင်းတပ်တွေကြား ဒီကနေ့ ဩဂုတ် ၂၄ ရက်အထိ တိုက်ပွဲပြင်းထန်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တချို့က ပြောပါတယ်။
တိုက်ပွဲအတွင်း စစ်တပ်ကနောင်ပိန်ဈေးထဲကို မနေ့ ဩဂုတ် ၂၃ ရက်မှာ လေယာဉ်နဲ့ ဗုံးကြဲလို့ ဈေးအနီးက အိမ်အများစု မီးလောင်ပျက်စီးသွားတယ်လို့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
နောင်ပိန်ဘူတာအနီးမှာနေထိုင်တဲ့ ဒေသခံတစ်ဦးလည်း ဩဂုတ် ၂၃ ရက်မှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတာကို တွေ့ခဲ့ရတဲ့အကြောင်း သူက ဆက်ပြောပါတယ်။
ဒီပြောဆိုချက်နဲ့ ပတ်သက်ပြီး ဘီဘီစီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
တစ်ဖက်မှာလည်း နောင်ပိန်ရွာထဲမှာ စစ်တပ်ရော TNLA နှစ်ဖက်လုံးတပ်စွဲပြီး တိုက်ပွဲဖြစ်နေတာကြောင့် ရွာထဲမှာ ဒေသခံတချို့ ပိတ်မိနေတုန်းပဲလို့ သူက ဆိုပါတယ်။
နောင်ပိန်ရွာတိုက်ပွဲအတွင်း လေကြောင်းဗုံးနဲ့ လက်နက်ကြီးပစ်ခတ်ကြောင့် သေဆုံးသူ ၁၈ ဦးထက်မနည်းနဲ့ ထိခိုက်ဒဏ်ရာရသူ ၄၀ ကျော်ရှိနေပြီလို့ လူမှုကူညီရေးအသင်းတစ်ခုက ပြောပါတယ်။
နောင်ပိန်တိုက်ပွဲကြောင့် စစ်ရှောင်ရတဲ့ အိမ်ထောင်စု တစ်ထောင်ကျော်နဲ့ လူဦးရေ ၅,၆၀၀ ကျော်ရှိ တယ်လို့ နမ့်ခုံးရှမ်းများ ပရဟိတရဲ့ စာရင်းအရ သိရပါတယ်။
ကျောက်မဲမြို့နယ်ထဲမှာရှိတဲ့ နောင်ပိန်ရွာဟာ အိမ်ခြေထောင်ကျော်ရှိတဲ့ ရွာကြီးဖြစ်တဲ့ TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့နဲ့ ၁၈ မိုင်ဝန်းကျင်ပဲ ကွာဝေးပါတယ်။
စစ်ကော်မရှင်ကတော့ ဂုတ်ထိပ်တံတားဖျက်ဆီးခံရတာအပါအဝင် နောင်ပိန်ရွာမှာ ဖြစ်နေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်လို့ သတင်းမထုတ်ပြန်သေးပါဘူး။
ကျိုက်ထိုမှာ စစ်တပ်က လေယာဥ်နဲ့ ဗုံးကြဲလို့ သံဃာ ၁ ပါး ပျံလွန်တော်မူ

ဓာတ်ပုံ ရင်းမြစ်, CJ/Mizzima
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ငှက်ပျောတော ကျေးရွာအုပ်စုထဲမှာ စစ်တပ်က ဒီနေ့ နေ့လယ်ပိုင်းမှာ လေကြောင်းကနေ ကြဲတဲ့ဗုံးဟာ ချမ်းမြေ့စု ဘုန်းကြီးကျောင်းဝင်းထဲကို ကျရောက် ပေါက်ကွဲခဲ့လို့ သံဃာတစ်ပါး ပျံလွန်တော်မူပြီး ဒဏ်ရာရသူအချို့ရှိတယ်လို့ အနီးနားကျေးရွာ ကျောင်းတိုက်က ဆရာတော်တစ်ပါးက မိန့်ပါတယ်။
''တစ်ပါး ပျံလွန်တော်မူတယ်။ ဒကာတွေ လျှောက်ထားလို့ သိရတာ။ နည်းနည်းလှမ်းတော့ အတိအကျကို မသိနိုင်သေးဘူး။ လေယာဥ် လာသွားချိန်တုန်းကတော့ အကုန် ရုတ်ရုတ်သဲသဲဖြစ်ကုန်တယ်'' လို့ အနီးနားကျေးရွာ ကျောင်းတိုက်တစ်ခုမှာ သီတင်းသုံးတဲ့ ဆရာတော် တစ်ပါးက မိန့်ပါတယ်။
ဒေသတွင်း သတင်းတွေမှာတော့ လေယာဥ်နဲ့ ဗုံးလာကြဲချိန်ဟာ သံဃာတွေ ဆွမ်းစားပြီးချိန်ဖြစ်တာကြောင့် သံဃာ ၂ ပါး ပျံလွန်တော်မူပြီး ထိခိုက်ဒဏ်ရာရတဲ့ သံဃာနဲ့ လူပုဂ္ဂိုလ် အချို့ရှိတယ်လို့လည်း ရေးသား ဖော်ပြနေကြပါတယ်။
စစ်တပ်က ဒီကျောင်းတိုက်တဝိုက်ကို လေကြောင်းနဲ့ ဘာကြောင့် ဗုံးလာကြဲလဲဆိုတာ မသိရသေးသလို စစ်တပ်ဘက်ကလည်း သတင်းထုတ်ပြန်တာမရှိသေးပါဘူး။
ဒါပေမဲ့ စစ်တပ်ဟာ ကျိုက်ထိုမြို့ထဲမှာ အခုလအတွင်း လူသေဆုံးတဲ့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ထားပါသေးတယ်။
စစ်တပ်က အခုလ ၉ ရက်တုန်းက ကျိုက်ထိုမြို့နယ်ထဲက ပိန္နဲကုန်းကျေးရွာကို လေယာဥ်နဲ့ ဗုံးကြဲခဲ့တာကြောင့် အသက် ၆၀ ကျော်အမျိုးသား တစ်ဦး သေဆုံးပြီး နောက်ထပ် လူ ၅ ဦးထက်နည်း ဒဏ်ရာရကာ နေအိမ် အချို့ ပျက်စီးခဲ့ပါတယ်။
ပိန္နဲကုန်းရွာဟာ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၁)၊ တပ်ရင်း (၃) ထိန်းချုပ်နယ်မြေထဲ ပါဝင်နေတဲ့ကျေးရွာလို့ သတင်းတွေမှာဖော်ပြပါတယ်။
ဝ နဲ့ ကိုးကန့်ကို ဆက်သွယ်ထားတဲ့ နမ့်တစ် တံတားကျိုး

ဓာတ်ပုံ ရင်းမြစ်, Wa News Land
ရှမ်းပြည်နယ်မြောက်ပိုင်းက "ဝ"တပ်ဖွဲ့(UWSA) ထိန်းချုပ်နယ်မြေ နမ့်တစ်မြို့နယ်ထဲကနေ တရုတ်ဘက် အဝင်လမ်းမှာရှိတဲ့ ညီနောင်တံတား ဒီနေ့ ဩဂုတ် ၂၄ ရက် မနက်အစောပိုင်းလောက်မှာ ကျိုးကျပျက်စီးခဲ့တယ်လို့ "ဝ" သတင်းတွေကို ဖော်ပြတဲ့ ''ဝ'' လူငယ့်အသံသတင်းဌာနက ဖော်ပြပါတယ်။
အဲဒီတံတားဟာ ကိုးကန့်တပ် (MNDAA) ထိန်းချုပ်ထားတဲ့ တရုတ်-မြန်မာနယ်စပ်က ချင်းရွှေဟော်ကို အဓိက ဆက်သွယ်ထားတဲ့ တံတားဖြစ်တယ်လို့ ဒေသခံတချို့က ပြောပါတယ်။
ချင်းရွှေဟော်နယ်စပ်ဂိတ်ကနေ ဖြတ်သန်းလာတဲ့ ကုန်ပစ္စည်းတွေ ရှမ်းပြည်နယ်(မြောက်ပိုင်း)က ဒေသတချို့ထဲရောက်ဖို့ ဒီညီနောင်တံတားကို အဓိကထားပြီး ဖြတ်သန်းအသုံးပြုနေရတာလို့ ကုန်သည်တစ်ဦးက ပြောပါတယ်။
တံတားထိပ် ၂ ဖက်မှာလည်း "ဝ"အဖွဲ့ နဲ့ တရုတ်ဘက်က အခွန်ကောက်ခံစစ်ဆေးတဲ့ဂိတ်၊
လူဝင်မှုကြီးကြပ်ရေး(လဝက)ဂိတ်တွေရှိတယ်" လို့ သူက ရှင်းပြပါတယ်။
ဒီတံတားဟာ ၂၀၂၃ အောက်တိုဘာ၊ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖော်ဆောင်ခဲ့တဲ့ မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ ရဲ့ ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်(PDF) နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေကို "ဝ"တပ်ဖွဲ့က ထိန်းချုပ်နယ်မြေထဲကနေ ဖြတ်သန်း အသုံးပြုခွင့်ပေးခဲ့တဲ့တံတားလို့လည်း ဝ လူငယ့်အသံက ရေးပါတယ်။
ဟိုပန်မြို့ သတင်းနဲ့ ပြန်ကြားရေးကတော့ တံတားကျိုးကျတဲ့ အကြောင်းရင်းကိုတော့ အတိအကျမသိရသေးဘူးလို့ ဆိုပြီး တံတားကဆွေးနေတာကြောင့်အပြင် ကုန်ကားတွေ သွားလာတာများတာကြောင့် ကျိုးကျတယ်လို့ ယူဆတဲ့အကြောင်း ၀ လူငယ့်အသံကို ဖြေကြားထားပါတယ်။
ဟိုပန်ဟာ ၁၀၂၇ စစ်ဆင်ရေးအတွင်း ညီနောင်မဟာမိတ် ၃ ဖွဲ့ထဲက တစ်ဖွဲ့ဖြစ်တဲ့ ကိုးကန့်တပ်က သိမ်းခဲ့တဲ့မြို့ဖြစ်ပေမဲ့ အဲဒီနောက်ပိုင်း လပိုင်းအကြာမှာ ဝ ဘက်ကို လွှဲပြောင်းပေးခဲ့တာကြောင့် လက်ရှိမှာ ဟိုပန်မြို့နယ်ထဲကို ဝ က အုပ်ချုပ်စီမံနေတာဖြစ်ပါတယ်။
စစ်တပ်ဖမ်းမိတဲ့ကျပ်သန်းပေါင်း သိန်းချီ မူးယစ်ဆေးတွေနဲ့ပတ်သက်မှုမရှိဘူးလို့ AA နဲ့ SSPP ပြော

ဓာတ်ပုံ ရင်းမြစ်, CINCDS
ရန်ကုန်တိုင်းအတွင်း ဖမ်းဆီးရမိခဲ့တဲ့ ငွေကျပ် ၂၅၇ ဘီလျံကျော် တန်ဖိုးရှိတဲ့မူးယစ်ဆေးဝါးတွေဟာ အာရက္ခတပ်တော်(AA)နဲ့ ရှမ်းပြည်တပ်မတော်(SSPP)တို့ ပါဝင်ပတ်သက်နေတယ်ဆိုပြီး စစ်ကော်မရှင် မူးယစ်တပ်ဖွဲ့ရဲ့ စွပ်စွဲချက်ကို AA နဲ့ SSPP တို့က ပယ်ချလိုက်ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ရန်ကုန်တိုင်းထဲမှာ ဖမ်းမိခဲ့တဲ့ မူးယစ်ဆေးဝါးတွေဟာ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ရဲ့ ဗိုလ်မှူးအဆင့်ရှိသူတစ်ဦးက အဓိကစီမံဆောင်ရွက်ပြီး အေအေရဲ့ ဗိုလ်မှူးအဆင့်ရှိသူ အကောက်ခွန်မှူးက မူးယစ်ဆေးဝါးတွေ ရခိုင်ပြည်နယ်ထဲ ဖြတ်သန်းရာမှာ ဖြတ်သန်းခ ငွေကြေးကောက်ခံနေတယ်လို့ စစ်ကော်မရှင်က သြဂုတ်လ ၂၂ ရက်မှာ ထုတ်ပြန်ပါတယ်။
အေအေရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကတော့ "စစ်ကောင်စီရဲ့မရိုးနိုင်တဲ့မတရား လုပ်ကြံစွပ်စွဲ နိုင်ငံရေးအောက်လုံးတွေနဲ့ အောက်တန်းကျတဲ့ဝါဒဖြန့်တိုက်ခိုက်မှုတွေပဲဖြစ်တယ်" လို့ ဆိုပြီး အေအေအနေနဲ့ မူးယစ်ဆေးဝါးနဲ့ ပတ်သက်မှုမရှိဘူးလို့ ပြောပါတယ်။
ဒါ့အပြင် "ULA/AAအနေနဲ့ ဒီလို လူ့အဖွဲ့အစည်းကို အန္တရာယ်ပြုမယ့် မူးယစ်ဆေးဝါးဟူသမျှကို ပြင်းပြင်းထန်ထန်ဆန့်ကျင်ပါတယ်"လို့ သူက ဆိုပါတယ်။
ရှမ်းပြည်တပ်မတော်(SSPP/SSA) ကလည်း စစ်ကော်မရှင်မူးယစ်တပ်ဖွဲ့ရဲ့ စွပ်စွဲချက်အရ SSPP အရာရှိတွေ မူးယစ်ဆေးဝါးနဲ့ ပတ်သက်မှုရှိတယ်ဆိုတဲ့ ထုတ်ပြန်ချက်က မဟုတ်မှန်ဘူးလို့ မနေ့ ဩဂုတ် ၂၃ ရက် ညနေပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
SSPP မှာ စစ်ကော်မရှင် ထုတ်ပြန်ချက်မှာပါတဲ့ မူးယစ်ဆေးဝါးနဲ့ပတ်သက်သူ စိုင်းစုဆိုတာမရှိဘဲ ဗိုလ်မှူးကြီး စိုင်းဆု သာရှိပြီး SSPP/SSA မှာ အတွင်းရေးမှူး တာဝန်ထမ်းဆောင်နေတဲ့သူလို့ SSPP က ပြောထားပါတယ်။
ဒါ့အပြင် ရှမ်းပြည်နယ်က SSPP ထိန်းချုပ်ထားတဲ့ နယ်မြေဒေသတွင်းမှာလည်း မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး SSPP အဖွဲ့ဝင်တွေ ပါဝင်ပတ်သက်တာ၊ ရောင်းဝယ်ဖောက်ကားတာမရှိဘူးလို့ SSPP က ငြင်းဆိုထားပါတယ်။
တဖက်မှာလည်း စစ်ကောင်စီ အသွင်ပြောင်း စစ်ကော်မရှင်ရဲ့ မူးယစ်ဆေးဝါး နှိမ်နင်းရေးအဖွဲ့ဟာ ရန်ကုန်မှာ ဘီလျံနဲ့ချီတဲ့ မူးယစ်ဆေးတွေကို ပြီးခဲ့တဲ့လတွေအတွင်း ၂ ကြိမ်ထက်မနည်း ဖမ်းမိထားပါတယ်။
ကုလသမဂ္ဂ ရာဇဝတ်မှုနဲ့ မူးယစ်ဆေးဝါးနှိမ်နင်းမှုရုံး (UNODC) က တော့ အရှေ့တောင်အာရှမှာ မူးယစ်ဆေး ပျံ့နှံ့မှုဟာ မြန်မာနိုင်ငံ၊ ရှမ်းအရှေ့နဲ့ဆက်နေတဲ့ ရွှေတြိဂံနယ်ကနေ အရင်းခံတယ်လို့ မကြာသေးခင်က သူတို့ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။












