Batman တံဆိပ်နဲ့ ကိုကင်း တန်ချီကို နယူးဇီလန်ရဲ သိမ်းဆည်းရမိ

ပင်လယ်ထဲ မြောနေတဲ့ ကိုကင်းထုပ်တွေ

ဓာတ်ပုံ ရင်းမြစ်, နယူးဇီလန် ရဲတပ်ဖွဲ့

ပစိဖိတ်သမုဒ္ဒရာ ပင်လယ်ပြင်မှာ မျောနေတဲ့ Batman တံဆိပ်နဲ့ ကိုကင်း ၃ တန်နီးပါးကို နယူးဇီလန်ရဲတပ်ဖွဲ့က ဒီကနေ့ ဖမ်းမိခဲ့ပါတယ်။

အမေရိကန်ဒေါ်လာ သန်း ၃၀၀ ကျော် တန်ဖိုးရှိတဲ့ အဲဒီကိုကင်းထုပ်တွေဟာ နယူးဇီလန်နိုင်ငံ အနောက်မြောက်ပိုင်း ကမ်းလွန် ကီလိုမီတာ ရာချီမှာ မျောနေတာဖြစ်ပါတယ်။

ရဲတပ်ဖွဲ့ကတော့ ဒီကိုကင်းထုပ်တွေဟာ သြစတေးလျနိုင်ငံထဲ သွင်းဖို့လုပ်ရာကနေ အခုလိုမျောတာဖြစ်နိုင်ပြီး သြစတေးလျ မူးယစ်ဆေးစျေးကွက်မှာ တနှစ်လောက် ရောင်းချနိုင်တဲ့ပမာဏဖြစ်တယ်လို့ ပြောပါတယ်။

ပင်လယ်ပြင်မှာ သိမ်းဆည်းမိတဲ့ ကိုကင်းတွေ

ဓာတ်ပုံ ရင်းမြစ်, နယူဇီလန်ရဲတပ်ဖွဲ့

အထုပ်တွေကိုတော့ ဘောကွင်းတွေနဲ့ချိန်ထားတာဖြစ်ပြီး တချို့အထုပ်တွေမှာဆိုရင် လင်းနို့လူသား(Batman) တံဆိပ်နှိပ်ထားတာတွေ့ရပါတယ်။

တချို့အထုပ်တွေမှာတော့ အရွက်လေးရွက်ပါ ကလို‌ဗာသစ်ရွက်အနက်ပုံတွေ ရိုက်နှိပ်ထားတာကြောင့် ဒီတံဆိပ်တွေဟာ ကိုကင်းထုတ်သူတွေရဲ့ တံဆိပ်တွေဖြစ်နိုင်ပြီး တောင်အမေရိကဘက်က လာတာဖြစ်နိုင်တယ်လို့ နယူးဇီလန်ရဲတပ်ဖွဲ့ကတော့ ပြောပါတယ်။

ဖမ်းမိတဲ့ကိုကင်းထုပ် တစ်ထုပ်

ဓာတ်ပုံ ရင်းမြစ်, နယူးဇီလန်ရဲတပ်ဖွဲ့

''ဒီပမာဏဟာ နယူးဇီလန်အာဏာပိုင်တွေ ဖမ်းမိတဲ့ အများဆုံးသော တရားမဝင်မူးယစ်ဆေးဝါးတွေဖြစ်ပါတယ်'' လို့ နယူးဇီလန် ရဲမင်းကြီး အန်ဒရူး ကိုစတာက ပြောပါတယ်။

''နယူးဇီလန်စျေးကွက်မှာ သုံးမယ်ဆိုရင်တောင် နှစ် ၃၀ သုံးလို့ ကုန်မှာ မဟုတ်တဲ့ပမာဏလည်းဖြစ်ပါတယ်'' လို့ သူက ပြောပါတယ်။

နယူးဇီလန် ရေတပ်ဟာ အဲဒီကိုကင်းထုပ်တွေကို ပင်လယ်ပြင်ကနေ ဆွဲသယ်ဖို့ ရေတပ်ရေယာဥ် တစ်စီးကို အသုံးပြုခဲ့ရပါတယ်။

အဲဒီကိုကင်းထုပ်တွေကို အောက်ခလန်မြို့ဆီကို ပြန်သယ်လာပြီး လုံခြုံရေးအဆောက်အဦမှာ မှတ်တမ်းတင်ထားရှိကာ ဖျက်ဆီးဖို့ရှိတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

''အခုလို ဖမ်းမိတာဟာ နိုင်ငံတကာ မူးယစ်ဆေးဝါးဖြန့်ဖြူးနေတဲ့အဖွဲ့တစ်ဖွဲ့ရဲ့ အရှိုက်ကို ထိုးသလိုတော့ ဖြစ်သွားလိမ့်မယ်'' လို့ မစ္စတာ ကိုစတာက ပြောပါတယ်။

အာဏာပိုင်တွေဘက်ကတော့ အခုဖမ်းဆီး ဆယ်ယူမှုနဲ့ မူးယစ်ဆေးဝါးတွေကို ဘယ်လိုတွေ့ခဲ့တယ်ဆိုတဲ့ အသေးစိတ်အချက်အလက်ကို ထုတ်ဖော်ပြောဆိုတာမရှိသေးပါဘူး။

ဒါပေမဲ့ သြစတေးလျ၊ ဗြိတိန်၊ ကနေဒါနဲ့ အမေရိကန်တို့ပါဝင်တဲ့ Five Eyes ထောက်လှမ်းရေးအဖွဲ့ကနေ အကူအညီပေးတာမျိုးတော့ ရှိခဲ့တယ်လို့ ပြောထားပါတယ်။