ထောင်ထဲကနေ အမေရိကန်သမ္မတ ရွေးကောက်ပွဲ ဝင်ပြိုင်လို့ရလား၊ ဘယ်သူတွေ ပြိုင်ဖူးလဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
- ရေးသားသူ, မာ့ခ် ရှီယာ
- ရာထူးတာဝန်, ဘီဘီစီကမ္ဘာတလွှား
အမေရိကန်နိုင်ငံရေးမှာ မကြုံစဖူး ထူးခြားတဲ့နေ့တစ်နေ့ပါ။ ဒေါ်နယ်ထရမ့် ဟာ အမေရိကန် သမ္မတဟောင်းတွေနဲ့ သမ္မတလောင်းတွေထဲမှာ ရာဇဝတ်မှုနဲ့ အပြစ်ရှိကြောင်း ပထဆုံး ဆုံးဖြတ်ခံရသူ ဖြစ်လာပါတယ်။
မန်ဟတ်တန်တရားရုံးကနေ မေလ ၃၀ ရက်မှာ အမှု ၃၄ မှုအတွက် သူ့ကို အပြစ်ရှိကြောင်းချမှတ်လိုက်ပေမဲ့ ထောင်ကျခံရနိုင်ခြေ မရှိဘူးလို့ အကဲခတ် အများစုက ခန့်မှန်းကြပါတယ်။
မစ္စတာထရမ့်ဟာ အမှုတွေအတွက် ထောင်ဒဏ်ချခံရတာ ဒါမှမဟုတ် ဒဏ်ကြေးသတ်မှတ်ခံရတာ၊ အာမခံ ဒါမှမဟုတ် စောင့်ကြပ်မှုအောက်မှာနေရတာတွေလို ပြစ်ဒဏ်ချမှတ်ခံရမယ်ဆိုရင်တောင် သူ့အပေါ် ချမှတ်ထားတဲ့ပြစ်မှုထင်ရှားကြောင်းဆုံးဖြတ်ချက်ကို အယူခံဝင်နိုင်ခြေရှိပြီး အဲဒီလုပ်ငန်းစဥ်တွေ ကလည်း နိုဝင်ဘာလ ရွေးကောက်ပွဲကို ကျော်သွားတဲ့အထိ ကြာမြင့်နိုင်ပါတယ်။
ဒါပေမဲ့ ထောင်ချခံရတာမျိုးလို အဆိုးဆုံးအခြေအနေမျိုးမှာတောင် မစ္စတာ ထရမ့်ဟာ သမ္မတလောင်းအနေနဲ့ ဆက်ပြီး ရှိနေမှာ ဖြစ်ပါတယ်။ (အကျဥ်းထောင်ထဲမှာ သမ္မတ တစ်ဦးအနေနဲ့ တာဝန်ထမ်းဆောင်နိုင်ခြေတောင် ရှိပါတယ်။)
ပြစ်မှု ထင်ရှားသူတစ်ဦး ဘယ်လိုဝင်ပြိုင်နိုင်လဲ
သမ္မတလောင်းတစ်ဦးဖြစ်ဖို့ ဥပဒေအရ အရည်အချင်းသတ်မှတ်ချက်ဟာ ၁၇၈၉ ခုနှစ်ကတည်းက မပြောင်းလဲသေးပါဘူး။ အဲဒီနှစ်ဟာ ဂျော့ ဝါရှင်တန် အမေရိကန်သမ္မတအဖြစ် ပထမဆုံး စတင်တာဝန်ထမ်းဆောင်တဲ့နှစ်လည်း ဖြစ်ပါတယ်။
“အမေရိကန်ပြည်ထောင်စု ဒါမှမဟုတ် ပြည်ထောင်စုနဲ့ သူ့နယ်မြေတွေထဲမှာ မွေးဖွားတယ်ဆိုတဲ့ အရည်အချင်းသတ်မှတ်ချက် ရှိတယ်။ အိုဘားမား(အမေရိကန်သမ္မတဟောင်း)ဟာ အမေရိကန် နိုင်ငံသား စစ်စစ်ဟုတ်ရဲ့လားဆိုတာမျိုး ပြောကြတာ ရှိခဲ့ပေမဲ့လို့လေ” လို့ လန်ဒန်တက္ကသိုလ်ကောလိပ်က အမေရိကန်သမိုင်းဆိုင်ရာပါမောက္ခ အီဝမ် မော်ဂန်က ဘီဘီစီကို ပြောပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
“ပြီးတော့ သူတို့အသက်အတွက် သီးသန့် သတ်မှတ်ချက် (၃၅ နှစ်) လည်း ရှိတယ်လေ။”
သမ္မတလောင်းတွေဟာ အမေရိကန်ပြည်ထောင်စုအတွင်းမှာ ၁၄ နှစ်ကြာအောင် ဆက်တိုက်နေထိုင်ဖို့ လိုအပ်ပါတယ်။
ဒီကန့်သတ်ချက်ဟာ “ပြည်တွင်းစစ်(Civil War)မှာ အမေရိကန်ကို ဆန့်ကျင်မှုမှာ ပါဝင်တဲ့သူတွေ”ကို တားမြစ်ဖို့ ရည်ရွယ်တယ်လို့ ပါမောက္ခမော်ဂန်က ပြောပါတယ်။
တရားရုံးချုပ်ဟာ ဒါကို သမ္မတ ဒေါ်နယ် ထရမ့်အပေါ်မှာ အသုံးပြုနိုင်ခြေမရှိဘူးလို့လည်း သူက ယုံကြည်ပါတယ်။
ပြီးတော့ ပြစ်မှုထင်ရှားသူတွေကို သမ္မတရာထူး ထမ်းဆောင်တာကို ကန့်သတ်ထားတာလည်း မရှိပါဘူး။
ဒီအတွက် ရည်ရွယ်ချက်ဟာ နိုင်ငံရဲ့မူလအစဆီကို ပြန်သွားတယ်လို့ ပါမောက္ခ မော်ဂန်က ပြောပါတယ်။
“အမေရိကန်ပြည်ထောင်စုဟာ တော်လှန်ရေးနဲ့ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ အမေရိကန်ဟာ အဲဒီတုန်းက (ဗြိတိသျှ) နယ်မြေဖြစ်ခဲ့တဲ့အတွက် လူတစ်ယောက်ဟာ ဘုရင်စနစ်ဆန့်ကျင်ရေးလုပ်တွေ လုပ်ရင်ထောင်ဒဏ်ချမှတ်ခံရနိုင်ခြေရှိခဲ့တယ်။ သမ္မတ ရာထူးအတွက် ဝင်ပြိုင်ဖို့ အရည်အချင်းမပြည့်ကြောင်း သတ်မှတ်ခံရနိုင်ခြေရှိတယ်။”
၁၇၈၇ ခုနှစ်မှာ အမေရိကန်ပြည်ထောင်စုဖွဲ့စည်းပုံကို ရေးဆွဲခဲ့တဲ့ နိုင်ငံစတင်တည်ထောင်သူတွေ ဘယ်သူမှ ဗြိတိသျှတွေရဲ့ အမှန်တကယ် အကျဥ်းချခံရတာမျိုး မရှိခဲ့ပါဘူး။
ဒါပေမဲ့ “တချို့ကတော့ ထောင်ဒဏ်ချမှတ်ခံရခါနီး ဖြစ်ခဲ့တယ်”လို့ ပါမောက္ခ မော်ဂန်က ပြောပါတယ်။
“တော်လှန်ရေး မအောင်မြင်ဘူးဆိုရင် သူတို့ဟာ ထီးနန်းဥသျှောင်ကို ဆန့်ကျင်တဲ့ နိုင်ငံတော်အကြည်အညိုပျက်စေမှုနဲ့ အပြစ်ရှိကြောင်းဆုံးဖြတ်ခံရမှာ။ တနည်းအားဖြင့် ကြီးလေးတဲ့ပြစ်မှုတွေပေါ့။”
ဒါကြောင့် ဖွဲ့စည်းပုံရေးဆွဲခဲ့သူတွေဟာ ဘယ်သူ သမ္မတ ဖြစ်လာနိုင်တယ်ဆိုတဲ့ ကန့်သတ်ချက်တွေကို ထည့်ဖို့ ဝန်လေးခဲ့တာပါ။ ဒီမူဝါဒကြောင့်ပဲ သမ္မတလောင်း ၃ ဦးဟာ အကျဥ်းထောင်နံရံတွေနောက်ကနေ မဲဆွယ်နိုင်စေခဲ့ပါတယ်။
ယူဂျင်း ဗီ ဒက်စ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
“ဖက်ဒရယ်အကျဥ်းထောင်ထဲမှာရှိနေတုန်း သမ္မတရာထူးအတွက် ဝင်အရွေးခံမှုမှာ အထူးခြားဆုံးကတော့ ၁၉၂၀ ပြည့်နှစ်တုန်းက သမ္မတလောင်း ယူဂျင်း ဗီ ဒက်စ်ပါပဲ” လို့ ပါမောက္ခ မော်ဂန်က ပြောပါတယ်။
ဒက်စ်ဟာ ၁၈၉၄ ခုနှစ်မှာ အကျဥ်းထောင်ထဲ ပထမဆုံးရောက်ခဲ့ပါတယ်။ အဲဒီတုန်းက မီးရထားကုမ္ပဏီ တစ်ခုကို ဆန္ဒပြတဲ့ စက်မှုကဏ္ဍအလုပ်သမားသမဂ္ဂခေါင်းဆောင်တစ်ဦးအဖြစ် သူ ဦးဆောင်နေချိန်ဖြစ်ပါတယ်။ စက်ရုံမလည်ပတ်နိုင်အောင် ဟန့်တားမှုနဲ့ သူ့မှာအဖြစ်ရှိကြောင်း ဆုံးဖြတ်ခံခဲ့ရတာပါ။
စစ်တပ်က အဲဒီသပိတ်တွေကို ဖြိုခွဲခဲ့ပြီး ဒက်စ်ကတော့ ထောင် ၆ လ ချခံရပါတယ်။ ဒီအတွေ့အကြုံကပဲ သူ့ကို နိုင်ငံရေးအမြင်ကို ကြီးကြီးမားမား သက်ရောက်ခဲ့ပါတယ်။
“၂၀ ရာစုအစောပိုင်းမှာ သူဟာ အမေရိကန် ဆိုရှယ်လစ်ပါရဲ့ အတော် ထင်ရှားသူတစ်ယောက်ဖြစ်လာပါတယ်။ ၁၉၀၄၊ ၁၉၀၈၊ ၁၉၁၂ နဲ့ ၁၉၂၀ ပြည့်နှစ်တွေမှာ သမ္မတလောင်းအဖြစ် ယှဥ်ပြိုင်ခဲ့ပါတယ်” လို့ ပါမောက္ခ မော်ဂန်က ပြောပါတယ်။
(ဒက်စ်ဟာ ဆိုရှယ်ဒီမိုကရက်တစ်ပါတီဘက်ကနေလည်း ၁၉၀၀ ပြည့်နှစ်မှာ ဝင်ပြိုင်ခဲ့ပါတယ်။)
“၁၉၁၂ ခုနှစ်မှာ ဒီမိုကရက်ရဲ့ ဝုဒ်ရိုး ဝီလ်ဆင်၊ ရီပတ်ဘလင်ကန်ရဲ့ ဝီလီယံ ဟောင်းဝပ် တက်ဖ်၊ ပရိုဂရက်ဆစ် သမ္မတလောင်းလည်းဖြစ်၊ ရီပတ်ဘလင်ကန် သမ္မတဟောင်းလည်းတဲ့ သီအိုဒေါ ရုစဗဲ့နဲ့ ဒက်စ်တို့ နဲ့ လေးပွင့်ဆိုင်ပြိုင်ပွဲမှာ ဒက်စ်က ကောင်းကောင်းယှဥ်ပြိုင်နိုင်ခဲ့ပါတယ်။”
သူဟာ မဲ ၁ သန်းရခဲ့ပြီး ဒါဟာ စုစုပေါင်းမဲအရေအတွက်ရဲ့ ၆ ရာခိုင်နှုန်းဖြစ်ပါတယ်။ ဒါဟာ “အမေရိကန်မှာ ဆိုရှယ်လစ်ပါတီသမ္မတလောင်းတစ်ယောက် အမြင့်ဆုံးအနိုင်ရမှုဖြစ်ခဲ့ပါတယ်။”
ဖလော်ရီဒါပြည်နယ်မှာ ပြည်နယ်တစ်ခုစီမှာ လူဦးရေအလိုက် သတ်မှတ်ထားတဲ့ သမ္မတရွေးချယ်ရေး အဖွဲ့ဝင်မဲ (electoral college) ကိုတော့ သူမရခဲ့ပေမဲ့ မဲစုစုပေါင်းကိုတော့ ဒုတိယမြောက်အများဆုံး ရခဲ့ပါတယ်။
ဒါပေမဲ့ ပထမ ကမ္ဘာစစ် ရောက်လာတဲ့အခါ အမေရိကန်က ဆိုရှယ်လစ်တွေ တော်တော်ကြီး ဝိဝါဒဖြစ်ခဲ့ရတယ်လို့ ပါမောက္ခ မော်ဂန်က ပြောပါတယ်။ “မျိုးချစ်စိတ်အခြေခံပြီး စစ်ကို ထောက်ခံကြမလား၊ အရင်းရှင်စစ်ပွဲတစ်ခုအနေနဲ့ ဆန့်ကျင်ကြမလား ဆိုတာပေါ့။”
ဒက်စ်ကတော့ စစ်ပွဲကို အပြင်းအထန်ဆန့်ကျင်ခဲ့ပြီး အမေရိကန်တွေအနေနဲ့ စစ်ပွဲမှာပါဝင်တာကိုလည်း အားမပေးခဲ့ပါဘူး။
“၁၉၁၈ ခုနှစ် ဆောင်းဦးကာလအစောပိုင်းမှာတော့ စစ်ပွဲ ပြီးလုပြီးခင် ဖြစ်လာပါတယ် ။ အိုဟိုင်းအိုးပြည်နယ်၊ ကန်တွန်မြို့မှာပြောတဲ့ မိန့်ခွန်းမှာ အမေရိကန်တွေအနေနဲ့ ဖွဲ့စည်းပုံမူကြမ်းကို မထောက်ခံကြဖို့ တိုက်တွန်းခဲ့တယ်” လို့ ပါမောက္ခ မော်ဂန်က ပြောပါတယ်။
ဒက်စ်ဟာ နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ စီရင်ချက်ချခံရပြီး ၁၉၁၉ ခုနှစ်မှာ အတ္တလန္တာက ဖက်ဒရယ်အကျဥ်းထောင်ကို အပို့ခံရပါတယ်။ ဒါကြောင့် အမေရိကန် ဆိုရှယ်လစ်ပါတီက သူ့ကို ပါတီသမ္မတလောင်းအဖြစ်အဆိုပြုခဲ့ချိန်မှာ သူဟာ အကျဥ်းထောင်ထဲမှာပဲ ရှိနေပါသေးတယ်။
ဒက်စ်ဟာ ၁၉၁၂ ခုနှစ်မှာ သူရရှိခဲ့တဲ့မဲတွေထက် မဲ နည်းနည်း ပိုရခဲ့ပါတယ်။
(၁၉၂၀ ခုနှစ်မှာ ၉၁၄,၁၉၁ မဲ၊ ၁၉၁၂ ခုနှစ်မှာ ၉၀၁,၅၅၁ ရခဲ့တာပါ။) ဒါပေမဲ့ အမျိုးသမီးတွေလည်း မဲပေးခွင့်ရတဲ့အခုတစ်ကြိမ်မှာတော့ မဲစုစုပေါင်းရဲ့ ၃ ရာခိုင်နှုန်းကိုပဲ သူရခဲ့ပါတယ်။
ဒါပေမဲ့ အဲဒီတုန်းက အတ္တလန္တာအကျဥ်းထောင်ဟာ ဒီနေ့ခေတ် အမေရိကန်အကျဥ်းထောင်မှာ လူဖြူ ပညာတတ် ရာဇဝတ်သားတစ်ယောက် မျှော်မှန်းနိုင်တဲ့အခြေအနေမျိုးထက် အများကြီး ဆိုးရွားပါတယ်။ အကျဥ်းထောင်မှာ ဒက်စ်ဟာ ကျန်းမာရေး ချို့ယွင်းသွားခဲ့ပါတယ်။
ထောင် ၃ နှစ်နီးပါး ကျခံခဲ့ပြီးတဲ့နောက် သူ ထောင်ကနေ ပြန်လွတ်လာခဲ့ပေမဲ့ သူ့ကျန်းမာရေး ပြန်ပြီး နာလန်မထူနိုင်တော့ဘဲ ၁၉၂၆ ခုနှစ်မှာ သေဆုံးခဲ့ပါတယ်။
ဒက်စ် နောက်ပိုင်းမှာတော့ ဆိုရှယ်လစ်ပါတီတွေဟာ အမေရိကန်ပြည်ထောင်စုရွေးကောက်ပွဲတွေမှာ ကြီးကြီးမားမား အနိုင်ရရှိတာမျိုး မရှိတော့ပါဘူး။
လင်ဒန် လရုချ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
တခြားအကြောင်းတွေနဲ့ ထောင်ထဲကနေ မဲဆွယ်ခဲ့တဲ့ သမ္မတလောင်းကတော့ လင်ဒန် လရုချ် ဖြစ်ပါတယ်။ သူဟာလည်း သမ္မတရာထူးအတွက် အကြိမ်အများဆုံး ရွေးကောက်ပွဲဝင်ခဲ့သူ ဖြစ်ပါတယ်။
“တစ်ခါတလေမှာ သူက ဒီမိုကရက်တစ်ယောက်အနေနဲ့ မဲဆွယ်တယ်။ ပါတီကြီးနှစ်ခုက မဟုတ်ဘဲ တခြားပါတီ သမ္မတလောင်းအနေနဲ့ မဲဆွယ်ခဲ့တာတွေလည်း ရှိတယ်။ ၁၉၇၆ ကနေ ၂၀၀၈ အတွင်း ရွေးကောက်ပွဲတိုင်းက မဲစာရွက်တွေပေါ်မှာ သူ့နာမည်ကို တွေ့ရမယ်။ အဲဒီလိုဝင်ပြိုင်တာကပဲ သူ့ ဝါသနာဖြစ်နေခဲ့တာ”လို့ ပါမောက္ခမော်ဂနန်က ပြောပါတယ်။
လရုချ်ဟာ ၁၉၄၀ ပြည့်နှစ်တွေမှာ လက်ဝဲနိုင်ငံရေးကို အားသန်ခဲ့ပါတယ်။ ဒါပေမဲ့ ၁၉၇၀ ပြည့်နှစ်တွေမှာတော့ “လက်ယာစွန်း”ဘက်ကို ရွေ့လာခဲ့ပါတယ်။
ဒီမိုကရက်တစ်နဲ့ ရီပတ်ဘလစ်ကန် နှစ်ခုစလုံးနဲ့ ပတ်သက်နေတာက သူက ပူးပေါင်းကြံစည်မှု သီအိုရီသမားမို့ပါ။ သူက တကယ်ထူးဆန်းတဲ့ ပူးပေါင်းကြံစည်မှု အယူရှိတာ။ အဲလစ်ဇဘတ်ဘုရင်မကြီးတောင် သူ့ကို ဒုက္ခပေးဖို့ကြံတယ်နေတယ်လို့ ယူဆနေတဲ့သူမျိုး ”လို့ ပါမောက္ခ မော်ဂန်က ပြောပါတယ်။
ဒါပေမဲ့ လရုချ်ဟာ သူ့ရဲ့ သဘာဝမကျတဲ့ ကမ္ဘာလုံးဆိုင်ရာအမြင်၊ နောက် အခွန်တွေ လျှော့ကောက်ဖို့နဲ့ အစိုးရအနေနဲ့ကိုယ့်နိုင်ငံသားတွေကို မထောက်လှမ်းရေးလိုမျိုး လူကြိုက်များမယ့်မူဝါဒတွေကို အခြေခံပေါင်းစပ်ထားတဲ့ နိုင်ငံရေးလှုပ်ရှားမှုကို ဖန်တီးခဲ့ပါတယ်။
ဒါပေမဲ့ အဲဒီလှုပ်ရှားမှုမှာ ဘယ်တုန်းကမှ လူပေါင်း ၂,၀၀၀ မကျော်ခဲ့ဘူးလို့ ပါမောက္ခ မော်ဂန်က ပြောပါတယ်။ ဒါပေမဲ့ လရုချ်က ၁၉၈၆ ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီရဲ့ အီလွီနွိုက်ပြည်နယ်က အရေးပါတဲ့ နေရာတွေအတွက် မထင်မှတ်ဘဲ အဆိုပြုခံခဲ့ရတဲ့ ကိုယ်စားလှယ်လောင်းတွေကို ထောက်ခံခဲ့ပါတယ်။ (သူတို့ထဲက တစ်ယောက် ဂျန်းနစ် အေ ဟာ့ဒ် ဖြစ်ပြီး လမ်းပေါ်ကို တင့်ကားတွေ ရောက်လာအောင်လုပ်မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။) အဲဒီမှာ အရေးအကြီးဆုံးကတော့ ရန်ပုံငွေအတော်များများကို ရှာဖွေနိုင်ခဲ့ပါတယ်။
“ဘယ်လောက်အထိများတယ်ဆိုတာကို ကျွန်တော်တို့ ဘယ်တော့မှ သိနိုင်မှာမဟုတ်ပါဘူး။ ဒါပေမဲ့ အမေရိကန်ဒေါ်လာ သန်း ၂၀၀ နီးပါးအထိရှိနိုင်ပါတယ်” လို့ ပါမောက္ခ မော်ဂန်က ပြောပါတယ်။ “ပြီးတော့ သူ့ဟာ အဲဒီငွေတွေကို သူထောက်ခံတဲ့ ကိုယ်စားလှယ်တွေအတွက် ဒေသန္တရ၊ ပြည်နယ်နဲ့ ကွန်ဂရက်စ်လွှတ်တော် ရွေးကောက်ပွဲတွေမှာ သုံးပါတယ်။ အောင်မြင်မှုတော့ တော်တော် နည်းခဲ့ပါတယ်။”
သူဟာ စာပို့စနစ် ငွေကြေး လိမ်လည်မှုနဲ့ ၁၉၈၉ ခုနှစ်မှာ ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခံရပါတယ်။
“၁၉၉၂ ခုနှစ် ရွေးကောက်ပွဲကို ကြည့်ကြည့်ပါ။ လရုချ်ဟာ အဲဒီနှစ်ရွေးကောက်ပွဲမှာ ပါဖို့ ဆုံးဖြတ်ထားပြီးသား” လို့ ပါမောက္ခ မော်ဂန်က ပြောပါတယ်။ “ပြီးတော့ သူဟာ ပြည်နယ်အနည်းငယ်က မဲပေးပွဲမှာပဲ မြင်ရတယ်။ ဒါပေမဲ့ စုစုပေါင်း အရေအတွက်ရဲ့ ၀.၁ ရာခိုင်နှုန်းကိုတောင် မရဘဲ မဲအရေအတွက် ၂၇,၀၀၀ ပဲ ရရှိခဲ့ပါတယ်။ ”
လရုချ်ရဲ့ ထောင်ဒဏ် လျှော့ပေါ့ပေးခံရပြီးနောက် ၁၉၉၄ ခုနှစ်မှာ အကျဥ်းထောင်ကနေ ထွက်နိုင်ခဲ့ပါတယ်။ ၁၉၉၆၊ ၂၀၀၀, ၂၀၀၄ နဲ့ ၂၀၀၈ ခုနှစ်တွေမှာ သမ္မတရွေးကောက်ပွဲကို ဆက်ပြီး ယှဥ်ပြိုင်ခဲ့ပါတယ်။
ရန်ပုံငွေတွေ ရှာနိုင်ပြီး အကြိမ်ကြိမ် ရွေးကောက်ပွဲဝင်ခဲ့ပေမဲ့ လရုချ်ဟာ ဘယ်တုန်းကမှ နိုင်ငံရေးအထင်ကြီးမှု အများကြီးမခံခဲ့ရဘူးလို့ ပါမောက္ခမော်ဂန်က သုံးသပ်ပါတယ်။
“လင်ဒန် လရုချ်ဟာ သမိုင်းမှာ အောက်ခြေမှတ်စုတစ်ခုထက် ဘယ်တုန်းကမှ မပိုခဲ့ဘူး။ "
၂၀၁၉ ခုနှစ်မှာ သူကွယ်လွန်ခဲ့ပါတယ်။
ဂျိုးဇက် စမစ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဂျိုးဇက် စမစ်ဟာ မော်မွန်ဝါဒကို တည်ထောင်ခဲ့သူဖြစ်ပါတယ်။ ၁၈၃၀ ပြည့်နှစ်မှာ တည်ထောင်တဲ့ အဲဒီဝါဒဟာ ခရစ်တော်ပေါ်မှာ အခြေခံပေမဲ့ ကတ်သလစ်၊ ပရိုတက်စတင့်နဲ့ အော်သိုဒေါက် ဘုရားကျောင်းတွေရဲ့သက်ဝင်ယုံကြည်မှုနဲ့အများကြီး ကွဲပြားပါတယ်။
သူဟာ အဲဒီလှုပ်ရှားမှုအတွင်း သူ့ရဲ့နီးစပ်တဲ့အသင်းဝင်တွေကို ဇနီးမယားပြိုင်ယူတဲ့ဓလေ့ကိုလည်း မိတ်ဆက်ပေးခဲ့ပါတယ်။
“အဲဒါကို သူ့နောက်လိုက်မဟုတ်သူတွေက တော်တော် မကြိုက်ကြပါဘူး” လို့ ပါမောက္ခ မော်ဂန်က ပြောပါတယ်။
“အခြေခံအမေရိကန်စံနှုန်းတွေကို ခြိမ်းခြောက်မှုအဖြစ် အမြင်ခံရတယ်။ ဇနီးမယားပြိုင်ယူတဲ့ စနစ်ကအဆိုးရွားဆုံး ရာဇဝတ်မှုလို့ ယူဆထားတာလေ။ ပြီးတော့ စမစ်မှာ ဇနီး အယောက် ၂၀ တောင်ရှိခဲ့တယ်ဆိုတဲ့စွပ်စွဲချက်တွေလည်း ရှိခဲ့တယ်။”
စမစ်ရဲ့ဇာတိဟာ မက်ဆာချူးဆက်က ဖြစ်ပါတယ်။ ဒါပေမဲ့ သူ့နောက်လိုက်နောက်ပါတွေ လုံခြုံရေး အတွက် အနောက်ဘက်ကိုရွှေ့ရင်း အီလီနွိုက်ပြည်နယ်ဘက်ကိုရောက်ခဲ့တယ်။
မော်မွန်တွေဟာ ၁၈၄၀ ပြည့်နှစ်အစောပိုင်းကာလတွေမှာ သူတို့ ကိုယ်ပိုင်မြို့ကို တည်ထောင်ခဲ့ပါတယ်။ မစ္စစ္စပီမြစ်ကမ်းပေါ်က နူဗူးမြို့ဖြစ်ပါတယ်။ အဲဒီမှာ သူတို့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ နေထိုင် ဝတ်ပြုဖို့ မျှော် လင့်ခဲ့ကြပါတယ်။
စမစ်ဟာ မြို့တော်ဝန်နေရာအတွက် မဲပေးခံရပြီး မော်မွန် လက်နက်ကိုင်အဖွဲ့ကို ဖန်တီးခဲ့ပါတယ်။
ဒါပေမဲ့ ပြဿနာက စမစ်ဟာ မော်မွန်ဝါဒီထဲမှာတောင် အကွဲကွဲအပြားပြား ဖြစ်ခဲ့တယ်။ သူ့ရဲ့ဇနီးမယားပြိုင်ထားတဲ့ လုပ်ရပ်တွေကို သူခိုးယူပေါင်းသင်းတယ်လို့ စွပ်စွဲခံရတဲ့ ဇနီးတွေရဲ့ တခြား မော်မွန်ဝါဒီက မုန်းလာကြပါတယ်။
စမစ်ဟာ သူ့ကိုဆန့်ကျင်တဲ့သတင်းစာတွေကို ဖျက်ဆီးဖို့ သူ့လက်နက်ကိုင်အဖွဲ့ကို အမိန့်ထုတ်ခဲ့ပါတယ်။ အဲဒီအတွက် နောက်ဆုံးမှာ သူဟာ အီလီနွိုက်ပြည်နယ်၊ ကာသေ့မြို့က အကျဥ်းထောင်ကို ရောက်သွားခဲ့ပါတယ်။
၁၈၄၄ ခုနှစ် ရွေးကောက်ပွဲမှာတော့ သူဟာ ပြုပြင်ပြောင်းလဲရေးပါတီ သမ္မတလောင်းအနေနဲ့ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ပါတယ်။ သူ့ရဲ့ မော်မွန်အခြေခံ ပါတီဟာ အစိုးရအဖွဲ့အစည်းတွေမှာ နေရာရမယ်လို့ မျှော်လင့်ပြီး သူတို့ရဲ့ မယားပြိုင်စနစ် အားပေးတာ၊ ယောကျ်ားတိုင်းက တကယ်တော့ နတ်ဘုရားပဲဆိုတဲ့ စမစ်ရဲ့ ကိုယ်ပိုင်အမြင်ကို အားပေးတာတွေ လုပ်ခဲ့ပါတယ်။
အာဏာကို ဟန်ချက်မျှမျှ ထိန်းနိုင်မယ်လို့ မျှော်လင့်ပြီး ဇနီးမယားပြိုင်ယူတဲ့ဝါဒလမ်းကြောင်းနဲ့ အမျိုးသားတိုင်းဟာ မရှိမဖြစ် နတ်ဘုရားတစ်ပါးဆိုတဲ့ စမစ်ရဲ့ကိုယ်ပိုင်အမြင် ပိုဇောင်းပေးခဲ့ပါတယ်။
ဒါပေမဲ့ ကျွန်စနစ်ကို တဖြည်းဖြည်း ပပျောက်အောင်လုပ်ဆောင်မယ်ဆိုတဲ့ ပါတီရဲ့ယုံကြည်ချက်ကြောင့် သူတို့ဟာ ရန်သူပိုများလာခဲ့ပါတယ်။
“ကျွန်စနစ် အဆုံးသတ်ရေးကို အဲဒီအချိန်တုန်းက မြောက်ပိုင်းမှာ တော်တော်ကြီးကို မကြိုက်ကြဘူး။ ကျွန်စနစ်ပပျောက်ရေးအကြောင်းပြောလို့ မော်မွန်ဝါဒီမဟုတ်သူတွေဟာ သူတို့လက်ကို သွေးစွန်းခံခဲ့ကြတယ်”လို့ ပါမောက္ခ မော်ဂန်က ပြောပါတယ်။
ကာသေ့မြို့ အကျဥ်းထောင်ပြင်ပမှာ လူစုလူဝေးဖြစ်ခဲ့ပါတယ်။ အဲဒီနောက် သူနဲ့ နောက် အကျဥ်းသားတစ်ဦးဟာ သူတို့ကို ထိန်းသိမ်းထားတဲ့အဆောက်အအုံထဲမှာ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါတယ်။
“သေနတ်အဖွဲ့ဟာ အဲဒီတုန်းက သေသွားပြီဖြစ်တဲ့သူ့အလောင်းကို အကြိမ်ကြိမ် ထပ်ပစ်ခတ်ခဲ့ကြသေးတယ်” လို့ ပါမောက္ခ မော်ဂန်က ပြောပါတယ်။
၁၈၄၄ ခုနှစ် ရွေးကောက်ပွဲအတွက် ပြုပြင်ပြောင်းလဲရေးပါတီဟာ နောက်ထပ် သမ္မတလောင်းတစ်ယောက်ကို ထပ်မရွေးတော့ပါဘူး။
အခုဆို အမေရိကန်ပြည်ထောင်စုမှာ ရာထူးအမြင့်ဆုံး သမ္မတလောင်းနေရာအတွက် အကျဥ်းထောင်ကနေ ဝင်ရောက်ယှဥ်ပြိုင်သူ ၃ ဦးရှိပြီး နိုဝင်ဘာလ ရွေးကောက်ပွဲမှာ ဂျို့စ် မယ်ဒိုနာသို ပက်ဆေ့သာ ဝင်အရွေးခံမယ်ဆိုရင် ၄ ဦးရှိလာမှာ ဖြစ်ပါတယ်။
၂၀၂၀ ခုနှစ်ထွက် နက်ဖလစ် သတင်းရုပ်သံ Tiger King မှာ သရုပ်ဆောင်ပြီး ဂျိုး အိတ်ဇိုတစ် အဖြစ် လူသိများတဲ့သူဟာ ဒီမိုကရက်တစ်ဦးအနေနဲ့ သမ္မတရာထူးအတွက် ဝင်ရောက်အရွေးခံမယ်လို့ ရည်ရွယ်ထားကြောင်း ကြေညာထားပါတယ်။
လက်ရှိမှာတော့ သူဟာ တိရစ္ဆာန်တွေအပေါ် ရက်စက်မှုနဲ့ ပြိုင်ဘက် တိရစ္ဆာန်ရုံပိုင်ရှင်ကို သတ်ဖို့ ကြံစည်မှုနဲ့ဆက်နွှယ်တဲ့ စွဲချက်တွေနဲ့အနှစ် ၂၀ ကျော် ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။
ဒါကြောင့် မစ္စတာထရမ့် ထောင်ထဲ ဝင်ရမယ်ဆိုရင်တောင် သမ္မတလောင်းအဖြစ်ယှဥ်ပြိုင်မယ့် သူ့ အခြေအနေဟာ သီးခြားဖြစ်ရပ် မဟုတ်ပါဘူး။ ဒါပေမဲ့ ထောင်ထဲကနေ သမ္မတ အိမ်တော်အရောက် ယှဥ်ပြိုင်မယ့် အထင်ရှားဆုံးသူတစ်ဦး ဖြစ်လာမှာပါ။
သူဟာ အကျဥ်းထောင်ထဲကိုမရောက်ဘူးဆိုရင်တောင် (ဘီဘီစီရဲ့ တောင်အမေရိက သတင်းထောက် ဂျွန် ဆတ်ဝါ့သ်ရဲ့ စကားအရဆိုရင်) သဘောထားကွဲနေတဲ့နိုင်ငံတစ်နိုင်ငံရဲ့တစ်ဝက်ဟာ ပြစ်မှုထင်ရှားကြောင်းဆုံးဖြတ်ခံထားရတဲ့ရာဇဝတ်သားကို သူတို့ရဲ့ သမ္မတလောင်းအဖြစ် ရွေးကြရမှာ ဖြစ်ပါတယ်။











