၂၀၂၀ ရွေးကောက်ပွဲရလဒ်ပြောင်းလဲအောင်ကြိုးပမ်းမှုနဲ့ ဒေါ်နယ်ထရမ့် စွဲချက်တင်ခံရ

ဓာတ်ပုံ ရင်းမြစ်, Reuters
အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ဟာ သူရှုံးနိမ့်ခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲရလဒ် ပြောင်းလဲအောင် ကြိုးပမ်းခဲ့မှုနဲ့ စွဲချက်တင်ခံလိုက်ရပါတယ်။
သမ္မတဟောင်း ထရမ့်ဟာ အမေရိကန်ကို လိမ်လည်ဖို့ လျှို့ဝှက်ပူးပေါင်း ကြံစည်ချက်အပါအဝင် စွဲချက် ၄ ခုနဲ့ စွပ်စွဲခံရတာပါ။
စွဲချက်တင်ခံရတဲ့အထဲမှာ အမေရိကန်လွှတ်တော်အဆောက်အအုံမှာ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်တုန်းက ဖြစ်ခဲ့တဲ့ဆူပူမှုနဲ့ ဆက်စပ်တဲ့ ဖြစ်စဥ်တွေကို စုံစမ်းမှုလည်းပါဝင်ပါတယ်။
၂၀၂၄ အမေရိကန်ရွေးကောက်ပွဲမှာ ရီပတ်ပလင်ကန်ပါတီရဲ့သမ္မတလောင်းအဖြစ် ပါဝင်ယှဥ်ပြိုင်ဖို့ ပြင်ဆင်နေတဲ့ အသက် ၇၇ နှစ်အရွယ် မစ္စတာထရမ့်ကတော့ သူဘာအမှားမှ မလုပ်ထားဘူးလို့ ငြင်းဆိုသလို လူမှုကွန်ရက်မှာလည်း ဒီအမှုဟာ''ရယ်စရာကောင်းတယ်''လို့ ပြောဆိုထားပါတယ်။
မစ္စတာထရမ့်ဟာ လျှို့ဝှက်စာရွက်စာတမ်းတွေကို လွဲမှားစွာကိုင်တွယ်မှုနဲ့ အပြာမင်းသမီးတစ်ဦးကို နုတ်ဆိတ်ခငွေပေးခဲ့တာကို ဖုံးကွယ်ဖို့ စီးပွားရေးမှတ်တမ်းအမှားတွေပြုလုပ်မှု အမှု ၂ ခုနဲ့ တရားစွဲခံထားရပြီးဖြစ်ပါတယ်။
ရွေးကောက်ပွဲနဲ့သက်ဆိုင်တဲ့ စုံစမ်းစစ်ဆေးမှုကတော့ လက်ရှိ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကို မဲရှုံးခဲ့တာနဲ့ ဒီမိုကရက်ပါတီရွေးကောက်ပွဲနိုင်တယ်လို့ လွှတ်တော်အမတ်တွေက အတည်ပြုချိန်မှာ အမေရိကန်လွှတ်တော်အဆောက်အအုံထဲ မစ္စတာထရမ့်ကို ထောက်ခံသူတွေက ဝင်ရောက်စီးနင်းတာတွေလုပ်ခဲ့တဲ့ဆူပူမှုဖြစ်ရပ်ဖြစ်ပွားချိန် အချိန်ကာလ ၂ လကို အဓိကထားမှာဖြစ်ပါတယ်။
စုံစမ်းမှုကို ဦးဆောင်တဲ့ အထူးအကြံပေး ဂျက်စမစ်ကတော့ '' ၂၀၂၁ ခုနှစ်၊ ဇွန်နဝါရီလ ၆ ရက်မှာဖြစ်ပွားတဲ့နိုင်ငံ့မြို့တော်မှာ တိုက်ခိုက်မှုဟာ အမေရိကန်ရဲ့ဒီမိုကရေစီမဏ္ဍိုင်တစ်ခုကို မကြုံစဖူးတိုက်ခိုက်မှုဖြစ်ပါတယ်'' လို့ ပြောပါတယ်။
''စွဲချက်ထဲမှာ ဖော်ပြထားတဲ့အတိုင်းဆိုရင် ဒါတွေဟာ အလိမ်အညာတွေကြောင့် မီးလောင်ရာလေပင့်ဖြစ်ခဲ့တာ''
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
မစ္စတာစမစ်ကတော့ ''စုံစမ်းကြားနာမှုမြန်မြန်လုပ်သွားမယ်''လို့ ပြောသလို ''သမ္မတဟောင်းအပေါ် အပြစ်ရှိကြောင်း မတွေ့ရမချင်း သူဟာ အပြစ်ကင်းနေဆဲလူတစ်ယောက်ဖြစ်တယ်''လို့ အလေးထားပြောသွားပါတယ်။
မစ္စတာထရမ့်ကတော့ ဝါရှင်တန်ဒီစီမြို့က တရားရုံးကို ကြာသပတေးနေ့မှာ တက်ရောက်ရဖို့ရှိနေပါတယ်။
စာမျက်နှာ ၄၅ ရွက်ပါတဲ့စွဲချက်တင်ခံရမှုမှာတော့ မစ္စတာထရမ့်နဲ့အတူ လျှို့ဝှက်ပူးပေါင်းကြံစည်တယ်လို့ စွပ်စွဲခံရတဲ့ ရှေ့နေ ၄ ဦး၊ တရားရေးဌာနအရာရှိ ၁ ဦးနဲ့ နိုင်ငံရေးအကြံပေး ၁ ဦးပါဝင်ပါတယ်။ ဒါပေမဲ့ အဲဒီလူပုဂ္ဂိုလ်တွေရဲ့နာမည်တွေကိုတော့ ဖော်ပြထားတာ မတွေ့ရပါဘူး။
တရားရုံးစာရွက်စာတမ်းမှာတော့ မစ္စတာထရမ့်ဟာ ''မရိုးဖြောင့်မှု၊ လိမ်လည်လှည့်ဖြားမှုတွေကနေတဆင့် အမေရိကန် ပြည်ထောင်စုအစိုးရလုပ်ငန်းဆောင်တာကို ပြောင်းလဲသွားအောင်၊ ဟန့်တားနှောက်ယှက်ဖို့ လျှို့ဝှက်ကြံစည်မှုတစ်ခုလုပ်ခဲ့တယ်''လို့ စွပ်စွဲပြောဆိုထားပါတယ်။
၂၀၂၀ ရွေးကောက်ပွဲမှာ မဲမသမာမှုလုပ်ခဲ့တယ်ဆိုတဲ့ မစ္စတာထရမ့်ရဲ့စွပ်စွဲချက်ကိုတော့ အမေရိကန်အစိုးရရှေ့နေတွေက ''ဒီလိုပြောဆိုချက်တွေက မှားယွင်းနေတာဖြစ်ပြီး မှားယွင်းပြောဆိုတယ်ဆိုတာကို ကာယကံရှင်ကိုယ်တိုင်လည်း သိပါတယ်''လို့ ဖြေရှင်းပြောဆိုပါတယ်။
ဒါ့အပြင် မစ္စတာ ထရမ့်ဟာ မစ္စတာဘိုင်ဒန်တစ်ယောက် သမ္မတအဖြစ်အရည်အချင်းပြည့်မီတယ်ဆိုတာ အတည်မပြုနိုင်အောင် ဒုတိယသမ္မတ မိုက်ပန့်စ်ကို အယုံသွင်းဖို့ ကြိုးပမ်းခဲ့သလို မအောင်မြင်လည်းဖြစ်ခဲ့တယ်လို့ အမေရိကန်အစိုးရရှေ့နေတွေက ပြောပါတယ်။
''စွပ်စွဲခံရသူနဲ့ ပေါင်းကြံသူတွေလို့စွပ်စွဲခံရသူတွေဟာ မတည်ငြိမ်ဖြစ်မှုကို အမြတ်ထုတ်ပြီး ရွေးကောက်ပွဲမသမာမှုရှိတယ်ဆိုတာကို ပိုခိုင်မာအောင် နှစ်ဆအားထုတ်တာနဲ့ အဲဒီပြောဆိုချက်တွေကို အခြေခံကာ လွှတ်တော်မှာ သမ္မတအတည်ပြုမှုပိုပြီးနှောင့်နှေးအောင် အမတ်တွေကို အယုံသွင်းတာလည်းလုပ်ခဲ့တယ်''
စွဲချက်တွေထဲမှာတော့ အမေရိကန်အရာရှိအချို့အပြင် မစ္စတာထရမ့်ရဲ့ အကြီးတန်းမဲဆွယ်ဝန်ထမ်းတွေပါဝင်ကာ မစ္စတာထရမ့်ကို မဲရှုံးပြီဆိုပြီး အကြောင်းကြားတာနဲ့ မဲမသမာမှုမရှိဘူးဆိုတာ ပြောခဲ့တဲ့အကြောင်းလည်း ကိုးကား ရေးသားဖော်ပြထားတာတွေ့ရပါတယ်။
မစ္စတာထရမ့်ဟာ အခုဆိုရင် မတူတဲ့ ရာဇဝတ်ကြောင်းအရအမှု ၃ ခုမှာ စွဲချက်ပေါင်း ၇၈ ခုကို ရင်ဆိုင်နေရပါတယ်။ တဖက်မှာလည်း သူဟာ ၂၀၂၄ အမေရိကန်ရွေးကောက်ပွဲမှာ ရီပတ်ပလင်ကန်ပါတီရဲ့သမ္မတလောင်းယှဥ်ပြိုင်မှုမှာ ထိပ်ဆုံးကနေ ပြေးနေပါတယ်။
ရီပတ်ပလင်ကန်ဘက်က ဘယ်သူပဲ သမ္မတလောင်းဖြစ်လာလာ အဲဒီသမ္မတလောင်းဟာ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလရွေးကောက်ပွဲမှာ ဒီမိုကရက်ဘက်က ဖြစ်လာနိုင်ချေရှိတဲ့ သမ္မတလောင်း မစ္စတာဘိုင်ဒန် အပါအဝင် တဖက်ပါတီရဲ့သမ္မတလောင်းကို ယှဥ်ရဖို့ ရှိနေတာပါ။
ထရမ့်မဲဆွယ်အဖွဲ့ကတော့ အင်္ဂါနေ့က ပြုလုပ်လိုက်တဲ့ စွဲချက်ဟာ ရွေးကောက်ပွဲကို ကြားဝင်စွက်ဖက်တဲ့သဘောဆောင်တယ်လို့ ကြေညာချက်ထုတ်ပြန်ပါတယ်။
''သမ္မတထရမ့်နဲ့ သူ့ကို ထောက်ခံသူတွေအပေါ် ဒီလိုဖိစီးနှိပ်စက်မှုတွေဟာ ၁၉၃၀ ပြည့်နှစ်တွေမှာ နာဇီဂျာမနီရဲ့လုပ်ရပ်၊ ဆိုဗီယက်ပြည်ထောင်စုဟောင်း၊ နောက်ထပ် အာဏာရှင်အစိုးရတွေကလုပ်တဲ့လုပ်ရပ်တွေနဲ့ အလားတူနေတယ်လို့'' မဲဆွယ်အဖွဲ့က ထုတ်ပြန်ပါတယ်။
အမေရိကန်မဆန်တဲ့ အခုလို လုပ်ရပ်တွေဟာ ကျဆုံးမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။
စုံစမ်းစစ်ဆေးမှု တစ်စိတ်တစ်ပိုင်းအနေနဲ့ သမ္မတထရမ့်အစိုးရလက်ထက်က ထိပ်တန်းအရာရှိတွေနဲ့ အကြံပေး ဒါဇင်ချီကို တွေ့ဆုံမေးမြန်းထားပြီးဖြစ်ပြီး အဲဒီထဲမှာ မစ္စတာ ပန့်စ်အပြင် မစ္စတာထရမ့်ရဲ့ရှေ့နေဟောင်း ရူဒီ ဂူလီယန်နီလည်း ပါဝင်ပါတယ်။








