'ဂျီနိုဆိုက် ဂျိုး' - အမေရိကန်ကောလိပ်တွေရဲ့ ဂါဇာဆန္ဒပြပွဲတွေက ဘိုင်ဒန် ထပ်မရွေးခံရအောင် ခြိမ်းခြောက်နိုင်သလား

ဓာတ်ပုံ ရင်းမြစ်, Kevin Dietsch / Getty
- ရေးသားသူ, အိန်ဂျယ်ဘာမူဒက်ဇ်
- ရာထူးတာဝန်, ဘီဘီစီကမ္ဘာတလွှား
“ဂျီနိုဆိုက် ဂျိုး (လူမျိုးတုံးသတ်ဖြတ်သူ ဂျိုး)၊ ဂါဇာမှာ ကလေးဘယ်နှယောက်ကို ခင်ဗျား သတ်ပြီးပြီလဲ။”
အဲဒီလိုမေးခွန်းထုတ်တဲ့ ပါလက်စတိုင်းအရေး တက်ကြွလှုပ်ရှားသူတွေရဲ့ ကြွေးကြော်သံက ဗာဂျီးနီးယားပြည်နယ် မဲဆွယ်ပွဲအတွင်း မိန့်ခွန်းပြောနေတဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကို ခဏတော့အနှောင့်အယှက်ဖြစ်စေခဲ့ပါတယ်။
အဲဒါက စက္ကန့်ပိုင်းပဲကြာခဲ့ပါတယ်။ သမ္မတကို စင်မြင့်ပေါ် ခေါ်ဆောင်လာတဲ့ ဒီမိုကရက်တစ်ပါတီတက်ကြွလှုပ်ရှားသူအုပ်စုတစ်စုဘက်ကနေ “နောက်ထပ် လေးနှစ်၊ နောက်ထပ် လေးနှစ်”ဆိုတဲ့ ကြွေးကြော်သံတွေထွက်ပေါ်လာပြီး ဆန္ဒပြသူတွေရဲ့ မေးခွန်းထုတ်မှုတွေကို တိမ်မြုပ်စေခဲ့ပါတယ်။
ဒါတွေက ဇန်နဝါရီ ၂၃ ရက်ကဖြစ်ခဲ့တာပါ။ အဲဒီတုန်းကတော့ ဘိုင်ဒန်က လာမယ့် နိုဝင်ဘာသမ္မတရွေးကောက်ပွဲအတွက် အရေးကြီးတဲ့အဆင့်ဖြစ်တဲ့ ပရိုင်မာရီရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီရဲ့ ဆန်ခါတင်အဆင့်အတွက် လိုအပ်တဲ့မဲအရေအတွက်ကို မရသေးတဲ့ အချိန်ဖြစ်ပါတယ်။
ဒါပေမဲ့ အဲဒီအချိန်မှာကတည်းက အစ္စရေးနဲ့ ဟားမတ်စ်တို့ကြားက ဂါဇာစစ်ပွဲဟာ ဘိုင်ဒန်အတွက် သမ္မတ ပြန်လည်အရွေးခံရေးလမ်းကြောင်းမှာ ကိုင်တွယ်ဖြေရှင်းရခက်တဲ့ ပြဿနာတစ်ရပ်အဖြစ် ပေါ်ထွက်လာနေပြီးဖြစ်ပါတယ်။
အမေရိကန်တစ်ဝန်း တက္ကသိုလ်ပေါင်း တစ်ရာကျော်မှာ ဂါဇာစစ်ပွဲဆန့်ကျင်ရေး ဆန္ဒပြပွဲတွေဖြစ်ပွားခဲ့ပြီး ဆန္ဒပြသူ ၂၀၀၀ ကျော် ဖမ်းဆီးခံခဲ့ရပါတယ်။ ဒီလိုဖြစ်စဥ်တွေကြောင့်ပဲ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်း အဲဒီ ပြဿနာက သိသိသာသာ ကြီးထွားလာနေဟန်ရှိပါတယ်။
''လူမျိုးတုံးသတ်ဖြတ်သူ ဂျိုး'' လို့ နာမည်ပြောင်ပေးထားတဲ့ ဒီလှုပ်ရှားမှုဟာ ၂၀၂၃ အောက်တိုဘာ ၇ ရက် ဟားမတ်စ်တိုက်ခိုက်မှုဖြစ်ပြီးနောက် မကြာခင် လူမှုကွန်ရက်မှာ စတင်ပျံ့နှံ့ခဲ့တာဖြစ်ပါတယ်။
ဟားမတ်စ်တိုက်ခိုက်မှုမှာတော့ လူပေါင်း ၁,၂၀၀ ကျော်သေဆုံးခဲ့ပြီး နောက်ထပ် ၂၅၀ ဓားစာခံအဖြစ်ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
၂၀၂၃ အောက်တိုဘာ ၂၈ ရက်မှာတော့ ''လူမျိုးတုံးသတ်ဖြတ်သူ ဂျိုး''ဆိုတဲ့စာသားက အမေရိကန်ပြည်ထောင်စု၊ ဒက်ထရွိုက်မြို့မှာ ပါလက်စတိုင်းလိုလားတဲ့ ဆန္ဒပြသူတွေရဲ့ ကြွေးကြော်သံတစ်ခု ဖြစ်နေပါပြီ။
ဂါဇာစစ်ပွဲရဲ့ အစောပိုင်းလတွေမှာကိုပဲ ဘိုင်ဒန်က အစ္စရေးအစိုးရကို အခိုင်အမာ ထောက်ခံအားပေးမှုအပေါ် အမေရိကန်မှာရှိတဲ့ အာရပ်-မွတ်စလင်တွေနဲ့ လက်ဝဲယိမ်း ဒီမိုကရက်တစ်မဲဆန္ဒရှင်တွေကြားမှာ မကျေမနပ်ဖြစ်မှုတွေ ထင်ထင်ရှားရှား တွေ့လာရပါတယ်။
အဲဒီအချိန်တုန်းကတော့ ဂါဇာစစ်ပွဲဟာ လပေါင်းများစွာကြာမယ်ဆိုတာနဲ့ လူဘယ်လောက်များများထိခိုက်သေကြေမလဲဆိုတာ ရှင်းရှင်းလင်းလင်းမသိခဲ့ရသေးပါဘူး။ ဂါဇာကျန်းမာရေးအာဏာပိုင်တွေရဲ့ ပြောကြားချက်အရတော့ အခုချိန်ထိ အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် လူပေါင်း ၃၄,၀၀၀ ခန့် သေဆုံးထားပါတယ်။
ဒီအပေါ် မကျေနပ်မှုလှိုင်းက ပြီးခဲ့တဲ့ရက်သတ္တပတ်တွေအတွင်း အမေရိကန်တစ်ဝန်း တက္ကသိုလ်ကျောင်းတွေအထိ ပျံ့နှံ့ခဲ့ပြီး တက္ကသိုလ်ကျောင်းသားတွေ ဆန္ဒပြကြတဲ့အထိ ဖြစ်ခဲ့ပါတယ်။
ဒီလိုအမြင်ရှိတဲ့ ကျောင်းသားလူငယ်တွေနဲ့အတူ အမေရိကန်က အခြားလူနည်းစုတွေဖြစ်တဲ့ လက်တင်တွေ၊ အာရှသားတွေ၊ အာဖရိကနွယ်ဖွား အမေရိကန်တွေ၊ လိင်စိတ်ခံယူမှုကွဲပြားသူ LGBT အသိုင်းအဝိုင်းတွေက ဒီမိုကရက်ကို မဲပေးလေ့ရှိတဲ့ မဲဆန္ဒရှင်အုပ်စုကို ကိုယ်စားပြုပါတယ်။
ဒါ့ကြောင့်လည်း ဒီအုပ်စုတွေရဲ့ အရင်က ဒီမိုကရက်အပေါ် ထောက်ခံမဲပေးခဲ့မှုတွေက ရီပတ်ဘလစ်ကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်ကို ပြတ်ပြတ်သားသားအနိုင်ရဖို့လိုနေတဲ့ဒီအချိန်မှာ သက်ရောက်မှုတွေရှိလာနိုင်ပါတယ်။
''ဘိုင်ဒန်ရဲ့ စစ်ပွဲ''
အောက်တိုဘာ ၇ ရက် ဟားမတ်စ်ရဲ့ အစ္စရေးကို တိုက်ခိုက်မှုအပြီးမှာ ဘိုင်ဒန်အစိုးရက ဟားမတ်စ်တိုက်ခိုက်မှုကို တုံ့ပြန်ဖို့ အတွက် နေတန်ညာဟုရဲ့ အစ္စရေးအစိုးရအပေါ် အပြည့်အဝ ထောက်ခံအားပေးခဲ့ပါတယ်။
အီရန်၊ လက်ဘနွန်က ဟစ်ဇ်ဘိုလာတပ်ဖွဲ့နဲ့ ဒေသတွင်းက အခြားဟားမတ်စ်ရဲ့ မဟာမိတ်တွေကို ဒီပဋိပက္ခထဲဝင်ပါမလာရေး သတိပေးအချက်ပြတဲ့အနေနဲ့ အမေရိကန် သမ္မတက အစ္စရေးကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်ခဲ့ပြီး မြေထဲပင်လယ်မှာလည်း လေယာဉ်တင်သင်္ဘောတွေကို ဖြန့်ကျက်ချထားပေးခဲ့ပါတယ်။
ဂါဇာကို အစ္စရေးရဲ့ တုံ့ပြန်မှုတွေနဲ့ပတ်သက်လို့ ကုလသမဂ္ဂ၊ NGO အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ကမ္ဘာတစ်ဝန်းက အစိုးရတွေရဲ့ ပြစ်တင်ဝေဖန်မှုတွေကြားမှာပဲ အစ္စရေးအပေါ် မယိမ်းမယိုင် ထောက်ခံအားပေးမှုကို - အနည်းဆုံး လူတွေရှေ့မှာတော့ - သမ္မတ ဘိုင်ဒန်က ဆက်လက်ပြသခဲ့ပါတယ်။
ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးစစ်တပ်ရဲ့ စစ်ဆင်ရေးတွေကြောင့် အရပ်သားတွေ အများအပြား သေဆုံးခဲ့ရသလို နေတန်ညာဟုအစိုးရက ချမှတ်ထားတဲ့တင်းကျပ်တဲ့ကန့်သတ်ချက်တွေကြောင့် ဂါဇာကို စားနပ်ရိက္ခာနဲ့ လူသားချင်းစာနာမှု အကူအညီတွေ ရောက်ရှိမှု ကျဆင်းခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Chip Somodevilla / Getty
ပါလက်စတိုင်းလိုလားတဲ့အဖွဲ့တွေက တိကျသေချာတဲ့ အပစ်အခတ်ရပ်စဲရေးကို တောင်းဆိုနေပေမဲ့ ဘိုင်ဒန်အစိုးရကတော့ ၂၀၂၃ ခုနှစ်မှာ နိုဝင်ဘာနှောင်းပိုင်းကလို ယာယီအပစ်ခတ်ရပ်စဲရေးလိုမျိုးကို ပိုပြီးထောက်ခံအားပေးခဲ့ပါတယ်။
အဲဒီအပစ်ရပ်စဲရေးတုန်းက ဂါဇာကမ်းမြောင်ဒေသကို အကူအညီတွေ ကြီးကြီးမားမားပိုတိုးရောက်ခဲ့ပြီး အစ္စရေးဓားစာခံ ၁၀၀ ပြန်လွတ်လာသလို အစ္စရေးမှာ အကျဉ်းချခံထားရတဲ့ ပါလက်စတိုင်း ၂၄၀ လောက်ကိုလည်း အစ္စရေးအစိုးရက လွှတ်ပေးခဲ့ပါတယ်။
တစ်ချိန်တည်းမှာပဲ ဂါဇာကမ်းမြောင်ဒေသကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ထပ်မံဝင်ရောက်ခွင့်ပြုဖို့ ဘိုင်ဒန်အစိုးရရဲ့ အကြိမ်ကြိမ်တောင်းဆိုမှုကို အစ္စရေးက လက်တွေ့ကျကျတုံ့ ပြန်တာ မရှိပါဘူး။
အမေရိကန်ကလေယာဥ်တွေနဲ့ ထောက်ပံ့ရေးပစ္စည်းတွေချပေးတဲ့ ဂါဇာကမ်းမြောင်ဒေသအထိအကူအညီတွေ တိုက်ရိုက်ပေးပို့နိုင်ဖို့ ကမ်းရိုးတန်းမှာ ရေပေါ်သင်္ဘောကျင်းတစ်ခုကို တည်ဆောက်ခဲ့တဲ့အထိရှိခဲ့ပါတယ်။
အိမ်ဖြူတော်ကတော့ ဂါဇာကမ်းမြောင်ဒေသမှာ အရပ်သားသေဆုံးမှုတိုးလာနေတဲ့ အပေါ် စိတ်မသက်မသာဖြစ်ရတဲ့အကြောင်း ထပ်ခါတလဲလဲပြောခဲ့ပါတယ်။
၂၀၂၄ ဧပြီလအစောပိုင်းမှာတော့ ဘိုင်ဒန်က " ဂါဇာက လူသားချင်းစာနာထောက်ထားမှုအခြေအနေဟာ လက်ခံနိုင်ဖွယ်မရှိတဲ့ အခြေအနေ" လို့ နေတန်ညာဟုအစိုးရကို ပထမဆုံးအကြိမ်လူသိရှင်ကြားပြောခဲ့ပါတယ်။ အမေရိကန်ရဲ့ မူဝါဒဟာ ဂါဇာမှာ ''အရပ်သားထိခိုက်သေဆုံးမှုတွေ၊ အကူအညီပေးလုပ်သားတွေ ဘေးကင်းစေမှု၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခက်အခဲတွေနဲ့ပတ်သက်ပြီး တိကျခိုင်မာတဲ့ အဆင့်တွေ''အပေါ်မူတည်ပြီး ဆုံးဖြတ်မှာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ အိမ်ဖြူတော်က အစ္စရေးကို လက်နက်တင်ပို့ရောင်းချတာကို ဆက်ထိန်းထားပြီး အစ္စရေးကို ဆန့်ကျင်တဲ့ ဆုံးဖြတ်ချက်တွေကို အကာအကွယ်ဆက်ပေးနိုင်ဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ အမေရိကန်က သူ့ရဲ့ ဗီတိုအာဏာကို အသုံးပြုခဲ့ပါတယ်။ ဒါတွေကြောင့်ပဲ ပါလက်စတိုင်းလိုလားတဲ့ အုပ်စုတွေရဲ့ ပြင်းထန်တဲ့ ကန့်ကွက်မှုတွေကို ဖြစ်နေစေတာပါ။
ဘိုင်ဒန်နဲ့ ဘရက်အိုဘားမား အစိုးရတွေအတွက် အလုပ်လုပ်ခဲ့သလို လက်ရှိမှာ နိုင်ငံတကာ ဒုက္ခသည်များဆိုင်ရာ အရပ်ဘက်ကူညီရေးအဖွဲ့ NGO Refugees International ဥက္ကဋ္ဌ Jeremy Konyndyk က ဒီစစ်ပွဲကို လက်ရှိအမေရိကန်သမ္မတ သူ့ စစ်ပွဲလုပ်နေတယ်လို့ ယူဆပါတယ်။
“စစ်ပွဲ ရေရှည်ဖြစ်စေမယ့် စစ်လက်နက်တွေနဲ့ နိုင်ငံရေးထောက်ခံမှုတွေကို လုပ်ပေးတယ်။ ကုလသမဂ္ဂမှာလည်းသံတမန်ရေးရာ အကာအကွယ်ပေးခဲ့တယ်” လို့ Konyndyk က နယူးယောက်တိုင်းမ် သတင်းဌာနကို ပြောကြားထားပါတယ်။
“ဒါက ဘိုင်ဒန်လိုချင်တဲ့ စစ်ပွဲလား။ မဟုတ်ပါဘူး။ ဒါပေမဲ့ စစ်ပွဲအတွက် ဘိုင်ဒန်က ရုပ်ပိုင်းဆိုင်ရာတွေ ပံ့ပိုးနေလားဆိုရင်တော့ ဟုတ်ပါတယ်။ ဒါဆိုရင် ဒီစစ်ပွဲက သူ့စစ်ပွဲပါပဲ” လို့ သူက ဆက်ပြောပါတယ်။
ရွေးကောက်ပွဲအပေါ် သက်ရောက်မှု
ဘိုင်ဒန်ရဲ့ ဂါဇာစစ်ပွဲ မူဝါဒက အခုလာမယ့် နိုဝင်ဘာ သမ္မတရွေးကောက်ပွဲမှာ သူပြန်လည်အရွေးခံဖို့အခွင့်အလမ်းအပေါ် သက်ရောက်နိုင်ခြေ ရှိနေတာကို ဂါဇာပဋိပက္ခစတင်ကတည်းက လက်တွေ့ကျကျ မြင်နေရပြီဖြစ်ပါတယ်။
၂၀၂၃ ခုနှစ် နိုဝင်ဘာတုန်းက မီရှီဂန်က ဒီမိုကရက်တစ်ကွန်ဂရက်အမတ် ရာရှီဒါ တလိုက်ဘ်ထုတ်ပြန်ပြောဆိုတဲ့ ဗီဒီယိုဖိုင်ထဲမှာ ''ဘိုင်ဒန်ဟာ ပါလက်စတိုင်းတွေကို လူမျိုးတုံးသတ်ဖြတ်ဖို့ ထောက်ခံအားပေးနေသူ'' လို့ တဲ့တိုးပဲ စွပ်စွဲပြောဆိုထားပါတယ်။
“သမ္မတကြီးရှင့်၊ ဒီဂါဇာအရေးမှာတော့ အမေရိကန်လူမျိုးတွေက ရှင်ဘက်မှာ ရှိမနေပါဘူး''
တလိုက်ဘ်က အမေရိကန်လွှတ်တော်မှာ တစ်ဦးတည်းသော ပါလက်စတိုင်းနွယ်ဖွား ကွန်ဂရက်အမတ်ဖြစ်ပါတယ်။ ''၂၀၂၄ ရောက်ရင် ကျွန်မတို့ ပြန်သတိရပါမယ်'' လို့ ရာချီဒါတလိုက်ဘ် ကသူ့ရဲ့ ဗီဒီယိုထဲမှာပြောထားပါတယ်။
အဲဒီရုပ်သံဖိုင်မှာ သူ့ရဲ့ ပြောစကားအပြီး အမည်းရောင်ပေါ်ထွက်လာပြီးနောက် စာတမ်းထိုးထားပါတယ်။ အဲဒါကတော့ ''ဂျိုးဘိုင်ဒန်က ပါလက်စတိုင်းတွေ လူမျိုးတုံးသတ်ဖြတ်ခံရတာကို အားပေးထောက်ခံနေတယ်။ အမေရိကန်ပြည်သူတွေက ဒါကို မမေ့ပါဘူး။ အခုပဲ အပစ်ခတ်ရပ်စဲရေးကိုလုပ်ပါ ဘိုင်ဒန်။ မဟုတ်ရင်တော့ ၂၀၂၄ မှာ ကျွန်မတို့ကို အားမကိုးနဲ့တော့''
ပရိုင်မာရီရွေးကောက်ပွဲတွေမှာလည်း ဒီဂယက်က ရှိနေပါတယ်။ စစ်ပွဲဆန့်ကျင်လှုပ်ရှားမှုတစ်ခု ပေါ်ထွက်လာပြီး သူတို့က ဒီမိုကရက်တစ်ညီလာခံမှာ ဘိုင်ဒန်ကို မဲပေးဖို့ မဆုံးဖြတ်ထားသေးတဲ့ ကိုယ်စားလှယ်တွေကို ရွေးချယ်ဖို့ ဆော်သြခဲ့ကြပါတယ်။
"အဓိကပြိုင်တဲ့ ကိုယ်စားလှယ်လောင်း ဘယ်သူ့မှ မဲမပေးရေး" လှုပ်ရှားမှုဟာ မီရှီဂန်မှာ ထွက်ပေါ်လာခဲ့ပြီး မဲအရေအတွက် ၁ သိန်းကျော်ရခဲ့ပါတယ်။ ဒါဟာ စုစုပေါင်းရဲ့ ၁၃ ရာခိုင်နှုန်းနဲ့ ညီမျှပါတယ်။ မင်နီဆိုးတား ( မဲအရေအတွက်ရဲ့ ၁၉ ရာခိုင်နှုန်းနီးပါး)၊ ဟာဝိုင်အီ( ၂၉ ရာခိုင်နှုန်း) နဲ့ ဝါရှင်တန် (၁၀ ရာခိုင်နှုန်း) တို့လို နေရာတွေမှာလည်း သိသာထင်ရှားတဲ့ ရလဒ်တွေ ရှိခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Drew Angerer / Getty
မတ်လလယ်မှာ ပျမ်းမျှအားဖြင့် မဲဆန္ဒရှင်တွေရဲ့ ၁၀ ရာခိုင်နှုန်းက "အဓိကပြိုင်တဲ့ ကိုယ်စားလှယ်လောင်း ဘယ်သူ့မှ မဲမပေးခြင်း" ကို ရွေးချယ်နိုင်တဲ့ ပြည်နယ်တွေမှာ အဲဒီလိုရွေးချယ်ခဲ့ကြပြီး အဲဒီလို ရွေးချယ်ခွင့်မရှိတဲ့ ပြည်နယ်တွေမှာတော့ မဲအားလုံးရဲ့ ၁၂ ရာခိုင်နှုန်းက ဘိုင်ဒန်မဟုတ်တဲ့ အခြားကိုယ်စားလှယ်လောင်းတွေဆီ ရောက်သွားခဲ့ပါတယ်။
"အဓိကပြိုင်တဲ့ ကိုယ်စားလှယ်လောင်း ဘယ်သူ့မှ မဲမပေးရေး" လှုပ်ရှားမှုရဲ့ အဆိုအရ သူတို့မှာ အနည်းဆုံး မဲအရေအတွက် ၅ သိန်းရှိနေပါတယ်။
ဒီအရေအတွက်ရလဒ်တွေကို အသေးအဖွဲတွေလို့ ပြောလို့မရပါဘူး။ ၂၀၂၀ ခုနှစ်သမ္မတရွေးကောက်ပွဲမှာ လက်ရှိသမ္မတဂျိုးဘိုင်ဒန် အနိုင်ရတဲ့အကြောင်းက အကြိတ်အနယ်ပြိုင်ခဲ့ရတဲ့ ပြည်နယ်တွေရဲ့ ရလဒ်တွေကြောင့် အများကြီး ပါပါတယ်။ အဲဒီထဲမှာ အရီဇိုးနား၊ ဂျော်ဂျီယာ၊ မီရှီဂန်၊ နီဗားဒါး၊ ပန်ဆယ်ဗေးနီးယားနဲ့ ဝစ်ကွန်ဆင်တို့ပါဝင်ပါတယ်။
ဒီနေရာတွေအများစုမှာ မဲကွာခြားမှုက သိပ်မရှိလှပါဘူး။ ဒီနေရာတွေမှာ အနိုင်ရတဲ့အဓိကအချက်က လူငယ်ထုလို တချို့အုပ်စုတွေရဲ့ မဲကြောင့် ဖြစ်ပါတယ်။
ဒါပေမဲ့ မကြာသေးခင်က ကောက်ယူခဲ့တဲ့ စစ်တမ်းတွေအရ မြေပြင်မှာ ဒီအုပ်စုတွေကြား သမ္မတအပေါ် လူကြိုက်နည်းနေပါတယ်။
ဧပြီလလယ်တုန်းကထုတ်ခဲ့တဲ့ USA Today သတင်းစာရဲ့ စစ်တမ်းတစ်ခုအရ ဘိုင်ဒန်ဟာ အသက် ၃၀ နှစ်အောက် မဲဆန္ဒရှင်တွေရဲ့ ၄၅ ရာခိုင်နှုန်း ထောက်ခံမှုရှိပြီး ထရမ့်ကတော့ ၃၇ ရာခိုင်နှုန်းရရှိပါတယ်။
ဒီအချက်အလက်တွေက ကျေနပ်ဖွယ်တော့ကောင်းနေပါလိမ့်မယ်။ ဒါပေမဲ့ ၂၀၂၀ နဲ့ ယှဥ်ရင် သိသိသာသာကိုကျဆင်းသွားတာဖြစ်ပါတယ်။ ၂၀၂၀ တုန်းကဆိုရင် ဘိုင်ဒန်က ၆၀ ရာခိုင်နှုန်း ၊ ထရမ့်က ၃၀ ရာခိုင်နှုန်းပဲ ရှိခဲ့တာဖြစ်ပါတယ်။
ဒီစစ်တမ်းအရ သမ္မတဘိုင်ဒန် လူထုကြားရေပန်းစားမှုကျဆင်းလာတာရဲ့ အကြောင်းပြချက်တွေထဲကတစ်ခုကတော့ ဂါဇာစစ်ပွဲ ဖြစ်နေပါတယ်။ အစ္စရေးရဲ့ တုံ့ပြန်မှုက ကျိုးကြောင်းဆီလျော်မျှတတယ်လို့ ယူဆသူတွေထက် မမျှတဘူးလို့ ယူဆတဲ့ လူငယ်တွေ ပိုပိုများလာတာကြောင့် ဖြစ်ပါတယ်။
အမေရိကန် CNN သတင်းဌာနက ပြီးခဲ့တဲ့ ဧပြီလကုန်ကထုတ်ပြန်တဲ့ နောက်ထပ်စစ်တမ်းတစ်ခုမှာညွှန်ပြနေတာကလည်း စစ်တမ်းမှာ ဘိုင်ဒန် အဆိုးဝါးဆုံးရလဒ်ရနေတာက အစ္စရေးနဲ့ ဟားမတ်စ်တို့ကြားက စစ်ပွဲမှာ သူ့ရဲ့ ကိုင်တွယ်ပုံကြောင့်လို့ အဖြေထွက်လာပါတယ်။
အဲဒီမှာ စစ်တမ်းအရ ဂါဇာစစ်ပွဲနဲ့ပတ်သက်လို့ ၂၈ ရာခိုင်နှုန်းပဲ ဘိုင်ဒန်ကို ထောက်ခံမှုရှိပြီး ၇၂ ရာခိုင်နှုန်း မထောက်ခံပါဘူး။ အသက် ၃၅ နှစ်အောက်အုပ်စုထဲမှာဆိုရင် ၈၁ ရာခိုင်နှုန်းက မထောက်ခံပါဘူး။
ဒါဆိုရင် ဂါဇာစစ်ပွဲအပေါ် ဘိုင်ဒန်ရဲ့ ရပ်တည်မှုကြောင့် အမေရိကန်လူငယ်တွေရဲ့ ဆန့်ကျင်မှုတွေက ဘိုင်ဒန် သမ္မတပြန်အရွေးခံမယ့်ကိစ္စကို ထိခိုက်စေသလား။
“ကျောင်းသားလှုပ်ရှားမှုကြောင့် ဘိုင်ဒန်အနေနဲ့ သူ့ရဲ့ အရေးကြီးဆုံး မဲဆန္ဒရှင်အုပ်စုတစ်ခုကို ဆုံးရှုံးရတော့မယ်ဆိုတဲ့ ကြောက်စိတ်ကို ဖန်တီးပေးလိုက်ပါတယ်။ အဲဒါက လူငယ်မဲဆန္ဒရှင်တွေပါ။ သူတို့က ရွေးကောက်ပွဲကို အကျိုးသက်ရောက်မှုရှိတယ် ” လို့ နယူးယောက်တက္ကသိုလ်က သမိုင်းပညာရှင် ရောဘတ် ကိုဝင်က ဘီဘီစီကိုပြောပါတယ်။
ဂါဇာစစ်ပွဲကို ဆန့်ကျင်တဲ့ ကျောင်းသားဆန္ဒပြပွဲတွေဟာ မေလအတွင်း ပြည်နယ် ၄၅ ခုက တက္ကသိုလ် ၁၄၀ လောက်ကို ရောက်နေပြီလို့ BBC ရဲ့ တွက်ချက်မှုတွေအရ သိရပါတယ်။
ဒါ့အပြင် လူ ၂,၀၀၀ ကျော်လည်း ဖမ်းဆီးခံခဲ့ရပါတယ်။
ဒီကိန်းဂဏန်းတွေကိုကြည့်ရင် ဆန္ဒပြပွဲ အရေအတွက်နဲ့ ပြင်းထန်မှုက ရှင်းရှင်းလင်းလင်းတိုးမြင့်လာနေတာကို တွေ့ရပြီး ဘိုင်ဒန်အတွက် နှစ်ထပ်ကွမ်း အကျပ်ရိုက်စေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Selcuk Acar / Getty
“စစ်ပွဲတွေလိုပဲ ဒီကျောင်းတွင်းဆန္ဒပြပွဲတွေက ဂျိုးဘိုင်ဒန်အပေါ် ဖိအားတွေ တိုးလာစေပါတယ်။ လူငယ်မဲဆန္ဒရှင်တွေက ဘိုင်ဒန်ပြန်လည်ရွေးကောက်ခံမယ့် ရွေးကောက်ပွဲအတွက် အရေးကြီးတဲ့ မဲဆန္ဒရှင်အုပ်စုတစ်ခုပါ။ ဘိုင်ဒန်က ကိုယ့်အန္တရာယ်ကိုယ်ရှာပြီး သူတို့ကို ဒေါသထွက်စေခဲ့ပါတယ်။ ဒါပေမဲ့ ဥပဒေစိုးမိုးမှုအပိုင်း လျှော့ပေါ့လုပ်ဆောင်တာ ဒါမှမဟုတ် ဂျူးဆန့်ကျင်ရေးစွပ်စွဲချက်တွေအပေါ် မျက်ကွယ်ပြုတာတွေကလည်း နိုင်ငံရေးအရ ပေးဆပ်ရမှု ကြီးနိုင်တယ် ” လို့ ဘီဘီစီ ဝါရှင်တန်သတင်းထောက် အန်သနီ ဇာခါက ပြောပါတယ်။
ပြီးခဲ့ရက်သတ္တပတ်ကထုတ်ခဲ့တဲ့ ဂျိုးဘိုင်ဒန်ရဲ့ အိမ်ဖြူတော်ကြေညာချက်မှာတော့ လွတ်လပ်စွာသဘောထားကွဲလွဲပိုင်ခွင့်ရှိတယ်ဆိုပေမဲ့ အကြမ်းဖက်တာကိုတော့ လက်ခံမှာ မဟုတ်တဲ့အကြောင်း ထည့်ပြောထားပါတယ်။
“အကြမ်းဖက်ဆန္ဒပြမှုတွေကို အကာအကွယ်မပေးပါဘူး။ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နိုင်ပါတယ်။ အကြမ်းဖက်မှုတွေ ဖြစ်ပေါ်လာတဲ့အခါ ဥပဒေနဲ့ မညီတော့ပါဘူး။ ပိုင်ပစ္စည်းတွေနဲ့ ပိုင်ဆိုင်မှုပစ္စည်းတွေကို ဖျက်ဆီးတာဟာ ငြိမ်းချမ်းစွာ ဆန္ဒပြတာ မဟုတ်ပါဘူး၊ အဲဒါက ဥပဒေနဲ့ မညီဘူး။ ဖျက်လိုဖျက်ဆီးလုပ်တာ၊ ပိုင်နက်ကျူးလွန်တာ၊ ကျောင်းတွေကို ပိတ်တာ၊ အတန်းတွေကို အတင်းအကျပ် ဖျက်သိမ်းခိုင်းတာ၊ ဘွဲနှင်းသဘင်တွေ ဖျက်သိမ်းခိုင်းတာတွေက ငြိမ်းချမ်းစွာ ဆန္ဒပြတာ မဟုတ်ဘူး” လို့ သူက ထည့်ပြောခဲ့ပါတယ်။
“ဆန္ဒပြပိုင်ခွင့် ရှိတယ်၊ ဒါပေမယ့် ပရမ်းပတာဖြစ်အောင် လုပ်ပိုင်ခွင့်တော့ မဟုတ်ဘူး” လို့ ဘိုင်ဒန်က ထပ်ပြောပါတယ်။
ဒီအခြေအနေတွေကြောင့် သမိုင်းပညာရှင် ကိုဝင်ကတော့ ဆန္ဒပြပွဲတွေ ပြေပျောက်စေနိုင်ဖို့ဆိုရင် ဂါဇာစစ်ပွဲ အပစ်အခတ်ရပ်စဲရေး သိပ်မကြာခင်ဖြစ်ပေါ်လာဖို့ အရေးကြီးကြောင်း မီးမောင်းထိုးပြပါတယ်။
ဗီယက်နမ်စစ်ပွဲကို ဆန့်ကျင်လို့ ပြင်းထန်တဲ့ ဖိနှိပ်မှုတွေနဲ့ ပရမ်းပတာအဆုံးသတ်ခဲ့တဲ့ ၁၉၆၈ ခုနှစ် ရှီကာဂိုက ဒီမိုကရက်တစ်ပါတီညီလာခံ (DNC) အကြောင်းကို ကိုဝင်က ပြန်ပြောင်းပြောရင်း ဒီနှစ်မှာလည်း အလားတူ ရှီကာဂိုမှာ ကျင်းပဖို့ ရှိနေကြောင်း သူက ပြောပါတယ်။
“၁၉၆၈ ခုနှစ်တုန်းက ဗီယက်နမ်စစ်ပွဲကို ဆန့်ကျင်တဲ့ ကျောင်းသားဆန္ဒပြပွဲတွေနဲ့ ရှီကာဂိုမြို့တော်ဝန် ရစ်ချတ်ဒါလေရဲ့ ရဲတပ်ဖွဲ့ဖိနှိပ်မှုတွေ ပေါင်းပြီး ဆန္ဒပြသူတွေနဲ့ ရဲကြားက အကြမ်းဖက် အဓိကရုဏ်းတွေကို ရုပ်မြင်သံကြားကနေမြင်တွေ့ခဲ့ရတယ်။ ပြီးတော့ ဒါက ဒီမိုကရက်တစ် ကိုယ်စားလှယ်လောင်း Hubert Humphrey အတွက် တကယ့်ကို ထိခိုက်ခဲ့ရတယ်။ ဒီမိုကရက်ပါတီက တိုင်းပြည်ကို ထိန်းမနိုင်သိမ်းမရဖြစ်ပုံ ပေါ်စေတဲ့အတွက် အဲဒါကပဲ ရစ်ချတ်နယ်ဆင်ကို သမ္မတဖြစ်လာအောင် အထောက်အပံ့ ဖြစ်သွားစေခဲ့တယ်” လို့ ကိုဝင်က ပြောပါတယ်။
“ဒါကြောင့် ဒီကျောင်းသားလှုပ်ရှားမှုမှာလည်း အများစုက အကြမ်းမဖက်ကြတာကလွဲရင် အလားအလာက ရှိနေတယ်။ ဒါကြောင့် အဲဒီကြောက်စိတ်တွေ လွှမ်းသွားနိုင်တယ်” လို့ သူကထပ်လောင်းပြောပါတယ်။
အခု လာမယ့် သြဂုတ်လမှာ ကျောင်းသားဆန္ဒပြလှုပ်ရှားမှုနဲ့အတူ ဘယ်လိုဘယ်ပုံဖြစ်လာမလဲဆိုတာကို စောင့်ကြည့်ရဦးမှာဖြစ်ပေမဲ့ ဧပြီလတုန်းကတော့ ပါလက်စတိုင်းလိုလားတဲ့ အုပ်စုအချို့က DNC ညီလာခံလို ဆန့်ကျင်မှုကြီးမားတဲ့ လှုပ်ရှားမှုတစ်ခု ပြုလုပ်ဖို့တောင်းဆိုခဲ့ပါတယ်။
“DNC ချီတက်မှုက ရှီကာဂိုသမိုင်းမှာ ပါလက်စတိုင်းအတွက် အကြီးမားဆုံး စည်းရုံးလှုပ်ရှားမှုဖြစ်လာမှာပါ” လို့ အမေရိကန်ပါလက်စတိုင်းအသိုက်အဝန်းကွန်ရက်ခေါင်းဆောင် ဟာတန်အဘူဒေးယက်က ကြေညာထားပါတယ်။
"သြဂုတ်လမှာ ပါလက်စတိုင်း၊ အာရပ်၊ လူမည်း၊ လက်တင်၊ အာရှနဲ့ အမေရိကန်တစ်ဝန်းက သောင်းနဲ့ချီတဲ့ ဆန္ဒပြသူတွေဟာ "လူမျိုးတုံးသတ်ဖြတ်သူ ဂျိုး" ဘိုင်ဒန်နဲ့ လူသတ်သမား ကာမလာ (ဒုသမ္မတ ကာမလာဟဲရစ်) အပါအဝင် သူတို့ရဲ့ သစ္စာခံတွေအနေနဲ့ အစ္စရေးကို အမေရိကန်အကူအညီတွေ ရပ်တန့်ဖို့၊ အစ္စရေးကို လက်နက်တပ်ဆင်ပေးနေတာကို ရပ်လိုက်ဖို့ ကျယ်ကျယ်လောင်လောင် ပြတ်ပြတ်သားသားပြောကြဖို့ရှိမယ်လို့ မျှော်လင့်တယ်'' လို့ The Wall Street Journal ကထုတ်လွှင့်ခဲ့တဲ့ ဗီဒီယိုမှာ ဟာတန်အဘူဒေးယက်က ပြောပါတယ်။
ဒီလို ကြေငြာချက်တွေက ဘိုင်ဒန်ရဲ့ မဲဆွယ်စည်းရုံးမှုမှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ထပ်ပြီး အလေးအနက် ပေါ်လွင်နေစေပါတယ်။
အန်သနီ ဇာခါကတော့ "ဘိုင်ဒန်ရဲ့ သံတမန်အဖွဲ့ဟာ ဂါဇာမှာ အပစ်အခတ်ရပ်စဲရေး မကြာမီဖြစ်ပေါ်လာဖို့ ညှိနှိုင်းမပေးနိုင်ဘူးဆိုရင် ကျောင်းတွင်းမငြိမ်မသက်မှုတွေဟာ ဘိုင်ဒန်ကို ထိခိုက်စေမယ့် နွေရာသီဆန္ဒပြပွဲတွေရဲ့ အစဖြစ်နိုင်တယ်။"











