အမေရိကန်တက္ကသိုလ်တွေမှာ ပါလက်စတိုင်းအရေး ဆန္ဒပြနေကြတဲ့ ကျောင်းသားတွေရဲ့ လိုလားချက်

ဓာတ်ပုံ ရင်းမြစ်, Getty Images
- ရေးသားသူ, ဆမ် ကပ်ဘရယ်နဲ့ အန္နာ ဖစ်ဂီ
- ရာထူးတာဝန်, ဘီဘီစီ သတင်း၊ ၀ါရှင်တန်
အမေရိကန်တလွှားက ဒါဇင်နဲ့ချီတဲ့ ကောလိပ်ကျောင်းဝင်းတွေမှာ ဂါဇာစစ်ကို ဆန့်ကျင်တဲ့ ကျောင်းသား ဆန္ဒပြပွဲတွေ ဖြစ်ပွားနေပါတယ်။
တက္ကသိုလ်တွေမှာ ဘွဲ့နှင်းသဘင်ပွဲတွေ မလုပ်ခင် ရက်ပိုင်းအလိုမှာ သပိတ်စခန်းဖွင့်နေလို့ အကျပ်တွေ့နေချိန်မှာပဲ ဆန္ဒပြသူ တထောင်ကျော် အဖမ်းခံခဲ့ရပါတယ်။
ဗုဒ္ဓဟူးနေ့ကစပြီး ရဲက ရှင်းလင်းရေးစဖို့ ဝင်ပါတယ်။ လော့ဆန်းဂျလိစ်မြို့က ကယ်လီဖိုးနီးယား တက္ကသိုလ် UCLA ကျောင်းဝင်းမှာတော့ ဆန္ဒပြသူတွေ ချထားတဲ့ အတားအဆီးတွေကို ရဲက ဖြိုချခဲ့ပါတယ်။
ကျောင်းသားတွေ ဂါဇာစစ်ကိစ္စ ဘာကြောင့် ဆန္ဒပြသလဲ။

ဓာတ်ပုံ ရင်းမြစ်, EPA
အောက်တိုဘာ ၇ ရက် ဟားမတ်စ် တိုက်ခိုက်မှုနဲ့ အစ္စရေးရဲ့ လက်တုံ့ပြန်မှုတွေကနေ စပြီး ကျောင်းသားတွေ ချီတက်ဆန္ဒပြတာ၊ ထိုင်သပိတ်နဲ့ အစာငတ်ခံ ဆန္ဒပြတာတွေ လုပ်လာကြပြီး မကြာခင်ကပဲ စစ်ဆန့်ကျင်ရေး သပိတ်စခန်းတွေ ဖွင့်လာကြပါတယ်။
သူတို့တက်နေတဲ့ ပိုက်ဆံချမ်းသာတဲ့ ကျောင်းတွေကိုလည်း အစ္စရေးနဲ့ ငွေကြေးအရ အဆက်အသွယ်ဖြတ်ဖို့ တောင်းဆိုနေကြပါတယ်။
အစ္စရေးကုမ္ပဏီတွေဆီက စတော့ရှယ်ယာတွေကို ရောင်းပစ်ဖို့၊ ငွေကြေး အဆက်အသွယ်ဖြတ်ဖို့ တောင်းဆိုကြတာပါ။
အစ္စရေးမှာ စီးပွားရေးလုပ်နေတဲ့ ၊ အစ္စရေးအဖွဲ့တွေနဲ့ ပတ်သက်တဲ့ ကုမ္ပဏီတွေဟာ အခုဖြစ်နေတဲ့ ဂါဇာစစ်မှာ ငြိစွန်းနေသလိုပဲ ဒီကုမ္ပဏီတွေမှာ ရင်းနှီးမြှုပ်နှံတဲ့ ကောလိပ်ကျောင်းတွေလည်း ငြိစွန်းနေတယ်ဆိုပြီး ကျောင်းသား လှုပ်ရှားသူတွေက ပြောပါတယ်။
သုတေသန ဓာတ်ခွဲခန်းကနေ ပညာသင်ဆုထိ ပါဝင်တဲ့ တက္ကသိုလ် ရန်ပုံငွေတွေဟာ ဒေါ်လာ သန်းချီ ဘီလျံချီတန်တဲ့ ရင်းနှီးမြှုပ်နှံမှု အမြတ်အစွန်းတွေက လာတာ ဖြစ်ပါတယ်။
UCLA တက္ကသိုလ်မှာ ဘာတွေ ဖြစ်နေလဲ။

ဓာတ်ပုံ ရင်းမြစ်, EPA
UCLA ခေါ် လော့ဆန်းဂျလိစ်က ကယ်လီဖိုးနီးယားတက္ကသိုလ်မှာ ရာနဲ့ချီတဲ့ ရဲတွေ ရောက်လာပြီး ပါလက်စတိုင်းအရေး ဆန္ဒပြသူတွေကို လူစုခွဲဖို့ ပြောပါတယ်။ မခွဲရင် ဖမ်းမယ်လို့လည်း ဆိုပါတယ်။
တက္ကသိုလ်နယ်မြေကို ရဲတွေ ဝိုင်းထားလိုက်ပြီး သပိတ်စခန်းနားက ဆန္ဒပြသမားတွေ ချထားတဲ့ အရံအတားတွေကို စဖယ်ပါတယ်။
ဘတ်စ်ကားတွေနဲ့ အပြည့် ရဲတွေ ထပ်ရောက်လာချိန်မှာ ဆန္ဒပြသူတွေက လက်ချင်းချိတ်ပြီး လက်လုပ်ဒိုင်းတွေ ခမောက်တွေနဲ့ အကာအကွယ်ယူကြတယ်လို့ အခင်းဖြစ်ပွားရာက ဘီဘီစီသတင်းထောက်တွေက ပြောပါတယ်။
အဲဒီနောက် ရဲလုံထိန်းတွေ ဝင်လာပြီး သပိတ်စခန်းကို ဖြိုခွဲသလို ဒါဇင်နဲ့ချီတဲ့ ကျောင်းသားတွေကို ဖမ်းပါတယ်။
အဲဒီနေ့မတိုင်ခင်က မျက်နှာဖုံးစွပ်ထားတဲ့ အစ္စရေးထောက်ခံသူတွေက ပါလက်စတိုင်း သပိတ်စခန်းကို တိုက်ခိုက်လို့ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပါတယ်။
ရဲတွေကို စောစောဝင်ပြီး မဖြေရှင်းဘူးဆိုပြီး ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူးက ဝေဖန်ခဲ့ပါတယ်။
ဘာကြောင့် ဒီဆန္ဒပြပွဲတွေ စခဲ့သလဲ။

ဓာတ်ပုံ ရင်းမြစ်, Reuters
နယူးယော့က ကိုလံဘီယာ တက္ကသိုလ် ဥက္ကဋ္ဌက တက္ကသိုလ်နယ်မှာ ဖြစ်နေတဲ့ ဂျူးဆန့်ကျင်ရေးအကြောင်း ကွန်ဂရက် လွှတ်တော်မှာ ထွက်ဆိုပြီးနောက် ဆန္ဒပြပွဲတွေ ဒီလဆန်းက စခဲ့ပါတယ်။
မန်ဟက်တန် အပေါ်ပိုင်းက ကျောင်းဝင်းထဲမှာ ရာနဲ့ချီတဲ့ ကျောင်းသားတွေ ယာယီတဲတွေ ထိုးပြီး နေကြပါတယ်။ ရဲက နောက်နေ့ ဝင်လာတဲ့အတွက် အမေရိကန်နိုင်ငံအနှံ့က ကောလိပ်ကျောင်းတွေမှာ ဆန္ဒပြပွဲတွေ ပြန့်သွားခဲ့ပါတယ်။
ကိုလံဘီယာက ကျောင်းတွင်း စာသင်ချိန်တွေ ဖျက်သိမ်းလိုက်ပေမယ့် ဆန္ဒပြပွဲတွေ ဆက်ဖြစ်နေပြီး ကျောင်းအဆောက်အဦတခုထဲကို ရောက်လာပါတယ်။
လုယက်ဖျက်ဆီးတာတွေနဲ့ အများပြည်သူ လုံခြုံရေးအတွက်ကြောင့် ရဲကို ထပ်ခေါ်ကြောင်း တက္ကသိုလ်ဘက်က ပြောပါတယ်။
လူတရာကျော် အဖမ်းခံရပြီး သပိတ်စခန်းကို ဖြိုခွဲခဲ့ပါတယ်။
ဘယ်နေရာမှာ ကျောင်းသားတွေ ဆန္ဒပြနေကြသလဲ။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကိုလံဘီယာ တက္ကသိုလ်က စတဲ့ မီးပွားကြောင့် အမေရိကန်နိုင်ငံအနှံ့ ကျောင်းတွေမှာ ဆန္ဒပြပွဲနဲ့ သပိတ်စခန်းတွေ ပေါ်လာပါတယ်။
ဒီထဲမှာအရှေ့မြောက်ပိုင်းက ဘရောင်း၊ ယေးလ်၊ ဟားဗတ်၊ ဂျွန်စ်ဟော့ပ်ကင်းစ်၊ ကော်နဲလ်၊ ပရင့်စတန်၊ အမ်အိုင်တီ စတဲ့ ကျောင်းကြီးတွေ အနောက်ဘက် ကမ်းရိုးတန်း လော့ဆန်းဂျလိစ်နဲ့ ဘာကလေက ကယ်လီဖိုးနီးယားတက္ကသိုလ်တွေနဲ့ ဝါရှင်တန်တက္ကသိုလ် အနောက်အလယ်ပိုင်းက ဝစ္စကွန်ဆင်၊ အင်ဒီယားနား၊ အိုဟိုင်းယိုး၊ ချီကာဂိုစတဲ့ တက္ကသိုလ်တွေ တောင်ပိုင်းက ကျူလိန်း၊ မြောက်ကယ်ရိုလိုင်းနား၊ ဂျော်ဂျီယာ စတဲ့ တက္ကသိုလ်တွေ
အနောက်တောင်ပိုင်းက တက္ကဆက်နဲ့ အာရီဇိုးနားပြည်နယ် တက္ကသိုလ်တွေ ပါဝင်ပါတယ်။
သြစတြေးလျ၊ ကနေဒါ၊ ပြင်သစ်၊ အီတလီနဲ့ ဗြိတိန်က တက္ကသိုလ်ပရိဝုဏ်တွေမှာလည်း ပါလက်စတိုင်းအရေး ဆန္ဒပြသူတွေ အရင်သီတင်းပတ်က စုဝေးခဲ့ကြပါတယ်။
ဆန္ဒပြပွဲတွေကို တက္ကသိုလ်တွေ ဘယ်လို ကိုင်တွယ်ခဲ့လဲ။

ဓာတ်ပုံ ရင်းမြစ်, Getty Images
တချို့တက္ကသိုလ်တွေက ကျောင်းသားလှုပ်ရှားသူတွေနဲ့ စေ့စပ်ပြီး တချို့ကတော့ သတိပေးစာတွေ ထုတ်လို့ ရဲခေါ်ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။
ချီကာဂိုနားက အနောက်မြောက် တက္ကသိုလ်မှာ သပိတ်စခန်း အရွယ်အစားနဲ့ ပတ်သက်ပြီး တက္ကသိုလ်နဲ့ သပိတ်သမားတွေကြား သဘောတူညီမှု ရခဲ့ပါတယ်။
ဘရောင်းတက္ကသိုလ်မှာတော့ အစ္စရေးနဲ့ အဆက်ဖြတ်ရေးအတွက် အောက်တိုဘာလမှာ မဲခွဲဆုံးဖြတ်ဖို့ ကျောင်းအာဏာပိုင်တွေနဲ့ ကျောင်းသားတွေ သဘောတူခဲ့ကြပြီး သပိတ်စခန်းကို ပြန်ရုပ်သိမ်းခဲ့ကြပါတယ်။
ဒီဆန္ဒပြပွဲတွေမှာ ဂျူးဆန့်ကျင်ရေးတွေ ရှိတယ်ဆိုတဲ့ သတင်းတွေကြောင့် ပိုစစ်ဆေးဖို့လည်း ကောလိပ်ကျောင်းတွေကို နိုင်ငံရေးသမားတွေ တောင်းဆိုခဲ့ကြပါတယ်။
တချို့ဖြစ်ရပ်တွေကြောင့် စိတ်မသက်မသာဖြစ်ရ၊ ကြောက်ရွံ့ရတာတွေ ရှိတယ်လို့လည်း တက္ကသိုလ်တော်တော်များများက ဂျူးကျောင်းသားတွေက ဘီဘီစီကို ပြောကြပါတယ်။
ဒီထဲမှာ အကြမ်းဖက်လို့ သတ်မှတ်ထားတဲ့ ဟားမတ်စ်ထောက်ခံကြောင်း ကြွေးကြော်သံတိုင်တာနဲ့ ဆိုင်းဘုတ်တွေ ကိုင်တာ၊ ကိုယ်ထိလက်ရောက် ကျူးလွန်တာနဲ့ ခြိမ်းခြောက်တာတွေ ပါပါတယ်။
ဆန္ဒပြတာ အလုပ်ဖြစ်လား။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ပါလက်စတိုင်း ထောက်ခံတဲ့ တက္ကသိုလ်အုပ်စုတွေက သူတို့တက်တဲ့ကျောင်းတွေကို အစ္စရေးနဲ့ အဆက်ဖြတ်ဖို့ နှစ်တွေနဲ့ချီပြီး တောင်းဆိုခဲ့ကြပါတယ်။
သပိတ်၊ ငွေကြေးအဆက်ဖြတ်၊ ပိတ်ဆို့ဒဏ်ခတ်ဆိုတဲ့ ဘီဒီအက်စ် လှုပ်ရှားမှု ဖြစ်ပါတယ်။
အမေရိကန်ကျောင်း တကျောင်းမှတော့ ဒီလှုပ်ရှားမှု ဘောင်ထဲကို မ၀င်ကြသေးပါဘူး။ တချို့ကျောင်းတွေကတော့ ငွေကြေးပတ်သက်မှုတချို့ကို ဖြတ်တောက်ခဲ့ကြပါတယ်။
ငွေကြေးအဆက်ဖြတ်မှုက သိသာတဲ့ သက်ရောက်မှု မရှိပေမယ့် ဂါဇာစစ်မှာတော့ စစ်ကြောင့် အမြတ်ရနေသူတွေကို ဖွင့်ချပြီး ဒီကိစ္စတွေကို သတိထား အာရုံစိုက်မှု ဖြစ်ပေါ်စေကြောင်း ဆန္ဒပြသမားတွေက ပြောကြပါတယ်။
ကျောင်းသားတွေ ဘာကြောင့် ဗီယက်နမ်စစ်ဆန္ဒပြပွဲတွေအကြောင်း ပြန်ပြောကြလဲ။

ဓာတ်ပုံ ရင်းမြစ်, Getty Images
၁၉၆၀ ပြည့်လွန်နှောင်းပိုင်းနှစ်တွေက ဗီယက်နမ်စစ်မှာ အမေရိကန် ပတ်သက်မှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေကိုလည်း ကိုလံဘီယာနဲ့ တခြားကျောင်းတွေက တက်ကြွလှုပ်ရှားသူတွေက မီးမောင်းထိုးပြကြပါတယ်။
အဲဒီချိန်က ကျောင်းသားထောင်ချီ အဖမ်းခံရပြီး ရဲနဲ့ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ကြပါတယ်။
၁၉၇၀ က အိုဟိုင်းယိုးမှာ အမျိုးသားလုံခြုံရေးတပ်က သေနတ်နဲ့ ပစ်ခတ်နှိမ်နင်းလို့ ကျောင်းသားလေးယောက် သေဆုံးခဲ့ပါတယ်။
ဒီသေဆုံးမှုကြောင့် နိုင်ငံအနှံ့ ကျောင်းသားသပိတ်တွေ ပေါ်ခဲ့ပြီး ရာနဲ့ချီတဲ့ တက္ကသိုလ်တွေ ပိတ်ခဲ့ရပါတယ်။








