ကိုယ်ဝန်ဖျက်ချမှု ပိတ်ပင်တဲ့ ဒေါ်နယ်ထရမ့်ကို ကမလာဟဲရစ်က မဲဆွယ်ပွဲမှာ အပြစ်တင်

ကင်မလာဟဲရစ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

အမေရိကန်ဒုတိယသမ္မတ ကမလာ ဟဲရစ်ဟာ အရီဇိုးနားပြည်နယ် တပ်စကန်မှာ ဧပြီ ၁၂ ရက်နေ့မှာ မဲဆွယ်စည်းရုံးရင်း ကိုယ်ဝန်ဖျက်ချမှုကန့်သတ်ချက်တွေနဲ့ ပတ်သက်လို့ ဒေါ်နယ်ထရမ့်ကို အပြစ်တင်ခဲ့ပါတယ်။

အရီဇိုးနားပြည်နယ် တရားလွှတ်တော်ချုပ်က မည်သည့်ကိုယ်ဝန်ဖျက်ချမှုမဆိုကို ပိတ်ပင်တဲ့ ၁၈၆၄ ခုနှစ်က ဥပဒေကိုဆက်လက်အတည်ပြုလိုက်ပြီးနောက်မှာ အမေရိကန်ပြည်ထောင်စုတစ်ဝန်း ကိုယ်ဝန်ဖျက်ချမှုနဲ့ပတ်သက်တဲ့ အငြင်းပွားမှုတွေမှာ ပြည်နယ်ရဲ့ဆုံးဖြတ်ချက်ကို လူပြောသူပြောများလာခဲ့ပါတယ်။

“ဒါတွေ ဒေါ်နယ် ထရမ့် လုပ်ခဲ့တာ”လို့ မစ္စ ဟဲရစ်က ပြောခဲ့ပါတယ်။

အမေရိကန်သမ္မတဂျိုးဘိုင်ဒင်ရဲ့ မဲဆွယ်စည်းရုံးရေးခရီးစဉ်တွေမှာလည်း နိုင်ငံတစ်ဝန်း ကိုယ်ဝန်ဖျက်ချမှုပိတ်ပင်ချက်တွေနဲ့ပတ်သက်လို့ ထရမ့်ကို ပြစ်တင်ပြောဆိုခဲ့ပြီးဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ ကိုယ်ဝန်ဖျက်ချခွင့်ဆိုင်ရာ တရားဆိုင်မှု ရိုးနှင့် ဝိတ်အမှု နောက်ဆက်တွဲဆုံးဖြတ်ချက်ကို ဖျက်သိမ်းနိုင်ရေး တရားသူကြီးတွေ ခန့်အပ်နိုင်ဖို့ ထရမ့်ဟာ ၂၀၁၆ ခုနှစ်မှာ လှုပ်ရှားဆောင်ရွက်ခဲ့ပါတယ်။

ထရမ့်ဟာ တရားလွှတ်တော်ချုပ် တရားသူကြီးတွေအဖြစ် ကွန်ဆာဗေးတစ်သုံးဦးကို ခန့်အပ်ခဲ့ပြီး သူတို့အားလုံးဟာ ရိုးဆုံးဖြတ်ချက်ကို ၂၀၂၂ ခုနှစ် ဇွန်မှာ ပယ်ဖျက်ခဲ့ပြီး တစ်နိုင်ငံလုံးအတိုင်းအတာသက်ရောက်တဲ့ ကိုယ်ဝန်ဖျက်ချခွင့်ကိုလည်း ပယ်ဖျက်ခဲ့ပါတယ်။

ကိုယ်ဝန်ဖျက်ချမှုဥပဒေ ရုတ်သိမ်းတာနဲ့ပတ်သက်ပြီး ဆန္ဒပြကြ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ကိုယ်ဝန်ဖျက်ချမှုဥပဒေ ရုတ်သိမ်းတာနဲ့ပတ်သက်ပြီး ဆန္ဒပြကြ

အမေရိကန်ပြည်ထောင်စုတစ်ဝန်းက ကိုယ်ဝန်ဆောင်နိုင်တဲ့ အရွယ်ရောက်ပြီဖြစ်တဲ့ အမျိုးသမီး ၁၈ သန်းဟာ သူတို့နေထိုင်ရာပြည်နယ်တွေမှာ ကိုယ်ဝန်ဖျက်ချမှုဆိုင်ရာလုပ်ငန်းစဉ်တွေကို အသုံးပြုခွင့်မရရှိကြပါဘူး။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ကိုယ်ဝန်ဖျက်ချခွင့်ရရှိရေးကို အားပေးတဲ့ သုတေသနအဖွဲ့ Guttmacher Institute ရဲ့ စာရင်းအင်းတွေမှာ အခုလိုဖော်ပြခဲ့တာဖြစ်ပါတယ်။

“ဘယ်သူ့ကို အပြစ်တင်ရမယ်ဆိုတာ ရှင်တို့ အားလုံးနားလည်ပါတယ်။ ဒေါ်နယ်ထရမ့်ဟာ ကျန်းမာရေးစောင့်ရှောက်မှုအကျပ်အတည်းအတွက် ဗိသုကာပါပဲ” လို့ မစ္စ ဟဲရစ်က ဧပြီ ၁၂ ရက်နေ့မှာ ရေးသားခဲ့ပါတယ်။

“ထရမ့်ရဲ့ ဒုတိယသက်တမ်းဟာ ပိုမိုဆိုးရွားမှာဖြစ်ပြီး သူဟာ တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် ကိုယ်ဝန်ဖျက်ချခွင့်ကို ပိတ်ပင်ပါလိမ့်မယ်” လို့ သူက ဆက်ပြောပါတယ်။

ထရမ့်ရဲ့ မဲဆွယ်စည်းရုံးမှုရဲ့ပြောခွင့်ရှိသူကတော့ “တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ပိတ်ပင်တာကို ထောက်ခံမှာမဟုတ်ဘူး”လို့ ပြောပြီး “ဒီထက်ပိုပြီး သူ ရှင်းပြဖို့မလိုတော့ဘူး၊ ဒီလိုဆုံးဖြတ်ချက်တွေဆိုတာ ပြည်နယ်တိုင်းက လူတွေ လုပ်ရမှာပါ” လို့ ပြောပါတယ်။

အရီဇိုးနားရဲ့ သက်တမ်း ၁၆၀ ကြာ ဥပဒေကြောင့် ဟဲရစ်နဲ့ သူ့မဟာမိတ် ဒီမိုကရက်တွေဟာ ၂၀၂၄ ခုနှစ် ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရာမှာ ကိုယ်ဝန်ဖျက်ချမှုနဲ့ပတ်သက်လို့ အဓိကထားမဲဆွယ်နိုင်ခဲ့ပြီး ဒါဟာလည်း ဒေသဆိုင်ရာနဲ့ ပြည်နယ်အဆင့် ယှဉ်ပြိုင်မှုတွေမှာ ထိရောက်တဲ့နည်းလမ်းဖြစ်ခဲ့ပါတယ်။

လွတ်လပ်စွာ ကိုယ်ဝန်ဖျက်ချခွင့်နဲ့ပတ်သက်လို့ သက်ဆိုင်ရာကျန်းမာရေးဌာနတွေကိုသွားရောက်ခွင့်ဟာ အမေရိကန်ပြည်သူတွေကြားမှာ အတော်လေးကို ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုနေတဲ့ အကြောင်းအရာလည်းဖြစ်ပါတယ်။

ထရမ့်ဟာ အရီဇိုးနားပြည်နယ်ရဲ့ပိတ်ပင်ချက်နဲ့ပတ်သက်လို့ ခပ်ကင်းကင်းနေနိုင်ဖို့ကြိုးပမ်းနေပြီး ပြည်နယ်နိုင်ငံရေးသမားတွေအနေနဲ့ ဥပဒေကိုဖျက်သိမ်းဖို့ တောင်းဆိုထားပါတယ်။

“၁၈၆၄ ခုနှစ် ဥပဒေကို အစိုးရက ပြောင်းလဲဖို့လိုအပ်နေပြီ”လို့ ထရမ့်က သူနေထိုင်ရာ ဝက်စ်ပန်ဘိချ်နေအိမ်ကနေ ဧပြီ ၁၂ ရက်မှာ ပြောခဲ့ပါတယ်။

ဒါပေမဲ့ ရိုးဆုံးဖြတ်ချက်ကို ဖျက်သိမ်းနိုင်ခဲ့တဲ့အတွက် ထရမ့်ဟာ ဂုဏ်ယူနေပါတယ်။

“ဘယ်သူကမှ ဖြစ်နိုင်မယ်လို့ မထင်တာကို ကျွန်တော်တို့ လုပ်ခဲ့ပါတယ်။ ဒါကို ပြည်နယ်တွေကို ပြန်ပေးခဲ့ပါတယ်။ ပြည်နယ်တွေကလည်း ထူးထူးချွန်ချွန်ကြီးကို ဆောင်ရွက်နေပါတယ်” လို့ သူကပြောခဲ့ပါတယ်။

ဒေါ််နယ်ထရန့်ခန့်အပ်ခဲ့သူတွေက ကိုယ်ဝန်ဖျက်ချခွင့်ကို ရုတ်သိမ်းခဲ့

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဒေါ််နယ်ထရမ့်ခန့်အပ်ခဲ့သူတွေက ကိုယ်ဝန်ဖျက်ချခွင့်ကို ရုတ်သိမ်းခဲ့

အရီဇိုးနားပြည်နယ်အထက်လွှတ်တော်အမတ်နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရီပတ်ဘလီကန်ပါတီက ရွေးချယ်ခံထားရပြီး ထရမ့်ရဲ့ ရင်းနှီးတဲ့မဟာမိတ်လည်းဖြစ်တဲ့ ကာရီ လိတ်ခ်ကလည်း ဥပဒေကို လူသိရှင်ကြားရှုတ်ချထားပြီး ပိတ်ပင်ချက်ဟာ ပြည်နယ်မဲဆန္ဒရှင်တွေရဲ့ ဆန္ဒနဲ့မညီဘူးလို့ ဧပြီ ၁၁ ရက်မှာ ပြောပါတယ်။

မစ္စလိတ်ဟာ ပိတ်ပင်ချက်ကို ယခင်က ချီးကျူးပြောဆိုခဲ့ပြီး “ကြီးကျယ်တဲ့ ဥပဒေဖြစ်တယ်”လို့ ပြောခဲ့ပါတယ်။

၁၈၆၄ ပိတ်ပင်ချက်ကို ဘယ်အချိန်၊ ဘယ်လို သက်ရောက်အောင် လုပ်မယ်ဆိုတာ မသိရသေးပါဘူး။

အရီဇိုးနားတရားလွှတ်တော်ချုပ်ဟာ ဆုံးဖြတ်ချက်သက်ရောက်မှုကို ၁၄ ရက်ဆိုင်းငံ့ထားပြီး အောက်ရုံးတစ်ရုံးကလည်း ဥပဒေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ညီမညီဆိုတာနဲ့ ပတ်သက်လို့ ချေပချက်တွေ ရှာဖွေနေပါတယ်။

ကိုယ်ဝန်ဖျက်ချတာပဲဖြစ်ဖြစ်၊ ကိုယ်ဝန်ဖျက်ချခွင့် လျှောက်ထားတာပဲဖြစ်ဖြစ် ဘယ်သူ့ကိုမဆို တရားစွဲဆိုဖို့ အစီအစဉ်မရှိဘူးလို့ ပြည်နယ်ရဲ့ ဒီမိုကရက် ရှေ့နေချုပ် ခရစ် မာယက်စ်က ပြောပါတယ်။

ပြည်နယ်လွှတ်တော်မှာ ဥပဒေဖျက်သိမ်းရေးနဲ့ပတ်သက်လို့ ဒီမိုကရက်တွေရဲ့ ကြိုးပမ်းမှုဟာ ဝါရင့်ရီပတ်ဘလီကန်အမတ်တွေရဲ့ လုပ်ဆောင်မှုကြောင့် ပျက်ခဲ့ရပါတယ်။

အရီဇိုးနားမဲဆန္ဒရှင်တွေဟာ ပြည်သူ့ဆန္ဒအလျောက်မဲပေးမှုနဲ့ ဥပဒေကို ဖျက်သိမ်းခွင့်ရှိနိုင်ပါတယ်။ အဲဒီအဆိုပြုချက်ကို နိုဝင်ဘာမှာ အတည်ပြုနိုင်ခဲ့မယ်ဆိုရင် ကိုယ်ဝန် ၂၄ ပတ်အထိ ဖျက်ချခွင့်ရရှိနေမှာဖြစ်ပါတယ်။

ဒီနှစ် ဆောင်းဦးမှာ မဲဆန္ဒရှင်တွေကို တင်ပြဖို့ လိုအပ်တဲ့ လက်မှတ်သတ်မှတ်ချက် ပြည့်မီနေပြီဖြစ်တယ်လို့ ကိုယ်ဝန်ဖျက်ခွင့်ရရှိရေးလှုပ်ရှားနေသူတွေက ပြောပါတယ်။