သမ္မတဟောင်း ထရမ့် စွဲချက်တင်ခံရမှု နောက်ဆုံး သိသင့်သမျှ

ဓာတ်ပုံ ရင်းမြစ်, Getty Images
အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ဟာ သူ့အပေါ် စွဲချက်တင်ထားတဲ့ ရာဇဝတ်မှု ၃၄ မှုမှာ အပြစ်မရှိတဲ့အကြောင်း နယူးယောက်မြို့က တရားရုံးကြားနာမှုမှာပြောလိုက်ပါတယ်။
သမ္မတဟောင်းထရမ့်ဟာ စီးပွားရေးလုပ်ငန်းဆိုင်ရာမှတ်တမ်းတွေကို အချက်အလက်အမှားတွေပြတာ၊ အပြာမယ်ဟောင်း စတောင်းမီ ဒယ်နီယယ်စ်ကို ၂၀၁၆ ခုနှစ်မှာ လက်သိပ်ထိုးငွေပေးခဲ့တာတွေနဲ့ဆက်စပ်တဲ့အမှုပေါင်း ၃၄ ခုကို စွပ်စွဲခံထားရတာဖြစ်ပါတယ်။
နယူးယောက်မြို့မှာ အင်္ဂါနေ့တုန်းက ပြုလုပ်ခဲ့တဲ့တရားခွင်ကြားနာမှုမှာတော့ မစ္စတာထရမ့်က သူ့အပေါ် စွပ်စွဲချက်တွေကို ငြင်းဆိုသွားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
တရားခွင်အတွင်းမြင်ကွင်း
တရားခွင်ကြားနာမှုကို တက်ရောက်ခဲ့တဲ့ နယူးယောက်က ဘီဘီစီ အကြီးတန်းသတင်းထောက် ခေလာအပ်စတိန်းကတော့
'' ကျွန်မကတော့ တခြားသတင်းထောက်တွေ၊ နောက် ရဲ ၁၀ ယောက်ထက်မနည်းရှိတဲ့ သမ္မတဟောင်း ထိုင်မယ့် ခုံရဲ့တည့်တည့် နောက်တန်းခုံတန်းမှာထိုင်ပါတယ်။ တရားခွင်မှာ ဖုန်းနဲ့ လက်တော့တွေ သုံးတာတော့ တားမြစ်ခဲ့ပါတယ်။ မစ္စတာ ထရမ့် တစ်ယောက် တရားခွင်ထဲကို ဝင်လာတဲ့ခြေလှမ်းတွေက ဖြည်းဖြည်းလေးလေးရှိပါတယ်။ တရားခွင် အလယ်ခုံတန်းတစ်ဖက်မှာ သူ့ကိုစောင့်နေတဲ့ ရှေ့နေအဖွဲ့ရဲ့ အလယ်မှာ သူထိုင်ပါတယ်။ တရားသူကြီး ဝင်လာတော့ မစ္စတာ ထရမ့် အပါအဝင် အားလုံး မတ်တပ်ရပ်ကြပါတယ်။ တရားခွင်အပြင်ဘက်မှာ မီဒီယာတွေနဲ့ နိုင်ငံရေးအဝန်းအဝိုင်းကလူတွေနဲ့ ပြည့်နေခဲ့ပေမဲ့ တရားခွင်ထဲမှာတော့ တရားသူကြီးက အသံတောင်မမြှင့်ဘဲ ပုံမှန်လေသံနဲ့ပဲပြောခဲ့ပါတယ်။ ကြားနာမှုကတော့ များသောအားဖြင့် နောက်တစ်ခါ ရုံးချိန်းနဲ့ ရှေ့နေအတွက် ချေပနိုင်မယ့်ကာလလို အမှုအသွားအလာကိစ္စတွေဖြစ်ပါတယ်'' လို့ ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
သမ္မတဟောင်းကတော့ အမှုပြီးပြီးချင်းမှာ ဖလော်ရီဒါပြည်နယ်ကို ချက်ချင်းပြန်သွားခဲ့ပြီး ''ဒါဟာ ကျွန်တော်တို့နိုင်ငံကို စော်ကားမှုတစ်ခုပဲ''လို့ သူ့ကို ထောက်ခံသူတွေကို ပြောထားပါတယ်။
နောက်ပြီး တရားသူကြီးကိုရော၊ အမှုစွဲထားတဲ့အစိုးရရှေ့နေတွေကိုရော သူက ဝေဖန်ခဲ့သလို သူဟာ အချက်အလက်ခိုင်ခိုင်မာမာမရှိဘဲ နိုင်ငံရေးပယောဂနဲ့အမှုဆင်ခံရတာလို့လည်း ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
၂၀၂၄ ခုနှစ်မှာ အမေရိကန်သမ္မတအဖြစ်ဝင်ပြိုင်ဖို့ ခြေလှမ်းနေတဲ့ မစ္စတာထရမ့်ဟာ ၂၀၁၆ ခုနှစ်ရွေးကောက်ပွဲမှာ တင်ရောက်ယှဥ်ပြိုင်ခွင့်ရအောင် စီးပွားရေးမှတ်တမ်းမှတ်ရာတွေကို အမှားပြခဲ့တယ်လို့လည်း စွပ်စွဲခံထားရတာပါ။
စွပ်စွဲခံရတဲ့အမှုအများစုကတော့ သူနဲ့ဇာတ်လမ်းဖြစ်ခဲ့တယ်လို့ဆိုနေကြတဲ့ အမေရိကန်အပြာမင်းသမီး စတောင်းမီ ဒယ်နီယယ်စ် ကို နှုတ်ပိတ်နေဖို့ လက်သိပ်ထိုးငွေပေးခဲ့တယ်ဆိုတဲ့ဖြစ်စဥ်နဲ့ ဆက်စပ်နေပါတယ်။
မစ္စတာထရမ့်ဟာ သူ့ဂုဏ်သတင်းကို ထိပါးလာစေနိုင်တဲ့အကြောင်းအရာတွေကို ဖုံးကွယ်ဖို့ ငွေတွေပေးခဲ့တယ်ဆိုတဲ့အခြားအမှုတွေကိုလည်း ကြားနာမှုအတွင်း အမှုဖွင့်တဲ့အစိုးရရှေ့နေတွေက အသေးစိတ်ပြောထားပါတယ်။
အမှုတွေကို ကြားနာတဲ့ တရားသူကြီး ဟွမ်မာချန်ကတော့ မစ္စတာထရမ့်အနေနဲ့ ဒီအတောအတွင်း အမှုနဲ့ပတ်သက်ပြီး နှုတ်ဆိတ်နေဖို့ အမိန့်မချခဲ့ပေမဲ့ တရားလိုဘက်ရော၊ စွပ်စွဲခံရသူဘက်ကပါ နှုတ်ထွက်ပြောစကားတွေကို လက်လွတ်စပယ်မပြောကြဖို့ တိုက်တွန်းခဲ့တာတွေ့ရပါတယ်။
အခုတော့ မစ္စတာထရမ့်နဲ့ အမှုလိုက်အဖွဲ့ဟာ စွပ်စွဲခံထားရတဲ့အမှုတွေအတွက် ချေပချက်တွေကို လာမယ့် သြဂုတ်လမတိုင်ခင် အထိ ရုံးတော်ကို တင်ပြနိုင်ဦးမှာဖြစ်ပါတယ်။
နောက်တစ်ခေါက် တရားရုံးကြားနာမှုကိုတော့ ဒီဇင်ဘာလမှာပြုလုပ်မှာဖြစ်ပါတယ်။










