သီပေါတိုက်ပွဲ ဘယ်လောက်ပြင်းထန်လဲ

ဓာတ်ပုံ ရင်းမြစ်, PSLF/TNLA
ရှမ်းပြည်နယ်(မြောက်ပိုင်း) မှာရှိတဲ့ ကျောက်မဲမြို့နဲ့ လားရှိုးမြို့ကြားထဲက သီပေါမြို့မှာ ဩဂုတ် ၉ ရက်ကတည်းက တအာင်းတပ်(TNLA) ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ စတင်ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။
ဒီနေ့ ဩဂုတ် ၁၁ ရက် ညနေပိုင်းအထိ ရှော့တိုက်ဒုံး၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေသလို စစ်တပ်က လေကြောင်းကနေ ပစ်ကူရတဲ့အထိ သီပေါမှာ နှစ်ဖက်တိုက်ပွဲပြင်းထန်နေတဲ့အခြေအနေလို့ မြေပြင်သတင်းရင်းမြစ်တွေက ရှင်းပြပါတယ်။
နှစ်ဖက်ပစ်ခတ်မှုတွေကြောင့် အရပ်သားသေဆုံးမှုတွေလည်း တိုးလာနေသလို ပိတ်မိနေတဲ့ ဒေသခံတချို့လည်း ရှိတယ်လို့ မြေပြင်အခြေအနေသိရှိသူတစ်ဦးက ပြောပါတယ်။
ကိုးကန့်တပ်(MNDAA) က လားရှိုးမြို့မှာရှိတဲ့ စစ်တပ်ရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) အပါအဝင် တစ်မြို့လုံးကို ထိန်းချုပ်တယ်လို့ ကြေညာပြီး TNLA တပ်တွေကလည်း ကျောက်မဲမြို့ကို အပြီးသတ်ထိန်းချုပ်ပြီလို့ ကြေညာခဲ့ပြီးတဲ့နောက် ဒီမြို့ ၂ မြို့ကြားထဲက သီပေါမြို့ပေါ်အထိ တိုက်ပွဲတွေ ခပ်မြန်မြန်ကူးစက်လာတာဖြစ်ပါတယ်။
ထိုးစစ်စတဲ့ သီပေါ အကျဉ်းထောင်နဲ့ စံဖိတ်

ဓာတ်ပုံ ရင်းမြစ်, Shwe Phee Myay News Agency
သီပေါမြို့နယ်၊ ညောင်ပင်ကုန်းအကျဉ်းထောင်မှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို TNLA ပူးပေါင်းတပ်တွေက ဩဂုတ် ၁၀ ရက် မနက်ပိုင်း ၈ နာရီခွဲမှာ စတင်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။
TNLA ကတော့ တပ်မဟာ (၂) နယ်မြေထဲက အကျဉ်းထောင်မှာ စစ်ကောင်စီရဲ့ အမှတ် (၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) လက်အောက်ခံ ခြေလျင်တပ်ရင်း (ခလရ-၂၃)၊ ခြေမြန်တပ်ရင်းတွေဖြစ်တဲ့ (ခမရ ၅၀၃-၅၀၄) တပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ပြောပါတယ်။
ဒါ့အပြင် ဩဂုတ် ၁၀ ရက်မှာပဲ သီပေါမြို့ အနောက်ဘက်က စံဖိတ်ကျေးရွာနဲ့ အေးရှားဝေါ တိုးဂိတ်ဘက်မှာလည်း နှစ်ဖက်တိုက်ပွဲဖြစ်ခဲ့တယ်လို့လည်း TNLA က ဆိုပါတယ်။
ထောင်မှာ တိုက်ပွဲစဖြစ်တဲ့ ဩဂုတ် ၁၀ ရက်ကတည်းက ထောင်ဖောက်ပြေးသွားတဲ့ အကျဉ်းသားတချို့ရှိတယ်လို့ မြေပြင်မှာရှိတဲ့ဒေသခံတွေက ပြောပါတယ်။
သီပေါအကျဉ်းထောင်ကို TNLA ဘက်က ထိန်းချုပ်ထားပြီး ထောင်ထဲက ထွက်ပြေးသွားတဲ့သူတချို့ကိုလည်း လိုက်လံဖမ်းဆီးနေတဲ့အကြောင်း TNLA သတင်းပြန်ကြားရေးတာဝန်ခံ လွေးယေဦးက ဘီဘီစီကို အတည်ပြုပါတယ်။
လက်ရှိမှာ အကျဉ်းသား ၁၀၉ ဦးကို ထိန်းသိမ်းထားပြီး အဲဒီအထဲမှာ နိုင်ငံရေးအကျဉ်းသား ၃၂ ဦးပါတယ်လို့ TNLA က ပြောပါတယ်။
“နိုင်ငံရေးအကျဉ်းသားတွေကိုတော့ နီးစပ်ရာမိသားစုတွေနဲ့ ချိတ်ဆက်ပြီး ပြန်လွှတ်ပေးမှာပါ” လို့ဆိုပြီး မူးယစ်ဆေးအမှု ၆၂ မှုနဲ့ တခြားပစ်မှု ၁၆ မှု စုစုပေါင်း ၇၈ မှုကိုတော့ ပြစ်မှုနဲ့ ကျခံထားရတဲ့ ပြစ်ဒဏ်တွေအလိုက် အကုန်ပြန် စိစစ်ပြီး လိုအပ်သလို ဆောင်ရွက်သွားမယ်လို့ TNLA ဘက်က တုံ့ပြန်ဖြေဆိုထားပါတယ်။
အလားတူ သီပေါထောင်မှာ စောင့်ကြပ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်းကိုလည်း ဖမ်းဆီးရမိထားတယ်လို့ ဒေသတွင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး မလွေးယေဦးက “ဒီအခြေအနေနဲ့ ပတ်သက်ပြီး သေသေချာချာ မသိရသေးပါဘူး” လို့သာ တုံ့ပြန်ပါတယ်။
သီပေါမြို့မကျအောင် စစ်ကောင်စီတပ်တွေ ဘယ်လိုခုခံနေလဲ

ဓာတ်ပုံ ရင်းမြစ်, Shwe Phee Myay News Agency
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
နမ်ပေါ့ချောင်းကနေ စစ်ကောင်စီတပ်ရင်းတွေရှိတဲ့ မြို့မြောက်ဘက်ခြမ်းတကြောလုံးမှာ နှစ်ဖက်တိုက်ပွဲပြင်းထန်နေတာလို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။
တိုက်ပွဲစဖြစ်တဲ့နေ့မှာတော့ စစ်ကောင်စီတပ်တွေက သီပေါမြို့ထဲက ဘဏ်နဲ့ အဆောက်အအုံတချို့မှာ တပ်စွဲနေရာယူထားတာဖြစ်ပါတယ်။ ဒါပေမဲ့ အကျဉ်းထောင်ကို လက်လွှတ်လိုက်ရပြီးတဲ့နောက် မြို့မြောက်ဘက်ကို ဆုတ်ခွာသွားပြီး မြို့ပြင်က စစ်တပ် တပ်ရင်းတွေထဲ ပြန်လည်ဝင်ရောက်ပြီး တပ်စွဲထားတာလို့ စစ်ရေးအခြေအနေသိရှိသူတစ်ဦးကပြောပါတယ်။
“တပ်ထဲကနေ မြို့ပေါ်ဘက် လှမ်းပစ်ခုခံနေတာ” လို့ သူက ရှင်းပြပါတယ်။
“တပ်တွေနဲ့ ရဲစခန်းက မြောက်ဘက်မှာပဲရှိတာ၊ တပ်ကလည်း လူနေရပ်ကွက်တွေနဲ့ ကပ်လျက်ပဲ”လို့ သူကဆက်ပြောပါတယ်။
ဇာတ်စုနဲ့ တုံစင့်ရပ်ကွက်တွေက စစ်တပ်စီတပ်ရင်းတွေရှိတဲ့ မြောက်ဘက်ခြမ်းမှာ ကပ်လျက်တည်ရှိတာဖြစ်ပါတယ်။
တိုက်ပွဲ ဒုတိယမြောက်နေ့ (ဩဂုတ် ၁၁ ) ရက် မနက်ပိုင်းမှာ TNLA ဘက်က စစ်ကောင်စီတပ်ဘက်ကို လက်နက်ချပြီး သီပေါမြို့ကနေ ထွက်ခွာသွားဖို့ ညှိနှိုင်းခဲ့ပေမယ့် စစ်တပ်ဘက်က လက်မခံတာကြောင့် တိုက်ပွဲပိုပြီး ပြင်းထန်လာတာလို့ မြေပြင်သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
“လက်နက်ချချင်တဲ့ အုပ်စုက သက်သက်၊ ဆက်တိုက်မှာပဲဆိုတဲ့ အုပ်စုက သက်သက်ဖြစ်နေတော့၊ ညှိနှိုင်းတာ မအောင်မြင်တဲ့သဘောပဲ” လို့ သူက ဆက်ရှင်းပြပါတယ်။
အဲဒီနောက် ဩဂုတ် ၁၁ ရက် ဒီနေ့နေ့လယ်ပိုင်းမှာတော့ TNLA ပူးပေါင်းတပ်တွေက စစ်ကောင်စီ တပ်ရင်းတွေနဲ့ကပ်လျက်တည်ရှိတဲ့ ဇာတ်စုနဲ့ တုံစင့်ရပ်ကွက်တွေအထိ ဝင်ရောက်ပြီး အထိုင်ချ တပ်စွဲထားနိုင်တယ်လို့ သိရပါတယ်။
“စစ်ကောင်စီတပ်တွေ မြို့ထဲပြန်မဝင်နိုင်အောင် ပိတ်ဆို့ တိုက်ခိုက်နေတဲ့အခြေအနေ”လို့ မြေပြင်အခြေအနေသိရှိသူတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် ဇာတ်စုရပ်ကွက်မှာရှိတဲ့ စစ်ကောင်စီရဲစခန်းကိုလည်း TNLA က ထိန်းချုပ်လိုက်ပြီလို့ ဘီဘီစီက စုံစမ်းသိရှိရပါတယ်။
ထောင်နဲ့ ရဲစခန်းအပါအဝင် သီပေါမြို့ရဲ့ ၈၀ ရာခိုင်နှုန်းကို TNLA ဘက်က ထိန်းချုပ်ထားနိုင်တယ်လို့ စစ်ရေးအခြေအနေသိရှိသူတစ်ဦးက ပြောပေမယ့် TNLA ဘက်ကတော့ သီပေါမြို့ကို ထိန်းချုပ်နိုင်တဲ့အခြေအနေနဲ့ပတ်သက်လို့ တစ်စုံတစ်ရာထုတ်ပြောခဲ့ခြင်းမရှိပါဘူး။
မြေပြင်အနေအထားအရ စစ်တပ်ရှိတဲ့ မြို့ပြင်မြောက်ဘက်ခြမ်းအလွန်မှာ ဒုဋ္ဌဝတီ(မြစ်ငယ်မြစ်) ရှိပြီး အဲဒီမြစ်တစ်ဘက်ကမ်းကလည်း TNLA ထိန်းချုပ်ထားတဲ့ ပလောင်ဒေသတွေဖြစ်ပါတယ်။
TNLA ရဲ့ တပ်မဟာ (၂) နယ်မြေဖြစ်တဲ့ သီပေါမြို့က TNLA ထိန်းချုပ်ထားတဲ့ ခရိုင်မြို့ဖြစ်တဲ့ ကျောက်မဲမြို့နဲ့ ၂၂ မိုင်၊ ကိုးကန့်တပ်တွေထိန်းချုပ်ထားတဲ့ လားရှိုးမြို့နဲ့ မိုင် ၄၅ မိုင်ကျော် ကွာဝေးပါတယ်။ သီပေါမြို့မြောက်ဘက်က TNLA ထိန်းချုပ်ထားတဲ့ နမ္မတူမြို့နဲ့လည်း ထိစပ်နေတာဖြစ်ပါတယ်။
အရပ်သား ၃ ဦးထက်မနည်း သေဆုံး

ဓာတ်ပုံ ရင်းမြစ်, Shwe Phee Myay News Agency
စစ်ကောင်စီနဲ့ TNLA တို့ နှစ်ဖက်တိုက်ပွဲကြား ပစ်ခတ်မှုတွေကြောင့် အရပ်သား ၃ ဦးထက်မနည်းသေဆုံးထားတယ်လို့ ဘီဘီစီက စုံစမ်းသိရှိရပါတယ်။
၂ ရက်ကြာ တိုက်ပွဲအတွင်း တုံစင့်ရပ်ကွက်က အမျိုးသမီးတစ်ဦး လက်နက်ကြီးကျည်ထိမှန်ပြီး သေဆုံးသွားတယ်လို့ သေဆုံးသွားသူရဲ့ သမီးဖြစ်သူက ဘီဘီစီကို အတည်ပြုပြောပါတယ်။
“လမ်းသွားရင်း လက်နက်ကြီးထိပြီး ဆုံးသွားတာ” လို့ သူက ရှင်းပြပါတယ်။
ဒါ့အပြင် အုတ်ကျင်းရပ်ကွက်ထဲမှာလည်း လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ၄ ဦး ထိခိုက်ဒဏ်ရာရပြီး အဲဒီထဲက ၁ ဦးကတော့ ထပ်ပြီးသေဆုံးသွားတယ်လို့ မြေပြင်အခြေအနေ သိရှိသူတွေကပြောပါတယ်။
အလားတူ ဇာတ်စုရပ်ကွက် နယ်မြေ ၃ ထဲက အရပ်သားတစ်ဦးလည်း ကျည်ထိမှန်ဒဏ်ရာရထားပြီး ဒဏ်ရာရထားတဲ့ သူတွေကို သီပေါဆေးရုံပို့ဆောင်ထားတယ်လို့ သိရပါတယ်။
TNLA တွေတပ်စွဲထားတဲ့ တုံစင့်နဲ့ ဇာတ်စု ရပ်ကွက်တွေအပါအဝင် မြို့ပေါ်ဘက်ခြမ်းကို စစ်တပ်က ရှော့တိုက်ဒုံးနဲ့ ပစ်တာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေအပြင် လေကြောင်းကနေ တိုက်ခိုက်တာတွေလည်းရှိတယ်လို့ မြေပြင်မှာရှိတဲ့ ဒေသခံတစ်ဦးပြောပါတယ်။
“လေယာဉ်နဲ့ပါ ဗုံးကြဲနေတာမို့လို့ အရပ်သားထပ်ပြီးသေဆုံးတာတွေရှိပါတယ်။ တိုက်ပွဲဖြစ်နေတော့ အလောင်းကောက်လို့မရဘူး”လို့ သူက ရှင်းပြပါတယ်။
TNLA ဘက်ကတော့ သီပေါမြို့နယ်ထဲက မိုင်တိုင် (၉) နေရာကို စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ ဩဂုတ်လ ၈ ရက်မှာ ၃ ကြိမ်၊ ၉ ရက်မှာ ၇ ကြိမ် တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန် ထားပါတယ်။ စစ်ကောင်စီဘက်ကတော့ သီပေါက အခြေအနေတွေနဲ့ ပတ်သက်လို့ သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။
မြေပြင်သတင်းရင်းမြစ်တွေအရ သီပေါမြို့ကနေ လားရှိုးဘက်အထွက် ၉ မိုင်လမ်းခွဲအကျော်မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ သံချပ်ကာတိုက်ခိုက်ရေးတပ်ရင်း (တကရ-၇၀၁၄) ကိုလည်း TNLA က ပြီးခဲ့တဲ့ရက်ပိုင်းကတည်းက ထိုးစစ်ဆင်တိုက်ခိုက်နေတာလို့ သိရပါတယ်။
ဒါ့အပြင် သီပေါတစ်မြို့လုံး ပြီးခဲ့တဲ့ ဇူလိုင်လကုန်ကတည်းက ဖုန်းလိုင်းအားလုံးနီးပါး ပြတ်တောက်နေတာကြောင့် ဒေသခံအချင်းချင်း ဆက်သွယ်လို့ မရဖြစ်ပြီး တိုက်ပွဲအတွင်းပိတ်မိနေတဲ့သူတချို့လည်း ရှိနေသေးတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေကပြောပါတယ်။
မြို့တောင်ဘက်က ရွှေကျောင်းဘုန်းကြီးကျောင်းအပြင် ဘော်ကြိုဘက်ကို စစ်ရှောင်ကြတဲ့ ဒေသခံတွေလည်းရှိသလို ကျောက်မဲ-နောင်ချို-ပြင်ဦးလွင်ကနေ မန္တလေးအထိ စစ်ရှောင်သွားကြတဲ့သူတွေလည်းရှိတယ်လို့ သိရပါတယ်။
TNLA သိမ်းထားတဲ့မြို့တွေ

ဓာတ်ပုံ ရင်းမြစ်, Shwe Phee Myay News Agency
၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း တစ်လကျော်အတွင်း TNLAနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် - မန္တလေး (MDY PDF) အပါအဝင် ပူးပေါင်းတပ်တွေက မိုးကုတ်၊ နောင်ချို၊ မိုးမိတ်၊ ကျောက်မဲ စတဲ့ မြို့ ၄ မြို့ကို TNLA က ထိန်းချုပ်ထားပါတယ်။
သီပေါနဲ့ ထိစပ်နေတဲ့ ကျောက်မဲမြို့ကိုတော့ TNLA တပ်တွေက ၁ လကျော်ကြာ တိုက်ခိုက်ခဲ့ရတာဖြစ်ပြီး ဩဂုတ် ၅ ရက်ညပိုင်းမှာ အပြီးသတ်ထိန်းချုပ်နိုင်ခဲ့တာဖြစ်ပါတယ်။
အလားတူ မိုးကုတ်မြို့ကိုတော့ ဇူလိုင် ၂၄ ရက်မှာ သိမ်းနိုင်ခဲ့ပြီး မိုးမိတ်မြို့ကိုတော့ ဇူလိုင် ၃၁ ရက်မှာ အလုံးစုံထိန်းချုပ်လိုက်ပြီလို့ TNLA က ထိန်းချုပ်တဲ့နေ့မှာပဲ ကြေညာခဲ့ပါတယ်။
၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းမှာတော့ TNLA က နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ မိုင်းငေါ့၊ မိုင်းလုံ၊ နမ့်ခမ်းနဲ့ကွတ်ခိုင် အစရှိတဲ့ ၇ မြို့ကို သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။
ဒါကြောင့် ၁၀၂၇ စစ်ဆင်ရေး ပထမအကျော့နဲ့ ဒုတိယအကျော့အတွင်း TNLA က ရှမ်းမြောက်ကမြို့တွေ၊ နောက် ရှမ်းပြည်နယ်နဲ့ မန္တလေးတိုင်း အစပ်က မြို့တွေအပါအဝင် မြို့ပေါင်း ၁၁ မြို့ကို ထိန်းချုပ်ထားတယ်လို့ ဆိုရမှာဖြစ်ပါတယ်။












