ဇွန် ၂၆ ရက်ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု ဒီမှာတင် ပြီးဆုံးပါပြီ။ ဘီဘီစီသတင်းတွေ ကို ဖတ်ရှုပေးခဲ့လို့ ကျေးဇူးတင်ပါတယ်။
ရှမ်းမြောက်တိုက်ပွဲ ဘာတွေဆက်ဖြစ်နေလဲ
တကျော့ပြန်ရှမ်းမြောက် က နောင်ချို - ကျောက်မဲတိုက်ပွဲအပြင် မန္တလေး - မိုးကုတ်လမ်းပိုင်းက နောက်ဆုံးရတိုက်ပွဲသတင်းတွေအပါအဝင် ဒီကနေ့ ဇွန် ၂၆ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းကထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။
အနှစ်ချုပ်
- ရှမ်းမြောက်၊ နောင်ချိုလမ်းခွဲမှာ တိုက်ပွဲဆက်ဖြစ်နေ
- ၁၀၂၇ စစ်ဆင်ရေးအဆက် တိုက်ပွဲတွေလို့ TNLA ပြော
- ကျောက်မဲမြို့ပေါ်မှာ တိုက်ပွဲပြင်းထန်နေ
- မန္တလေး၊ မိုးကုတ်အနောက်ပိုင်းမှာ တိုက်ပွဲပြင်းထန်နေ
- မန္တလေး၊ အိုးဘိုထောင်တွင်းရိုက်နှက်ခံရလို့ နိုင်ငံရေးအကျဉ်းသားတစ်ဦးသေဆုံး
- ပြည်တွင်းဆီကုမ္ပဏီ ၈ ခုကို အမည်ပျက်စာရင်းသွင်း
- မတ္တရာ၊ အင်ကြင်းမြိုင်လေကြောင်းရန်ကာကွယ်ရေးတပ်ကို ထိန်းချုပ်နိုင်ပြီလို့ တော်လှန်ရေး အင်အားစုတွေပြော
- ရှမ်းမြောက်၊ ကျောက်မဲမှာ စစ်ရှောင်သူ ၅၀၀ ဝန်းကျင်ရှိလာ
- စားသုံးဆီတင်သွင်းရာမှာ သတ်မှတ်ချက်တွေကိုလိုက်နာမှုမရှိလို့ဆိုပြီး ဆီတင်သွင်းတဲ့ကုမ္ပဏီ ၈ ခုကို အမည်ပျက်စာရင်း (Black List) သွင်း
- မတ္တရာမြို့နယ်၊ အင်ကြင်းမြိုင်ကျေးရွာအနီးမှာရှိတဲ့ စစ်ကောင်စီရဲ့ လေကြောင်းရန် ကာကွယ်ရေးတပ်ကို တော်လှန်ရေး အင်အားစုတွေထိန်းချုပ်
- ကျောက်မဲမြို့ မှာ စစ်ကောင်စီနဲ့ TNLA - တအာင်းတပ် တိုက်ပွဲဆက်ပြင်းထန်နေလို့ ဒေသခံ ၅၀၀ နီးပါး တိမ်းရှောင်
- ကျောက်မဲမြို့ တိုက်ပွဲကြောင့် ၂ ရက်အတွင်း ဒေသခံ ၆ ဦးသေဆုံးထား
- ကျောက်မဲမြို့တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၇) ဦးလက်နက်ချ
တိုက်ရိုက် ထုတ်လွှင့်ချက်
ကျောက်မဲတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇ ဦး TNLA ဆီမှာ လက်နက်ချ

ဓာတ်ပုံ ရင်းမြစ်, TNLA
ဓာတ်ပုံ ပုံစာ, စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၇) ဦး က TNLA ဆီမှာ လက်နက်ချ စစ်ကောင်စီနဲ့ TNLA - တအာင်းတပ်တို့ ကြားပြင်းထန်တိုက်ပွဲဖြစ်နေတဲ့ ရှမ်းမြောက်၊ ကျောက်မဲမြို့တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၇) ဦး က TNLA ဆီမှာ လက်နက်ချခဲ့တယ်လို့ TNLA က ထုတ်ပြန်ပါတယ်။
ဇွန်လ ၂၆ ရက် ညနေ ၄ နာရီအချိန်မှာ လက်နက်ချခဲ့တာဖြစ်ပြီး ကျောက်မဲအခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ (၁) လက်အောက်ခံ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလို့ TNLA ကပြောပါတယ်။
'' ၁၇ ယောက် အညံ့ခံပါတယ်။ လက်နက်ခဲယမ်းအပါအဝင် Jammer သိမ်းဆည်းမိပါတယ်။ ကျောက်မဲမြို့ ငြိမ်းချမ်းရေးကုန်းနဲ့ နောင်ချိုဆိုရင် ၁၁၄ တပ်ကို သိမ်းထားပါတယ် ''လို့ TNLA စစ်ရေးရင်းမြစ်ကပြောပါတယ်။
ကျောက်မဲမှာ တိုက်ပွဲပြင်းထန်နေပြီး ၂ ရက်အတွင်း ဒေသခံ ၆ ဦးသေဆုံးထားပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၀ ဦးထက်မနည်းရှိနေပါတယ်။ ကျောက်မဲမြို့အပြင် နောင်ချို နဲ့ မိုးကုတ်မြို့တွေမှာလည်း တအာင်းတပ် TNLA နဲ့ ပူးပေါင်းတပ်နဲ့ စစ်ကောင်စီကြားတိုက်ပွဲတွေရှိနေပါတယ်။
စစ်ကောင်စီသတင်းတွေကိုဖော်ပြလေ့ရှိတဲ့ တယ်လီဂရန်ချန်နယ်တွေမှာတော့ ကျောက်မဲမှာတိုက်ပွဲပြင်းထန်နေကြောင်းဖော်ပြထားပြီး စစ်ကောင်စီဘက်ကတော့ ကျောက်မဲမြို့ တိုက်ပွဲ နဲ့ ပတ်သက်လို့ တရားဝင် ထုတ်ပြောတာမရှိသေးပါဘူး။
ရှမ်းမြောက်၊ ကျောက်မဲမှာ စစ်ရှောင်သူ ၅၀၀ ဝန်းကျင်ရှိလာ, ၂ ရက်တိုက်ပွဲအတွင်း ကျောက်မဲမှာ လက်နက်ထိလို့ သေဆုံးသူ ၆ ဦးထက်မနည်းရှိလာ

ဓာတ်ပုံ ရင်းမြစ်, CJ
ဓာတ်ပုံ ပုံစာ, ကျောက်မဲမြို့ ဇွန် ၂၆ ရက်မြင်ကွင်း ရှမ်းမြောက် ၊ ကျောက်မဲမြို့ မှာ စစ်ကောင်စီနဲ့ TNLA - တအာင်းတပ် တိုက်ပွဲဆက်ပြင်းထန်နေလို့ ဒေသခံ ၅၀၀ နီးပါး မြို့ အပြင်ဘက်က စစ်ရှောင်စခန်းတချို့ကို တိမ်းရှောင်ထွက်ပြေးနေကြတယ်လို့ စစ်ရှောင်ကယ်ဆယ်ရေးလုပ်ပေးနေတဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့ တချို့ကပြောပါတယ်။
ဒီကနေ့မှာ ကျောက်မဲမြို့ တိုက်ပွဲဖြစ်ပွားတဲ့နေရာအနီးက နေအိမ်ပေါ်ကို လက်နက်ကြီးကျလို့ မိသားစုဝင် ၄ ဦး အသက်ဆုံးရှုံးခဲ့တယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့ဆီကသိရပါတယ်။ နှစ်ဖက်တိုက်ပွဲတွေကြောင့် ၂ ရက်အတွင်း ဒေသခံ ၆ ဦးထက် မနည်း သေဆုံးထားပြီး ၈ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိတယ်လို့ဆိုပါတယ်။
'' တိုက်ပွဲက ကျောက်မဲမြို့ထဲကို ကပ်နေပါပြီ။ ရန်ကင်းရပ်ကွက်ဘက်ကိုရောက်နေပြီ။ တိုက်ပွဲက မြို့တွင်းကိုကပ်လာတာလိုဖြစ်နေပြီ။လက်နက်ကြီးသံကလည်း ညံနေတာပဲ။ ကျွန်တော်တို့လည်း ဒဏ်ရာရတဲ့သူတွေကလာကယ်ပေးဖို့ ဖုန်းဆက်ပေမဲ့ လုံးဝသွားမရတော့လို့ မထွက်ရဲဘူးဖြစ်နေတယ် '' လို့ လူမှုကယ်ဆယ်ရေးအဖွဲ့တာဝန်ရှိသူကပြောပါတယ်။
၁၀၂၇ စစ်ဆင်ရေးနောက်ဆက်တွဲလို့ သုံးနှုန်းထားတဲ့ ရှမ်းမြောက် တိုက်ပွဲ ပြန်ဖြစ်တဲ့ ဇွန် ၂၅ ရက်နဲ့ ၂၆ ရက်မှာ ပြည်ထောင်စုလမ်းမပေါ်က ဆွတ်လန်းတံတား၊ ခိုလိပ်-မန်ပွဲရွာကြားက တံတားနဲ့ မန်စံရေကျရွာက တံတား (၃) စင်း ဖျက်ဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။
မတ္တရာ၊ အင်ကြင်းမြိုင်လေကြောင်းရန်ကာကွယ်ရေးတပ်ကို ထိန်းချုပ်နိုင်ပြီလို့ တော်လှန်ရေး အင်အားစုတွေပြော

ဓာတ်ပုံ ရင်းမြစ်, MDY PDF
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ အင်ကြင်းမြိုင်ကျေးရွာအနီးမှာရှိတဲ့ စစ်ကောင်စီရဲ့ လေကြောင်းရန် ကာကွယ်ရေးတပ်ကို မနေ့ဇွန်လ ၂၅ ရက်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ထိန်းချုပ်နိုင်ပြီလို့ တော်လှန်ရေး အင်အားစုတွေဆီက သိရပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်တာတွေရှိနေတာကြောင့် နယ်မြေရှင်းလင်းရေးမလုပ်နိုင်သေးဘူးလို့ စစ်ရေးသိရှိသူတစ်ဦးက ပြောပါတယ်။
“မနေ့က လေယာဉ်နှစ်စီးလာဝဲပြီး တစ်စီးပြီးတစ်စီးပစ်တာကို ကျွန်တော်ကိုယ်တိုင်မြင်လိုက်ရတယ်။ အောက်က ပြန်ပစ်လို့ တစ်စီးက အမြှီးထိသွားတယ်” လို့ မတ္တရာဒေသခံတစ်ဦးက ဆိုပါတယ်။
ဒီတိုက်ပွဲအတွင်း နှစ်ဖက်အထိအခိုက်များတယ်လို့ သိရပြီး ဒီနေ့ ဇွန် ၂၆ ရက် မနက်ပိုင်းအထိ ပစ်ခတ်သံ တချို့ကြားနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မတ္တရာက တိုက်ပွဲအခြေအနေနဲ့ပတ်သက်လို့ ပါဝင်တိုက်ခိုက်နေတဲ့ MDY – PDF ကို ဘီဘီစီက မေးမြန်းနေပေမဲ့ ပြန်လည်ဖြေဆိုတာမရှိသလို အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ကာကွယ်ရေး ဝန်ကြီးဌာနကလည်း တစုံတရာသတင်းထုတ်ပြန်တာမတွေ့ရသေးပါဘူး။
ပြည်တွင်းဆီကုမ္ပဏီ ၈ ခုကို အမည်ပျက်စာရင်းသွင်း

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, ဆီတင်သွင်းတဲ့ကုမ္ပဏီ ၈ ခုကို အမည်ပျက်စာရင်းသွင်း စားသုံးဆီတင်သွင်းရာမှာ သတ်မှတ်ချက်တွေကိုလိုက်နာမှုမရှိလို့ဆိုပြီး ဆီတင်သွင်းတဲ့ကုမ္ပဏီ ၈ ခုကို အမည်ပျက်စာရင်း (Black List) သွင်းလိုက်တယ်လို့ ဆီကုန်သည် အသိုင်းအဝိုင်းက သိရပါတယ်။
“ကုမ္ပဏီများကို အသိပေးကြေညာခြင်း” ဆိုတဲ့ ထုတ်ပြန်ချက်နဲ့ ကြေညာတာဖြစ်ပြီး အခုကြေညာခံရတဲ့ ကုမ္ပဏီတွေဟာ စားသုံးဆီတင်သွင်းတဲ့ အထင်ကရကုမ္ပဏီတွေလို့ ဆိုပါတယ်။ ရင်းနှီးမြုပ်နှံမှုနဲ့ ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ရဲ့ စာအရ Six Winner Brothers ၊ First Top Edible ၊ Ayeyar Hinthar Trading ၊ Grand Unity ၊ Thein Than Yadnar တို့လို့ ကုမ္ပဏီတွေ ပါဝင်နေပါပြီး ၂၀၂၄ ခုနှစ် ဇွန်လ ၂၄ ရက် ကစပြီး အမည်ပျက်စာရင်း သတ်မှတ်တယ်လို့ ဖော်ပြထားပါတယ်။
ဒီကုမ္ပဏီတွေဟာ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း MEODA ရဲ့ စီစဉ်ကြီးကြပ်မှုအောက်ကနေ သက်သာတဲ့ဈေးနှုန်းနဲ့ ဆီရောင်းပေးရတဲ့ ကုမ္ပဏီတွေဖြစ်သလို အချို့ကုမ္ပဏီတွေဆိုရင် ဆီတင်သွင်းဖို့ ဗဟိုဘဏ်ကနေ သက်သာတဲ့နှုန်းနဲ့ အမေရိကန်ဒေါ်လာသန်းချီ ဝယ်ယူခွင့်ရခဲ့တဲ့ကုမ္ပဏီတွေဖြစ်တယ်လို့ ဆီလောကသားတွေကပြောပါတယ်။
အခုလို ဆီကုမ္ပဏီကြီးတွေကို အမည်ပျက်စာရင်းကြေညာပေမဲ့ MEODA ဘက်ကတော့ ထုတ်ပြန်ပြောဆိုတာမရှိသေးပါဘူး။
လက်ရှိပြည်တွင်းဆီစျေးကွက်အတွင်းမှာ စားသုံးဆီလက်ကား ရည်ညွှန်းဈေးက တစ်ပိဿာ ၅၄၀၀ ကျပ် သတ်မှတ်ထားပေမယ့် ပြင်ပဈေးကွက်မှာတော့ တစ်ပိဿာ ၁၂၀၀၀ ကျပ်အထိ ပေးဝယ်နေရတယ်လို့ ရန်ကုန်မြို့ခံ အိမ်ရှင်မတချို့က ဘီဘီစီကို မှတ်ချက်ပြုထားပါတယ်။
စစ်ကောင်စီက ပြည်တွင်းမှာသုံးစွဲနေတဲ့ စားသုံးဆီလိုအပ်ချက်ရဲ့ ၅၀ ရာခိုင်နှုန်းအထိ လျှော့ချတင်သွင်းခိုင်းထားတယ်လို့ စားသုံးသူရေးရာဦးစီးဌာနက တာဝန်ရှိသူရဲ့ ပြောစကားကိုကိုးကားပြီး ပြည်တွင်းမီဒီယာတချို့ကဖော်ပြထားပါတယ်။
စားသုံးဆီ လျှော့ချတင်သွင်းခိုင်းထားတဲ့ အကြောင်းအရင်းတွေထဲမှာ ပြည်တွင်းထုတ်ဆီစက်ကို အားပေးမြှင့်တင်ဖို့ ၊ ထုတ်လုပ်နိုင်စွမ်းအားကို တိုးတက်လာစေဖို့နဲ့ နိုင်ငံခြားငွေ သုံးစွဲမှုကို လျှော့ချဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ စားသုံးဆီရဖို့ တန်းစီစောင့်ဆိုင်းဝယ်ယူနေရတာဖြစ်ပါတယ်။
မန္တလေး၊ အိုးဘိုထောင်တွင်းရိုက်နှက်ခံရလို့ နိုင်ငံရေးအကျဉ်းသားတစ်ဦးသေဆုံး

ဓာတ်ပုံ ရင်းမြစ်, AFP
ဓာတ်ပုံ ပုံစာ, အကျဉ်းထောင်ဝန်ထမ်းတွေ (ပုံဟောင်း) မန္တလေးမြို့၊ အိုးဘိုအကျဉ်းထောင်က အမျိုးသားအိပ်ဆောင် (၃) မှာ ရာဇသတ်ကြီးဥပဒေပုဒ်မ- ၅၂ (က) နဲ့ ထောင်ဒဏ် (၄) နှစ်ချမှတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ကိုထက်ရန်နိုင်ကို ထောင်ဝန်ထမ်းတွေက ဝိုင်းဝန်းရိုက်နှက်ခဲ့တဲ့ဖြစ်စဉ် ဇွန်လ ၂၀ ရက်နေ့ကဖြစ်ခဲ့ပြီး နောက်တစ်ရက်မှာ သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ကနေ သိရပါတယ်။
ရိုက်နှက်ခံရတာကြောင့် ခန္ဓာကိုယ်နဲ့ ဦးခေါင်းမှာ ညိုမဲဒဏ်ရာ၊ ပေါက်ပြဲဒဏ်ရာတွေရရှိခဲ့တဲ့ ကိုထက်ရန်နိုင်ကို အချိန်မီဆေးဝါးကုသပေးတာမျိုးမရှိဘဲ နာရီပိုင်းအကြာမှသာ မန္တလေးပြည်သူ့ဆေးရုံကြီး ကို လွှဲပြောင်းပေးခဲ့တာပါ။
အကျဉ်းထောင်မှတ်တမ်းမှာ ဇွန်လ ၂၁ ရက်မှာ နှလုံးရောဂါနဲ့ သေဆုံးတယ်လို့ရေးသွင်းထားတာကို အနီးစပ်ဆုံးသတင်း ရင်းမြစ်တွေဆီကနေ သိထားရတယ်လို့ PPNM ဦးဆောင်သူ ကိုသိုက်ထွန်းဦးက ဘီဘီစီကို ပြောပါတယ်။
“ရိုက်နှက်ခံရလို့သေဆုံးတာကို နှလုံးရောဂါလို့ ဆေးစာရေးထားတာက ထောင်တွင်းမှာတရားမျှတမှု မရှိတဲ့အခြေအနေကို မီးမောင်းထိုးပြနေတာလည်းဖြစ်တယ်” လို့ ကိုသိုက်ထွန်းဦးက ဆက်ပြောပါတယ်။
အသက် (၂၃) နှစ်အရွယ် ကိုထက်ရန်နိုင်ဟာ အခန်းစာရေးအဖြစ်လုပ်ကိုင်နေတဲ့ အကျဉ်းသားတစ်ဦးက မူးယစ်ဆေးဝါးထောင်တွင်းရောင်းဝယ်နေတာကို တွေ့ရှိခဲ့တာကြောင့် တိုင်တန်းဖို့ကြိုးစားခဲ့ပြီး အခန်း သူကြီးတန်းစီးက ကြားဝင်ညှိနှိုင်းပေးတာကြောင့် ပြေလည်ခဲ့ပါတယ်။
ဒါပေမဲ့ အခန်းစာရေးအကျဉ်းသားဟောင်းဟာ မကျေနပ်ခဲ့ပဲ ဒုအဆောင်မှူးတပ်ကြပ်ဆီ တိုင်တန်းခဲ့ရာကနေ တပ်ကြပ်က ကိုထက်ရန်နိုင်ကို စတင်ရိုက်နှက်ခဲ့ပြီးနောက် အခုလိုအခြေအနေအထိ ကြုံတွေ့ခဲ့ရတာပါ။
စစ်ကေင်စီကတော့ အကျဉ်းထောင်တွေမှာ အကျဉ်းသားအခွင့်အရေးချိုးဖောက်တာတွေမရှိဘူးလို့ အစောပိုင်းကတည်းက သတင်းထုတ်ပြန်ခဲ့ပြီး အခုဖြစ်စဉ်နဲ့ပတ်သက်လို့ အကျဉ်းဦးစီးဌာနကို မေးမြန်းနိုင်ဖို့ ကြိုးစားနေပါတယ်။
မန္တလေး၊ မိုးကုတ်အနောက်ပိုင်းမှာ တိုက်ပွဲပြင်းထန်နေ

ဓာတ်ပုံ ရင်းမြစ်, မိုးကုတ်မီဒီယာ
ဓာတ်ပုံ ပုံစာ, အာဏာသိမ်းမှုအစောပိုင်းကာလမှာ မိုးကုတ်မြို့မှာတွေ့ရတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ (ပုံဟောင်း) မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်အနောက်ပိုင်းမှာရှိတဲ့ ကျပ်ပြင်ကျေးရွာအုပ်စုတကြောမှာ တအာင်းတပ် TNLA နဲ့ စစ်ကောင်စီတပ်အကြား ဒီနေ့ဇွန်လ ၂၆ ရက်မနက်ပိုင်းအထိ တိုက်ပွဲပြင်းထန်နေပါတယ်။
ကျပ်ပြင်အနီးမှာရှိတဲ့ စစ်ကောင်စီရဲ့ ဒေါ်နန်းကြည်တောင်တပ်စခန်းကို TNLA က ဒီနေ့မနက်ပိုင်းမှာ သိမ်းပိုက်နိုင်တယ်လို့ ဒေသအခြေစိုက်မီဒီယာတွေကဖော်ပြသလို ဒေသခံတွေကလည်း ပြောပါတယ်။
“အခုစကားပြောနေချိန်ကို မြို့ပေါ်ကနေပါ လက်နက်ကြီး၊ လက်နက်ငယ်သံတွေကြားနေရတာလေ။ လေယာဉ်လာတဲ့အသံတော့မကြားမိဘူး။ အဲ့ရွာဘက်ကဒေသခံတွေလည်း မြို့ကိုလာမရဘူး၊ အကုန်ပိတ်ထားပြီ” လို့ မိုးကုတ်မြို့ခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
ဒါဟာ မိုးကုတ်အနောက်ပိုင်းလို့ သိကြတဲ့ ကျပ်ပြင်ဘက်ကနေ မိုးကုတ်အရှေ့ပိုင်းကို ယာဉ်အသွားအလာ မလုပ်ဖို့နဲ့ လမ်းတွေအကုန်လုံးကို နှစ်ဖက်အဖွဲ့အစည်းက ပိတ်ထားတဲ့အခြေအနေလို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်ကောင်စီသတင်းတွေကိုဖော်ပြလေ့ရှိတဲ့ တယ်လီဂရန်ချန်နယ်တွေမှာလည်း ဒေါ်နန်းကြည်တောင်တဝိုက် မှာ ဒီကနေ့မနက်ပိုင်းတိုက်ပွဲပြင်းထန်နေကြောင်းဖော်ပြထားပြီး စစ်ကောင်စီဘက်ကတော့ တရားဝင် ထုတ်ပြောတာမရှိသေးပါဘူး။
၁၀၂၇ စစ်ဆင်ရေးအဆက် တိုက်ပွဲတွေလို့ TNLA ပြော, ကျောက်မဲမြို့ပေါ်မှာ တိုက်ပွဲပြင်းထန်နေ

ဓာတ်ပုံ ရင်းမြစ်, TNLA
ရှမ်းပြည်နယ်မြောက်ပိုင်းက ကျောက်မဲမြို့ပေါ်မှာ ဒီနေ့ ဇွန် ၂၆ ရက် မနက်ပိုင်းမှာပဲ စစ်ကောင်စီတပ်ဖွဲ့ တွေနဲ့ တအာင်းတပ် TNLA ကြား တိုက်ပွဲပြင်းထန်နေတယ်လို့ TNLA က သတင်းထုတ်ပြန်လာပါတယ်။
မြို့ပေါ်က အမြောက်တပ်ကုန်း၊ အမှတ် (၃၅၂) အမြောက်တပ်ရင်းနဲ့ စခန်းသာ ဘက်မှာ တိုက်ပွဲ ဆက်ဖြစ်နေတာလို့ ပြောပြီး ဒါဟာ ၁၀၂၇ စစ်ဆင်ရေးအဆက်တိုက်ပွဲတွေလို့ TNLA ရဲ့ ဒီကနေ့မနက်ပိုင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
“မနက် ၈ ခွဲ ၉ လောက်ကစပြီး လက်နက်သံတွေပြန်ကြားလာရတာပါ။ ဘယ်ဘက်က ဖြစ်နေလဲမပြောတတ်အောင်ကို တမြို့လုံးညံနေတာ တဖြည်းဖြည်းအနားနီးလာသလိုပဲ” လို့ ကျောက်မဲမြို့ပေါ်မှာရှိနေဆဲ မြို့ခံ တစ်ဦးက ဘီဘီစီကို ပြောပါတယ်။
မနေ့တုန်းက ကျောက်မဲမြို့ပေါ် ခရိုင်ရဲရုံး၊ မြို့နယ်စည်ပင်ရုံးတို့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက် သိမ်းပိုက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒီလို တိုက်ပွဲတွေကြား အရပ်သားသေဆုံးတာတွေလည်းရှိနေပါတယ်။ မနေ့တရက်တည်းမှာပဲ ကျောက်မဲ မြို့ပေါ် ရပ်ကွက် (၈) က အမျိုးသားတစ်ဦး လက်နက်ကြီးထိမှန်သေဆုံးခဲ့ကြောင်း ကူညီကယ်ဆယ်ပေးခဲ့သူ တွေက ပြောသလို ရပ်ကွက် (၉) က အမျိုးသမီးတစ်ဦး လည်း ကျည်ထိမှန်သေဆုံးခဲ့တယ်လို့ TNLA က ထုတ်ပြန်ပါတယ်။
ရှမ်းမြောက်၊ နောင်ချိုလမ်းခွဲမှာ တိုက်ပွဲဆက်ဖြစ်နေ

ဓာတ်ပုံ ရင်းမြစ်, AFP
တကျော့ပြန်ရှမ်းမြောက်တိုက်ပွဲအဖြစ် နောင်ချိုမြို့နယ် အုမ္မသီးလမ်းခွဲတဝိုက်မှာ ဒီနေ့ ဇွန် ၂၆ ရက် မနက်ပိုင်းအထိ ပစ်ခတ်တာတွေဆက်ရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“မနေ့ညနေပိုင်းကတည်းက နောင်ချိုမြို့ပေါ်က ပစ်ခတ်သံတိတ်သွားပြီ။ လမ်းခွဲဘက်ကပဲ ကြားနေရတာပါ” လို့ နောင်ချိုဒေသခံတစ်ဦးက ပြောပါတယ်။
တိုက်ပွဲစဖြစ်တဲ့ မနေ့ ညနေပိုင်းမှာပဲ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် TNLA နဲ့ ပူးပေါင်းတပ်ဖွဲ့ တွေက နောင်ချိုမြို့ပေါ်က ရဲစခန်းအပါအဝင် ဌာနဆိုင်ရာတွေကို သိမ်းပိုက်ထားတာဖြစ်ပါတယ်။
ဒီနေ့ ဇွန် ၂၆ ရက် မနက်ပိုင်းမှာတော့ မြို့ကိုအလုံးစုံထိန်းချုပ်နိုင်ဖို့ ကြိုးစားနေပြီး နောင်ချို့မြို့ပြင်က ခမရ ၁၁၅ ၊ ခမရ ၁၁၄ ဘက်တွေမှာလည်း တိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့ဆိုပါတယ်။
“နောင်ချိုကို ထိန်းချုပ်ထားတဲ့သဘောပဲရှိပါသေးတယ်။ အလုံးစုံမသိမ်းနိုင်သေးပါ” လို့ စစ်ရေးသိရှိသူ တစ်ဦးက ပြောပါတယ်။
နောင်ချိုမြို့ဘေးပတ်လည်ကို စစ်တပ် တပ်ရင်းတွေနဲ့ ဝန်းရံထားတာဖြစ်ပြီး အမှတ် (၁၁၄)၊ (၁၁၅) ခြေမြန်တပ်ရင်းတွေ နဲ့ အမှတ် (၆၀၆) ဒုံးတပ်ရင်းတို့ကို တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက သိမ်းပိုက နိုင်ဖို့ တိုက်ခိုက်နေပါတယ်။
စစ်ကောင်စီတပ်ဘက်ကလည်း မြို့ပေါ်ပြန်လည်ဝင်ရောက်နိုင်ဖို့ ကြိုးစားနေတယ်လို့ မြေပြင်အခြေအနေ သိရှိသူတွေဆီက သိရပါတယ်။
တိုက်ပွဲနောက်ဆုံးရအခြေအနေကို တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက ဘီဘီစီကို တစုံတရာ အတည်ပြု ဖြေကြားတာမရှိသေးသလို စစ်ကောင်စီဘက်ကလည်း တိုက်ပွဲအကြောင်းထုတ်ပြန်တာမရှိသေးပါဘူး။
