စက်ဘီးတော်လှန်ရေးကို တိတ်တဆိတ် ဆင်နွှဲနေတဲ့ အိန္ဒိယကျောင်းသူလေးတွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images
အိန္ဒိယမှာ အဆင်းရဲဆုံး ဖြစ်တဲ့ ဘီဟာ ပြည်နယ်က နီဟာ ကူမာရီဟာ သူ့အသက် ၁၅ နှစ်မှာ စက်ဘီး တစ်စီးက သူ့ဘဝကို ဘယ်လိုအပြောင်းအလဲဖြစ်စေခဲ့သလဲဆိုတာကို ပြန်ပြောပြလာပါတယ်။
သူဟာ တပတ်ကို ၆ ရက်၊ တစ်ရက်ကို ၂ နာရီ အစိုးရထောက်ပံ့ပေးထားတဲ့ စက်ဘီး သုံးပြီး အိမ်နဲ့ ကျောင်း အသွားအပြန် ၂ နှစ်လောက်လုပ်ခဲ့တာဖြစ်ပါတယ်။
''ကျွန်မမှာ စက်ဘီး တစ်စီးသာ မရှိခဲ့ရင် အထက်တန်းကျောင်းတောင် ပြီးအောင်တက်နိုင်မှာ မဟုတ်ဘူး၊ စက်ဘီးက ကျွန်မဘဝကို အပြောင်းအလဲတွေ ဖြစ်စေခဲ့ပါတယ်'' လို့ အခုအခါ အသက် ၂၇ နှစ် ရှိပြီ ဖြစ်တဲ့ နီဟာက ပြောပါတယ်။
ဘင်ဂူဆာရိုင်း ဒေသက လယ်သမားတယောက်ရဲ့ သမီး နီဟာကို သူ့အဒေါ်အိမ်နားက မူလတန်းကျောင်း မှာ တက်ရောက် ပညာသင်နိုင်အောင် အိမ်နဲ့ခြောက်မိုင်အဝေးက အဒေါ်ဖြစ်သူရဲ့ နေအိမ်မှာ သွားနေစေခဲ့တာပါ။
အိန္ဒိယမှာ အများပြည်သူသုံး သယ်ယူပို့ဆောင်ရေး ယာဉ်၊ ရထားတွေက ယုံကြည်စိတ်ချရတဲ့ အနေအထား မရှိတာကြောင့် သွားလာရေးဟာ မိန်းကလေးငယ်တွေအတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်ပါတယ်။
အခုတော့ နီဟာ ဟာ အိမ်အပြန်လမ်းမှာ စက်ဘီးစီးပြီး ကြမ်းတမ်းတဲ့ ရွာလမ်းတလျှောက် သူ့ရဲ့ အထက်တန်းပညာရေးခရီးကို ဆက်နိုင်ခဲ့ပြီဖြစ်ပါတယ်။
ဘူဗန်နက်ရှ်ဝါရီ ကူးမား ဆိုတဲ့ ဘီဂူဆာရိုင်း ဒေသက ကျန်းမာရေးဝန်ထမ်းကတော့ ''မိန်းကလေးတွေဟာ စက်ဘီး အသုံးပြုပြီး ကျောင်းတက်၊ စာသင်နိုင်ခဲ့ကြပြီးတဲ့နောက် ယုံကြည်မှု ပိုရှိလာကြပါတယ်၊ အခုဆိုရင် သူတို့တွေ ပိုပြီး ကျောင်းသွားနိုင်ကြပြီ၊ အများစုကတော့ အခမဲ့ ရရှိထားတဲ့ စက်ဘီးကို အသုံးပြုကြတာပါ'' လို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AP
အိန္ဒိယ ကျေးလက်ဒေသမှာ ကလေးတွေ ကျောင်းသွား ကျောင်းပြန်နဲ့ ရွာတဝိုက် စက်ဘီး အသုံးပြုမှုနဲ့ ပတ်သက်လို့ ထူးခြားတဲ့ လေ့လာတွေ့ရှိချက်တွေကို ScienceDirect ဆိုတဲ့ သုတေသန အဖွဲ့တခုက ထုတ်တဲ့ ဂျာနယ်မှာ ဖော်ပြထားပါတယ်။
ကျေးလက်ဒေသမှာ စက်ဘီး အသုံးပြုမှုဟာ ၂၀၀၇ တုန်းက ၄.၅ ရာနှုန်း ရှိခဲ့ရာက ၂၀၁၇ မှာတော့ ဆယ်နှစ်အတွင်း ၁၁ ရာခိုင်နှုန်းကို နှစ်ဆထိုးတက်သွားခဲ့တာကို ဆရီရှာတီ အဂရာဝေါ၊ အဒစ်ဆိသ် နဲ့ ရာဟူး ဂိုဝယ်လ် တို့လေ့လာ တွေ့ရှိခဲ့ကြပါတယ်။
''ဒါက တိတ်တဆိတ် တော်လှန်ရေးပါ၊ တော်လှန်ရေးလို့ ခေါ်ရတာကလည်း မိန်းကလေးတွေ စက်ဘီးစီးလာတဲ့ အရေအတွက်က တဟုန်ထိုး တိုးလာလို့ပါ၊ မိန်းကလေးတွေ အိမ်ပြင်ထွက်၊ စက်ဘီးစီးမှု တိုးလာတာကို ကြည့်ခြင်းအားဖြင့် အမျိုးသမီး အမျိုးသား ခွဲခြားဆက်ဆံမှု ကျဆင်းလာတဲ့ ပြုယုဂ် တခုပါပဲ' လို့ မစ္စအက်ဂရာဝေါ် က ပြောပါတယ်။
အိန္ဒိယမှာ မိသားစု အခြေအနေကြောင့် ကျောင်းဆက်မတက်နိုင်တဲ့ အမျိုးသမီး အရေအတွက်က အမျိုးသား အရေအတွက်ထက် များပြားလှပြီး ရွာလမ်းရှည်ကြီးမှာ မိန်းကလေးတွေဟာ ခြေလျင် ကျောင်းတက်ကြရတာဖြစ်ပါတယ်။
အခုတော့ ကျောင်းသူလေးတွေကို အစိုးရက စက်ဘီး အခမဲ့ထုတ်ပေးတဲ့ အစီအစဉ် ၂၀၀၄ ခုနှစ်ကစတင်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဒီအစီအစဉ်ကို အိန္ဒိယမှာ သာမက ကိုလံဘီယာ၊ ကင်ညာ၊ မာလဝီနဲ့ ဇင်ဘာဘွေ စတဲ့ တိုင်းပြည်တွေမှာလည်း ပြုလုပ်ခဲ့ပြီး အဲဒီနိုင်ငံတွေမှာ စက်ဘီးအခမဲ့ပေးတဲ့ အစီအစဉ်ကြောင့် ကျောင်းအပ်တဲ့ မိန်းကလေး အရေအတွက်လည်း သိသိသာသာ မြင့်တက်လာတာ တွေ့ရှိခဲ့ကြပါတယ်။ ဒါပေမယ့် အဲဒီလို မြင့်တက်တဲ့ အရေအတွက်က အိန္ဒိယနဲ့ ယှဉ်ရင် မနှိုင်းယှဉ်လောက်ပါဘူး။
ဒေလီမြို့က အိန္ဒိယ နည်းပညာအင်စတီကျု့(Indian Institute of Technology) နဲ့ မွမ်ဘိုင်းမြို့က နာဆီး မွန်ဂျီး စီမံခန့်ခွဲမှုပညာကျောင်း (Narsee Monjee Institute of Management Studies) အဖွဲ့တွေက သုတေသီ ၃ ယောက်ဟာ နိုင်ငံတလွှား ပညာသင်နေတဲ့ အသက် ၅ နှစ် - ၁၇ နှစ် အတွင်းရှိတဲ့ ကလေးတွေရဲ့ သွားလာရေး အခြေအနေကို စစ်တမ်းကောက်ယူခဲ့ပါတယ်။
ကျောင်းသားတွေကို အစိုးရက အခမဲ့ စက်ဘီးထောက်ပံ့ပေးတဲ့ အစီအစဉ်ရဲ့ ထိရောက်မှုကို လေ့လာကာ စက်ဘီးသုံးစွဲမှု အခြေအနေကို သုံးသပ်ခဲ့ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
နိုင်ငံတလွှားမှာ ၂၀၀၇ ကနေ ၂၀၁၇ အတွင်း စက်ဘီးစီး ကျောင်းတက်တဲ့ ကျောင်းသား အရေအတွက်ဟာ ၆.၆ ရာနှုန်းကနေ ၁၁.၂ ရာနှုန်း တိုးလာတာကို လေ့လာ တွေ့ရှိခဲ့ကြပါတယ်။
ဆယ်နှစ်အတွင်း စက်ဘီးစီးကျောင်းတက်တဲ့ အရေအတွက်က မြို့ပြမှာ တိုးမလာပေးမယ့် ကျေးလက်ဒေသမှာ နှစ်ဆ တိုးလာတာ ဖြစ်ပါတယ်။
အိန္ဒိယမှာ လမ်းပန်းဆက်သွယ်ရေး ချောမွေ့မရှိသလို အမျိုးသမီးတွေ အတွက် လုံခြုံမှုလည်း မရှိဘဲ အစွန်အဖျား ဒေသတွေမှာ ကျောင်းကို စက်ဘီးစီးတက်မှုဟာ ဘတ်စ်ကားနဲ့ တခြားယာဉ် ရထားတွေ မတော်တဆ ဖြစ်မှုနဲ့ မော်တော်ကားတွေ လမ်းပေါ်ပိုများလာမှုတွေနဲ့ ဆက်စပ်နေပါတယ်။
အိန္ဒိယက စက်ဘီးတော်လှန်ရေးဟာ ရွာတွေနဲ့ ဘီဟာ၊ အနောက်ဘန်ဂလော၊ အာသံနဲ့ စစ်တကောင်းလို တိုးတက်မှုကို ဦးဆောင်နေတဲ့ ပြည်နယ်တွေမှာ တဟုန်ထိုး မြင့်တက်လျက် ရှိတာပါ။ အဲဒီ ပြည်နယ်တွေမှာ လူဦးရေ တိုးနှုန်းဟာ ဥရောပက နိုင်ငံကြီး တချို့နဲ့ နှိုင်းယှဉ်လို့ ရနိုင်တဲ့ အခြေအနေမှာ ရှိနေပါတယ်။
ဒါ့အပြင် စက်ဘီးကို မြို့ပြမှာထက် ကျေးလက်က ခရီးရှည်မှာ ပိုအသုံးများတာကို လေ့လာ တွေ့ရှိခဲ့ကြပါတယ်။
တကယ်တော့ အိန္ဒိယမှာ စက်ဘီးစီးတဲ့ ဓလေ့ကို စတင်ခဲ့တာကို ပြီးခဲ့တဲ့ ၂၀၁၁ က ပြုလုပ်ခဲ့တဲ့ သုတေသန စစ်တမ်းမှာ လေ့လာ သိရှိခဲ့ကြပါတယ်။
ဒီတွေ့ရှိချက်အရ စက်ဘီးစီးသူတွေရဲ့ ၂၀ ရာခိုင်နှုန်းဟာ အလုပ်သွား အလုပ်ပြန် အဓိကထားစီးကြတာ ဖြစ်ပါတယ်။ ဒါ့အပြင် ကျေးလက်ဒေသမှာ စက်ဘီးအသုံးပြုမှုဟာ ၂၁ ရာခိုင်နှုန်း ရှိတာကြောင့် ၁၇ ရာနှုန်းရှိတဲ့မြို့ပြနေသူတွေရဲ့ စက်ဘီးသုံးမှုထက် ပိုများတာ တွေ့ရပါတယ်။
ဒါ့အပြင် အလုပ်လုပ်တဲ့ အမျိုးသားတွေရဲ့ စက်ဘီး အသုံးပြုမှုက ၂၁.၇ ရာနှုန်းရှိပြီး အမျိုးသမီးတွေကတော့ ၄.၇ ရာနှုန်းသာ ရှိပါတယ်။ ယှဉ်ကြည့်ရင် အိန္ဒိယမှာ အမျိုးသမီးနဲ့ အမျိုးသား စက်ဘီးအသုံးပြုမှုနှုန်း ကွာခြားချက်ဟာ ကြီးမားလှပြီး အလားတူ ကွာခြားချက်ရှိတဲ့ နိုင်ငံတွေထဲ အိန္ဒိယလည်း အပါအဝင် ဖြစ်ပါတယ်လို့ မစ္စ အာဂရာဝေါလ်က ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အမျိုးသမီးတွေ မဲပေးခွင့်ရရေး ဆိုင်ရာ တက်ကြွလှုပ်ရှားတဲ့ အမေရိကန် အမျိုးသမီး ဆူဆန်ဘီ အန်သနီရဲ့ ကျော်ကြားတဲ့ ပြောဆိုချက်တခုမှာဆိုရင် ကမ္ဘာပေါ်မှာ တခြားလုပ်စရာ ရှိတာတွေထက် အမျိုးသမီးတွေ အခက်အခဲက လွတ်မြောက်ရေးကို ပိုမို လုပ်ဆောင်ပါလို့ ဆိုထားပါတယ်။
ဒါ့အပြင် ဒီလို ကူညီမှုတွေက အမျိုးသမီးတွေကို လွတ်လပ်မှုအရသာ၊ သူ့တို့ကိုယ် သူတို့ ယုံကြည်မှု စတာတွေ ရှိလာစေလိမ့်မယ်လို့ သူကပြောပါတယ်။
အမျိုးသမီးတွေ အလုပ်အကိုင် အခွင့်အလမ်း ရရှိမှု နည်းလာပြီး အလုပ်ခွင်မှာ အမျိုးသမီး အရည်အတွက် လျော့ကျကာ စက်ဘီးအသုံးပြုတဲ့ အမျိုးသမီးတွေ နည်းသွားမှာကို သုတေသီတွေ စိုးရိမ်နေကြပါတယ်။
နီဟာဟာ အိမ်ထောင်ကျပြီးနောက် သူ့ယောက္ခမတွေအိမ်ကို ပြောင်းသွားပြီး ကတည်းက စက်ဘီးမစီးတော့တာ ဖြစ်ပါတယ်။ ကျောင်းဆရာမ ဖြစ်ဖို့ သင်တန်းတက်၊ အပြင်သွားရတာတွေရှိရင် ဘယ်လိုသွားလဲလို့ မေးကြည့်တဲ့အခါ သူ့အဖြေက ရိုးရိုးရှင်းရှင်းလေးပါဘဲ၊ သူစက်ဘီးစီးစရာ မလိုတော့လို့ ဆိုပြီး ဖြေကြားခဲ့ပါတယ်။












