ငြင်းခုန်မှုတွေဖြစ်စေခဲ့တဲ့ အိန္ဒိယ ဆစ်ခ်ဘုရားကျောင်းက အမျိုးသမီးစုံတွဲ လက်ထပ်ပွဲ
ဂါနာဒိ ဆင်း ဂျက်ဆိုဝါ
ဘီဘီစီ ပန်ဂျပ်

အိန္ဒိယမှာ လိင်တူချင်းလက်ထပ်တာကို တရားဝင်ရေး တရားရုံးချုပ်ရဲ့ အဆုံးအဖြတ်ကို စောင့်ဆိုင်းနေချိန်မှာ လိင်စိတ်ကွဲပြားသူ LGBTQ အမျိုးသမီး စုံတွဲတစ်တွဲ နိုင်ငံမြောက်ပိုင်းက ပန်ဂျပ်ပြည်နယ်မှာ လက်ထပ်ပွဲ ကျင်းပခဲ့တာက ဆွေးနွေးငြင်းခုန်စရာ သတင်းတစ်ပုဒ် ဖြစ်လာခဲ့ပါတယ်။
ကျွန်တော် လို့ နာမ်စားသုံးတဲ့ အသက် ၂၇ နှစ် အရွယ် ဒင်ပယ်နဲ့ ၂၁ နှစ် မာနီရှာတို့ကို စက်တင်ဘာလ ၁၈ နေ့က ဘာသင်ဒါမြို့မှာ မိသားစုတွေက ချီးမြှောက် ထိမ်းမြှားပေးခဲ့ကြပါတယ်။
ဒါဟာ အိန္ဒိယလို ရှေးရိုးစွဲနိုင်ငံမျိုးမှာ တော်တော်လေး ဖြစ်လေ့ဖြစ်ထ မရှိတဲ့ လက်ထပ်ပွဲမျိုးပါ။
ပိုထူးတာက ဆစ်ခ် ဘုရားကျောင်းမှာ လက်ထပ်ပြီး သတို့သား သတို့သမီးက ရိုးရာဓလေ့ ထုံးစံတွေအတိုင်း လိုက်ပါဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီ မင်္ဂလာဆောင်ကို ဘာသာရေးခေါင်းဆောင်တချို့က ဝေဖန်ခဲ့ပါတယ်။ သူတို့ထဲမှာ အဆင့်အမြင့်ဆုံး ဘာသာရေးခေါင်းဆောင် ဂီယာနီ ရာဘီယာ ဆင်းလည်း ပါပါတယ်။
သူက "လိင်တူချင်း လက်ထပ်တာက သဘာဝ မကျသလို ဆစ်ခ် ဘာသာရေး ကျင့်ဝတ်တွေနဲ့ ဆန့်ကျင်နေတယ်" လို့ ပြောပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဂုရု ဂရန့် ဆာဟိဘ် - ဆစ်ခ်ကျမ်းစာ ရှေ့မှောက်မှာ အမျိုးသမီး နှစ်ယောက် လက်ထပ်တာက ကျင့်ဝတ်နဲ့ ဘာသာရေး စည်းမျဥ်းတွေ ဆိုးဆိုးရွားရွား ချိုးဖောက်တာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
သူတို့ကို ထိမ်းမြှားပေးခဲ့တဲ့ ဘာသာရေးဆရာ ဟာဒက် ဆင်းနဲ့ နောက်ထပ် သုံးဦးကို တာဝန်တွေ ဆိုင်းငံ့ထားဖို့ ဘာသင်ဒါ ဘုရားကျောင်း ကော်မတီကို ညွှန်ကြားထားတယ်လို့လည်း သူက ပြောပါတယ်။
အဲဒီအချိန်ကတည်းက ဟာဒက်ဆင်းဟာ နေရာက ဖယ်ရှားခံထားရပါတယ်။
သူကတော့ သတို့သားဖြစ်သူ ဗောင်းထုပ်ပေါင်းထားလို့ နှစ်ယောက်စလုံး မိန်းကလေးတွေ ဖြစ်တယ်ဆိုတာ သူမသိနိုင်ဘူးလို့ ကာကွယ်ပြောပါတယ်။
ဒင်ပယ်ကတော့ သူတို့က သူတို့ရဲ့ ကိုယ်ရေးအချက်အလက် သက်သေ မိတ္တူတွေကို ဘုရားကျောင်းကို ပေးခဲ့အတွက် ရောထွေးစရာ အကြောင်းမရှိဘူးလို့ ပြောပါတယ်။
ဒင်ပယ်က မန်ဆာ ခရိုင်က၊ မာနီရှာကတော့ ဘာသင်ဒါကပါ။ နှစ်နေရာစလုံးက အစွန်အဖျားကျပြီး LGBTQ+ တွေရဲ့ အခွင့်အရေးတွေ လူကြားသူကြား မပြောကြသလောက်ပါပဲ။
ဒင်ပယ်က ဇာတ်မြင့်အလွှာ ဂျတ် ဆစ်ခ်အနွယ်ကပါ။ မာနီရှာကတော့ ဇတ်နိမ့် ဒါလစ်ဟိန္ဒူ တစ်ယောက်ပါ။ သူတို့က ပန်ဂျပ်ရဲ့ မြို့တော် ချန်ဒီဂရာနားက ဇီရတ်ကပူးမြို့က သူတို့ အလုပ်လုပ်တဲ့ အထည်ချုပ် စက်ရုံတစ်ခုမှာ တွေ့ခဲ့ကြတာ ဖြစ်ပါတယ်။
မင်္ဂလာဆောင်ပြီး ရက်ပိုင်းအကြာမှာ သူတို့ကို တွေ့ရတာက လက်ထပ်ပြီးကာစ တခြားစုံတွဲတွေလို ပျော်ပျော်ရွှင်ရွှင်ပါပဲ။ သူတို့ မင်္ဂလာဆောင်ကို ဆွေမျိုး ၇၀ လောက် လာတယ်လို့ ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, PROVIDED BY DIMPLE'S FAMILY
မင်္ဂလာဆောင် ဓာတ်ပုံတွေနဲ့ ဗီဒီယိုတွေထဲမှာ ဒင်ပယ်ကို ဆစ်ခ် ရိုးရာ သတို့သားတစ်ယောက်လို တွေ့ရပါတယ်။ ကြက်သွေးရောင် ခေါင်းပေါင်းနဲ့ ရိုးရာပန်းကုံးကို ဆင်မြန်းထားပါတယ်။
မာနီရှာကတော့ ရွှေရောင်နဲ့ ကြက်သွေးရောင် ဝတ်စုံ၊ ပိုးပုဝါနဲ့ လက်မှာ အနီရောင် လက်ကောက်တွေ အပြည့်ဆင်မြန်းထားပါတယ်။
ရှပ်အင်္ကျီနဲ့ ဘောင်းဘီကို အများဆုံး ဝတ်တတ်တဲ့ ဒင်ပယ်က ဆံပင်အတိုပဲ ထားပါတယ်။ သူက သူ့မိဘတွေကို သူယောကျာ်းလေးတွေကို လုံးဝ စိတ်မဝင်စားဘူးလို့ ပြောတဲ့အခါ သူတို့က နားလည်ပေးကြပါတယ်။ သူ့ကိုလည်း အားပေးပြီး ပျော်ပျော်ရွှင်ရွှင်ထားခဲ့ပါတယ်။
တစ်ဦးတည်းသော သားသမီးဖြစ်တဲ့ သူက တစ်ခါတုန်းက လိင်ပြောင်းတဲ့ ခွဲစိတ်ကုသမှုအတွက် စဥ်းစားပြီး ဆရာဝန်နဲ့ တိုင်ပင်ခဲ့ဖူးပေမဲ့ ခွဲစိတ်ပြီး အခြေအနေကို သူ့မိဘတွေက စိုးရိမ်တဲ့အတွက် သဘောမတူခဲ့ပါဘူး။
ဇီရတ်ကပူးကို အလုပ်အတွက် ပြောင်းလာပြီး ၂၀၁၇ မှာ LGBTQ+ အကြောင်းတွေ သူ ပိုသိလာခဲ့ပါတယ်။
"အဲဒီမှာ ကျွန်တော့်ကို နားလည်တဲ့ ကျွန်တော်နဲ့သဘောထားတူတဲ့ သူငယ်ချင်းတွေနဲ့ တွေ့ခဲ့ပါတယ်။ ပြီးတော့ ယူကျုကြည့်ပြီးလည်း သိလာခဲ့ပါတယ်" လို့ သူက ပြောပါတယ်။
မာဆာရှာက သူ့ရဲ့ အချစ်ဦး မဟုတ်ဘူးလို့ ဒင်ပယ်က ပြောပါတယ်။
"မိန်းကလေး တစ်ယောက်နဲ့ ကျွန်တော် ငါးနှစ် တွဲခဲ့တယ်။ ဒီနှစ် အစပိုင်းလောက်က ကျွန်တော်တို့ လမ်းခွဲခဲ့ကြတယ်။ ပြီးတော့ နောက်ထပ် မိန်းကလေးတစ်ယောက်နဲ့ သုံးလေးလလောက်တွဲခဲ့ပေမဲ့ အဲဒါကလည်း လမ်းခွဲခဲ့ရတာပါပဲ။"
အဲဒီတုန်းက လုပ်ဖော်ကိုင်ဖက်လည်းဖြစ် သူငယ်ချင်းလည်းဖြစ်တဲ့ မာနီရှာက ဒင်ပယ်နဲ့ သူ့မိန်းကလေးကြားမှာ ကူညီဖြေရှင်းပေးတတ်ပါတယ်။
"ဒါနဲ့ မာနီရှာက ကျွန်တော့်အတွက် ပိုသင့်တော်တဲ့ လက်တွဲဖော်ဖြစ်မယ်လို့ သဘောပေါက်မိပါတယ်။ သူက ကျွန်တော် သူ့အနား ရှိနေတာကိုလည်း သဘောကျနေတတ်တယ်။ ကျွန်တော်တို့ ပိုရင်းနှီးလာကြပြီး စကားတွေ အကြာကြီး ပြောဖြစ်ကြတယ်။ ဒီလိုနဲ့ ပြီးခဲ့တဲ့ တစ်လလောက်ကစပြီး တရားဝင် လက်တွဲခဲ့ကြတာပဲ" လို့ ဒင်ပယ်က ပြောပါတယ်။
သူတို့ စတွဲပြီး သုံးလေးရက်လောက် အကြာမှာ သူ့ကို ဒင်ပယ်က ဖုန်းထဲကနေ လက်ထပ်ခွင့်တောင်းခဲ့ပြီး သူက လက်ခံခဲ့တယ်လို့ မာနီရှာက ပြောပါတယ်။
"မိန်းမတစ်ယောက်က သူ့ကို နားလည်တဲ့၊ လေးစားတဲ့၊ အများကြီး ချစ်ပေးပြီး ကလေးတစ်ယောက်လို ကြင်နာပေးတဲ့ ဘဝလက်တွဲဖော် တစ်ယောက် လိုတယ်"လို့ မာနီရှာက ပြောပါတယ်။
ဒါပေမဲ့ သူ ဒင်ပယ်ကို လက်ထပ်ချင်တယ်လို့ သူ့မိဘတွေကို ပြောရတဲ့အခါမှတော့ အတော် ပြောခဲ့ရပါသေးတယ်။
"မိန်းကလေးတစ်ယောက်ကို ကျွန်မ လက်ထပ်ဖို့ မဖြစ်နိုင်ဘူးလို့ ကျွန်မ အမေက ပြောတယ်။ ကျွန်မကို ပျော်စေချင်ရင် လက်ခံပေးဖို့ နောက်ဆုံးမှာ နားချနိုင်ခဲ့ပြီး ကျွန်မ လက်ထပ်ချင်သူကို သဘောတူပေးခဲ့ပါတယ်။ သူ လက်ခံပေးပြီးတဲ့နောက်တော့ အဖေ့ကိုလည်း ပြောပေးခဲ့တယ်"လို့ မာနီရှာက ပြောပါတယ်။

အဲဒီနောက် နှစ်ဖက် မိဘတွေတွေ့ပြီး လက်ထပ်မယ့်ရက်ကို ဆုံးဖြတ်ခဲ့ကြပါတယ်။
ဒင်ပယ်က ဆစ်ခ်ဘာသာဝင်ဖြစ်လို့ သူ့မိဘတွေက ဆစ်ခ်ဓလေ့ထုံးစံတွေအတိုင်း လက်ထပ်စေချင်တဲ့အတွက် ဘုရားကျောင်းက ဘာသာရေးဆရာကို မေးမြန်းခဲ့ကြပါတယ်။
သူတို့ ဘယ်သူဘယ်ဝါဆိုတာ လုံးဝ မဖုံးကွယ်ခဲ့ကြဘူးလို့ သူတို့ စုံတွဲက ပြောပြီး သူတို့ကို ဘာသင်ဒါ ဘုရားကျောင်း ကော်မတီက ထုတ်ပေးတဲ့ လက်ထပ်လက်မှတ်ကို ထုတ်ပြပါတယ်။
လိင်တူချင်း လိင်ဆက်ဆံတာကို ရာဇ၀တ်မှုအဖြစ်ကနေ ၂၀၁၈ မှာ အိန္ဒိယမှာ ပယ်ဖျက်ပေးခဲ့ပေမဲ့ လိင်တူချင်း လက်ထပ်တာကို တရားဝင် အသိအမှတ်ပြုဖို့ ကျန်နေပါသေးတယ်။
တရားရုံးချုပ်က လက်ထပ်ခွင့် တန်းတူညီမျှရေး အယူခံတွေကို လတ်တလော ကြားနာထားပြီး မကြာခင်မှာ ဆုံးဖြတ်ဖို့ ရှိပါတယ်။
အဲဒါကြောင့် အခုတော့ လိင်တူချင်း လက်ထပ်တာ တရားမဝင်တဲ့ အိန္ဒိယမှာ ဒင်ပယ်နဲ့ မာနီရှာတို့ဟာ အမျိုးသားနဲ့ အမျိုးသမီး လက်ထပ်ထားတဲ့ တခြားစုံတွဲတွေရတဲ့ အခွင့်အရေးတွေကို မရနိုင် ဖြစ်နေပါတယ်။
ဒါပေမဲ့ အဲဒါကို ကြီးလေးတဲ့ ရာဇဝတ်မှုလို့တော့လည်း မစဥ်းစားပြန်ဘူးလို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။
ဒါပေမဲ့ ဆစ်ခ်ဘာသာရဲ့ အမြင့်ဆုံး ဘာသာရေး အဖွဲ့အစည်းဖြစ်တဲ့ ရှီရိုမာနီ ပရာဘန်ဒက် ကော်မတီကတော့ ဘာသာရေးဥပဒေတွေကို ချိုးဖောက်မှု ရှိသလားဆိုတာကို စုံစမ်းနေတယ်လို့ ပြောပါတယ်။








