ဗီဒီယို ပြင်ဆင်တည်းဖြတ်ခဲ့မှုနဲ့ အိန္ဒိယအတိုက်အခံပါတီ ထိပ်တန်းခေါင်းဆောင်တစ်ဦး ဖမ်းဆီးခံရ

အိန္ဒိယ၊ ကွန်ဂရက်ပါတီ၊ BJP ပါတီ၊ ပြည်ထဲရေးဝန်ကြီး ဗီဒီယို၊ တည်းဖြတ်ပြင်ဆင်

ဓာတ်ပုံ ရင်းမြစ်, Reuters

အိန္ဒိယနိုင်ငံမှာ ပြည်ထဲရေးဝန်ကြီးရဲ့ ဗီဒီယိုတစ်ခုကို ပြင်ဆင်တည်းဖြတ်ပြီး လိမ်လည် ဖော်ပြခဲ့မှုနဲ့ အဓိက အတိုက်အခံ ကွန်ဂရက်ပါတီရဲ့ ဆိုရှယ်မီဒီယာ တာဝန်ရှိအကြီးအကဲ အာရွန် ရက်ဗန် ရက်ဒီ ကို ရဲက ဖမ်းဆီးလိုက်ပါတယ်။

ဆင်းရဲနွမ်းပါး နိမ့်ကျတဲ့ အိန္ဒိယပြည်သူ သန်းပေါင်းများစွာအပေါ် ထောက်ပံ့နေမှုတွေကို ရပ်ဆိုင်းတော့မယ်ဆိုပြီး ပြည်ထဲရေးဝန်ကြီး အာမစ် ရှားက ကတိပြုပြောနေပုံ ဗီဒီယိုက လူအများအကြား ပျံ့နှံ့နေပြီး ဒီဗီဒီယိုကို မစ္စတာ ရက်ဒီက ပြင်ဆင်တည်းဖြတ်ခဲ့တာဆိုတဲ့ စွပ်စွဲချက်နဲ့ သောကြာနေ့က ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

ကွန်ဂရက်စ်ပါတီက ဒီကိစ္စမှာ မစ္စတာ ရက်ဒီ ပါဝင်ပတ်သက်ခဲ့ခြင်း မရှိကြောင်းနဲ့ နိုင်ငံတဝန်း ရွေးကောက်ပွဲ ကျင်းပနေချိန်မှာ ပြိုင်ဘက် နိုင်ငံရေးပါတီတွေကို နှိပ်ကွပ်ဖို့ အာဏာပိုင်တွေက လုပ်ခဲ့တာ လို့ စွပ်စွဲလိုက်ပါတယ်။

BJP အစိုးရပါတီကတော့ ဒီစွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။

အိန္ဒိယနိုင်ငံမှာ ရွေးကောက်ပွဲတွေကို ဧပြီလ ၁၉ ရက်နေ့က စတင်ခဲ့ပြီး ဇွန်လ ၁ ရက်နေ့အထိ အဆင့်ဆင့် ကျင်းပသွားမှာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲ ရလဒ်ကိုတော့ ဇွန်လ ၄ ရက်နေ့မှာ ထုတ်ဖော်ကြေညာမှာ ဖြစ်ပါတယ်။

ပြည်ထဲရေးဝန်ကြီး အာမစ် ရှားဟာ ဝန်ကြီးချုပ် နရန်ဒရာ မိုဒီ ပြီးရင် အိန္ဒိယမှာ ဒုတိယ သြဇာအရှိန်အဝါ အကြီးဆုံးပုဂ္ဂိုလ်အဖြစ် အများက သတ်မှတ်ထားကြတာ ဖြစ်ပြီး BJP ပါတီ တန်ခိုးကြီးထွားလာမှုမှာ နောက်ကွယ်က စီစဉ်ခဲ့သူအဖြစ် ယူဆထားကြပါတယ်။

ပြင်ဆင်တည်းဖြတ်ထားတယ်ဆိုတဲ့ အဲဒီဗီဒီယိုထဲမှာ မစ္စတာ ရှားက အာရွန် ရက်ဒီ ပြည်နယ်ဝန်ကြီးချုပ်အဖြစ် တာဝန်ယူထားတဲ့ နိုင်ငံတောင်ပိုင်း တယ်လန်ဂါနာပြည်နယ်က မွတ်ဆလင်တွေအပေါ် ထောက်ပံ့ကူညီနေမှုတွေကို ရပ်ဆိုင်းတော့မယ်လို့ ကတိပြု မဲဆွယ် မိန့်ခွန်းပြောနေတာ ဖြစ်ပါတယ်။

တည်းဖြတ်ထားတယ်ဆိုတဲ့ အဲဒီဗီဒီယိုထဲမှာ ပြည်ထဲရေးဝန်ကြီးက တခြားလူမျိုးစုအုပ်စုတွေအပေါ် အခွင့်ထူးပေးနေတာတွေကိုလည်း သူ့ပါတီက ရပ်ဆိုင်းမှာ ဖြစ်တယ်လို့ ပြောနေပုံကို တွေ့ရပါတယ်။

ဒီဗီဒီယိုကို တည်းဖြတ်ရာမှာ သုံးခဲ့တဲ့ ဆော့ဖ်ဝဲ အထောက်အထားတွေကို ရှာဖွေဖို့အတွက် အာဏာပိုင်တွေက မစ္စတာ ရက်ဒီရဲ့ အီလက်ထရောနစ် ပစ္စည်းတွေကို သိမ်းဆည်းခဲ့တယ်လို့ စနေနေ့ထုတ် Indian Express သတင်းစာကြီးမှာ ဖော်ပြထားပါတယ်။

ကွန်ဂရက်ပါတီ ပြောခွင့်ရသူ ရှားမား မိုဟာမက် ကတော့ ဒီဗီဒီယို တည်းဖြတ်မှုမှာ မစ္စတာ ရက်ဒီ ပါဝင်ပတ်သက်မှု မရှိကြောင်းနဲ့ သူ့အပေါ် လုံးဝ ထောက်ခံကြောင်း ပြောပါတယ်။

ပြီးခဲ့တဲ့လတုန်းက မစ္စတာမိုဒီက နိုင်ငံထဲ စိမ့်ဝင်လာသူတွေနဲ့ ကလေးတွေ အများကြီး မွေးထားသူတွေ ဆိုပြီး မဲဆွယ်စည်းရုံးပွဲတစ်ခုမှာ ပြောသွားခဲ့ပါတယ်။ ဒါဟာ အိန္ဒိယမှာ ရောက်ရှိနေထိုင်နေတဲ့ လူနည်းစု မွတ်ဆလင်တွေကို ရည်ညွှန်း ပြောခဲ့တာလို့ အများက ယူဆခဲ့ကြပါတယ်။

ကွန်ဂရက်ပါတီက ရွေးကောက်ပွဲ အာဏာပိုင်တွေထံ တရားဝင်ကန့်ကွက် တိုင်ကြားစာ ပို့ထားပါတယ်။

မစ္စတာ မိုဒီ ဟာ သူ့ပါတီ အာဏာ ရခဲ့တဲ့ လွန်ခဲ့တဲ့ ဆယ်စုနှစ်ကစလို့ ဟိန္ဒူ အမျိုးသားရေးဝါဒီ အမှတ်သင်္ကေတတစ်ခုအနေနဲ့ စည်းရုံးလာခဲ့ပါတယ်။ မစ္စတာမိုဒီ အနေနဲ့ ဝန်ကြီးချုပ်သက်တမ်း တတိယအကြိမ် ထပ်အရွေးခံရမယ်လို့ မျှော်လင့်နေကြပါတယ်။