ဖက်ဒရယ်ကြိုးကိုင် လူထုစော်ဘွား စဝ်ကြာဆိုင်

ဓာတ်ပုံ ရင်းမြစ်, Getty Images
- ရေးသားသူ, ဘိုဘို
- ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း
နောက်ဆုံး သီပေါမဟာဒေဝီ စဝ်သုနန္ဒီခေါ် အင်ဂီဆားဂျန့် ၉၁ နှစ် အရွယ်မှာ အမေရိကန်နိုင်ငံမှာ နတ်ရွာစံသွားခဲ့ပါတယ်။ သြစတြီးယား၊ အမေရိကန်နဲ့ မြန်မာနိုင်ငံတွေမှာ နေထိုင်ခဲ့ဖူးတဲ့ အင်ဂီဆားဂျန့်ကို သူ့ရဲ့ မြန်မာပြည်မှတ်တမ်း Twilight Over Burma ကြောင့် လူသိများပြီး ဒီစာအုပ်ကို အနည်းဆုံး မြန်မာလို လေးကြိမ်ပြန်ဆိုခဲ့ပါတယ်။
၁၉၆၂ မှာ အစပျောက်သွားခဲ့တဲ့ သီပေါစော်ဘွားနဲ့ အင်ဂီတို့ရဲ့ ဘဝဇာတ်ကြောင်းကို အခြေခံတဲ့ ဒီစာအုပ်ကို မြန်မာပြည်မှာ ပြန်ဆိုထုတ်ဝေခွင့် ရခဲ့ပေမယ့် ဒါကို မူတည်ရိုက်တဲ့ ရုပ်ရှင်ကို ပြခွင့်မပေးခဲ့ပါဘူး။ အလားတူပဲ စော်ဘွားဘယ်လိုဖြစ်သွားတယ်ဆိုတာကို ခုထိ မြန်မာအစိုးရအဆက်ဆက်က ဖြေရှင်းပြောကြားတာတွေ မရှိသေးပါဘူး။
နောက်ပြီး ဖမ်းဆီးသတ်ဖြတ်ခံရတယ်လို့ စွပ်စွဲခံရတဲ့ထိ ဖြစ်ခဲ့ရတဲ့ သီပေါစော်ဘွားအမှုနဲ့ ပတ်သက်ပြီး နောက်ကြောင်း ရှာဖွေဖော်ထုတ်တာလည်း မရှိသလောက် ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
သီပေါအုန်းပေါင်
၁၉၆၂ စော်ဘွားမရှိတဲ့နောက်ပိုင်း မြို့နယ်အဆင့် ကျရောက်သွားတဲ့ သီပေါအနေအထားကို ကြည့်ပြီး တချိန်က သီပေါနယ်ရဲ့ တန်ခိုးသြဇာကို လျှော့တွက်မိကြမှာ ဖြစ်ပါတယ်။ တကယ်က သီပေါဟာ ကယားပြည်နယ်ထက် အရွယ်ပမာဏကြီးပြီး စတုရန်းမိုင် ၄၆ဝဝ လောက် ကျယ်သလို ကျိုင်းတုံနဲ့ မြောက်သိန္နီနောက်မှာ တတိယအကြီးဆုံး ရှမ်းပြည်ဖြစ်ခဲ့ပါတယ်။ အခုခေတ် သီပေါ၊ နောင်ချို၊ ကျောက်မဲမြို့နယ်တွေ ပါဝင်တဲ့နယ်မြေဖြစ်သလို ရှမ်းကိုးပြည်အမည်တွင်ခဲ့တဲ့ မူလရှမ်းပြည်ကြီးတွေထဲမှာ မိုးကောင်း၊ မိုးညှင်း၊ သောင်သွပ်၊ မိုးမိတ်၊ သိန္နီ၊ ညောင်ရွှေ၊ မိုးနဲ ပြည်တွေနဲ့အတူ အုန်းပေါင် သီပေါပြည်လည်း ပါပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
သမိုင်းတလျှောက် မြန်မာပြည်က အင်းဝနန်းဆက်နဲ့ အုန်းပေါင်စော်ဘွားတွေကြား အပြန်အလှန် စစ်ခင်းခဲ့သလို မဟာမိတ်ဖွဲ့ချိန်တွေလည်း ရှိခဲ့ပါတယ်။ အင်းဝမှာ မင်းပြုမယ့်သူမရှိလို့ အုန်းပေါင်ခုန်မှိုင်း ခေါ် စဝ်ခွန်မှိုင်းကို ပင့်ခေါ်ရတဲ့အထိ ရှိခဲ့ပေမယ့် ဘုရင့်နောင်လက်ထက်ကစပြီး အရှေ့နဲ့ မြောက်တလွှားက အုန်းပေါင်အပါအဝင် ရှမ်းပြည်တွေအပေါ် မြန်မာအာဏာစက်က ပိုကြီးလာခဲ့ပါတယ်။
ဗြိတိသျှခေတ်မှာ စော်ဘွားအာဏာတွေ ပိုကျဆင်းခဲ့ပေမယ့် မြောက်သိန္နီ၊ ညောင်ရွှေ၊ ကျိုင်းတုံ၊ မိုးနဲ ၊ တောင်ပိုင်နယ်တွေလိုပဲ သီပေါဟာလည်း တန်ခိုးကြီးတဲ့ စော်ဘွားနယ်ကြီး ဖြစ်ခဲ့ပါတယ်။ သီပေါစော်ဘွားဟာ ရန်ကုန်လို တမြို့တရွာကိုလာရင် အမြောက်ကိုးချက်ပစ်ဖောက် ကြိုဆိုရတဲ့ စော်ဘွားအဆင့်ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
လူထုစော်ဘွား
ရှမ်းစော်ဘွားတွေထဲ ဆာဘွဲ့ရတဲ့ စော်ဘွားနှစ်ယောက်သာ ရှိခဲ့ပြီး သီပေါက ဆာစောချယ်လည်း ပါပါတယ်။ ဆာစောချယ်ရဲ့သား စဝ်အုန်ကြာဟာ အောက်စဖိုဒ့်တက္ကသိုလ်က မဟာဝိဇ္ဇာဘွဲ့ရတဲ့ ခေတ်ပညာတတ်စော်ဘွားဖြစ်ပြီး ၁၉၃၁ ခွဲရေးတွဲရေးဆွေးနွေးပွဲမှာ ရှမ်းပြည်ကို သီးခြား ဒိုမီနီယံအဆင့်ပေးဖို့ တောင်းဆိုခဲ့တယ်လို့ စဝ်စန္ဒာဆင်းမ်စ်ရဲ့ မိုးကောင်းကင် အရှင်သခင်များ၊ မြန်မာပြည်ရဲ့ ရှမ်းစော်ဘွားများ စာအုပ်မှာ ပါရှိပါတယ်။ ၁၉၃၈ က စဝ်အုန်ကြာ နတ်ရွာစံသွားတဲ့အတွက် ၁၉၄၇ ပင်လုံမှာ မြန်မာနဲ့ ပူးပေါင်းရေး ဆွေးနွေးရချိန်မှာ ရှမ်းဘက်က မဲတင်းဖို့ ထက်မြက်တဲ့ စော်ဘွားတယောက်ယုတ်လျော့ခဲ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဂျပန်ခေတ်မှာ စဝ်အုန်ကြာရဲ့ ဘထွေးတော် စဝ်အိုနဲ့ သားကြီး စဝ်ကြာဇုံ (စဝ်ကြာစုံ)တို့ သီပေါကို အုပ်ချုပ်ခဲ့ပြီး ဂျပန်နဲ့ ပေါင်းကာ လူထုကို နှိပ်စက်တယ်လို့ စွပ်စွဲခံရပါတယ်။ ဒီအတွက် ဗြိတိသျှပြန်လာချိန်မှာ ဟားရိုးလ်ခေါ် စဝ်ကြာဇုံ စော်ဘွားမဖြစ်တော့ဘဲ သူ့ညီတော် မိုင်းလုံမြို့စား ချာလီ စဝ်ကြာဆိုင်ကို ၁၉၄၇ မှာ လူထုနည်းနဲ့ ရွေးခဲ့ကြပါတယ်။ စဝ်ကြာဆိုင်ကို အစ်မတော်ဝမ်းကွဲ စဝ်သီရိမာလာထောက်ခံမှုနဲ့ ရွေးတာလို့လည်း ဆိုပါတယ်။
လူထုနဲ့ ဗမာ့ခေတ်သတင်းစာထဲမှာ စဝ်ကြာဇုံက အရိုက်အရာစွန့်ကြောင်း ကြေညာချက်ထည့်တဲ့အခါ သူ့ရဲ့ ရက်ရောမှုကို လူထုဒေါ်အမာက ချီးမွမ်းတယ်လို့လည်း စဝ်စန္ဒာက ရေးပါတယ်။ ဒါပေမဲ့ ညီတော်နောင်တော်နှစ်ပါးကြား သဘောတူထားခဲ့တဲ့ နောင်တော် နန်းမွေပြန်လိုချင်ရင် စွန့်ပေးမယ်ဆိုတဲ့ ကြေညာချက်ကို စဝ်ကြာဆိုင်က မထုတ်ခဲ့ဘူးလို့ သိရပါတယ်။ နောက်ကွယ်က စဝ်ကြာဆိုင်ကို နန်းတင်လိုသူ အုပ်စုက ဒီကြေညာချက်မထုတ်အောင် တွန်းအားပေးတယ်လို့လည်း ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
၁၉၄၉ မှာ စဝ်ကြာဆိုင် အမေရိကန် ကော်လိုရာဒိုက သတ္တုတွင်းကျောင်းမှာ သတ္တုတွင်းတူးပညာ ဆည်းပူးခဲ့ပါတယ်။ သူစာသင်သွားချိန်မှာ သီပေါကို စဝ်ကြာဇုံ အုပ်ချုပ်ရပါတယ်။
နောင်တော် စဝ်ကြာဇုံကတော့ ၁၉၅၅ မှာ နယူးယော့က ဆိုင်ရာကျုစ်တက္ကသိုလ်ကိုသွားပြီး ပြည်သူ့အုပ်ချုပ်ရေးပညာ ဆည်းပူးခဲ့ပါတယ်။ အဲဒီကအပြန်မှာ ရှမ်းအစိုးရဝန်ကြီးချုပ် စဝ်ခွန်ချိုနဲ့ပိုပြီး နီးနီးကပ်ကပ်လုပ်ဆောင်သလို ရှမ်းအစိုးရမှာလည်း ပြည်ထဲရေးဝန်ကြီး ရာထူးယူခဲ့ပါတယ်။ ရှမ်းအစိုးရအတွင်းဝန်ဖြစ်လာတဲ့ စဝ်ကြာဇုံဟာ ဖက်ဒရယ်ရေးကိစ္စမှာ ထိထိရောက်ရောက်ပါဝင်ခဲ့ပြီး ၁၉၆ဝ မှာဖွဲ့တဲ့ အခြေခံဥပဒေပြင်ဆင်ရေးဆွဲရေး ကြိုးကိုင်ကော်မတီ (ရှမ်းပြည်နယ်)မှာ သူက အတွင်းရေးမှူး၊ ညီတော်က အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ကြပါတယ်။ ဒီအတွက် ၁၉၆၂ အာဏာသိမ်းချိန်မှာ ညီနောင်နှစ်ပါးလုံး ထိန်းသိမ်းခံရပြီး ညီတော်က ပျောက်သွားခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
စစ်မုန်တိုင်းနဲ့ ဖက်ဒရယ်
စဝ်ကြာဆိုင် စော်ဘွားဖြစ်ချိန်ဟာ သူ့နောင်တော်ဝမ်းကွဲနဲ့ ဘကြီးတော် စော်ဘွားဖြစ်ချိန်လို ဗြိတိသျှခေတ်ကောင်း မဟုတ်ဘဲ ကမ္ဘာစစ်အပြီးမှာ ပြည်တွင်းစစ်နဲ့ တိုးတဲ့ခေတ် ဖြစ်ပါတယ်။ နောက်ပြီး ရှမ်းအရှေ့နဲ့ မြောက်ကနေ ဝင်လာတဲ့ တရုတ်ဖြူကျူးကျော်မှုကြောင့် ရှမ်းပြည်တလွှားမှာ စစ်အုပ်ချုပ်ရေးနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ မြန်မာပြည် လွတ်လပ်ရေးရပြီးနောက် မြန်မာခေါင်းဆောင်ပိုင်းရဲ့ အမြင်မကျယ်မှုကြောင့် လူမျိုးစုဒေသတွေကို ဖိနှိပ်တယ်ဆိုပြီး လူမျိုးစုတွေက မြင်ကြသလို လူမျိုးစုခေါင်းဆောင်တွေကိုလည်း ဗြိတိသျှဘက်သား ပဒေသရာဇ်တွေ၊ ပြည်ထောင်စုက ခွဲထွက်ဖို့ ကြံတဲ့သူတွေဆိုပြီး မြန်မာဘက်က စွပ်စွဲလေ့ ရှိပါတယ်။ ဒီအခြေခံနဲ့ပဲ ကရင့်တော်လှန်ရေးဖြစ်သလို ရခိုင်၊ မွန်နဲ့ ကယားနယ်မြေတွေမှာပါ အုံကြွမှုတွေ ဖြစ်ခဲ့ပါတယ်။ ဒီစစ်မီးက ရှမ်းပြည်ကို ကူးစက်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ရှမ်းပြည်နယ်မြေတွေကို ဒီလို ကရင်နဲ့ တရုတ်ဖြူတွေ ကျူးကျော်ဝင်ရောက်ချိန်မှာ သီပေါ၊ ညောင်ရွှေတဲ့ နယ်တွေက ကူညီလူစုပြီး တိုက်ပေးခဲ့လို့ စော်ဘွားတွေရဲ့ သြဇာက မြန်မာအစိုးရအပေါ် ရှိသလို စော်ဘွားနဲ့ စော်ဘွားဆန့်ကျင်သူတွေကြားက ပဋိပက္ခကို မြန်မာဘက်က သွေးခွဲအုပ်ချုပ်ရေးနဲ့ စွက်ဖက်တယ်ဆိုပြီး စော်ဘွားတွေဘက်က စွပ်စွဲပါတယ်။ ဒီနိုင်ငံရေးအားပြိုင်မှုတွေကြား ဗမာမုန်းတီးရေး မီးထိုးတာတွေ ရှိလာပြီး ဒါတွေရဲ့ နောက်ကွယ်မှာ စော်ဘွားတွေပါတယ်ဆိုပြီး တပ်မတော်ထုတ် ပြည်တွင်းသောင်းကျန်းမှုသမိုင်းက စွပ်စွဲပါတယ်။ ၁၉၅၉ ဗိုလ်ချုပ်ကြီးနေဝင်း အိမ်စောင့်အစိုးရခေတ် စော်ဘွားတွေ အာဏာမစွန့်ခင် ၁၉၅၈ မှာ နွံစစ်ဟန် ရှမ်းပုန်ကန်မှု ပေါ်လာပြီး စော်ဘွားမျိုးတွေနဲ့ တပည့်တပန်းတွေ ဦးဆောင်ကြတဲ့အတွက် ပိုပြီး လက်ညှိုးထိုးစရာ ဖြစ်ခဲ့ပါတယ်။ ရှမ်းပုန်ကန်မှု ပထမဆင့်မှာ သီပေါစော်ဘွားနဲ့ ညောင်ရွှေမဟာဒေဝီပါတယ်ဆိုပြီး စစ်တပ်ဘက်က စွပ်စွဲခဲ့ပါတယ်။ ဒါကြောင့် သီပေါနဲ့ ရှမ်းပြည်အတွက် သူကြိုးပမ်းခဲ့တဲ့ ပြုပြင်ရေးလှုပ်ရှားမှုတွေကို နယ်ခံတွေ သဘောကျကြပေမယ့် စစ်တပ်ဘက်က သံသယနဲ့ စောင့်ကြည့်တာ ခံခဲ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Archive
တခြားဘက်မှာတော့ စဝ်ကြာဆိုင်ဟာ လွှတ်တော်အမတ်ဖြစ်လို့ လက်နက်ကိုင်ပုန်ကန်သူတွေနဲ့ တွေ့ဖို့ ငြင်းဆန်တယ်လို့လည်း ဆိုကြပါတယ်။ ဒါပေမဲ့ သီပေါက မြို့စားဟောင်း ဦးအောင်ပ ရှမ်းဘာသာနဲ့ထုတ်တဲ့ ခေတ်သစ်ရှမ်းပြည်သတင်းစဉ်ဟာ ရှမ်းဗမာမုန်းတီးရေးနဲ့ ခွဲထွက်ရေးကို အဓိကလှုံ့ဆော်တယ်ဆိုပြီး စစ်တပ်ဘက်က စွပ်စွဲတယ်လို့လည်း ၁၉၅၈ -၁၉၆၂ မြန်မာ့နိုင်ငံရေးစာအုပ်မှာ ဖော်ပြပါတယ်။ သီပေါဟာ ကမ္ဘာစစ်မဖြစ်ခင်ကတည်းက ပညာတတ်ထွက်တဲ့မြို့ဖြစ်သလို ရှမ်းသူပုန်ခေါင်းဆောင်တွေထဲမှာလည်း ဦးအောင်ပရဲ့တူ ခွန်ကြာနုလို သီပေါသားတွေ ပါနေတဲ့အတွက် စဝ်ကြာဆိုင်ကို စစ်တပ်က မယုံကြည်တာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အာဏာနဲ့ ချိုးမရသူ
၁၉၆၂ အာဏာသိမ်းချိန်မှာ ရန်ကုန်မှာ ရှိမနေခဲ့တဲ့ စဝ်ကြာဆိုင်ဟာ တောင်ကြီးအထွက်မှာ အဖမ်းခံရပြီး သူ့နောင်တော်နဲ့ စစ်တပ်ထဲမှာ ခဏတွေ့လိုက်ရတယ်လို့ စဝ်စန္ဒာဆင်းမ်စ်က ရေးပါတယ်။ အဲဒီနောက် ဗထူးတပ်မြို့မှာ ဖမ်းထားပြီး သူ့ကိုညှဉ်းပန်းစစ်ဆေးတယ်လို့ မဟာဒေဝီ အင်ဂီဆားဂျန့်ရဲ့ စာအုပ်မှာ ပါပါတယ်။ သူ့ရဲ့ ဆွေမျိုးနဲ့ မိတ်ဆွေတွေထဲမှာ စစ်အရာရှိကြီးတွေ ရှိပေမယ့်လည်း စဝ်ကြာဆိုင်ရဲ့ အသက်ဘေးက လွတ်အောင် မကယ်နိုင်ကြပါဘူး။ စဝ်ကြာဆိုင်ထက် ဝါရင့်တဲ့ သမတဟောင်း ညောင်ရွှေစော်ဘွားကြီးကိုယ်တိုင် အကျဉ်းစခန်းမှာ ၁၉၆၂ မှာ နတ်ရွာစံခဲ့ရပါတယ်။ ၁၉၆၂ မှာ ဦးနုနဲ့တကွ မြန်မာခေါင်းဆောင်အများအပြား အဖမ်းခံခဲ့ရပေမယ့် ဖက်ဒရယ်မူကို တင်တဲ့ ရှမ်းခေါင်းဆောင်ပိုင်းကို မြန်မာစစ်ဘက်က ပိုဖိနှိပ်ရက်စက်ခဲ့ပုံ ပေါ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
သီပေါစော်ဘွားကို သစ်သားလှောင်အိမ်ထဲထည့်ပြီး ချုပ်နှောင်ထားသလို မျက်စိပျက်တဲ့အထိ ညှဉ်းပန်းတယ်လို့လည်း မိသားစုနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ ရှမ်းလက်နက်ကိုင်ပုန်ကန်မှုကို မထောက်ခံကြောင်း စော်ဘွားက လက်မှတ်ထိုး ထုတ်ပြန်ပေးဖို့ ငြင်းဆိုလို့ ညှဉ်းပန်းရင်း လက်လွန်အသက်ဆုံးတာလို့လည်း ဆိုပါတယ်။ နိုင်ငံခြားပြန် ခေတ်ပညာတတ် လူထုအကျိုးဆောင် စော်ဘွားတယောက်အနေနဲ့ ရှမ်းလူထုကြား သြဇာညောင်းမှန်းသိလို့ ရှမ်းသူပုန်နှိမ်နင်းရေးမှာ စဝ်ကြာဆိုင်ကို စစ်တပ်က သုံးချင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ မဟုတ်မခံစိတ်များတဲ့ စဝ်ကြာဆိုင်ဟာ စစ်တပ်ချိုးလို့ရတဲ့လူမဖြစ်လာဘဲ သက်တော် ၃၈ နှစ်မှာ ကံတော်ကုန်ခဲ့တယ်ဆိုပြီး ယူဆကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ထွက်တော်မူ နန်းကခွာ
စော်ဘွားအဖမ်းခံရပြီးနောက်ပိုင်း သီပေါမှာ ဆက်နေလို့ မဖြစ်တော့တဲ့ အင်ဂီခေါ် စဝ်သုစန္ဒီနဲ့ မာယာရီ၊ ကိန္နရီဆိုတဲ့ သမီးတော်နှစ်ပါး ရန်ကုန်ကိုပြောင်း စံမြန်းကြရပါတယ်။ ၁၉၆၄ မှာ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်စကြာနဲ့ ဦးသန့်ညီ ဦးခန့်တို့ သူ့ဆီလာပြီး စော်ဘွားမရှိတော့ကြောင်း သူတို့သိလာရလို့ မဟာဒေဝီနဲ့ သမီးတော်တွေ မြန်မာပြည်က ထွက်ဖို့ကောင်းတယ်လို့ လာပြောကြပါတယ်။ ဒီအတောအတွင်း စော်ဘွားရှိသေးသလိုလို ကောလာဟလတွေ သူကြားခဲ့ရပြီး နိုင်ငံကထွက်ဖို့ အတော်ခက်ခက်ခဲခဲ ကြိုးစားရပါတယ်။
အချိန်တိုအတွင်းမှာပဲ မြန်မာပြည်မှာ ကျန်ခဲ့မယ့် ပစ္စည်းအမွေအနှစ်တွေကို ဆွေမျိုးတွေဆီ အပ်ဖို့ ဆုံးဖြတ်ရပါတယ်။ တရက် ပြန်လာမယ်လို့ ယုံကြည်ထားတဲ့ မဟာဒေဝီက သီပေါနဲ့ ရန်ကုန်မှာ ရှိတဲ့ စော်ဘွားပိုင် ဟော်နဲ့ အိမ်တွေကို ဆွေမျိုးနှစ်ယောက်ဆီ ခွဲအပ်ပါတယ်။ ခန်းဝင်လက်ဝတ်လက်စားတွေကိုတော့ သြစတြီးယားသံရုံးအကူအညီနဲ့ နိုင်ငံက ထုတ်နိုင်ခဲ့တယ်လို့လည်း သူနဲ့ နီးစပ်သူတွေက ပြောပါတယ်။ အစိုးရဘဏ်မှာ စော်ဘွားအပ်ခဲ့တဲ့ မြန်မာငွေနဲ့ ရွှေ နှစ်ဆယ်သား၊ မိုးကုတ်ကျောက်နီတချို့ ကနေ့ထိ ကျန်ရစ်ခဲ့ပြီး လွန်ခဲ့တဲ့ လေးငါးနှစ်ကမှ ဗဟိုဘဏ်ဥက္ကဋ္ဌက စော်ဘွားအမျိုးတွေကို ဒီအကြောင်းပြောတယ်လို့လည်း သိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Wikipedia
ဟော်နန်းပျော်တို့ ပြန်မလာနိုင်
သြစတြီးယားပြန်ရောက်ပြီးနောက် ဗိုလ်ချုပ်ကြီးနေဝင်းဆေးကုလာချိန်မှာ အင်ဂီတွေ့ဖို့ကြိုးစားပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ၁၉၆၆ မှာတော့ စော်ဘွားနဲ့ ပထမတွေ့ခဲ့တဲ့ အမေရိကန် ကော်လိုရာဒိုကို ပြန်ပြီး ကျောင်းတက်ကာ မဟာဝိဇ္ဇာဘွဲ့ယူခဲ့ပါတယ်။ ၁၉၆၈ မှာတော့ တက်ဒ်ဆားဂျန့်ဆိုတဲ့ အမေရိကန် အင်ဂျင်နီယာတယောက်နဲ့ နောက်အိမ်ထောင်ထူခဲ့ပါတယ်။ ဂျာမန်စာသင်ဆရာမအဖြစ် အသက်မွေးခဲ့သလို မြန်မာပြည်ကိုလည်း သူမမေ့ဘဲ ကူနိုင်တဲ့ဘက်က ကူညီခဲ့ပါတယ်။ ၁၉၉၅ မှာ သူရဲ့ မြန်မာပြည်ဘဝအကြောင်း အင်္ဂလိပ်ဘာသာနဲ့ ရေးသားပြီး စဝ်ကြာဆိုင်ဘဝကို လူတွေမမေ့အောင် အားထုတ်ခဲ့ပါတယ်။
သမီးနှစ်ယောက်အနက် မာယာရီက အချမ်းသာဆုံး အမေရိကန်မိသားစုတခုဖြစ်တဲ့ ပရစ်စကာမိသားစုဝင်၊ ချီကာဂိုမှာ အချမ်းသာဆုံးထဲမှာပါတဲ့ ရောဘတ်ပရစ်စကာနဲ့ လက်ထပ်ပါတယ်။ မာယာရီဟာ ငယ်ဘဝစိတ်ဒဏ်ရာတွေကြောင့် သူ့မယ်တော်ရေးတဲ့ ခမည်းတော်အကြောင်းကို ချက်ချင်းမဖတ်နိုင်အောင် ခံစားခဲ့ရပါတယ်။ နောက်မှ သူနဲ့မဆိုင်တဲ့ ဝတ္ထုတပုဒ်ဖတ်သလို သဘောထားဖတ်ရတယ်လို့ စိတ်ပညာပါရဂူ ဒေါက်တာမာယာရီပရစ်စကာက ချီကာဂို ထရီဗြွန်းသတင်းစာကို ၁၉၉၈ က ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကန္တာရနှစ်များ
၁၉၅၈ က ခရိုင်မြို့ဖြစ်ခဲ့တဲ့ သီပေါကနေ ကျောက်မဲကို ဗြုန်းစားကြီး ရွှေ့ခိုင်းတယ်လို့ ကမ္ဗောဇခင်လှိုင်က မနားရသောသမားတစ်ဦး၏ဘဝခရီးမှာ ရေးပါတယ်။ အုန်းပေါင်ဖောင်ဒေးရှင်းဆိုပြီး သီပေါနယ်က ကျောင်းသားတွေအတွက် ပေးတဲ့ ပညာသင်ဆုတွေ ရပ်စဲခဲ့သလို မြို့ရဲ့ စီးပွားရေးလုပ်ငန်းတွေလည်း ဆိုရှယ်လစ်ခေတ်မှာ တခြားနယ်တွေနဲ့ နည်းတူ ကျဆင်းခဲ့ပါတယ်။
ရှမ်းပြည်တလွှားမှာ စစ်တပ်ရဲ့ ဖိနှိပ်မှုကြောင့် ကျေးတောနေတွေရဲ့ အိမ်တွေမှာ ချိတ်ဆွဲထားတတ်တဲ့ စော်ဘွားနဲ့ မဟာဒေဝီနယ်ရှင်တွေရဲ့ ပုံတော်တွေကို သိမ်းကြဖျက်ဆီးကြတာတွေ လုပ်ကြရတယ်လို့လည်း သိရပါတယ်။ ဒီအကြောက်တောထဲမှာ သီပေါနယ်သားတွေလည်း မလွတ်ကြပါဘူး။

ဓာတ်ပုံ ရင်းမြစ်, Getty Images
နိုင်ငံရေးပွင့်လင်းလာတဲ့ ၂ဝ၁ဝ နောက်ပိုင်းမှာ သီပေါစော်ဘွားမိသားစုအကြောင်း မြန်မာဘာသာနဲ့ ပြန်ဆိုထွက်ရှိလာချိန်မှာတော့ သူတို့ဘဝကို ပြည်တွင်းမှာ ပိုသိလာကြပြီး သီပေါမြို့မှာ ပြည်တွင်းပြည်ပ ခရီးသွားတွေနဲ့ စည်ကားလာပါတယ်။ အင်ဂီနဲ့ စဝ်ကြာဆိုင်တို့ စံမြန်းခဲ့တဲ့ သီပေါဟော်ဟာလည်း အဖျက်ခံရတဲ့ကျိုင်းတုံဟော်၊ အသိမ်းခံထားရတဲ့ ညောင်ရွှေဟော်တွေလိုပဲ ရှမ်းအမျိုးသားပုံရိပ်တခုဖြစ်လာပါတယ်။ ရှမ်းလူထုတိုးတက်ရေးအတွက် အင်ဂီတို့ အနှစ် ၇ဝ ကျော်က ထားခဲ့တဲ့ မျှော်လင့်ချက်တွေလည်း ပြည့်ဝမလာဘဲ မြန်မာပြည်လည်း ပြည်တွင်းစစ်နွံထဲမှာ ပြန်နစ်သွားပြီ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images








