အင်္ဂါဂြိုဟ် မီသိန်းငွေ့ စုံစမ်းရေး ဂြိုဟ်တု လွှတ်တင်

ဓာတ်ပုံ ရင်းမြစ်, AP
ဥရောပနဲ့ ရုရှားတို့ ပထမဆုံး ပူးပေါင်း ဆောင်ရွက်တဲ့ မစ်ရှင် အဖြစ် အင်္ဂါဂြိုဟ်ဆီ သွားရောက်မယ့် ဂြိုဟ်တု တစ်လုံးကို လွှတ်တင် လိုက်ပါတယ်။
အဲဒီ ဂြိုဟ်တုကို တင်ဆောင်ထားတဲ့ ဒုံးပျံကို ကာဇက်စတန် နိုင်ငံ၊ ဘိုင်ကနော် အာကာသ လွှတ်တင်ရေး စခန်းကနေ ဒီကနေ့ တနင်္လာနေ့ ဒေသအချိန် မနက်ပိုင်းက ပစ်လွှတ်ခဲ့တာပါ။
ExoMars Trace Gas Orbiter လို့ ခေါ်တဲ့ အဲဒီ ဂြိုဟ်တုဟာ အင်္ဂါဂြိုဟ်ပေါ်မှာ တွေ့ရတဲ့ မီသိန်း ဓာတ်ငွေ့တွေရဲ့ ရင်းမြစ်ကို စုံစမ်း စစ်ဆေးမှာ ဖြစ်ပါတယ်။ အဲဒီ မီသိန်း ဓာတ်ငွေ့တွေဟာ ဘူမိဗေဒအရ ရှိနေသလား၊ ဒါမှမဟုတ် အနုဇီဝ ပိုးမွှားတွေကြောင့်လား ဆိုတာကို စုံစမ်း စစ်ဆေးမှာပါ။
အခု မစ်ရှင် အောင်မြင်ခဲ့ရင် ဂြိုဟ်ဆင်းယာဉ် တစ်စီးကို ထပ်မံ ပစ်လွှတ်ဖို့ ဥရောပနဲ့ ရုရှားတို့က မျှော်လင့်ထားပြီး၊ အဲဒီ ဂြိုဟ်ဆင်းယာဉ်က အင်္ဂါဂြိုဟ် မျက်နှာပြင်ကို တူးဖော် လေ့လာမှာ ဖြစ်ပါတယ်။
အဲဒီ ဂြိုဟ်ဆင်းယာဉ် ကိုတော့ ၂၀၁၈ ဒါမှမဟုတ် ၂၀၂၀ မှာ လွှတ်တင်ဖို့ အလားအလာ ရှိပါတယ်။
ရုရှား နိုင်ငံက အင်္ဂါဂြိုဟ်ဆီကို လွှတ်တင်တဲ့ မစ်ရှစ် ၁၉ ခုကို အရင်က ပြုလုပ်ခဲ့ပြီး အများစုက မအောင်မြင်ခဲ့ပါဘူး။




