အင်္ဂါဂြိုဟ် အထိ သွားမယ့် ယာဉ်ကို အစမ်း ပစ်လွှတ်

ဓာတ်ပုံ ရင်းမြစ်, Reuters
အမေရိကန် အာကာသ အေဂျင်စီရဲ့ အစမ်း ပျံသန်းမယ့် Orion အာကာသ ယာဉ်ကို သယ်ဆောင် သွားတဲ့ ဒုံးပျံကို ဒီကနေ့ သောကြာနေ့မှာ ဖလောရီဒါ ပြည်နယ်မှာ ရှိတဲ့ ဒုံးပျံ ပစ်စင်ကနေ လွှတ်တင် လိုက်ပါတယ်။
ဒီ Orion အာကာသယာဉ်ဟာ လကမ္ဘာနဲ့ အင်္ဂါဂြိုလ်တွေ အထိ လူတွေကို ပို့ဆောင် ပေးနိုင်ဖို့ ရည်ရွယ် ထုတ်လုပ် ထားတာ ဖြစ်ပြီး ဒီကနေ့ ခရီးစဉ်ကတော့ လူလိုက်ပါခြင်း မရှိဘဲ အစမ်း ပျံသန်းတဲ့ ခရီးစဉ် ဖြစ်ပါတယ်။
ထုချွန်ပုံ ရှိတဲ့ အာကာသ ယာဉ်ကို ကမ္ဘာ့အပြင်ဘက် ကီလိုမီတာ ၆ ထောင် အဝေးအထိ ပစ်လွှတ်မှာ ဖြစ်ပြီး အဲဒီကနေ မြင့်မားတဲ့ အမြန်နှုန်းနဲ့ ကမ္ဘာ့ လေထုထဲကို ပြန်လည် ဝင်ရောက်မှာ ဖြစ်ပါတယ်။
ကမ္ဘာ့ လေထုထဲ ပြန်လည် ဝင်ရောက်ရာမှာ မြင့်မားတဲ့ အပူချိန်ကို ခုခံရမယ့် Orion ရဲ့ အပူခံ စနစ်ကို စမ်းသပ်မှာ ဖြစ်သလို ပစိဖိတ် သမုဒ္ဒရာထဲ ထိုးဆင်း ရာမှာလည်း အရှိန်လျှော့ ပေးမယ့် လေထီး စနစ်တွေကိုပါ စမ်းသပ်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။




