မြောက်ကိုရီးယား စစ်ဦးစီးချုပ်ကို ကွပ်မျက်

ဓာတ်ပုံ ရင်းမြစ်, AFP
မြောက်ကိုရီးယား နိုင်ငံမှာ စစ်တပ် အကြီးအကဲ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ရီယွန်ဂေလ်း Ri Yong-gil ကို အဂတိ လိုက်စားမှု စွဲချက်တွေနဲ့ ကွပ်မျက် လိုက်တယ်လို့ တောင်ကိုရီးယား အစိုးရ သတင်းဌာန ယွန်ဟပ်က ဖော်ပြ ခဲ့ပါတယ်။
ဗိုလ်ချုပ် ရီယွန်ဂေလ်းဟာ ကိုယ်ကျိုးစီးပွား ရယူမှုတွေ၊ အကျင့်ပျက်မှု စွဲချက်တွေနဲ့ အခုလ အစောပိုင်းက ကွပ်မျက် ခံခဲ့ရတာ ဖြစ်တယ်လို့ အမည်မဖော်တဲ့ သတင်းရင်းမြစ်ကို ကိုးကားပြီး ယွန်ဟပ် သတင်းဌာနက ပြောပါတယ်။ ဒီသတင်းနဲ့ ပတ်သက်ပြီး သီးခြား အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။
မြောက်ကိုရီးယားက တာဝေးပစ် ဒုံးကျည် တစ်စင်း ပစ်လွှတ်ခဲ့ပြီး ရက်ပိုင်း အကြာမှာ အခုလို ဗိုလ်ချုပ် ရီ ကွပ်မျက် ခံရတဲ့ သတင်း ထွက်ပေါ် လာတာ ဖြစ်ပါတယ်။
ဗိုလ်ချုပ် ရီဟာ မြောက်ကိုရီးယားမှာ ကင်ဂျုံအန်း အာဏာရလာပြီးနောက် ၂၀၁၃ ခုနှစ်မှာ မြောက်ကိုရီးယား စစ်တပ်ရဲ့ စစ်ဦးစီးချုပ် ဖြစ်လာခဲ့သူ ဖြစ်ပါတယ်။
ကင်ဂျုံအန်း လက်ထက်မှာ ကွပ်မျက် ခံခဲ့ရတဲ့ မြောက်ကိုရီးယား အရာရှိပေါင်း အယောက် ၇၀ လောက် ရှိသွားပြီလို့ တောင်ကိုရီးယား အစိုးရက ပြီးခဲ့တဲ့ နှစ်က ခန့်မှန်း ပြောဆို ခဲ့ပါတယ်။
အဲဒီလို ကွပ်မျက်ခံရသူတွေ ထဲမှာ ကင်ဂျုံအန်းရဲ့ ဦးလေး တော်စပ်သူလည်း ပါဝင်ခဲ့ပါတယ်။ သူက ကင်ဂျုံအန်းရဲ့ အဓိက အကြံပေး ဖြစ်ခဲ့ပြီး သစ္စာဖောက်မှုနဲ့ အသတ်ခံခဲ့ရတာ ဖြစ်ပါတယ်။




