မြောက်ကိုရီးယား ပလူတိုနီယံ ပြန်ထုတ်နေပြီ

ဓာတ်ပုံ ရင်းမြစ်, AP
နျူကလီးယား လက်နက်တွေ အများအပြား ထုတ်လုပ် နိုင်စေမယ့် ပလူတိုနီယံ ထုတ်လုပ်တဲ့ ဓာတ်ပေါင်းဖိုကို မြောက်ကိုရီးယား နိုင်ငံက ပြန်လည်ပတ် နေပြီလို့ အမေရိကန် အမျိုးသား ထောက်လှမ်းရေး ညွှန်ချုပ် James Clapper က ပြောပါတယ်။
ဒါ့အပြင် မြောက်ကိုရီးယားဟာ တိုက်ချင်းပစ် ပဲ့ထိန်း ဒုံးကျည် စနစ်ကို ပိုင်ဆိုင်ဖို့ တိုးတက်မှုတွေ ရှိနေပြီ လို့လည်း မစ္စတာ ကလပ်ပါက ပြောပါတယ်။
တာဝေးပစ် ဒုံးကျည် တစ်ခုကို မြောက်ကိုရီးယားက ပစ်လွှတ်ခဲ့ပြီး ရက်ပိုင်း အကြာမှာပဲ အမေရိကန် ထောက်လှမ်းရေး ညွှန်ချုပ်က အခုလို ပြောလိုက်တာ ဖြစ်ပါတယ်။
မြောက်ကိုရီးယား အစိုးရကတော့ ပြီးခဲ့တဲ့ စက်တင်ဘာ လမှာ သူတို့ရဲ့ အဓိက နျူစက်ရုံ ဖြစ်တဲ့ ယွန်ဗြောင်း စက်ရုံကို ပုံမှန်အတိုင်း ပြန်လည်ပတ် နေပြီလို့ ကြေညာ ခဲ့ပါတယ်။
အဲဒီ စက်ရုံမှာ ရှိတဲ့ ဓာတ်ပေါင်းဖိုဟာ မြောက်ကိုရီးယား နျူလက်နက် အစီအစဉ်အတွက် လိုအပ်တဲ့ ပလူတိုနီယံကို ထုတ်လုပ်ပေးတဲ့ ဓာတ်ပေါင်းဖို ဖြစ်ပါတယ်။
ပညာရှင်တွေ ကတော့ ယွန်ဗြောင်း ဓာတ်ပေါင်းဖို ကနေ တစ်နှစ်ကို နျူကလီးယားဗုံး တစ်လုံးစာ အတွက် ပလူတိုနီယံတွေ ထုတ်ပေး နိုင်တယ်လို့ ပြောပါတယ်။




