ကေဆောင်း စက်မှုဇုန်ကို တောင်ကိုရီးယား ရပ်ဆိုင်း

ကေဆောင်း စက်မှုဇုန်က မြောက်ကိုရီးယား အတွက် အဓိက ဝင်ငွေ အရင်းအမြစ် တစ်ခုဖြစ်။

ဓာတ်ပုံ ရင်းမြစ်, Getty

ဓာတ်ပုံ ပုံစာ, ကေဆောင်း စက်မှုဇုန်က မြောက်ကိုရီးယား အတွက် အဓိက ဝင်ငွေ အရင်းအမြစ် တစ်ခုဖြစ်။

မြောက်ကိုရီးယားရဲ့ ဒုံးကျည် ပစ်လွှတ်မှုနဲ့ နျူ စမ်းသပ်မှုတွေ ဖြစ်ခဲ့ပြီးနောက် ကိုရီးယား နှစ်နိုင်ငံ ပူးတွဲ လည်ပတ်နေတဲ့ ကေဆောင်း စက်မှုဇုန်ကို တောင်ကိုရီးယား ဘက်က ရပ်ဆိုင်း လိုက်ပြီ ဖြစ်ပါတယ်။

ကေဆောင်း စက်မှုဇုန်က ရတဲ့ ဝင်ငွေကို မြောက်ကိုရီးယား အနေနဲ့ နျူလက်နက် အစီအစဉ်တွေမှာ အသုံးမပြုနိုင်အောင် အဲဒီ စက်မှုဇုန်က လုပ်ငန်းတွေ အားလုံးကို ရပ်ဆိုင်းရမှာ ဖြစ်တယ်လို့ တောင်ကိုရီးယား အစိုးရက ပြောပါတယ်။

ကေဆောင်း စက်မှုဇုန်ဟာ တောင်နဲ့ မြောက် ကိုရီးယား နှစ်နိုင်ငံအကြား ရှားရှားပါးပါး ပူးပေါင်း ဆောင်ရွက်မှုတွေထဲက တစ်ခု ဖြစ်ပြီး ပြုံယမ်းအတွက် အဓိက ဝင်ငွေ အရင်းအမြစ် တစ်ခုလည်း ဖြစ်ပါတယ်။

ဂျပန်က မြောက်ကိုရီးယားအပေါ် ဒဏ်ခတ် ပိတ်ဆို့မှု အသစ်တွေ ပြဋ္ဌာန်းခဲ့ပြီး မကြာမီမှာပဲ တောင်ကိုရီးယားက အခုလို အဲဒီ စက်မှုဇုန်ကို ရပ်ဆိုင်း လိုက်တာ ဖြစ်ပါတယ်။

ဂျပန်ရဲ့ ပိတ်ဆို့မှု အသစ်တွေအရ မြောက်ကိုရီးယား သင်္ဘောတွေ ဂျပန် ဆိပ်ကမ်းတွေမှာ ကပ်ခွင့် မရှိတော့သလို မြောက်ကိုရီးယားကို အလည်ဝင်ခဲ့တဲ့ တခြား နိုင်ငံပိုင် သင်္ဘောတွေကိုလည်း ကမ်းကပ်ခွင့် မပေးတော့ဘူးလို့ ဆိုပါတယ်။

မြောက်ကိုရီးယားဟာ ပလူတိုနီယံတွေကို ထုတ်လုပ်နေပြီး မကြာမီ အချိန်အတွင်းမှာ နျူလက်နက်တွေ ထုတ်နိုင်လောက်တဲ့ အခြေအနေ ရှိလာနိုင်တယ်လို့ အမေရိကန်က အင်္ဂါနေ့မှာ သတိပေး ခဲ့ပါတယ်။