တူရကီ​ဗုံး​ကွဲ​အပြီး ဝမ်းနည်း​ဖွယ်​၃​ရက် ကြေညာ

turkey_explosion_wounded_

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ငြိမ်းချမ်းရေး လမ်းလျှောက်ပွဲ ပြုလုပ် နေကြတုန်း ဗုံးကွဲခဲ့လို့ အနည်းဆုံး လူ ၉၅ ယောက် သေဆုံး။

တူရကီ နိုင်ငံ အဲန်ကာရာ မြို့တော် မှာ ငြိမ်းချမ်းရေး လမ်းလျှောက်ပွဲ ပြုလုပ် နေကြတုန်း ဗုံးကွဲခဲ့လို့ အနည်းဆုံး လူ ၉၅ ယောက် သေဆုံး ခဲ့ရတဲ့ နောက် တနိုင်ငံ လုံးမှာ ၀မ်းနည်း ပူဆွေးဖွယ် ၃ ရက် သတ်မှတ် ကြောင်း တူရကီ ဝန်ကြီးချုပ် အာမက် ဒါဗူးတော်လူး က ကြေညာ လိုက်ပါတယ်။

ဒီ ဗုံးခွဲ တိုက်ခိုက် မှု အတွင်း လူ ၂၀၀ နီးပါးလည်း ဒဏ်ရာ ရခဲ့ပြီး တူရကီ နိုင်ငံထဲ ဖြစ်ဖူး သမျှ အလားတူ ဖြစ်ရပ် တွေ ထဲ က အဆိုးရွာဆုံး တစ်ခု ပဲ ဖြစ်ပါတယ်။

ငြိမ်းချမ်းရေး အတွက် လှုပ်ရှားသူ လူငယ် လေးတွေ ဟာ လက်တွဲပြီး သီချင်းတွေ ဆို ချီတက် နေကြတုန်း ပေါက်ကွဲမှု တွေ ဖြစ်လာ ခဲ့တာပါ။

အသေခံ ဗုံးခွဲ တိုက်ခိုက် တာတွေ ဖြစ်နိုင်တယ် လို့ ဝန်ကြီးချုပ် ဒါဗူးတော်လူး က ဆိုပါတယ်။

တူရကီ နိုင်ငံမှာ ရှေ့လထဲ ကျင်းပဖို့ ရှိတဲ့ ပါလီမန် ရွေးကောက်ပွဲ အကြို ငြိမ်းချမ်းရေး အတွက် ချီတက် ခဲ့ကြတာ ဖြစ်ပြီး ကာ့ဒ်လူမျိုးစု လက်နက်ကိုင် တွေ အပေါ် အစိုးရက တိုက်ခိုက်နေမှု တွေ ကို ရပ်တန့်ဖို့ တောင်းဆို ခဲ့ ကြတာ ဖြစ်ပါတယ်။

ကာ့ဒ် မျိုးနွယ်စု အရေး လိုလားတဲ့ HDP ပါတီ က ဒီ တိုက်ခိုက်မှု အတွက် အစိုးရမှာ တာဝန် ရှိတယ် လို့ စွပ်စွဲ ထားပါ တယ်။

အခုလို ဗုံးကွဲမှုတွေ ဖြစ်ပေါ် လာခဲ့ ပေမယ့် မတရားသင်း ကြေညာပြီး ပိတ်ပင်ခံထားရတဲ့ ကာ့ဒ်တပ်ဖွဲ့ PKK ကတော့ နိုဝင်ဘာ ရွေးကောက်ပွဲ မတိုင်ခင် အပစ် ရပ်ထားမယ်လို့ ကြေညာ ထားပါတယ်။

တရားမျှတ တဲ့ ရွေးကောက်ပွဲ ဖြစ်လာနိုင်ဖို့ အနှောင့်အယှက် ဖြစ်စေမယ့် အပြုအမူတွေ ကို ရှောင်ရှားလိုတယ်လို့ PKK တပ် က ပြောပါတယ်။