ရုရှားလေယာဉ် ဝင်ရောက်ခဲ့မှု မတော်တဆ မဟုတ်

ဓာတ်ပုံ ရင်းမြစ်, epa
အခု သီတင်းပတ် အကုန်က တူရကီ လေပိုင်နက်ထဲကို ရုရှား လေယာဉ် ဝင်ရောက် ခဲ့တာဟာ မတော်တဆ ဝင်လာပုံမျိုး မဟုတ်ဘူးလို့ နေတိုး စစ်မဟာမိတ် အဖွဲ့က ပြောလိုက်ပါတယ်။
ရုရှားက ဘာကြောင့် ကျူးကျော် ဝင်ရောက်ခဲ့သလဲ ဆိုတာနဲ့ ပတ်သက်ပြီး အမှန်အကန် ရှင်းလင်းချက်ကို မပေးခဲ့ဘူးလို့ နေတိုးရဲ့ အထွေထွေ အတွင်းရေးမှူးချုပ် Jens Stoltenberg က ပြောပါတယ်။
ရုရှားကတော့ စနေနေ့ ဝင်ရောက်ခဲ့မှုဟာ ရာသီဥတု ဆိုးရွားလို့ ဖြစ်တယ်လို့ ပြောပြီး၊ တခြားနေ့တွေမှာလည်း ကျူးကျော် ဝင်ရောက် ခဲ့တယ် ဆိုတဲ့ စွဲချက်တွေကိုတော့ စုံစမ်း စစ်ဆေး နေတယ်လို့ ဆိုပါတယ်။
တနင်္လာနေ့မှာ တူရကီ ဂျက်လေယာဉ် ၈ စီးကို အမျိုးအမည်မသိ တိုက်လေယာဉ် တစ်စီးက ရေဒါနဲ့ ပစ်မှတ်အဖြစ် ချိန်ရွယ်ခဲ့တယ်လို့ တူရကီ စစ်တပ်က ပြောပါတယ်။
အလားတူပဲ အဲဒီ မတိုင်မီ တနင်္ဂနွေနေ့ကလည်း ရုရှား၊ ဒါမှမဟုတ် ဆီးရီးယားရဲ့ မစ် ၂၉ တိုက် လေယာဉ်က တူရကီ ဂျက်လေယာဉ်တွေကို ၅ မိနစ်ကျော် ကြာအောင် ရေဒါနဲ့ ချိန်ရွယ် ထားခဲ့တယ်လို့ ဆိုပါတယ်။
ရုရှားက ဆီးရီးယားနိုင်ငံ အတွင်း လေကြောင်း တိုက်ခိုက်မှုတွေကို ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က စတင်ခဲ့ပါတယ်။ ဒီကနေ့ အင်္ဂါနေ့မှာ ပါလ်မိုင်ရာ မြို့ဟောင်း အနီးက IS တွေရဲ့ ပစ်မှတ်တွေကို တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။




